← Chapters

အနမ်း

Vol. 2 Ch. 26

အနမ်း

Vol. 2 Ch. 26

“နင်...”

ကျိုးကော၏ မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်လွှမ်းသွားသည်။ ထိုကောင်စုတ်က သူမအား တုန့်ပြန်ရန်ပင် အဖက်မတန်ဟု သတ်မှတ်ထားသည်လော။

ဝှစ်...

သူမက လက်ထဲရှိ ခေါက်ယပ်တောင်ကို ဖြန့်ကာ ဒေါသတကြီး ခပ်ယမ်း လိုက်လေ၏။ ရုတ်တရက်... ရေလှိုင်းတစ်ခုမှာ လေထဲတွင် ပေါ်လာကာ ဝေ့ဝူယင်ထံ တိုးဝင်သွားလေသည်။

ရန်ကျူးနှင့် မင်ယုတို့မှာ နောက်သို့ ဆုတ်ပေးလိုက်ကြ၏။ ရွှေဝူဟန်၏ မျက်လုံးများမှာမူ ဝေ့ဝူယင်၏ ခွန်အားကို သိလိုစိတ်ဖြင့် တဖျပ်ဖျပ် လင်းလက်သွားသည်။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးမှ အကြည့်များမှာ ရေလှိုင်းကို ကျော်လွန်ကာ ကျိုးကော၏ မျက်နှာပေါ် အေးစက်စွာ ကျရောက်သွား၏။ သူ့တွင် စိတ်ရှည်ခြင်းနှင့် ပတ်သက်၍ ကိုယ်ပိုင် အကန့်အသတ် ရှိပေသည်။ ပထမ၌ ရှင်းဖူ၊ ယခု ထိုကျိုးကော...။ ဝေ့ဝူယင်သည် မလိုအပ်ပဲ သူ၏ ကျင့်ကြံခြင်း အဆင့်ကို ထုတ်မပြလိုသည့်တိုင် ယခုအရာက အတော်လေး လွန်နေခဲ့ပြီ ဖြစ်သည်။

လျှပ်စီး ဒြပ်စင် ကျင့်စဥ်... မိုးကြိုးခြေလှမ်း

ဘုန်း...

မိုးကြိုးထစ်ချုန်းသံ တစ်ခုမှာ ကျယ်လောင်စွာ ပေါက်ကွဲလာ၏။ ဝေ့ဝူယင်၏ ခြေထောက်အောက်ရှိ မြေပြင်မှ ပက်ကြားအက်ရာများဖြင့် ပြည့်နှက်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဝေ့ဝူယင်သည် မူလ နေရာမှ ပျောက်ကွယ်သွားကာ ကျိုးကော၏ ရှေ့တွင် ပြန်လည် ပေါ်လာခဲ့သည်။ သူ၏ မျက်လုံးများသည် ခရမ်းရောင် လျှပ်စီးများဖြင့် ပြည့်နှက်နေကာ မိုးကြိုးကုန်းမြေမှ ကြောက်မက်ဖွယ် သားရဲတစ်ကောင် အလား ထင်မှတ်ရပေသည်။

“အ...”

ကျိုးကော၏ နှုတ်ခမ်းနှစ်လွှာမှာ ပွင့်ဟသွား၏။ သူမသည် ဝေ့ဝူယင်၏ ချောမောသော ရုပ်သွင်နှင့် ငွေရောင် မျက်လုံးများကို အနီးကပ်ကြည့်ကာ ရင်ခုန်သံပင် ရပ်မတတ် ဖြစ်သွားခဲ့သည်။

ဝေ့ဝူယင်၏ မျက်နှာသည် သူမနှင့် တစ်လက်မခန့်သာ ကွာဝေးပေတော့သည်။ သူ၏ ဝင်သက်ထွက်သက် နွေးနွေးသည် သူမ၏ မျက်နှာပေါ် ယှက်ဖြာ ကျဆင်းနေ၏။ ထိုအခိုက်၌ ကျိုးကောကား ဘာကိုမှ မစဥ်းစားနိုင်သည် အထိ စိတ်များ ထွေပြား မြောလွင့်နေခဲ့ပြီ ဖြစ်လေတော့သည်။

“ငါ့ကို နမ်း...”

သူ၏ အသံက ညင်သာသော်လည်း မိုးကြိုးကဲ့သို့ ပဲ့တင်ထပ်၍ သူမ၏ စိတ်အတွင်း ထိုးဖောက် ဝင်ရောက်လာ၏။ တစ်ချက်ပင် မတွေးတော့ပဲ ကျိုးကောမှာ သူမ၏ နူးညံ့၊ နီရဲသော နှုတ်ခမ်းလေးကို ဝေ့ဝူယင်၏ နှုတ်ခမ်းများထက် ဖိချလိုက်သည်။ သူမသည် မျက်လုံးများကို မှိတ်ကာ အထိအတွေ့၏ သာယာမှု အလယ်၌ စိတ်လွတ်လက်လွတ် ကျဆင်းသွားလေတော့၏။

သူမသည် ပါးစပ်ကို ဖွင့်ဟကာ ဝေ့ဝူယင်၏ လျှာကို သူမ၏ လျှာနှင့် တိုက်ပွဲတစ်ခု ရင်ဆိုင်ရန်ပင် ခွင့်ပြုထားသည်။ သူတို့ နှစ်ယောက်၏ နှုတ်ခမ်းများသည် အဆုံးမရှိသည့် အလား တစ်ခုကို တစ်ခု တပ်မက်စွာ ဆွဲယူနေကြ၏။ သူမသည် အလွန်တရာ စိတ်အားထက်သန်နေရာ သူ၏ နှုတ်ခမ်းများကိုပင် ကိုက်စားမတတ် ဖြစ်နေခဲ့သည်။

“ ... “ ရန်ကျူး

“ ... “ မင်ယု

“ ... “ ရွှေဝူဟန်

စက္ကန့်များစွာ ကြာပြီးနောက် သူတို့ နှစ်ယောက်၏ နှုတ်ခမ်းများမှာ ကွဲကွာ သွားကြ၏။ ကျိုးကော၏ မျက်လုံးများမှာ အိပ်မက်မက်သလို ရီဝေ ငေးမော နေခဲ့သည်။ သူမသည် သွယ်လျသော လက်ချောင်းများဖြင့် နှုတ်ခမ်းလွှာများကို ထိတွေ့ကာ ထိုခံစားချက်ကို ပြန်လည် တွေးတော နေမိခဲ့သည်။

“နင်ကျေနပ်သွားပြီလား...”

ဝေ့ဝူယင်က အေးဆေးစွာပင် ပြုံးလိုက်၏။ ထို့နောက် သူက ရွှေဝူဟန်ကို လှည့်လိုက်သည်။ သူ၏ မျက်လုံးထဲရှိ ခရမ်းရောင် လျှပ်စီးများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

“ငါတို့ သွားကြတော့မလား...”

…

သိပ်မကြာခင် အချိန် အတောအတွင်းမှာပင်...

သူတို့ ငါးယောက်သည် တစ်ဦးနှင့် တစ်ဦး မီတာ ငါးဆယ်စီ ခြား၍ ဖြန့်ကျက်ကာ မူရေကန် သစ်တောအတွင်း ရှာဖွေ နေခဲ့ကြပြီ ဖြစ်လေသည်။

ဝေ့ဝူယင်သည် ပတ်ဝန်းကျင်ကို အေးဆေးစွာ ကြည့်ရင်း မူရေကန် သစ်တော၏ စွဲမက်ဖွယ် သစ်ပင် ပန်းမန်နှင့် တိရစ္ဆာန် သားရဲ မြင်ကွင်းအလှများကို ခံစားနေခဲ့သည်။ ပန်းပွင့်များသည် လှပစွာ ပွင့်ဖူးနေကာ ရေနှင့် သစ်သား စွမ်းအင်၏ အငွေ့အသက် အချို့ကို လစ်ဟာ ပြသနေခဲ့၏။ လျှို့ဝှက် ဆန်းပြားသော ထိုရေကန်သည် အနီးပတ်ဝန်းကျင်ရှိ မြေဆီလွှာကို တစ်နည်းနည်းဖြင့် ပြောင်းလဲစေကာ ၎င်းကို မှီတည်နေသည့် ဖြစ်တည်မှု အားလုံးအား အနည်းနှင့် အများ သက်ရောက်စေဟန် ရလေ၏။

တိရစ္ဆာန်များသည် ရေ၏ တည်ငြိမ်ခြင်း ဗီဇကို အမွေ လက်ခံရရှိထားသည့် အလား ငြိမ်းချမ်းစွာ သွားလာ နေကြသည်။ စိမ်းလန်း စိုပြည်သော တောသည် သူတို့အတွက် လုံလောက်သော ဝမ်းစာကို ထောက်ပံ့ပေးထားသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

အခြား တစ်ဖက်၌ ကျိုးကောမှာမူ ဒေါသူပုန် ထနေခဲ့လေသည်။ သူမ၏ မျက်လုံးများသည် မတည်မငြိမ် ဖြစ်နေကာ သူမ၏ နှုတ်ခမ်းများမှာလည်း ပွစိ၊ ပွစိဖြင့် တစ်စုံတစ်ခုကို မကျေမနပ် တီးတိုး ရေရွတ်နေခဲ့သည်။ သို့သော်လည်း... တစ်ချက်တစ်ချက်တွင်မူ ရှက်သွေးဖြာမှု ဖျော့ဖျော့က သူမ၏ ပါးပြင်ထက်၌ ဖြတ်ပြေးသွားနေ၏။

ဝေ့ဝူယင်သည် သူမထံမှ ပထမဆုံး အနမ်းကို အတင်းအကြပ် လုယူ သွားခဲ့သည်။ ကျိုးကောသည် ဒေါသထွက် နေမိသည့်တိုင် ငွေရောင် မျက်လုံးများနှင့် ချောမောလှသော မျက်နှာ ဖွဲ့စည်းပုံတို့ကို ပြန်လည် တွေးတော နေမိခဲ့သည်။ သူမသည် စိတ်ခံစားချက်များ ရှုပ်ထွေးနေသည့်တိုင် နှလုံးသားထဲတွင်မူ နွေးထွေးမှု တစ်ခုကို လှိုက်မောစွာ ခံစား နေခဲ့ရလေသည်။

ဝေ့ဝူယင်ထံသို့ အကြည့်ရောက်သွားချိန်တိုင်း သူမ၏ ရင်အစုံက တဒိန်းဒိန်း ခုန်သွားခဲ့၏။ “ငါ့ကိုနမ်း” ဟူသော စကားလုံး သုံးလုံးတွင်ပင် သူမမှာ အားကိုးရာမဲ့ လိပ်ပြာ တစ်ကောင်ကဲ့သို့ သူ၏ ခြေသည်းများ အကြား၌ ကြွေဆင်း သွားခဲ့ရသည်။ ပထမ၌ သူမသည် ဝေ့ဝူယင်မှာ ဝိညာဥ် လွှမ်းမိုးခြင်း အစီအရင် တစ်ခုကို အသုံးပြုခဲ့သည်ဟု ထင်နေခဲ့မိသေးသည်။ သို့သော်လည်း ထိုအထင်မှာ မှားနေကြောင်း သူမ ချက်ချင်းပင် ပယ်ချခဲ့သည်။ “အရှင်” အဆင့်များသာလျှင် အခြားလူများ၏ စိတ်ကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ အကယ်၍ သူ ထိုသို့ လုပ်ခဲ့လျှင်ပင် အရိပ်အငွေ့ အချို့ ကျန်ခဲ့ရမည် ဖြစ်သည်။

ရန်ကျူးနှင့် မင်ယုတို့မှာ တိတ်ဆိတ်စွာပင် ကိုယ်တာဝန်ကျသည့် နေရာ၌ ရှာဖွေ နေခဲ့သည်။ ရွှေဝူဟန်မှာလည်း ခေါင်းဆောင် ဝတ္တရား အတိုင်း အခြားလူများကို လမ်းညွှန်ခြင်းမှ လွဲ၍ ထွေထွေထူးထူး မပြောချေ။ ထိုကဲ့သို့ ရှာဖွေမှုသည် ဆယ့်ခြောက်နာရီ တိုင်တိုင် ကြာခဲ့၏။

သူတို့ အဖွဲ့သည် ကိုယ်တာဝန်ကျရာ နေရာတစ်ခုလုံးကို ရှာဖွေပြီးသည့်တိုင် မည်သည့် အရာကိုမှ တွေ့ရှိခဲ့ခြင်း မရှိခဲ့ချေ။

“ငါတို့ တာဝန်တော့ ပြီးပြီ... ခု ရေကန်ဆီ ပြန်ပြီး စခန်းချ လိုက်ရအောင်”

ရွှေဝူဟန်က ပြောလိုက်သည်။ အခြားလူများ သဘောတူညီပြီးနောက် ဆယ့်ငါးမိနစ် အတွင်းမှာပင် သူတို့သည် ရေကန်ဘေးသို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။

ဝေ့ဝူယင်သည် ထိုနေရာ၌ စခန်းတစ်ခု တည်ဆောက်ထားကြောင်း တွေ့လိုက်ရ၏။ မီးများသည် ထိန်ထိန်လင်းနေကာ စခန်းပတ်လည်တွင် အချက်ပေး ဝင်္ကပါ တစ်ခုပင် ဖွဲ့စည်းထားသည်။ ၎င်းသည် ယန်ရှေးဟောင်း ကုန်းမြေရှိ ဝင်္ကပါနှင့်ပင် ဆင်တူ၏။ သို့သော်လည်း ထိုအရာက အနည်းငယ် အားပျော့သည်ဟု ဝေ့ဝူယင် ခံစားနေရသည်။ သူသည် သင့်တော်သည့် ဝိညာဥ် အစီအရင်များကို သုံးကာ ထိုဝင်္ကပါကို ကျော်ဖြတ်ရန် ယုံကြည်ချက် ရှိပေသည်။

“ဟမ်...”

စခန်း အတွင်းပိုင်းသို့ ဝင်လာသည်နှင့် အမျှ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ တောက်ပသွား၏။ ထိုအချက်ပေး ဝင်္ကပါထဲ၌ အလွှာတစ်ခု အဖြစ် အခြား ဝင်္ကပါ တစ်မျိုးမှာ ခိုအောင်းနေသည်။ ၎င်းသည် ရှုပ်ထွေးပွေလီစွာ တည်ရှိနေရာ သူပင်လျှင် သတိလွတ်မတတ် ဖြစ်သွားခဲ့သည်။ ထိုဝင်္ကပါမှာ တိုက်ခိုက်ရေး ဝင်္ကပါ တစ်ခုဟု ထင်ရသော်လည်း ဝေ့ဝူယင် သေချာ မပြောတတ်ချေ။

“ဘာမတွေ့ခဲ့ကြဘူးလား...”

ရေပဲ့တင်သံဂိုဏ်း အကြီးအကဲ တစ်ယောက်မှာ ချဥ်းကပ်လာ၏။ ရွှေဝူဟန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါ ပြလိုက်သည်။ ဝေ့ဝူယင်သည် ထိုနှစ်ယောက် အကြားမှ တုန့်ပြန် ဖလှယ်မှုကို ကြည့်၍ ဤတာဝန်မှာ သူတို့ဂိုဏ်း အတွက် အလွန် အရေးကြီးနေကြောင်း မှတ်ချက်ချလိုက်မိသည်။

အကြီးအကဲပင်းမှာလည်း ဝေ့ဝူယင်နှင့် ရန်ကျူးတို့ထံ ရောက်လာခဲ့သည်။ ဝေ့ဝူယင်သည် သူမ၏ မျက်လုံးများထဲ၌ ပင်ပန်း နွမ်းနယ်မှုနှင့် စိတ်ပျက်မှု အချို့ ခိုအောင်းနေကြောင်း တစ်စွန်းတစ်စ သတိထားမိလိုက်သည်။

“ငါတို့ အဲဒီ နေရာမှာ စခန်းချကြမယ်...”

သူမက ရှုယင်နှင့် ရှင်းဖူတို့ ရှိနေသည့် နေရာကို လှမ်းညွှန်ပြကာ ပြောလိုက်သည်။ ထိုနေရာ၌ တဲနန်းကြီး တစ်ခုကို ဆောက်လုပ်ထား၏။

အကြီးအကဲပင်း၏ နောက်သို့ လိုက်လာနေစဥ်မှာပင် ဝေ့ဝူယင်သည် သူ့အား ကြည့်နေသည့် မျက်လုံးတစ်စုံကို သတိထားမိလိုက်၏။ သူမကား ရွှေဝူဟန်ပင် ဖြစ်သည်။ ရွှေဝူဟန်သည် ဝေ့ဝူယင် ကျိုးကော အပေါ် လုပ်ခဲ့သော လုပ်ရပ်အား ထိုစဥ်က ဘာမှ မပြောခဲ့ခြင်းမှာ လတ်တလော တာဝန်အပေါ် ထိခိုက်သွားမည် စိုးရိမ်သောကြောင့် ဖြစ်သည်။

သို့သော်လည်း... သူမသည် အကြီးအကဲများထံ ထိုအကြောင်းအရာကို အပြည့်အစုံ အစီရင်ခံခဲ့ပြီး ဖြစ်သည်။

ရေပဲ့တင်သံဂိုဏ်း အကြီးအကဲများသည် လေးနက်သော အမူအရာများနှင့် သူတို့၏ တဲနန်းများ အတွင်း ထိုင်နေကြ၏။ ကျိုးကောနှင့် အခြား ရေပဲ့တင်ဂိုဏ်းဝင် နှစ်ယောက်မှာလည်း ဒေါသထွက်နေသည့် ဟန်ပန် အမူအရာမျိုး ရှိနေကြသည်။

“သူက သတ္တုချီနဲ့ လျှပ်စီးချီကို မွေးဖွားထားပြီး သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံကိုလည်း ဖုံးကွယ်ထားတယ်... သေချာ မပြောနိုင်ပေမဲ့ သူက ချီပျစ်ခဲခြင်း အဆင့်လေးမှာ ရှိနေနိုင်တယ်”

ရွှေဝူဟန်က သူမ၏ ယူဆချက်ကို ပြောပြလိုက်၏။ လူတိုင်း၏ အမူအရာများမှာ သူမ၏ စကားလုံးများကို နားထောင်ပြီးနောက် ပြောင်းလဲသွားသည်။

ချီပျစ်ခဲခြင်း အဆင့်လေးသည် ယင်ဖွဲ့ခြင်း ဖြစ်ပြီး ယောက်ျားများ ရောက်ရှိရန် အခက်ခဲဆုံး အဆင့်လည်း ဖြစ်သည်။ အလားတူပင် ယန်ဖွံ့ဖြိုးခြင်း အဆင့်သို့ ရောက်ရှိရန်မှာလည်း အမျိုးသမီးများ အတွက် ခက်ခဲသည်။ ဝေ့ဝူယင် အနေဖြင့် အသက် နှစ်ဆယ့်ခြောက်နှစ်လောက်ဖြင့် ထိုအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ အတော်လေး အဓိပ္ပာယ် ရှိပေသည်။ သူသည် အနာဂတ်တွင် “နတ်ဘုရား” သို့မဟုတ် “အရှင်” တစ်ယောက်ပင် ဖြစ်လာနိုင်ချေ ရှိသည်။

အခြား ပြဿနာတစ်ခုက ဝေ့ဝူယင်မှာ အဆင့်မြင့် ချီနှစ်ခုကို မွေးဖွား ထားနိုင်ခြင်း ဖြစ်သည်။ ထိုအရာက လူများစွာ ဆယ်စုနှစ်နှင့်ချီ ကြိုးစား၍ မအောင်မြင်နိုင်သော အရာ ဖြစ်သည်။ လုံလောက်သော ဒြပ်စင်စွမ်းအား ပမာဏကို စုပ်ယူလျှင်ပင် အဆင့်မြင့် ဒြပ်စင်တစ်ခု မွေးဖွားလာမည်ဟု အာမ မခံနိုင်ချေ။

သတ္တုချီသည် ကျင့်ကြံသူ၏ ခံနိုင်ရည်ကို တိုးပွားစေကာ ခန္ဓာကိုယ်အား အမာကျောဆုံးသော ကြံ့ခိုင်မှုကို ပေးသည်။ တစ်ချိန်တည်း၌ လျှပ်စီးချီမှာ ကျင့်ကြံသူ၏ ပေါက်ကွဲမှု၊ တုန့်ပြန်မှုနှင့် အမြန်နှုန်းတို့ကို တိုးတက်စေသည်။

ဒြပ်စင်ခြောက်ခု၏ ပေါင်းစပ်မှုအောက်၌ ဝေ့ဝူယင်၏ တိုက်ခိုက်ရေး စွမ်းအား အခြား အဆင့်တစ်ခုသို့ ရောက်ရှိသွားမည်မှာ ယုံမှား သံသယ ရှိစရာ မလိုချေ။

ရေပဲ့တင်သံဂိုဏ်းမှ အကြီးအကဲများမှာ ဝေ့ဝူယင်အား မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းရမည်ကို စဥ်းစား မရကြချေ။ ရွှေဝူဟန် ပြောသည့်အတိုင်း ဆိုလျှင် သူတို့ ပင်လျှင် ဝေ့ဝူယင်၏ ပြိုင်ဘက် မဖြစ်နိုင်ချေ။ ထို့ကြောင့်ပင် သူတို့မှာ အရှက်တရားကို မြိုသိပ်ထားရန်သာ တတ်နိုင်ခဲ့ကြသည်။

တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာ သူ၏ တဲနန်းထဲတွင် အေးအေးဆေးဆေး အနားယူ နေခဲ့၏။ သူသည် ကျိုးကော အပေါ် လုပ်ခဲ့သည့် လုပ်ရပ်နှင့် ပတ်သက်၍ မည်သည့် အကျိုးဆက်ကိုမျှ တွေးပူခြင်း မရှိချေ။ လတ်တလော၌ သူသည် အကြီးအကဲပင်း၏ စကားကိုသာ အာရုံစိုက်နေခဲ့၏။

“ငါတို့ သစ်တောတစ်ခုလုံးကို သေဆုံးခြင်း ဝိညာဥ် သလင်းကျောက်တွေနဲ့ ရှာဖွေ ပြီးသွားပြီ... ငါတို့ လေးယောက်ဆိုရင် အခြား ဝိညာဥ် ရှာဖွေတဲ့ နည်းတွေနဲ့တောင် ကြိုးစားခဲ့ကြသေးတယ်... ဒါပေမဲ့ ဘာ အရိပ်အမြွက်တစ်ခုမှ မတွေ့ခဲ့ရဘူး... ဒီအတိုင်းဆိုရင် လူပျောက်မှုတွေ စဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ခြောက်လအတွင်း ဒီသစ်တောအတွင်း လူတစ်ယောက်မှ မသေတာ သေချာသွားပြီ”

အကြီးအကပင်းက ပင်ပန်း နွမ်းနယ်စွာဖြင့် ဆိုလိုက်သည်။ သူသည် ရှာဖွေရေး၌ ဝိညာဥ်နှင့် စိတ်စွမ်းအားကို အတော်လေး သုံးခဲ့ရသည်မှာ ထင်ရှားပေသည်။

“သစ်တောတစ်ခုလုံးတောင် အရိပ်အမြွက် တစ်ခုမှ မတွေ့ရဘူးပေါ့...”

ဝေ့ဝူယင်က မေးလိုက်၏။

“အင်း...”

အကြီးအကဲပင်းက ခေါင်းညိတ်လိုက်လေသည်။

***

All Chapters