သုံးပွင့်ဆိုင်
Vol. 2 Ch. 25
“သုံးပွင့်ဆိုင်... ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ”
ဝေ့ဝူယင်မှာ နေရာတွင်ပင် ရပ်ရင်း အေးဆေးစွာ ကြည့်နေခဲ့သည်။ ထိုအချိန်၌ အကြီးအကဲများ ပါဝင်သော အုပ်စုမှာ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပြီး ဒုတိယမြောက် တပည့် အုပ်စုမှာလည်း တောက်ရှင်း၏ ဦးဆောင်မှုနှင့် အတူ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်တို့ အဖွဲ့အတွက်မူ...
တိုက်ပွဲဝင်ရန် စိတ်အား ထက်သန်နေသည့် မိန်းကလေး သုံးယောက်၏ ဆန္ဒကို မည်သူမျှ တားနိုင်လိမ့်မည် မဟုတ်ချေ။ ချီစွမ်းအင်များ ဝန်းရံလာသည်နှင့် အမျှ ပတ်ဝန်းကျင် လေထုမှာ တင်းမာ ခက်ထန်မှုများနှင့် ပြည့်နှက်လာ၏။ မိန်းကလေး သုံးယောက် တိုက်ပွဲဝင်လိုစိတ် အပြည့်ဖြင့် တစ်ယောက်ကို တစ်ယောက် စူးစိုက် ကြည့်နေသည့် မြင်ကွင်းကား လှပလှပေသည်။
ဝေ့ဝူယင်က မင်ယုကို စူးစိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် (ဆေဘာဓားနှင့် သတ္တုချီကို အသုံးပြုသည့်) သူနှင့် ဆင်တူစွာပင် သတ္တုချီနှင့် ဓားတို့ကို အသုံးပြုသည်။ ကံကောင်းလျှင် သူ့အနေဖြင့် သူမထံမှ တိုက်ပွဲ နည်းဗျူဟာ အချို့ပင် ရရှိနိုင်သည်။ ဓားနှင့် ဆေဘာတို့မှာ အနည်းငယ် ကွဲပြားသည့်တိုင် သတ်ဖြတ်ခြင်း အသားပေးသည့် လက်နက်ရှည်များပင် ဖြစ်ပေသည်။
ရွှေဝူဟန်က တိုက်ပွဲကို ပေါ့ပေါ့ပါးပါး အမူအရာဖြင့် လက်ပိုက်ကာ ကြည့်နေခဲ့သည်။ ရံဖန်ရံခါ သူမက ဝေ့ဝူယင်ထံ မသိမသာ လှမ်းကြည့်၏။ အစောပိုင်း၌ သူမ၏ အကြီးအကဲများမှာ ထိုလူငယ်နှင့် ပဋိပက္ခ မဖြစ်မိစေရန် အကြိမ်ကြိမ် မှာသွားခဲ့သည်။
သို့သော်လည်း သူမ မြင်ရသလောက်ဆိုလျှင် ထိုလူငယ်ထံ၌ မည်သည့် ထူးခြားမှုမှ မရှိချေ။ သူမသည် ဝေ့ဝူယင်၏ ပါရမီနှင့် နောက်ခံတို့ကကိုပင် သိရှိခဲ့ပြီး ဖြစ်သည်။ သူမ ရရှိထားသည့် သတင်းအချက်အလက် ကွန်ယက်မှာ ခိုင်မာပြီး ကျယ်ပြန့်လှ၏။ ဝေ့ဝူယင်မှာ ချောမော၊ ဉာဏ်ကောင်း၍ အနည်းငယ် ပါရမီပါရုံသာ ရှိပေသည်။
“ဝေ့ဝူယင်... အသက် နှစ်ဆယ့်ခြောက်နှစ်... ဂျိုးငှက်နီမြို့တော် ဝေ့ကလန်မှာ မွေးတယ်... သူ့ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်ကို တိတိကျကျ မသိရပေမဲ့ ဒြပ်စင် မွေးဖွားခြင်း အဆင့်လောက်မှာ ရှိနေနိုင်တယ်”
သူမသည် ထိုလောက်ဖြင့် သူ့အား အထင်ကြီးလိမ့်မည် မဟုတ်ချေ။ အမှန်တကယ်ဆိုလျှင် အသက်နှစ်ဆယ့် ခြောက်နှစ်မှာ အဓိက တပည့်ဖြစ်ရန် အချိန်ပင် လွန်နေခဲ့ပြီ ဖြစ်သည်။
ရန်ကျူးနှင့် ကျူးလန်တို့မှာ ဝေ့ဝူယင်ထက် အတော်လေး ငယ်ရွယ်ကြပေသည်။ ရွှေဝူဟန် ဆိုလျှင် ယခုနှစ်မှာ အသက်နှစ်ဆယ်ပြည့်မည် ဖြစ်သည်။ သူမသည် ဝေ့ဝူယင်ထက် ခြောက်နှစ်ပင် ပို၍ ငယ်ရွယ်သည်။ နာမည်ခံ တပည့် အဆင့်အတန်းမှ မဟာဂိုဏ်းကြီး တစ်ခု၏ အဓိက တပည့် အဖြစ် အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူမသည် သူ့အား အာရုံပင်စိုက်မိလိမ့်မည် မဟုတ်ချေ။
ရွှေဝူဟန် အတွေးလွန်နေသည့် တစ်ချိန်တည်း၌ တိုက်ပွဲမှာ စတင် နေခဲ့ပြီ ဖြစ်လေသည်။
နေသွေးနီနီ... လေလှိုင်းတိုက်ကွက်...
ရန်ကျူး၏ ပထမ လှုပ်ရှားမှုတွင်ပင် လေပြင်းများမှာ တဟုန်ထိုး တိုက်ခတ်လာ၏။ သူမက ဟိန်းဟောက်ကာ လှံကို လက်နှစ်ဖက်ဖြင့် တင်းတင်းကိုင်လျှက် ပြင်းထန်သော အဟုန်ဖြင့် ခုန်ထိုးလိုက်၏။ သူမ၏ လှံတံက ကျိုးကောထံသို့ မဟုတ်ပဲ မင်ယုထံသို့ တိုးဝင်သွားသည်။ လှံသည် ဒြပ်စင် စွမ်းအားများနှင့် ပေါင်းစပ်နေကာ သွေးချီနှင့် အတူ ရဲရဲတောက်နေ၏။
ကောင်းကင်ဓား ကျင့်စဥ်... ကောင်းကင်ဓား နံရံ...
မင်ယုက လျှင်မြန်စွာပင် တုန့်ပြန်၏။ သူမက ဓားအား ရှေ့သို့ ပွတ်ဆွဲကာ ငွေရောင် အမှုန်လေးများကို ဖန်တီးလိုက်၏။ ပတ်ဝန်းကျင်သည် တဒင်္ဂ အက်ကွဲသွားက လေချွန်သံတစ်ခု ထွက်ပေါ်လာသည်။ သတ္တုချီ မုန်တိုင်းနှင့် အတူ ဓားပုံရိပ်များသည် ဖြစ်ပေါ်လာ၏။ ၎င်းတို့သည် တဖိတ်ဖိတ်တောက်ကာ ရန်ကျူးအား ပြန်လည် တိုက်စစ်ဆင်လေသည်။
“ဟမ့်...”
ရန်ကျူးမှာ တန်ပြန် တိုက်စစ်နှင့် ရင်ဆိုင်နေရသည့်တိုင် နောက်မဆုတ်ပဲ ယခင်ကထက်ပင် ပိုမို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ သွေးရောင် လေနံရံ တစ်ခုသည် သူမ၏ လှံထိပ်ဖျားမှ မွေးဖွားလာကာ မုန်တိုင်းထံ တိုက်ရိုက် တိုးဝင်၏။
ဘုန်း...
သွေးရောင် လေနံရံနှင့် သတ္တုဓားများ ထိုက်တိုက် တွေ့ရာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာလေ၏။ တဟုန်းဟုန်း တိုက်ခတ်သော လေသည် မြက်ပင်များကို ကျွတ်ထွက်ကာ ကျောက်တုံးများကို လွင့်ပျံ သွားစေသည်။ လူတိုင်း၏ အဝတ်အစားများမှာ တဖျပ်ဖျပ် လွင့်ပျံကာ ခန္ဓာကိုယ် တစ်ဖက်ကို တင်းကြပ်သွားစေ၏။ ဝေ့ဝူယင်သည် မိန်းကလေးများ၏ လက်ရာမြောက်စွာ ထွင်းထုထားသော ကောက်ကြောင်း အနုပညာကို တဒင်္ဂ ခံစားလိုက်ရလေသည်။ ရုတ်တရက်... သူ၏ ငွေရောင် မျက်လုံးများသည် တဖျပ်ဖျပ် တောက်ပ အရည်လဲ့လာ၏။
ဟူး... ဟူး...
တစ်ချိန်တည်း၌ ရွှေဝူဟန်၏ ပတ်လည်တွင် ရေမှုန်ရေမွှား အလွှာတစ်ခု ပေါ်နေခဲ့သည်။ ၎င်းသည် ဒုတိယ အရေပြား ကဲ့သို့ ပြုမူကာ လေကို ပိတ်ဆို့ထားသည်။ သူမသည် မည်သည့် အဝတ်အစားမှ လွင့်ပျံခြင်း မရှိပဲ နေရာတွင် အိန္ဒြေရစွာ ရပ်နေဆဲ ဖြစ်လေသည်။
ဝေါ...
ရုတ်တရက်... အလွန် ကြီးမားသော ပင်လယ်လှိုင်းလုံးကြီး တစ်ခုမှာ ရန်ကျူးနှင့် မင်ယုတို့ အပေါ် ဖုံးအုပ် ကျဆင်းလာ၏။ ၎င်းသည် အလွန်တရာ ဆာလောင်မွတ်သိပ်နေသော သားရဲကြီး တစ်ကောင်၏ ပါးစပ် အလား မိန်းကလေး နှစ်ယောက်ကို ဝါးမျိုရန် ကြိုးစားလေ၏။
ကျိုးကောကား သူမ၏ ပထမဆုံး တိုက်ခိုက်မှုကို စတင်ခဲ့ပြီ ဖြစ်သည်။ ထိုအရာက အထင်ကြီးစရာ ကောင်းလှပေသည်။ သူမသည် အချိန်ကောင်းကို ရွေးချယ်ထားကာ လှုပ်ရှားမှုတိုင်းက အမှား ကင်းစင်နေသည်။
“နင်...”
ရန်ကျူးမှာ လေချီနှင့် ခန္ဓာကိုယ်အား သိုင်းခြုံကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ သူမသည် ညင်သာစွာပင် ပင်လယ်လှိုင်းလုံးကြီး၏ ဝါးမျိုခြင်း အရေးမှာ လွတ်မြောက်သွားသည်။
သို့သော်လည်း...
မင်ယုမှာမူ နောက်သို့ ဆုတ်ခွာခြင်း မပြုချေ။ ဓားသမားများမှာ များသောအားဖြင့် ရဲစွမ်း သတ္တိနှင့် ပြည့်စုံကာ စိတ်ဓာတ် ပြင်းထန်သူများ ဖြစ်သည်။ သူမ၏ မျက်လုံးများက အရူးအမူး တောက်ပလာ၏။ သူမက ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ ဓားအားမြှောက်လျှက် ရေလှိုင်းကြီးကို ခုတ်ဖြတ်လိုက်တော့၏။
ဘုန်း...
ရေလှိုင်းကြီးမှာ နှစ်ပိုင်းပြတ်သွားသည်။ ၎င်း၏ ဗဟိုမှာ ထုထည်မရှိရာ စုစည်းထားသော ခွန်အားမှာ ပြိုကွဲ သွားခဲ့၏။ မင်ယုက အေးစက်စွာပင် ရှေ့သို့ တစ်ဟုန်ထိုး ဆက်တက်သွားသည်။ သူမ၏ မျက်လုံးများမှာ နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်များဖြင့် တဖျပ်ဖျပ် တောက်ပနေလေ၏။
ဓားသမား တစ်ယောက် အနေဖြင့် သူမသည် တိုက်ပွဲတွင် ရဲရင့်ကာ ကြောက်လန့်မှု ကင်းမဲ့သူ ဖြစ်သည်။
“တိုက်ပွဲ အတွင်း အသက်ကို စတေးရန် ဆန္ဒ မရှိပါက သင် ဘယ်သောအခါမှ ဓားသမားကောင်း တစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်...”
ထိုအရာက သူမ၏ လက်ဆွဲ မန္တာန် ဖြစ်ပြီး စိတ်ပိုင်းဖြတ်ထားသော အကြည့်စူးစူးမှာ ထိုအရာ မှန်ကန်ကြောင်း ထင်ဟပ် ပြသနေ၏။
သို့သော်လည်း... ကျိုးကောမှာ တုန်လှုပ်သွားခြင်း မရှိပါချေ။ သူမက မထေမဲ့မြင် ပြုံးရင်း ခေါက်ယပ်တောင်ကို ဖြန့်ကာ သုံးချက်တိတိ ခပ်လိုက်လေ၏။ လှိုင်းသုံးခုသည် တစ်ခုပြီး တစ်ခု ဖွဲ့စည်းလာကာ တစ်ခုတည်း အဖြစ် ပေါင်းစပ်လျှက် သုံးဆတိတိ အရွယ်အစား ကြီးမားလာ၏။ ရေချီ၏ အန္တရာယ် အများဆုံး အပိုင်းမှာ အလွှာများနှင့် ပေါင်းစပ် ဖွဲ့စည်း၍ ဆင့်ကဲ၊ ဆင့်ကဲ တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။
မင်ယု၏ မျက်လုံးများမှာ ပိုမို ထက်ရှလာကာ သူမ၏ ခန္ဓာကိုယ်မှာ ငွေရောင်ချီများဖြင့် ဝန်းရံလာ၏။ သူမသည် ငွေရောင် ဓားနတ်မိမယ် တစ်ပါး အသွင် ပြောင်းလဲသွား၏။ သူမက အော်ဟစ် မာန်သွင်းကာ ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ တုန့်ဆိုင်းခြင်း တစ်ချက်မျှ မရှိပါပဲ သူမက ဓားကို ဒေါင်လိုက် ပိုင်းဖြတ် လိုက်လေတော့၏။
ကောင်းကင်ဓားကျင့်စဥ်... မျဥ်းတစ်ကြောင်းတည်းဖြင့် ကမ္ဘာတစ်ခု အဆုံးသတ်ခြင်း...
တစ်လက်မခန့် ထူကာ သုံးပေခန့် ရှည်လျားသည့် မျဥ်းဖြောင့် တစ်ကြောင်းမှာ လေထဲတွင် ပေါ်လာခဲ့လေ၏။ ထိုတိုက်ခိုက်မှုသည် အလွန် အစွမ်းထက်လှကာ သတ်ဖြတ်မှု ဒီဂရီကို သယ်ဆောင်ထားသည်။ လှိုင်းသုံးခု ပေါင်းစည်းထားသော အရာပင်လျှင် ယင်းကို မခုခံနိုင်ပဲ ထောပတ်ကဲ့သို့ အလယ်မှ ထက်ပိုင်း ပြတ်ထွက် သွားခဲ့ရ၏။
“ဘာလဲ...”
ကျိုးကောမှာ သူမ၏ ချီကျင်စဥ် အသုံးမဝင်ကြောင်း တွေ့လိုက်ရသည့် အတွက် တုန်လှုပ်သွား၏။ သူမက ချက်ချင်းပင် ချီအလွှာပေါင်းများစွာကို ခန္ဓာကိုယ် တစ်ဝိုက်တွင် ဖန်တီးကာ နောက်သို့ ဆုတ်ခွာလိုက်သည်။ သို့သော်လည်း ထိုအချိန်တွင်ပင် နီမြန်းသော အလင်းတန်း တစ်ခုမှာ သူမနှင့် မနီးမဝေးတွင် လင်းလက် လာလေ၏။ ကျိုးကောမှာ သေခြင်းတရားကို ခံစားမိရာ မျက်လုံးများ ပြူးကျယ် သွားခဲ့လေသည်။
နေသွေးနီနီ ကျင့်စဥ်... ထိုးဖောက် ဖျက်ဆီးခြင်း...
ရန်ကျူးမှာ အခွင့်ကောင်းကို ယူကာ ကျိုးကောကို တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်လေသည်။ နီမြန်းသော သွေးတံတိုင်း လေထဲတွင် တစ်ခုသည် ပေါ်လာကာ ပြင်းထန်သော အဟုန်ဖြင့် ပိကျလာ၏။ တစ်ချိန်တည်း၌ မင်ယုကလည်း ဓားကို ကိုင်ကာ ထိုးဖောက်လာ၏။ ငွေရောင် အလင်းမှုန်များသည် ပတ်ဝန်းကျင် တစ်ခွင့် ပျံ့နှံ့ ပိတ်ဆို့လာကာ ကျိုးကော၏ နှလုံးသားဆီ ဦးတည်လာလေ၏။
ဝေ့ဝူယင်က ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါလိုက်သည်။ ကျိုးကောသည် အလစ် တိုက်ခိုက်ကာ ပြိုင်ဘက် နှစ်ဦးအပေါ် လက်ဦးမှု ရယူရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ထိုဆုံးဖြတ်ချက်ကပင် ယခု အချိန်၌ သူမ၏ အသက်ကို နှုတ်ယူတော့မလို ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
“ငါ့ကို ကယ်ဦး... ရွှေဝူဟန်...”
ကျိုးကောက အသည်းအသန် အော်ဟစ်လိုက်၏။
ဝှစ်... ဝှစ်...
ရုတ်တရက် လေဆင်နှာမောင်း တစ်ခုမှာ သူမ၏ ခြေထောက်အောက်တွင် ပေါ်လာကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ကျယ်ပြန့်ကြီးမာလာ၏။ ၎င်းက ငွေရောင် ဓားချီကို ဖျက်ဆီးကာ ရန်ကျူး၏ တိုက်ခိုက်မှုကို နောက်သို့ တွန်းဖယ် ပစ်လိုက်လေသည်။
ရန်ကျူးနှင့် မင်ယုတို့ နှစ်ယောက်စလုံးမှာ နောက်သို့ ဆုတ်ခွာ လိုက်ရလေသည်။ သူတို့၏ မျက်လုံးများမှာ နက်မှောင်ကာ မနာခံလိုခြင်းများနှင့် ပြည့်နှက်နေသည်။ အဝေးမှ နေ၍ လေဆင်နှာမောင်းကို ဖွဲ့စည်းရန် အတွက် ကျင့်ကြံသူမှာ ယင်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ရှိနေရန် လိုအပ်သည်။ သို့ဖြစ်လေရာ ရွှေဝူဟန်မှာ အနည်းဆုံး ထိုအဆင့်တွင် ရှိနေရမည်။
သို့သော်လည်း သူတို့ နှစ်ယောက်စလုံးမှာမူ ယခုမှ ချီပျစ်ခဲခြင်း အဆင့်သုံး ဒြပ်စင် မွေးဖွားခြင်း အဆင့်တွင်သာ ရှိနေသေးသည်။ သူတို့ အနေဖြင့် ရွှေဝူဟန်ကို မည်သို့မျှ ယှဥ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပါချေ။
ဟူး... ဟူး...
လေဆင်နှာမောင်းသည် ဓားချီနှင့် သွေးချီများကို သွေဖယ်ပြီးနောက်၌ တဖြည်းဖြည်း ပျောက်ကွယ် သွားလေ၏။ အလယ်တွင်မူ ကျိုးကောမှာ လေးပင်စွာ အသက်ရှူကာ ရပ်ရင်း မင်ယုနှင့် ရန်ကျူးတို့ကို ကြည့်နေခဲ့သည်။ သူမက ဒေါသတကြီးပင် အော်ဟစ်လိုက်၏။
“ခွေးမတွေ... နင်တို့ ငါ့ကို သတ်တော့မလို့”
ဝေ့ဝူယင်က ရွှေဝူဟန်ကို လှည့်ကြည့်လိုက်၏။ သူမအား ကြည့်ရသည်က အနည်းငယ် စိတ်မသက်မသာ ဖြစ်နေဟန် ရသည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံမှာ ဂိုဏ်းအဖော် တစ်ယောက်ကြောင့် ပေါ်လွင်သွားခဲ့ရပြီ မဟုတ်ပါလော။
ဝေ့ဝူယင်က ပြုံးလိုက်၏။
“နင်တို့တွေ အသန်မာဆုံးလူကို ခေါင်းဆောင်တင်မယ် ဆိုရင် ရလဒ်က ပေါ်လွင်သွားပြီလို့ ငါထင်တယ်”
“ ... “
ရန်ကျူးနှင့် မင်ယုတို့မှာ တိတ်ဆိတ်နေ၏။ ရွှေဝူဟန်၏ တိုက်ခိုက်မှုသည် သူတို့အား နောက်သို့ ဆုတ်ခွာ စေခဲ့သည်။ သို့တိုင်အောင် ထိုမိန်းမမှာ ယခုအထိ ရေချီကို မသုံးရသေးချေ။ သူတို့ အနေဖြင့် သူမ၏ ပြိုင်ဘက် မည်သို့မှ မဖြစ်နိုင်ပေ။
ပထမဦးစွာ ရန်ကျူးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
“နင် အဖွဲ့ခေါင်းဆောင် ဖြစ်ချင်တယ် ဆိုရင် ငါ့မှာ ကန့်ကွက်စရာ မရှိဘူး...”
သူမ၏ စကားလုံးများမှာ ပွင့်လင်းကာ တည့်တိုးဆန်လှ၏။ သို့သော်လည်း ရွှေဝူဟန်မှာမူ ခေါင်းကိုက်သလို ခံစားနေရသည်။ သူမက စိတ်ထဲမှ လေးလေးပင်ပင် သက်ပြင်းတစ်ချက် ချရင်း ခေါင်းညိတ်ရန် ဆုံးဖြတ်လိုက်၏။ ပထမ၌ သူမသည် ထိုရာထူးကို ကျိုးကောအား ပေးရန် စဥ်းစားမိသေးသော်လည်း ထိုအရာက နည်းလမ်းသိပ်မကျသလို ခံစားရသည်။ ထို့အပြင် ကျိုးကောမှာ ဂိုဏ်းထဲ၌ သူမ၏ မဟာမိတ်ပင် မဟုတ်ချေ။ သူတို့ နှစ်ယောက်၏ ဆက်ဆံရေးမှာ ရန်ကျူးနှင့် ဝေ့ဝူယင်တို့ ကဲ့သို့ မသိလိုက် မသိဖာသာပင်။
မင်ယုကလည်း ဓားအား ပြန်သိမ်းလိုက်၏။ သူမတွင်လည်း မည်သည့် ကန့်ကွက်စရာမှ မရှိပါချေ။
ကျိုးကောမှာမူ အသတ်ခံရတော့မလို ခံစားချက်ကြောင့် အနည်းငယ် ပူစပ်ပူလောင် ဖြစ်နေခဲ့လေ၏။ သူမက နှာခေါင်းရှုံ့ကာ ရန်ကျူးနှင့် မင်ယုတို့ထံမှ အကြည့်ကို လွှဲရင်း ဝေ့ဝူယင်ထံ ပို့လွှတ်လိုက်သည်။ ဝေ့ဝူယင်၏ အသာအယာ ပြုံးနေသော မျက်နှာထားကို ကြည့်ကာ ဒေါသလှိုင်း တစ်ခုက သူမ၏ စိတ်တွင် ထကြွ သောင်းကျန်းလာခဲ့လေ၏။
“နင်က ဘာပြုံးနေတာလဲ... ဟမ့်... ယောက်ျား တစ်ယောက်ဖြစ်ပြီး ခေါင်းဆောင် နေရာအတွက် ဝင်တောင် မတိုက်ရဲတဲ့လူ... နင့်ကို လူကြောက်မျိုးကို ငါတစ်ခါမှ မတွေ့ဖူးဘူး”
သူမ၏ စကားလုံးများက ထက်ရှကာ ရန်လိုမှုများနှင့် ပြည့်နှက်နေသည်။ မိန်းမများသည် ဒေါသထွက်ချိန်၌ ဆင်ခြင်တုံ တရား ကင်းလွတ် သွားတတ်ပုံ ရသည်။
ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း သူက ခေါင်းအား ခါလိုက်ကာ အသာအယာ ဆိုလိုက်သည်။
“နင်တို့ ပြီးရင် တာဝန်ကို စကြတာပေါ့...”
***