အမွေခံ အပြစ်သား
Vol. 2 Ch. 28
သတ်ဖြတ် လုပ်ကြံလိုသည့် ရည်ရွယ်ချက် တစ်ခုက အရှိန်အဟုန်ဖြင့် ရှုယင်၏ နှလုံးသားတွင် မွေးဖွား လာခဲ့လေ၏။
သို့သော်လည်း အမှန်တကယ်အားဖြင့် ဝေ့ဝူယင်တွင် မည်သည့် ရတနာမျှ မရှိချေ။ သူသည် ဖြတ်ထိုးဉာဏ်၊ ဆန္ဒ ပြင်းပြမှုနှင့် ကံကောင်းမှုတို့ကို သုံး၍ ယခု အဆင့်ထိ တက်လှမ်းနိုင်ခဲ့ခြင်းသာ ဖြစ်သည်။ သူ့တွင် မည်သည့် လှည့်ကွက်မှ မရှိချေ။
သွားများကို ကျိုးကြေမတတ် တင်းတင်းကြိတ်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ သွေးရောင် လွှမ်းလာ၏။ ခြေထောက်ကို မြှောက်လိုက်သော အခိုက်၌ ခရမ်းရောင် လျှပ်စီးချီက ပေါက်ကွဲ ထွက်ပေါ်လာသည်။
လျှပ်စီး ဒြပ်စင် ကျင့်စဥ်၊ မိုးကြိုးခြေလှမ်း...
ဘုန်း...
ဝေ့ဝူယင်သည် စတင် ပြေးလွှားလိုက်၏။ စိတ်ထဲမှ အသံသည် သူ့အား လာရန်၊ ပြေးရန် ပဲ့တင်ထပ်ကာ ပြောနေသည်။ ထိုအသံ ပိုမို ကျယ်လောင်လာသည်နှင့် အမျှ လည်ပင်းမှ နာကျင်မှုမှာ ပိုမို ဆိုးရွားလာ၏။ နောက်ဆုံး၌ ဝေ့ဝူယင်မှာ မည်သို့မျှ တောင့်မခံနိုင်တော့ချေ။ သူသည် မိုးကြိုးခြေလှမ်းကို သုံးကာ အားပါးတရ ပြေးလွှားနေခဲ့ပြီ ဖြစ်လေသည်။
ဘုန်း...
အခြားလူများ မတုန့်ပြန်နိုင်ခင် အချိန်အတွင်းမှာပင် ဝေ့ဝူယင်မှာ ထိုနေရာမှ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။ ဝေ့ဝူယင် ပြေးထွက်သွားသည့် ဘက်သို့ မျှော်ကြည့်ရင်း တောက်ရှင်း၏ မျက်မှောင်မှာ ပိုမို ကြုတ်လာခဲ့၏။
အသက်လတ် အကြီးအကဲက ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ကာ စာတစ်စောင် ပို့လိုက်သည်။ တောက်ရှင်းသည် သူ၏ ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ စာကို ဖတ်၏။ သူ၏ မျက်မှောင်က အနည်းငယ် ပြေလျော့သွားကာ ခေါင်းအား ခါလိုက်လေသည်။
အသက်လတ် အကြီးအကဲက စိတ်ထဲမှ ကြိတ်ကာ သက်ပြင်းချလိုက်၏။ သို့သော်လည်း သူသည် ထိုအမူအရာကို အပြင်ဖက်သို့ ဖော်ပြခြင်း မပြုပါချေ။
“ပြန်ပြီး အနားယူကြမယ်... နောက်နှစ်ရက် ကြာလို့မှ သူပြန်မလာရင် ငါတို့ သူမပါပဲ ဆက်လုပ်ကြတာပေါ့”
ရေပဲ့တင်သံဂိုဏ်း အကြီးအကဲက ပြောလိုက်သည်။ သူမအတွက် တာဝန်မှာ ဝေ့ဝူယင်ထက် ပိုမို အရေးကြီးသည်။ ဝေ့ဝူယင်သည် ပါရမီရှင် တစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူက သူမတို့ ဂိုဏ်းမှ မဟုတ်ပါချေ။ သူမသည် ဝေ့ဝူယင်ကို သေဆုံးရန် သို့မဟုတ် စွမ်းအင်များ ဆုံးရှုံးသွားရန်ပင် ဆုတောင်းနေမိသည်။
ထိုပါရမီဖြင့် ဆိုပါက ဝေ့ဝူယင်မှာ တစ်နေ့တွင် “အရှင်” တစ်ပါးပင် ဖြစ်လာနိုင်သည်။ ထိုအချိန်သို့ ရောက်ရှိပါက နေသွေးနီနီဂိုဏ်း၏ တည်ရှိမှုမှာ ရေပဲ့တင်သံဂိုဏ်း အတွက် ပိုမို အန္တရာယ်များ လာလိမ့်မည် ဖြစ်သည်။
ရှင်းဖူက အကြီးအကဲပင်းကို လှည့်ကြည့်ကာ ပြောလိုက်၏။
“ဆရာ... သူ့နောက်ကို လိုက်ကြရအောင်...”
သူမကား ပြေးလွှားရန် အတွက် ခြေလှမ်းများကိုပင် အဆင်သင့် ပြင်ပြီး ဖြစ်သည်။ သို့သော်လည်း အေးစက်သော လှိုင်းတစ်ခုမှာ ရုတ်ချည်းပေါ်လာကာ သူမ၏ လမ်းကို ပိတ်ဆို့သွား၏။
“ရှင်းဖူ... မင်း သူ့ကို ကြိုက်နေတာ ဆရာ သိပါတယ်... ဒါပေမဲ့ လက်ရှိ အခြေအနေ အရ သူက ပေါက်ကွဲတောင် သွားနိုင်တယ်... တကယ်လို့ အဲဒီအချိန် သူ့ဘေးနားမှာ ရှိနေရင် မင်းသေသွားလိမ့်မယ်”
အကြီးအကဲပင်းက တည်ငြိမ်စွာ ဆိုလိုက်သည်။ ရှင်းဖူ၏ မျက်နှာက ဖြူရော်သွား၏။ ရုတ်တရက်ပင်... သူမသည် ဤခရီး၌ ဝေ့ဝူယင်ကိုပါ အပါ ခေါ်ဆောင်ရန် ဆရာဖြစ်သူထံ ပူဆာခဲ့မှု အပေါ် နောင်တပင် ရလာခဲ့တော့သည်။
...
တစ်နာရီခန့်မျှ ကြာပြီးနောက်...
သစ်ရွက်များ၊ ဖုန်မှုန့်များဖြင့် တစ်ကိုယ်လုံး ပေကျံညစ်ပတ်၍ ပင်ပန်းနွမ်းနယ်နေသည့် ပုံရိပ်တစ်ခုမှာ မူရေကန်သစ်တော အတွင်းရှိ ရှင်းလင်းသော နေရာတစ်ခုသို့ဝင်ရောက်လာ၏။ ထိုပုံရိပ်ကား ဝေ့ဝူယင်ပင် ဖြစ်သည်။
သူသည် ထိုပြောင်ရှင်းနေသည့် နေရာသို့ ရောက်ရှိလာပြီးနောက် ဒူးထောက်ကာ ပြုတ်ကျသွား၏။ သူ၏ ခန္ဓာကိုယ် အတွင်း စီးဆင်းနေသည့် ချီစွမ်းအင်ကား ဘာမျှ မကျန်တော့လောက်သည် အထိ နည်းပါး နေခဲ့ပြီ ဖြစ်သည်။ သူ၏ အစွမ်းထက်သော ခန္ဓာကိုယ် ပင်လျှင် ခွန်အား နည်းပါး နေခဲ့ပြီ ဖြစ်လေသည်။
ဤနေရာသို့ ရောက်ရှိ လာပြီးနောက် စိတ်ထဲမှ အသံသည် ရုတ်ချည်း ပျောက်ကွယ်သွားကာ နာကျင်မှုမှာလည်း တဖြည်းဖြည်း လျော့ပါးလာ၏။ သူသည် ချက်ချင်းပင် နေရာတွင် လှဲလျောင်းကာ အိပ်စက်ချင် နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ထိုအခိုက်၌ တစ်စုံတစ်ယောက်က သူ့အား အန္တရာယ်ပြုရန် ကြိုးစားပါက သူ မည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ပါချေ။
ဖောင်း...
ဝေ့ဝူယင်က ကိုယ့်ကိုယ်ကို သတိဝင်စေရန် ကြိုးစားသည့် အနေဖြင့် ပါးရိုက်လိုက်၏။
“သတိရှိစမ်း... သတိရှိစမ်း...”
သူသည် သူ့ကိုယ်သူ အထပ်ထပ် ပြောရင်း ထိုင်ရာမှ ထကာ လုံခြုံမည့် နေရာတစ်ခုကို ရှာဖွေလိုက်၏။ သူ အနားယူရပေမည်။
ထိုအချိန်တွင်ပင် ရုတ်တရက်...
“နောက်ဆုံးတော့ နင်ရောက်လာပြီ...”
ရင်းနှီးနေသည့် အသံတစ်ခုမှာ ထွက်ပေါ်လာ၏။ ထိုအသံကား သူ၏ ခေါင်းထဲမှ အသံပင် ဖြစ်သည်။ ထိုအသံကပင် သူ့အား “လာရန်၊ ပြေးရန်” ပြောခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်သည် ထိုအသံကြောင့်ပင် ပြေးရင်း လွှားရင်း ဤနေရာသို့ ရောက်ရှိလာခဲ့ရသည်။
မှုန်ဝါးဝါး အမြင်အာရုံဖြင့် သူသည် အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများမှာ ပြူးကျယ်လာကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
နေဦး... ဘာလဲ...
သူ ရည်မှန်းထားသည်က နောက်သို့ ဆုတ်ရန် ဖြစ်သည်။ မည်ကဲ့သို့ ရှေ့သို့ တိုးသွားရသနည်း။
ဝေ့ဝူယင်သည် နောက်သို့ နောက်တစ်ဖန် ဆုတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ၏ ခြေလှမ်းများက ရှေ့သို့သာ တိုးသွားသည်။ သူ၏ မျက်လုံးများမှာ ထိတ်လန့်တကြား ပိုမို ပြူးကျယ် လာ၏။ တစ်ခဏ အတွင်းမှာပင် သူကား ခြေသုံးလှမ်းတိတိ လှမ်းခဲ့ပြီး ဖြစ်လေသည်။
ခန္ဓာကိုယ်ထဲ၌ မည်သည့် အရာများ ဖောက်ပြန်နေကြောင်း သူ မဆန်းစစ်နိုင်ခင်မှာပင် အဖြူရောင် ဝတ်စုံဝတ် အရိပ်တစ်ခုမှာ သူ၏ အမြင်အာရုံတွင် ပေါ်လာခဲ့၏။
အရိုးစု တစ်ခုပင်။
အနက်ရောင် လက်လက်ထနေသော ထိုအရိုးစုမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ ၎င်းသည် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ယှက်ကာ ရပ်နေခြင်း ဖြစ်သည်။ ဝေ့ဝူယင်သည် သူ၏ သွားများကိုပင် ရှင်းလင်းစွာ တွေ့မြင်နေရ၏။
ထိုအရာကား အမျိုးသမီး အရိုးစု တစ်ခုပင် ဖြစ်သည်။
ဝေ့ဝူယင်သည် အရိုးဖွဲ့စည်းပုံကို ကြည့်ကာ ထိုအချက်ကို ပြောနိုင်ပေသည်။ သူသည် ခန္ဓာကိုယ် ဖြစ်ပျက်ပုံနှင့် သေဆုံးပြီးနောက် အသွင်ပြောင်းခြင်း အပါအဝင် သေဆုံးခြင်း၊ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာ အများအပြားကို သင်ယူဖူးသည်။
ထိုအနက်ရောင် အရိုးစုတွင် အသွေးအသားများ မရှိတော့သည့်တိုင် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ အရှိန်အဝါမှာ သူ့အား အသက်ရှူမှားမှုကို ပေး၏။
“ကောင်းတယ်... နင့်ရဲ့ စိတ်က နင့်ကို ပြေးဖို့ ပြောတယ်... နင့်ရဲ့ ပင်မ ဝိညာဥ်က ခန္ဓာကိုယ်ကို ရှေ့ကို တွန်းပို့တယ်... တကယ့်ကို ကောင်းတဲ့ ဝိညာဥ်နဲ့ ခန္ဓာ ပေါင်းစပ်မှုပဲ...”
အရိုးစုက ပြောလိုက်၏။ ၎င်း၏ နှုတ်ခမ်းများမှာ မလှုပ်ရှားသော်လည်း အသံမှာ အသေအချာပင် ထိုနေရာမှ လာခြင်း ဖြစ်သည်။
ဝေ့ဝူယင်မှာ ထိုစကားလုံးများကြောင့် ဆွံ့အသွား၏။ ဝိညာဥ်... ချီနှလုံးသားကို တည်ဆောက်ရန် အတွက် ကျင့်ကြံသူမှာ စိတ်၊ ရုပ်၊ ဝိညာဥ်နှင့် အမတေတို့ကို ပေါင်းစပ်ရကြောင်း သူ သိရှိထားသည်။ ဝိညာဥ်သည် ပင်မ ဝိညာဥ်နှင့် ဆက်စပ်နေသည်။
“နောက်ပြီး... စိတ်က အမိန့်ပေးနေတဲ့ အချိန်မှာတောင် နင့်ရဲ့ ပင်မ ဝိညာဥ်နဲ့ ခန္ဓာကိုယ်က သဟဇာတဖြစ်နေတာပဲ... ကောင်းတယ် ကောင်းတယ်...”
အရိုးစု၏ အသံက ယောက်ျားသံ မဟုတ်သလို မိန်းမသံဟုလည်း မဆိုနိုင်ချေ။ သို့သော်လည်း ၎င်းက နားထောင်သူကို နှစ်သန်းပေါင်းများစွာ အသက်ရှင်ခဲ့သည့် သူတော်စင်ကြီး တစ်ဦးနှင့် တွေ့ဆုံနေရသလို ခံစားချက်မျိုး ပေး၏။
ဝေ့ဝူယင်က စိတ်ကို ထိန်းချုပ်ရင်း တည်ငြိမ်မှုရှိအောင် ကြိုးစားလိုက်သည်။ သူသည် ပေအနည်းငယ် အကွာအဝေး၌ ရပ်ရင်း အနက်ရောင် အရိုးစုကို မော့ကြည့်လိုက်၏။
“ခင်ဗျား ဘာလိုချင်လို့လဲ...”
သူက မေးလိုက်သည်။ ယခုအခိုက်အတန့်၌ သူ သေကောင်း သေသွားနိုင်ကြောင်း ဝေ့ဝူယင် သိရှိထားပြီး ဖြစ်သည်။ ထိုအရိုးစုသည် သူ့အား တစ်တစ်ဖက် အဝှေ့ဖြင့် သတ်ဖြတ်ပစ်နိုင်ကြောင်း သူ ခံစားနေရ၏။
“စိတ်တည်ငြိမ်မှုလည်း ကောင်းတယ်... နောက်ပြီး... ခိုင်မာတဲ့ ခံယူချက်၊ ကောင်းမွန်တဲ့ မူလ ဝိညာဥ် ခန္ဓာ ပေါင်းစပ်မှု... ဒါပေမဲ့ ခန္ဓာကိုယ်ကတော့ အမှိုက်တစ်စ သာသာပဲ”
အရိုးစုက ဝေ့ဝူယင်ကို အကဲဖြတ်သလို မှတ်ချက်များ ချနေခဲ့၏။
“ထားလိုက်ပါတော့လေ... နင်က လေးဆယ့်ကိုးယောက်တည်းက တစ်ယောက် ဖြစ်နေပြီ ဆိုတော့လည်း”
”လေးဆယ့်ကိုးယောက်တည်းက တစ်ယောက်...”
ဝေ့ဝူယင်မှာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။
“ငါ ကြာကြာနေလို့ မရဘူး.. ဒီတော့ မြန်မြန် လုပ်မှ ဖြစ်မယ်”
အရိုးစုက ဆိုလိုက်၏။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။ သူသည် မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း နားမလည်နိုင်သော်လည်း ရေလိုက်သင့် ငါးလိုက်သင့် နေရန် လိုအပ်ကြောင်းကိုမူ သိရှိထားသည်။
အနက်ရောင် အရိုးစုက ၎င်း၏ အရိုးစု လက်ချောင်းကို ဝှေ့ယမ်းကာ ကြည်လင်သော စက်ဝန်း တစ်ခုကို ဖန်ဆင်းလိုက်၏။
“ဝေ့ဝူယင်... မကောင်းမှု ခိုးယူသူ... နင်က အပြစ်သား အမွေခံ တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်... ဒါပေမဲ့ ကျိန်ဆဲရမယ့် အစား သူက နင့်ဆီကို အပ်နှင်းခဲ့တယ်... ဒါကြောင့် နင်က အပြစ်သား အမွေခံ တစ်ယောက် ဖြစ်သွားပြီ”
အနက်ရောင် အရိုးစု ရှုပ်ထွေးသည့် စကားလုံးများကို ဆိုနေစဥ်တွင် ကြည်လင်သော စက်ဝန်းမှာ အဖြူရောင် မြူများဖြင့် ပြည့်နှက်လာ၏။ မကြာခင်တွင် ပုံရိပ်များ ပေါ်လာကာ ဝေ့ဝူယင်နှင့် လခရမ်းဂိုဏ်း၏ အကျဥ်းသားတို့ တွေ့ဆုံသည့် မြင်ကွင်းများကို ပြန်လည် ပြသလာသည်။
“ရွှပ်...”
နောက်ဆုံးအခန်းတွင် ဝေ့ဝူယင်၏ ဓားသည် လူငယ်၏ ဦးခေါင်းကို ဖြတ်တောက်သွား၏။
ထို့နောက်... ပုံရိပ်များမှာ တဖြည်းဖြည်း ပြန်လည် မှေးမှိန်သွားပြန်လေသည်။
“ဒါပေမဲ့... ကမ္မ ကံကောင်းခြင်းက နင့်အတွက် လမ်းစဥ် မဟုတ်ဘူး.. နင့်ရဲ့ ကောင်းကင် ကံကြမ္မာကို အခြားလူတွေရဲ့ လုပ်ဆောင်ချက်တွေက ဆုံးဖြတ်သွားလိမ့်မယ်... သူတို့က လောဘ အပြစ်နဲ့ ပျင်းရိခြင်း အပြစ်တွေကို ကျူးလွန်တဲ့ အတွက် အဆင့်နှစ် ကပ်ဘေးက မကြာခင် ကျဆင်းလာလိမ့်မယ်”
အဖြူရောင် စက်ဝန်းထက်ရှိ ပုံရိပ်များမှာ နောက်တစ်ဖန် ပြောင်းလဲ သွားပြန်၏။ ယခုတစ်ကြိမ်တွင်မူ ဝေ့ဝူယင် ပင်လျှင် ဆွံ့အ သွားခဲ့သည်။
ပုံရိပ်ထဲ၌... ကျူးလန်သည် လခရမ်းဂိုဏ်းသားများနှင့် အပြင်းအထန် တိုက်ခိုက် နေခဲ့သည်။ သို့သော်လည်း ရုတ်တရက် သူမသည် စာတစ်စောင်ကို လက်ခံ ရရှိကာ ချက်ချင်းပင် တိုက်ပွဲအတွင်းမှ ထွက်ခွာ သွားခဲ့သည်။ ထို့နောက်တွင် သူမသည် မြစိမ်းရောင် ဆံပင်၊ မျက်လုံးများ ပိုင်ဆိုင်ထားသည့် မိန်းမလှလေး တစ်ယောက်နှင့် တွေ့နေ၏။
ပုံရိပ်များက အလျှင်အမြန်ပင် ဖြတ်ကျော်သွားသည်။ မြစိမ်းရောင် ဆံပင်နှင့် မျက်လုံးပိုင်ရှင် မိန်းကလေးသည် အကျဥ်းကျနေကာ ကျူးလန်မှာ သူမ၏ နှလုံးသားကို ပြွန်တစ်ချောင်းဖြင့် ထိုးစိုက်နေသည်။ သူမသည် ထိုမှတစ်ဆင့် မြစိမ်းရောင် အရည်များကို ထုတ်ယူနေခြင်းပင် ဖြစ်သည်။
“လောဘ အပြစ်...”
အနက်ရောင် အရိုးစုက ဆိုလိုက်၏။
ထို့နောက်တွင် ပုံရိပ်များမှာ ပြောင်းလဲသွားပြန်သည်။ ဝေ့ဝူယင်သည် ဂိုဏ်း၏ တစ်ဦးတည်းသော အရှင် ဖြစ်သည့် ဘိုးဘေး အကြီးအကဲကို မြင်ရ၏။ သူသည် ကောင်းကင် နှလုံးသား ကျောက်တိုင် နံဘေး၊ အရှင်မလင်း၏ နံဘေးတွင် ရပ်နေခြင်း ဖြစ်သည်။ အရှင်မလင်းသည် သူ့အား တစ်စုံတစ်ခုကို ပြောဆိုနေ၏။ ဘိုးဘေး အကြီးအကဲမှာမူ တိတ်တဆိတ်ပင်။
“ပျင်းရိခြင်း အပြစ်...”
အနက်ရောင် အရိုးစုက ထပ်ပြောလိုက်၏။
“လောဘ အပြစ်နဲ့ ပျင်းရိခြင်း အပြစ်...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ တစ်စုံတစ်ခုကို ရိပ်မိကာ တောက်ပသွား၏။ ကြည့်ရသည်က အရှင်မလင်းမှာ ကျူးလန်၏ လုပ်ရပ်များကို ဘိုးဘေး အကြီးအကဲအား ပြောပြနေခြင်း ဖြစ်ရမည်။ သို့သော်လည်း ဘိုးဘေး အကြီးအကဲက မည်သို့မျှ အရေးတယူ မလုပ်ခဲ့သဖြင့် ထိုဖြစ်ရပ်မှာ...
ဝေ့ဝူယင် တွေးတောနေစဥ်တွင်ပင် အဖြူရောင် စက်ဝန်းထက်ရှိ ပုံရိပ်များမှာ နောက်တစ်ဖန် ပြောင်းလဲ သွားခဲ့ပြန်၏။ ယခုတစ်ကြိမ်တွင် ပုံရိပ်များမှာ ပိုမို ကြည်လင်ကာ ရှင်းလင်းလာသည်။
မြစိမ်းရောင် ဝတ်စုံများ ဝတ်ဆင်ထားသည့် စစ်တပ် တစ်တပ်မှာ နေသွေးနီနီတောင်ကို ဝန်းရံ နေကြလေသည်။ သူတို့သည် အလွန်ကြီးမားသည့် အစိမ်းရောင် အခုံးကြီး တစ်ခုကို ဖန်ဆင်းကာ မည်သူမျှ ထွက်မပြေးနိုင်အောင် တားဆီးထားသည်။ ပုံရိပ်များ လျှင်မြန်စွာ အရှိန်မြင့်လာသည်နှင့် အမျှ ဝေ့ဝူယင်သည် သူ့ကိုယ်သူ မြင်တွေ့ လိုက်ရ၏။
သူသည် အနက်ရောင်ဓား တစ်စင်း ကိုင်ဆောင်ထားသည့် လူငယ် တစ်ယောက်နှင့် မျက်နှာချင်းဆိုင်ကာ ရပ်နေခဲ့၏။ ထိုလူငယ်သည် မြစိမ်းရောင် ဝတ်စုံအစား အနက်ရောင် သံချပ်ကာ ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။ ဝေ့ဝူယင်၏ နံဘေးတွင်မူ ဒဏ်ရာ ပြင်းထန်စွာ ရနေဟန် ရသည့် ကျူးလန် ရှိ၏။ သူမသည် စိတ်ပျက် အားငယ်သော အမူအရာဖြင့် ဝေ့ဝူယင်၏ အင်္ကျီလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ ဝေ့ဝူယင်သည် သူကိုယ်တိုင်၏ မျက်လုံးထဲ၌ ရုန်းကန်မှုတို့ကို မြင်တွေ့ရ၏။ သို့သော်လည်း ထိုရုန်းကန်မှုတို့ နေရာ၌ ပြတ်သားခြင်းများက အစားဝင်ရောက် နေရာယူလာသည်။
ဝေ့ဝူယင်သည် ထိုလူငယ်ကို သူ၏ ဆေဘာဓားဖြင့် ရင်ဆိုင်၏။ တစ်ချက် အော်ဟစ်ရင်း သူက သတ္တုနှင့် လျှပ်စီး စွမ်းအင်တို့ ရောနှောနေသည့် သွေးချီကို ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းကာ အစွမ်းထက်လှသည့် ချီကျင့်စဥ်ကို ကြည့်ရင်း (အဖြူရောင် စက်ဝန်းမှ ကြည့်နေသော) ဝေ့ဝူယင်မှာ အံ့အားသင့် သွား၏။
“ငါက သွေးချီ နှလုံးသားကို ဖွဲ့စည်းထားတယ်...”
ဝေ့ဝူယင် ကြည့်နေစဥ်မှာပင် ခမ်းနားသော တိုက်ပွဲ တစ်ခုမှာ ဖြစ်ပေါ်လာသည်။ ဝေ့ဝူယင်သည် ဆေဘာဓားနှင့် အတူ ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သော်လည်း အချိန်ကြာမြင့်လာသည်နှင့် အမျှ အရေးနိမ့် လာခဲ့၏။ နောက်ဆုံး၌ လူငယ်၏ ဓားချက်အောက်တွင် သူ၏ လည်ပင်းမှာ ထက်ပိုင်းပြတ် သွားခဲ့ရတော့သည်။
သူ သေဆုံးသွားချေပြီ...။
ပုံရိပ်သည်လည်း အဆုံးသတ်သွား၏။
“ဒါက နင့်ရဲ့ ကံကြမ္မာပဲ... နင့်ရဲ့ အသက်ကို ကယ်တင်ဖို့ အတွက် လူပေါင်း ထောင်သောင်းချီရဲ့ ကံကြမ္မာတွေကိုပါ ငါ ကောင်းကင် တာအို သတိမထားမိအောင် အဓမ္မ ပြောင်းလဲခဲ့တယ်”
အနက်ရောင် အရိုးစုက ဆိုလိုက်လေသည်။
***