← Chapters

တာဝန်(၂)

Vol. 2 Ch. 24

တာဝန်(၂)

Vol. 2 Ch. 24

ဝေ့ဝူယင်က မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်၏။

ထိုမိန်းကလေး...

ဝေ့ဝူယင် ဘာမှ မပြောရသေးခင်မှာပင် အခြားလူများ၏ စူးစမ်းသော အကြည့်များမှာ သူ့အပေါ် စုပြုံကျရောက် လာသည်။ ဝေ့ဝူယင်မှာ အနည်းငယ် ရှက်သွားသော်လည်း လျှင်မြန်စွာပင် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းကာ ပြုံးလိုက်၏။

“မနာလိုနေတာလား...”

သူ၏ အသံက မောက်မာမှုများနှင့် ပြည့်နှက်နေ၏။

“ရှင်...”

ရှင်းဖူ၏ မျက်နှာမှာ သူခိုး လူမိသွားသည့်နှယ် ရဲတွတ်သွား၏။ ဝေ့ဝူယင်က ပြုံးကာ ခေါင်းအား ခါယမ်းလိုက်သည်။ ယခု၌ သူသည် ထိုမိန်းကလေး အဘယ်ကြောင့် ထူးထူးခြားခြား ပြုမူနေသည်ကို နားလည် သွားခဲ့ပြီ ဖြစ်သည်။ သူမသည် သူ့အား တစ်ဖက်သတ် သဘောကျနေခြင်း ဖြစ်ပြီး ထိုအရာမှာ သူမ၏ ချဥ်းကပ်နည်း တစ်ခု ဖြစ်ပေသည်။

သူမသည် ရုပ်ရည်၊ ကျင့်ကြံခြင်း ပါရမီ မည်သည့် နေရာတွင်မှ ဝေ့ဝူယင် သတိထားမိလောက်သည် အထိ ထူးချွန်ခြင်း မရှိချေ။ ကန့်လန်တိုက်ခြင်းက သူမတတ်နိုင်သမျှ နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုနည်းလမ်းမှာ ချစ်ဖို့ ကောင်းသည့်တိုင် ဝေ့ဝူယင်တွင် ထိုကိစ္စများကို ဖြေရှင်းရန် အချိန် မရှိသေးချေ။

ရှုယင်က ဝေ့ဝူယင်အား ကြည့်ကာ မျက်မှောင်ကြုတ် သွား၏။ သူမက တစ်ခုခု ပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် အကြီးအကဲပင်းတို့၏ ဆွေးနွေးပွဲမှာ ပြီးဆုံးသွားဟန် တူသည်။ သူမက ဝေ့ဝူယင်တို့ထံသို့ ပြန်လည် လျှောက်လာကာ တိုက်ရိုက်ပင် ဆိုလိုက်၏။

“ငါတို့ အုပ်စုတွေ ခွဲရလိမ့်မယ်... တစ်ယောက်ကို အချက်ပြမီးရှူး တစ်ခု ရမယ်”

သူမက လက်သီးဆုပ်ခန့် အရွယ်ရှိ အနီရောင် အလုံးများကို ထုတ်ပေး၏။ ထိုအရာအား ခွဲလိုက်သည်နှင့် တောက်ပသော အနီရောင် အလင်း ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။ ထိုအလင်းအား မိုင်ငါးရာ အကွာမှပင် မြင်နိုင်ပေလိမ့်မည်။

ထို့နောက် သူမက အုပ်စုသုံးခု ခွဲမည် ဖြစ်ကြောင်း တစ်အုပ်စုမှာ ဧရိယာ၏ ခြောက်ဆယ် ရာခိုင်နှုန်းကို တာဝန် ယူမည် ဖြစ်ပြီး အခြား အုပ်စု နှစ်ဆယ်က နှစ်ဆယ် ရာခိုင်နှုန်းစီကို ရှာဖွေရမည် ဖြစ်ကြောင်း ဆက်လက် ရှင်းပြသည်။ အကြီးအကဲများသည် ပထမ အုပ်စုတွင် ရှိနေမည် ဖြစ်ပြီး တပည့်များကိုမူ ငါးယောက် တစ်အုပ်စုနှင့် နှစ်ခု ခွဲမည် ဖြစ်သည်။

သူမက သူတို့အား သလင်း‌ကျောက် စက်လုံးလေးများကိုလည်း ပေး၏။ ၎င်းတို့မှာ သေဆုံးခြင်း ဝိညာဥ်သလင်းကျောက်များ ဖြစ်သည်။ လူအများ သေထားသော နေရာသို့ ရောက်သည်နှင့် ထိုသလင်းကျောက်များမှာ စတင် လင်းလက် လာလိမ့်မည် ဖြစ်သည်။ ဂီုဏ်းသုံးဂိုဏ်းသည် လူများ အစုလိုက် အပြုံလိုက် ပျောက်ဆုံးနေမှုကို ရက်စက်သော သတ်ဖြတ် ကျူးလွန်မှု တစ်ခုဟု ယူဆထားပေသည်။ ထို့ကြောင့်ပင် ဤတာဝန်၌ သေဆုံးခြင်းနှင့် ပတ်သက်၍ စစ်ဆေးနိုင်သည့် ကိရိယာများကို ထည့်ပေးလိုက်ခြင်း ဖြစ်သည်။

သေဆုံးခြင်း ဝိညာဥ် သလင်းကျောက်များသည် အရည်အသွေးမြင့် ရှာဖွေရေး ကိရိယာများ ဖြစ်သည်။ ၎င်းတို့ စတင် လင်းလက်သည်နှင့် ဂိုဏ်းသုံးဂိုဏ်းမှာ ထိုနေရာတွင် ရှာဖွေစုံစမ်းမှုကို စတင်လိုက်ရုံသာ ရှိသည်။ သို့သော်လည်း သေဆုံးခြင်း ဝိညာဥ်သလင်းကျောက်များမှာ ပဏာမ နည်းလမ်း တစ်ခုသာ ဖြစ်ပြီး သူတို့တွင် တရားခံများကို ရှာဖွေရန် အခြားနည်းလမ်းများစွာ ရှိပေသေးသည်။

“ရှုယင်နဲ့ ရှင်းဖူ... နင်တို့ နှစ်ယောက်က ပထမ အုပ်စုမှာ ပါတယ်... ရန်ကျူးနဲ့ ဝေ့ဝူယင်... နင်တို့က ဒုတိယ အုပ်စုကို သွားရမယ်... ကန့်ကွက်စရာ ရှိလား...”

အကြီးအကဲပင်းက မေးလိုက်၏။

“ဆရာ... ဒါက မမျှတဘူး... ရန်ကျူးနဲ့ ဝေ့ဝူယင်က သမီးတို့ လေးယောက်ထဲမှာ ကျင့်ကြံခြင်း အဆင့် အမြင့်ဆုံးလေ... သူတို့ နှစ်ယောက်ကို ခွဲထုတ်လိုက်သင့်တယ်”

ရှင်းဖူက ချက်ချင်းပင် ကန့်ကွက်၏။

“ရှုယင်က ဒြပ်စင် မွေးဖွားခြင်း အဆင့်ကို ရောက်နေပြီ... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဝေ့ဝူယင်နဲ့ အတူတူပဲလို့ ဆိုနိုင်တယ်... နောက်ပြီး နင်တို့ အဖွဲ့ထဲမှာ တောက်ရှင်းပါတယ်... မျှတပါတယ်”

အကြီးအကဲပင်းက ထူးမခြားနားဟန်ဖြင့် ဆိုလိုက်သည်။

တောက်ရှင်း...

ဝေ့ဝူယင်က ကောင်းကင်ဓားဂိုဏ်းဝင်များ ဘက်သို့ လှမ်းကြည့်လိုက်၏။ ထိုလူငယ်မှာ ဓားအိမ် မပါသော ဓားတစ်စင်းနှင့် သဏ္ဌာန် တူပေသည်။

“ဓားချီ...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်သည်။ ဓားချီကို မွေးဖွားထားနိုင်ခြင်းသာ မှန်ကန်ပါက ထိုလူငယ်မှာ ကျိန်းသေ အစွမ်းထက်ရပေမည်။ ဓားချီအား နားလည်ထားသူများသည် ကျင့်ကြံခြင်း ကမ္ဘာတွင် အမြင့်ဆုံး တိုက်ခိုက်နိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားကြပေသည်။

ဝေ့ဝူယင်သည် ရှုယင်ကိုလည်း မလျစ်လျူရဲချေ။ သူမသည် ချီပျစ်ခဲခြင်း တတိယ အဆင့်ကိုပင် တက်သွားပြီ ဖြစ်သည်။ ကြည့်ရသည်က ဂိုဏ်းမှာ ကောင်းကင်ချီ နှလုံးသား နည်းလမ်းအား အောင်မြင်ထားသူများ အ‌ပေါ် အလေးအနက်ထားဟန် ရသည်။ ဝေ့ဝူယင်သည် ခရမ်းရောင် မိုးကြိုးကျောက်တုံးများကို လက်ခံ ရရှိခဲ့ကာ ရန်ကျူးမှာလည်း ကျင့်ကြံခြင်း ကုန်းမြေတွင် ခြောက်လကြာ ကျင့်ကြံခွင့် ရရှိခဲ့သည်။ ရှုယင်သည်လည်း တစ်စုံတစ်ခုကို ရရှိခဲ့ရပေမည်။

ဝေ့ဝူယင်၏ အကြည့်ကို သတိထားမိရာ ရှုယင်က ပြန်လည် လှည့်ကြည့်လိုက်၏။ ဝေ့ဝူယင်က သူမအား ပြုံးပြလိုက်သည်။

“နင်က အတော်လေး ထူးချွန်တာပဲ... ငါ အထင်ကြီးမိတယ်”

မကြာခင် တပည့်များကို ငါးယောက်တစ်အုပ်စုဖြင့် အုပ်စု နှစ်ခွဲ ခွဲပြီးသွားသည်။ ဝေ့ဝူယင်၊ ရန်ကျူး၊ ကောင်းကင်ဓားဂိုဏ်းမှ မိန်းကလေး တပည့်နှင့် ရေပဲ့တင်သံဂိုဏ်းမှ တပည့် နှစ်ယောက်မှာ တစ်ဖွဲ့တည်း ကျကြသည်။

ဝေ့ဝူယင်သည် ထူထဲသော ‌ရေစွမ်းအင် အရှိန်အဝါများ ဝန်းရံနေသည့် မိန်းကလေးမှာ သူနှင့် တစ်ဖွဲ့တည်း ကျသည်ကို သတိထားမိ၏။ သူ၏ ငွေရောင်မျက်လုံးများသည် သူမ၏ တည်ငြိမ်အေးချမ်းကာ ကျက်သရေ ရှိသော အလှအပမှ မခွာနိုင်အောင် ဖြစ်နေခဲ့သည်။

ရန်ကျူးသည် လက်ထဲတွင် မြေပုံတစ်ခုကို ကိုင်ကာ ရပ်ရင်း အမိန့်ပေးမှု စွက်သော လေသံဖြင့် ဆိုလိုက်၏။

“ငါတို့ တာဝန်က မူရေကန် သစ်တောရဲ့ အရှေ့ဘက် အခြမ်းကို ရှာဖွေဖို့ပဲ... ငါတို့ တစ်ယောက်ချင်းစီမှာ သေဆုံးခြင်း ဝိညာဥ် သလင်းကျောက်တွေ ရှိတယ်... ဒီတော့ကာ ငါတို့တွေ အနေနဲ့ အုပ်စု နှစ်ခုထပ်ခွဲပြီး ရှာကြတာပေါ့”

ရန်ကျူးက ရှာဖွေရမည့် ဧရိယာကို ညွှန်ပြကာ ထက်ခြမ်းခြမ်းပြလိုက်၏။ ဝေ့ဝူယင်မှာ ရန်ကျူးကို ကြည့်ရင်း သဘာဝအတိုင်း ခေါင်းဆောင် စိတ်ဓာတ်ရှိသူဟု မှတ်ချက်ချလိုက်သည်။ သူကိုယ်တိုင်သည်လည်း ထိုအရည်အချင်းကို ပိုင်ဆိုင်ထားသည့်တိုင် ထိုအရာက ရန်ကျူးနှင့် ယှဥ်လျှင် အတော်လေး နိမ့်ကျပေသေးသည်။ ဝေ့ဝူယင် စိတ်ထဲမှ ချီးကျူးနေချိန်၌ အခြားလူများမှာမူ ရန်ကျူး၏ အပြုအမူကို မကျေမနပ် ဖြစ်နေဟန် ရသည်။

“နေဦး... ဘယ်သူက နင့်ကို ငါတို့ရဲ့ ခေါင်းဆောင်လို့ ပြောလို့လဲ”

ရေပဲ့တင်သံဂိုဏ်းဝင် တစ်ယောက်က အေးစက်သော လေသံဖြင့် မေးလိုက်၏။ သူမသည် ရန်ကျူး၏ ခေါင်းဆောင်နေရာကို ဝင်ရောက်မှုကို မကျေမနပ် ဖြစ်နေပုံ ရသည်။

“ငါ လုပ်သင့်တယ် ထင်လို့ လုပ်တာလေ...”

ရန်ကျူး၏ မျက်လုံးများမှာ အန္တရာယ်ကြီးမားစွာ ကျဥ်းမြောင်းသွား၏။ သူမသည် သူမ၏ အရှိန်အဟုန် ပျက်သွားသည်ကို စိတ်တိုသွားပုံ ရသည်။ အခြား မိန်းကလေး နှစ်ယောက်မှာမူ မည်သည့် စကားမျှ မဆိုပဲ ရပ်ကြည့်နေကြ၏။

“ငါတို့ အနေနဲ့ ခေါင်းဆောင်‌ နေရာအတွက် မဲခွဲ တင်မြှောက်သင့်တယ်လို့ ငါထင်တယ်”

ရေပဲ့တင်သံဂိုဏ်းဝင်က ကမ်းလှမ်းလိုက်၏။

ရန်ကျူးက ခေါင်းခါလိုက်သည်။

“မဖြစ်နိုင်ဘူး... မဲခွဲမယ် ဆိုရင် ကောင်းကင်ဓားဂိုဏ်းက အားနည်းချက် ဖြစ်သွားလိမ့်မယ်...”

ရုတ်တရက်... ထက်ရှသော အသံတစ်ခု ထွက်ပေါ်လာ၏။

“နင် မှန်တယ်... အကောင်းဆုံးနဲ့ အမျှတဆုံး ရွေးချယ်မှုက အားအကောင်းဆုံးလူကို ဦးဆောင်ခိုင်းဖို့ပဲ”

သူမကား ကောင်းကင်ဓားဂိုဏ်းမှ တပည့် မင်ယုပင်။

မင်ယုက ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ သူမ၏ မျက်လုံးများမှာ တိုက်ပွဲဝင်လိုစိတ်ဖြင့် တလက်လက် တောက်ပနေသည်။

ရန်ကျူးက တုန့်ဆိုင်းမှု မရှိပဲ ခေါင်းညိတ်လိုက်၏။ ရေပဲ့တင်သံဂိုဏ်းမှ ကျိုးကောမှာလည်း တဒင်္ဂမျှ စဥ်းစားပြီးနောက် အေးစက်စွာ ပြုံးလိုက်၏။

“သဘောတူတယ်...”

ဝေ့ဝူယင်မှာ လေထု၏ ပြင်းထန်သော အငွေ့အသက်များကြောင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ သူသည် ဤပြိုင်ပွဲတွင် ပါဝင်မည် မဟုတ်ပေ။ ယခု အခိုက်အတန့်၌ သူ၏ ကျင့်ကြံခြင်း အခြေခံသည် အခြားလူများထက် အပြတ်အသတ် မြင့်မားသည်။ ထို့အပြင် သူသည် သတ္တုချီနှင့် လျှပ်စီးချီတို့ကိုလည်း မွေးဖွားထားနိုင်သေးသည်။ သူ့အနေဖြင့် ဤနေရာရှိ လူအားလုံးကို အနိုင်ယူရန် ယုံကြည်ချက် ရှိသည့်တိုင် ခေါင်းဆောင်လုပ်ရန် စိတ်မဝင်စားပါချေ။

ဝေ့ဝူယင်က ယခုအချိန်ထိ စကားတစ်ခွန်းမှ မဆိုရသေးသည့် ရေပဲ့တင်သံဂိုဏ်းသူလေးကို လှမ်းကြည့်လိုက်၏။ လှုပ်ရှားမှု ကင်းမဲ့၍ တည်ငြိမ်သော အရှိန်အဝါနှင့် အတူ သူမမှာ လှပလွန်းသည်။

“ရွှေဝူဟန်... နင်ရော ဘယ်လိုထင်လဲ”

ကျိုးကောက မေးလိုက်သည်။

ရွှေဝူဟန်က ညင်သာစွာ ပြုံးကာ ပြန်ဖြေလိုက်၏။

“နင်တို့သုံးယောက် ဆုံးဖြတ်နိုင်တယ်...”

ထို့နောက် သူမမှာ ပြိုင်ပွဲ အသေးစားလေးကို ဝင်ရောက် ယှဥ်ပြိုင်ရန် စိတ်မဝင်စားသည့် အလား တစ်ဖက်သို့ လှည့်သွားခဲ့သည်။

ရန်ကျူးက သူ၏ မျက်ခုံးများကို အနည်းငယ် ပင့်တင်လိုက်၏။ ထိုမိန်းကလေးမှာ အစွမ်းထက်ကြောင်း သူမ ကောင်းစွာ သိပေသည်။ မင်ယုနှင့် ကျိုးကောကို ရင်ဆိုင်ရန် သူမ မစိုးရိမ်သည့်တိုင် ရွှေဝူဟန်ကမူ သူမအား အန္တရာယ်များသည့် ခံစားချက် တစ်ခုကို ပေးသည်။

“ဝေ့ဝူယင်... နင်ရော...”

ရန်ကျူးက မေးရန် ဟန်ပြင်လိုက်စဥ်မှာပင် ကျိုးကောက ရုတ်တရက် ဖြတ်ပြောလိုက်၏။

“ဘာလဲ... နင်က ယောက်ျား တစ်ယောက်ကို နင့်အတွက် တိုက်ပွဲထဲ ဝင်ပါစေချင်တာလား...”

ရန်ကျူး၏ မျက်လုံးများမှာ ဒေါသဖြင့် ဝင်းလက်သွား၏။ သူမက ဘယ်တုန်းက ယောက်ျားတစ်ယောက် အပေါ် မှီခိုခဲ့ဖူးသနည်း။

တစ်ချိန်တည်း၌ ကျိုကောနှင့် မင်ယုတို့ နှစ်ယောက်မှာ ဝေ့ဝူယင် ဝင်ပါမည်ကို စိုးရိမ်နေကြသည်။ အကြီးအကဲများက မည်သို့သော အခြေအနေ ဖြစ်စေကာမူ ဝေ့ဝူယင်နှင့် ပဋိပက္ခ မဖြစ်အောင် ရှောင်ရန် သူတို့ကို မှာကြားထားသည်။ ဝေ့ဝူယင် မည်ကဲ့သို့ လူမျိုးဖြစ်ကြောင်း သူတို့ မသိသော်လည်း အကြီးအကဲများ၏ စကားမှာ မမှားတတ်ချေ။

“ငါ့ကိုယ်စား တိုက်ပေးဖို့ ဘယ်ယောက်ျားမှ မလိုဘူး.... အသန်မာဆုံးလူက‌ ခေါင်းဆောင်ပဲ”

ရန်ကျူးက ဝင့်ကြွားစွာ ကြေညာရင်း လှံကို ဆွဲထုတ်လိုက်၏။ ထိုလှံတံသည် ကိုးပေနှင့် ကိုးလက်မ ရှည်လျားပြီး သွေးရောင် အဆင်း ရှိသည်။ သွေးချီသည် ၎င်းကို ဝန်းရံကာ တဖိတ်ဖိတ် တောက်ပနေ၏။

၎င်းကား သွေးငရဲ ဟု အမည်ရသော လှံတံဖြစ်ပြီး အဓိက တပည့်ပြိုင်ပွဲမှ ဆုလာဘ် အဖြစ် ရရှိသော သွေးချီကျောက်တုံးနှင့် အခြား ပစ္စည်း ရင်းမြစ်များကို သုံးကာ သူမ ကိုယ်တိုင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ လှံအား ဆွဲထုတ်ကာ ထိုးချိန်လိုက်သည်နှင့် ကြောက်မက်ဖွယ် အဖျက်စွမ်းအားက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

“မဆိုးဘူး... ကြည့်ရတာ နင်က အသုံးမကျတဲ့ လူတော့ မဟုတ်ဘူးပဲ”

ကျိုးကောက လက်အား ခါယမ်းလိုက်ရာ ခေါက်ယပ်တောင် တစ်ခုမှာ သူမ၏ လက်တွင် ထွက်ပေါ်လာ၏။ သူမက ၎င်းကို ဖြန့်လိုက်ရာ လေထုမှာ အရည်အဖြစ် ပြောင်းလဲသွားသည့် အလား လှိုင်းလုံးများဖြင့် ပြည့်နှက် သွားသည်။

မင်ယုကလည်း စိတ်လှုပ်ရှားစွာ ပြုံးရင်း ခါးတွင် ချိတ်ဆွဲထားသည့် ဓားကို ဆွဲထုတ်လိုက်သည်။ သတ္တုချီသည် ပတ်ဝန်းကျင်၌ ပေါက်ကွဲထွက်ပေါ်လာကာ ဓားအရိပ်အယောင် တစ်ခုမှာ သူမ၏ နောက်တွင် ဖွဲ့စည်းလာ၏။ ထိုအရာက သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ ယင်ဖွဲ့စည်းခြင်းသို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။

ဓားပုံရိပ်ဖြစ်ပေါ်လာသည်ကို ကြည့်၍ အခြားလူ နှစ်ယောက်၏ အမူအရာများမှာ ပြောင်းလဲ သွား၏။ သတ္တုချီသည် ရေခဲ၊ သစ်သား၊ လျှပ်စီး၊ ချော်ရည်တို့နှင့် အတူ အဆင့်မြင့် ဒြပ်စင်ချီ တစ်ခု ဖြစ်သည်။ ကြည့်ရသည်က ဤတိုက်ပွဲမှာ စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။

***

All Chapters