← Chapters

အပြစ် လာစမ်း ပြေးစမ်း

Vol. 2 Ch. 27

အပြစ် လာစမ်း ပြေးစမ်း

Vol. 2 Ch. 27

“ဒါဆိုရင်... အဲဒီလူတွေ အကုန်လုံး အသက်ရှင်နေတာ ဖြစ်နိုင်လား... ဒါပေမဲ့ အဲဒီလိုဆိုရင် သောင်းနဲ့ချီတဲ့ လူတွေကို ဘယ်လိုလုပ်ပြီး အရိပ်အမြွက်တစ်ခုမှ မရှိအောင် ဖွက်ထားနိုင်မှာလဲ”

ဝေ့ဝူယင်က မေးလိုက်၏။ ထိုအရာက မဖြစ်နိုင်ချေ။

“ဟင်းလင်းပြင် လက်စွပ်လိုဟာမျိုးရော ဖြစ်နိုင်လောက်လား...”

ရှင်းဖူက စကားဝင်ထောက်လိုက်၏။

“ ... “

အားလုံးမှာ တိတ်ဆိတ်သွားကာ ရှင်းဖူထံ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသေည်။

“ဘာလို့လဲ...”

ရှင်းဖူမှာ အခြားလူများ၏ တိတ်ဆိတ်မှုကြောင့် အနည်းငယ် အိုးတိုးအန်းတန်း ဖြစ်သွားခဲ့၏။

အကြီးအကဲပင်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ကျင့်ကြံသူတွေက  တည်ငြိမ်ပြီး လွတ်လပ်တဲ့ ဟင်းဟင်းပြင်တွေကို ဖန်တီးနိုင်စွမ်း မရှိသေးဘူး... ဒါကြောင့် ဟင်းလင်းပြင် လက်စွပ်တွေက သက်ရှိတွေကို မသိမ်းထားနိုင်ကြဘူး...”

“ဟုတ်လား...”

ရှင်းဖူ၏ မျက်လုံးများမှာ အနည်းငယ် ဝိုင်းစက်သွား၏။ သူမက လက်၌ စွပ်ထားသည့် လက်စွပ်အား ငုံ့ကြည့်လိုက်သည်။ ထိုအရာမှာ သူမ အဓိက တပည့် ဖြစ်ပြီးနောက် ရရှိထားသည့် ဟင်းလင်းပြင် ရတနာ တစ်ခုပင် ဖြစ်သည်။

“ဟင်းလင်းပြင် လက်စွပ်တွေက နေရာတစ်ခုကနေ အခြား တစ်ခုကို ကူး‌ပြောင်းပေးနိုင်တဲ့ ယာယီ တံခါးပေါက်တွေလိုပဲ... ပြောရရင် အဲဒါတွေက ဂိုဏ်းရဲ့ သိုလှောင်ခန်းနဲ့ ချိတ်ဆက်နေတဲ့ ဥမင်တွေနဲ့ သဘောတရားချင်း တူတယ်... ချီပျစ်ခဲခြင်း အဆင့်ခုနစ်တွေပဲ အဲဒီ လမ်းကြောင်း အတိုင်း သွားလာနိုင်စွမ်း ရှိတယ်... ပျောက်ဆုံးသွားတဲ့လူတွေကို ဟင်းလင်းပြင် လက်စွပ်တွေကနေ ခေါ်ဆောင်သွားတယ် ဆိုတာက လုံးဝ မဖြစ်နိုင်ဘူး”

ရန်ကျူးက ရှင်းပြလိုက်သည်။

“အဲဒီလိုလား...”

ရှင်းဖူမှာ အံ့အားသင့်သွား၏။ သူမ ထိုအကြောင်းကို ယခုမှ ကြားဖူးခြင်း ဖြစ်သည်။ ဤအတိုင်းဆိုလျှင် တစ်စုံတစ်ယောက်သာ သူမ၏ သိုလှောင်ခန်းကို ရှာတွေ့ခဲ့ပါက သူမ လက်စွပ်အတွင်း ထည့်ထားသည့် အရာ အားလုံးကို ယူဆောင်သွားနိုင်ပေလိမ့်မည်။ ရှင်းဖူ၏ မျက်နှာမှာ တွေးရင်း ဖြူရော်လာ၏။

“အကြီးအကဲ... ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”

ရန်ကျူးက အကြီးအကဲပင်းကို ကြည့်ရင်း မေးလိုက်သည်။

“အရင်ဆုံး ငါတို့ အားပြန်ဖြည့်မယ်... ပြီးရင် အခြား နည်းလမ်းတွေနဲ့ ကြိုးစားကြည့်ကြမယ်”

အကြီးအကဲပင်းက ပင့်သက်တစ်ချက် ရှိုက်လိုက်လေသည်။ သူမ၏ ဆံနွယ်များထက်ရှိ ရေခဲမှုန်များမှာ အနည်းငယ် လျော့နည်းသွား၏။ သူမသည် စွမ်းအင်ကို ချွေတာကာ ပြန်လည် ကုသရေးကို ဦးစားပေးနေဟန် ရလေသည်။

“ငါတို့ ရက်ပိုင်းလောက် ထပ်ပြီး လှုပ်ရှားရဦးမယ်ထင်တယ်... အခုတော့ အနားယူကြတော့... နောက်ပြီး အခြား ဂိုဏ်းက တပည့်တွေနဲ့လည်း ပြဿနာ မဖြစ်စေနဲ့ဦး”

ပြောပြီးသည်နှင့် အကြီးအကဲပင်းမှာ တဲနန်း၏ ထောင့်တစ်နေရာသို့ သွားကာ ကြာပန်းသဏ္ဌာန် တင်ပျဥ်ချိတ် ထိုင်လိုက်သည်။ ထို့နောက် သူမသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ အမတေများကို တဖြည်းဖြည်းချင်း စုပ်ယူ နေခဲ့တော့သည်။

ဝေ့ဝူယင်ကမူ မူရေကန်ကို အနီးကပ် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ရေကန်စောင်းဘက်သို့ ဆင်းလာခဲ့ရင်း ဝိညာဥ် အာရုံကို ရေကန် မျက်နှာပြင်ပေါ်သို့ ဖြန့်ကျက်လိုက်၏။ ထိုရေကန်ကြီးတွင် သဘာဝ ရေကန်များထက် အဆပေါင်းများစွာ ပိုမိုသည့် ရေစွမ်းအင်များ ပါဝင်နေသည်။ အကယ်၍ သူသာ ဒြပ်စင် မွေးဖွားခြင်း အဆင့်ကို မရောက်မီ ဤရေကန်နံဘေးတွင် ကျင့်ကြံခွင့် ရရှိပါက ရေဒြပ်စင်ကို လွယ်ကူစွာ မွေးဖွားနိုင်လိမ့်မည် ဖြစ်သည်။

ပုံမှန်အားဖြင့် ဒြပ်စင် လေးခုစလုံးကို မွေးဖွားပြီးမှ ဒြပ်စင်မွေးဖွားခြင်း အဆင့် ပြည့်စုံသည်ဟု ယူဆနိုင်‌သော်လည်း ထိုအဆင့်သို့ ရောက်ရန် အတွက်မူ ဒြပ်စင်တစ်ခု တည်းဖြင့် လုံလောက်ပေသည်။

လမ်းလျှောက်ကာ စဥ်းစားနေရင်း ရုတ်တရက်...

ဝေ့ဝူယင်၏ မျက်နှာက ရှုံ့မဲ့ သွား၏။ လက်နှစ်ဖက်ဖြင့် လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း သူ၏ ဒူးများက ခွေကျ မတတ် ဖြစ်သွားခဲ့သည်။ ကွဲအက်သံတစ်ခု ကြားလိုက်ရပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ  ဆိုးရွားသော ဖိအားအောက်သို့ ကျရောက်သွား၏။ သူက အံကို တင်းတင်းကြိတ်ကာ နာကျင်မှုကို ဆန်းစစ်ရန် ကြိုးစားလိုက်သည်။

“ဘာလဲ... ဘာဖြစ်တာလဲ...”

ဝေ့ဝူယင်သည် လည်ပင်းနှင့် ပခုံးတစ်ဝိုက်၌ လုံးဝ တောင့်မခံနိုင်လောက်သည့် ပမာဏ အထိ နာကျင်နေကြောင်း ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ယင်နှင့် ယန် ပါဝင်သော စွမ်းအင်များဖြင့် တင်းကြပ်စွာ ရစ်ပတ်လာ၏။

အခြားလူများ အနေဖြင့် ထိုဖြစ်ရပ်ကို သတိထားမိသွားနိုင်သည့်တိုင် ဝေ့ဝူယင် ဂရုမစိုက်နိုင်ချေ။ ထိုနာကျင်မှုကား သည်းမခံနိုင်လောက်အောင် ပြင်းထန်လွန်းသည်။ သူသည် ထိုဝေဒနာ သက်သာကောင်း သက်သာနိုးဖြင့် ချီစွမ်းအင်ကို ခန္ဓာကိုယ် တစ်ခုလုံးအား လှည့်ပတ်လိုက်၏။

“ဒီဒဏ်ရာက...”

ဝေ့ဝူယင်မှာ လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း တစ်စုံတစ်ခုကိ ပြန်လည် သတိရလိုက်မိ၏။ လခရမ်းဂိုဏ်း၏ အကြွင်းအကျန်များကို လိုက်လံ ရှင်းလင်းရသည့် တာဝန်၌ သူသည် ရူးသွပ်နေသည့် အကျဥ်းသား လူငယ် တစ်ဦးနှင့် ဆုံတွေ့ခဲ့ရသည်။ ထိုလူငယ်၏ ကိုက်ဖြတ်ရန် ကြိုးစားမှုတွင် သူ၏ လည်ပင်း၌ ဒဏ်ရာတစ်ခု ရရှိခဲ့သည်။ သို့သော်လည်း ထိုဒဏ်ရာ ပြန်လည် ပျောက်ကင်းသွားသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ အမာရွတ် တစ်ခုပင်လျှင် မကျန်ခဲ့ချေ။

“အား...”

အံကြိတ်ကာ ထိန်းချုပ်ရန် ကြိုးစားနေသည့်တိုင် ကြောက်မက်ဖွယ် အော်ဟစ်သံက သူ၏ နှုတ်မှ ထွက်ခွာသွား၏။

“ဝေ့ဝူယင်...”

အကြီးအကဲပင်းမှာ ချက်ချင်းပင် သတိထားမိကာ ရောက်ရှိလာ၏။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်၌ ဝန်းရံနေသည့် ဒြပ်စင်စွမ်းအားများနှင့် ပြည့်စုံလုနီးပါး ယင်နှင့် ယန်တို့ကို တွေ့မြင်ပြီးနောက် သူမ၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့၏။

"အဆင့်ငါး...”

သူမသည် ထိုအရာကို လုံးဝ ထင်မှတ် မထားခဲ့ချေ။ သူမထက် နှစ်ပေါင်း ခုနစ်ဆယ်ခန့် ငယ်သည့် ဂျူနီယာလေး တစ်ယောက်မှာ ကျင့်ကြံခြင်းတွင် သူမကို ကျော်လွန်သွားသည်လော။

ကောင်းကင်ဓားဂိုဏ်းမှ အသက်လတ် အကြီးအကဲမှာလည်း ရောက်ရှိလာ၏။ ဝေ့ဝူယင်ကို ဆန်းစစ်ရင်း သူ၏ မျက်လုံးများက ထက်ရှလာသည်။ အထူးသဖြင့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထက်ရှိ ဒြပ်စင် စွမ်းအား အငွေ့အသက်များကို တွေ့ရှိပြီးနောက် သူ၏ အမူအရာက ပြောင်းလဲသွားသည်။

“ခရမ်းရောင် လျှပ်စီးနဲ့ သံမဏိ သတ္တု ဒြပ်စင်တွေ...”

သူ၏ မျက်နှာထက်တွင် ထိတ်လန့်ခြင်းများမှာ နေရာယူလာ၏။

ဒြပ်စင်များသည် အမျိုးမျိုးသော ဇစ်မြစ်များ ရှိကာ တူညီလေ့ မရှိကြချေ။ ဥပမာအားဖြင့် မီးဒြပ်စင်သည် ရွှေ၊ အပြာနှင့် အစိမ်း ဟူ၍ကွဲပြားနိုင်သည်။ ၎င်းတို့ တစ်ခုချင်းစီတွင် မတူ ခြားနားသည့် အာနိသင်နှင့် အကျိုး သက်ရောက်မှုများ ရှိ၏။

ခရမ်းရောင် လျှပ်စီးသည် လျှပ်စီးများတွင် အပြင်းထန်ဆုံး၊ အပူဆုံး မွေးဖွားရန် အခက်ဆုံး လျှပ်စီး ဖြစ်သည်။ ထို့အတူ... သံမဏိ သတ္တုမှာလည်း သတ္တုများထဲ၌ တည်ဆောက်ရန် အခက်ခဲဆုံးများထဲမှ တစ်ခု ဖြစ်သည်။ ဝေ့ဝူယင် ဟူသော လူငယ်သည် ချီပျစ်ခဲခြင်း အဆင့်ငါးသို့‌ ရောက်ရှိနေသည့် အပြင် ထိုကဲ့သို့ ဒြပ်စင် နှစ်မျိုးကိုပါ မွေးဖွား ထားနိုင်ခဲ့သည်။

“ဒီလို ပါရမီမျိုးက...”

ရေပဲ့တင်သံဂိုဏ်း၏ အကြီးအကဲ တစ်ယောက်မှာလည်း ရောက်ရှိ လာလာချင်းပင် ဝေ့ဝူယင်ကို ကြည့်ကာ ရေရွတ် လိုက်မိ၏။

ကြည့်ရှုသူ အရေအတွက် တဖြည်းဖြည်း တိုးလာသည်နှင့် တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာ နာကျင်မှုကြောင့် လေဖြတ်သလိုပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ လက်သည်းများသည် လည်ပင်း အရည်ပြားထဲ ဖောက်ဝင်နေကာ သွေးများမှာ စီးကျနေ၏။ သူသည် ချီစွမ်းအင်ကို ဖြန့်ကျက်ကာ လက်ချောင်းများကို ဆွဲနှုတ်ရန် ကြိုးစားနေသည့်တိုင် သူ၏ လက်များမှာ လည်ပင်းကို ရူးသွပ်စွာ ဖျစ်ညှစ်ထားဆဲ ဖြစ်သည်။

“ငါ ဘာတွေဖြစ်နေတာလဲ...”

ဝေ့ဝူယင်၏ စိတ်များမှာ နာကျင်မှု အဟုန်ဖြင့် ဝေဝါး နေ၏။ ထိုအချိန်တွင်ပင် အသံတစ်ခုမှာ သူ၏ စိတ်အတွင်းသို့ ဝင်လာခဲ့လေသည်။

“အပြစ်... လာစမ်း... ပြေးစမ်း...”

“အား...”

ဝေ့ဝူယင်၏ အော်ဟစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုအသံမှာ သေလုမြောပါး သားရဲတစ်ကောင်ကဲ့သို့ စိတ်ပျက် အားငယ်မှု၊ မနာခံလိုမှုများနှင့် ပြည့်နှက်နေ၏။

အကြီးအကဲပင်း၏ အမူအရာက လေးနက်နေသည်။ သူမသည် ဝေ့ဝူယင် ချီသွေဖည်ခြင်း ဖြစ်နေသည်လားဟု ဆန်းစစ်ရင်း နောက်သို့ ဝေးဝေး ဆုတ်လိုက်မိ၏။

အကယ်၍ ချီသွေဖည်မှုသာ အမှန်တကယ် ဖြစ်နေပါက ဝေ့ဝူယင်မှာ ရုတ်ချည်း ထကာ ပေါက်ကွဲသွားနိုင်ပေသည်။ ချီပျစ်ခဲခြင်း အဆင့်ငါး ကျင့်ကြံသူ တစ်ယောက် ပေါက်ကွဲခြင်းမှ ထွက်ပေါ်လာမည့် အဖျက်စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းအောင် ပြင်းထန်နိုင်ပေသည်။ ချီပျစ်ခဲခြင်း အဆင့်လေး ရှိသူများပင် အသက်ရှင်လျက် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

တစ်ချိန်တည်း၌ အခြား အကြီးအကဲများမှာလည်း သူတို့၏ ဝိညာဥ်အာရုံများကို သုံးကာ ဝေ့ဝူယင်ကို စုံစမ်းရန် ကြိုးစား နေကြလေ၏။ သို့သော်လည်း မည်သည့် အရာက မှားယွင်းနေသည်ကို သူတို့ မဆုံးဖြတ် တတ်ကြချေ။ သူတို့ တတ်နိုင်သမျှ အရာက ဝေ့ဝူယင်နှင့် လှမ်းနိုင်သမျှ လှမ်းအောင် နောက်သို့ ဆုတ်ခြင်းပင် ဖြစ်ပေသည်။

တောက်ရှင်းသည် မျက်လုံးများကို မှိတ်ထားရင်းပင် ကောင်းကင်ဓားဂိုဏ်းဝင်များ အနားသို့ ရောက်ရှိလာ၏။ သူသည် မျက်လုံးများကို မဖွင့်ထားသည့်တိုင် ဝေ့ဝူယင်ကို မြင်တွေ့နေဟန် ရသည်။

“သူက သတ္တုနဲ့ လျှပ်စီး ဒြပ်စင်တွေကို မွေးဖွားထားတာပဲ...”

အသက်လတ် အကြီးအကဲက တောက်ရှင်းအား လှည့်ကြည့်ကာ မေးလိုက်သည်။

“သူက ချီသွေဖည်မှု ဖြစ်နေတာလား ဒါမှမဟုတ် သူကျင့်နေတဲ့ ချီကျင့်စဥ်ရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစား နေရတာလား...”

သူသည် ချီပျစ်ခဲခြင်း အဆင့်လေးဖြင့် အဆင့်ငါး ကျင့်ကြံသူအား မှတ်ချက်ပြုရန် မဝံ့ရဲချေ။ သို့သော်လည်း တောက်ရှင်းမှာမူ ခြားနားသည်။ သူသည် အရာရာကို ဖောက်ထွင်း မြင်နိုင်သည့် ထူးခြားသော ဝိညာဥ် အစီအရင် တစ်ခုကို ကျင့်ကြံထားသူ ဖြစ်သည်။

တောက်ရှင်းက မျက်မှောင်ကြုတ်လိုက်၏။

“သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ဖျော့တော့ပြီးရင်း ဖျော့တော့နေတယ်... သာမန်ကြည့်ရင် ချီသွေဖည်တာမျိုး၊ ကျင့်စဥ်ရဲ့ ဘေးထွက်ဆိုးကျိုး ခံစားရတာမျိုးနဲ့ တူနေတယ်... ဒါပေမဲ့ အဲဒီ အရိပ်အယောင် တစ်ခုမှ မတွေ့ရဘူး”

အသက်လတ် အကြီးအကဲမှာ ထိုစကားကို ကြားပြီးနောက် အနည်းငယ် တုန်လှုပ် သွားခဲ့၏။ ထိုအရာက အဓိပ္ပာယ် မရှိလှချေ။ အကြီးအကဲမှာ ဝေ့ဝူယင်ကို ကြည့်ရင်း ထိုလူငယ်လေးတွင် လျှို့ဝှက်ချက် တစ်ခု ရှိနေသလို ခံစား လာရ၏။

တောက်ရှင်းက သူ၏ အတွေးများကို ကြားနိုင်သည့်အလား ရုတ်တရက် ပြောလိုက်၏။

“ကြည့်ရတာ အဲဒီ ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရတနာ တစ်ခုခုက ခုလို အကျိုးဆက်ကို ဖြစ်စေတာနဲ့ တူတယ်”

ထိုစကားလုံးများကို ကြားပြီးနောက် လူတိုင်းမှာ ဆိတ်ငြိမ်သွားကြလေသည်။ ရှုယင်၏ မျက်လုံးများမှာ ဝေ့ဝူယင်ကို ကြည့်ရင်း ပိုမို ထက်ရှ လာခဲ့လေ၏။ ကျူးလန်မှာ ထိုရတနာကြောင့်‌ ဝေ့ဝူယင်ကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်လော။

ရှုယင်၏ မျက်နှာထက်ရှိ လောဘ အရိပ်အယောင်များမှာ ပိုမို မည်းမှောင် လာခဲ့၏။ ထိုရတနာက ဝေ့ဝူယင် ကဲ့သို့သော ဘာမှ မဟုတ်သူ တစ်ယောက်ကိုပင် အမည်ခံ တပည့် ဘဝမှ အဓိက တပည့် ဖြစ်လာအောင် ပြောင်းလဲ ပေးနိုင်ခဲ့သည်။ ယခုဆိုလျှင် သူသည် ချီပျစ်ခဲခြင်း အဆင့်ငါးသို့ပင် ရောက်ရှိနေချေပြီ။ အကယ်၍ သူမသာ ထိုရတနာကို ရရှိခဲ့ပါက... အကိုဖြစ်သူကို ကယ်တင်ရန် အခွင့်အရေး ရှိလာပေလိမ့်မည်။

***

All Chapters