← Chapters

အမွေဆက်ခံခြင်း

Vol. 3 Ch. 29

အမွေဆက်ခံခြင်း

Vol. 3 Ch. 29

“ကျုပ်ရဲ့ အသက်ကို ကယ်ဖို့ လူထောင်သောင်းချီရဲ့ ကံကြမ္မာတွေကို ပြောင်းလဲတယ်... နေဦး... သူ... သူတို့ကို ခေါ်သွားတာ ခင်ဗျားပေါ့”

ဝေ့ဝူယင်၏ ရင်ဘတ်တစ်ခုလုံးမှာ တုန်ရီသွားခဲ့၏။ ထိတ်လန့်မှုက ရေတံခွန် တစ်ခုအလား အရှိန်အဟုန်နှင့် စီးကျလာသည်။

အနက်ရောင် အရိုးစုက တည်ငြိမ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ငါ လူအယောက် သောင်းချီရဲ့ ကမ္မ ကံကောင်းမှုကို နင့်ရဲ့ ကံကြမ္မာဆီ တိတ်တဆိတ် ပြောင်းလဲ ပေးလိုက်တာလေ... ငါပြီးသွားတဲ့ အခါ သူတို့ ပြန်လာမှာပါ”

“ငါသာ အဲဒီလို မလုပ်ရင် အဆင့်နှစ် ကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့အခါ နင် ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... နင့်ဆီမှာ လုံလောက်တဲ့ ကမ္မ ကံကောင်းမှု မရှိဘူး”

“ကျုပ်...”

ဝေ့ဝူယင်မှာ ဘာပြောရမှန်း မသိ ဖြစ်နေခဲ့၏။ ရူးသွပ်နေသော အကျဥ်းသားက သူ့အား ကမ္မ ကံကောင်းမှုနှင့် ကမ္မ အပြစ်တို့ အကြောင်း သူ့အား ပြောခဲ့ဖူးသည်။ သို့သော်လည်း သူသည် ထိုအကြောင်းအရာများကို အဓိပ္ပာယ် မရှိသည့် စကားများဟုသာ မှတ်ယူခဲ့သည်။

အဖြူရောင် စက်ဝန်းမှာ နောက်တစ်ကြိမ် ပြောင်းလဲ သွားပြန်၏။ ယခုတစ်ကြိမ်တွင်မူ ၎င်းမှာ ဝေ့ဝူယင်၏ ငယ်ဘဝကို ပြသထားသည်။ သူသည် တုလင်နှင့် အတူ နေသွေးနီနီတောင်သို့ ရောက်ရှိလာကာ ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည်။

“ကမ္မ တန်ဖိုး ကုန်ဆုံးမှု ၀.၁”

ထို့နောက် သူသည် ချီပျစ်ခဲခြင်း အဆင့်သို့ ချိုးဖျက်ခါနီးတွင် အမတေ ကျောက်တုံး တစ်တုံးကို ရရှိခဲ့လေသည်။

နောက်တစ်ကြိမ် ပုံရိပ်တွင်မူ..

ဝေ့ဝူယင်သည် လူအိုကြီး တစ်ယောက်ကို အမှတ်တမဲ့ ကူညီနေပြီး ထိုလူအိုးကြီးမှာ ပန်းပဲ ဆရာကြီး တစ်ယောက် ဖြစ်နေခဲ့သည်။ ပန်းပဲ ဆရာကြီးသည် သူ ပိုင်ဆိုင်သမျှ အရာအားလုံးကို ပုံအောကာ သူ့ဘဝ၏ နောက်ဆုံး လက်နက်တစ်ခုကို ထုဆစ်ခဲ့သည်။ သူသည် ထိုဆေဘာဓားကို ဝေ့ဝူယင်အား လက်ဆောင် အဖြစ် ပေးအပ်ထားခဲ့လေသည်။

ထို့နောက်တွင် ဝေ့ဝူယင်သည် သံမဏိ အမတေ ရင်းမြစ်တစ်ခုကို တွေ့ရှိခဲ့ပြန်သည်။ ထို့နောက်... ယင်သွေးကြောသုံးခု ပိုင်ရှင် မိန်းကလေး...

“ကမ္မ တန်ဖိုး ကုန်ဆုံးမှု ၀.၃၊ ၀.၂၊ ၀.၅၊ ၀.၈...”

“နင်က ကံမ္မ တန်ဖိုး ၂.၂ နဲ့ မွေးလာတာ... နင့်မှာ လက်ရှိ ကမ္မ တန်ဖိုး ၀.၃ ပဲ ရှိတော့တယ်... အဆင့်နှစ် ကပ်ဘေးကနေ အသက်ရှင်လျက် လွတ်ဖို့ဆို ကမ္မ တန်ဖိုး ၁.၅ လိုအပ်တယ်... အဲဒီကနေ အကျိုးအမြတ် ရဖို့ဆိုရင် ၂.၂ လိုတယ်”

အနက်ရောင် အရိုးစုက ဆက်တိုက်ပင် ရှင်းပြလိုက်၏။ ဝေ့ဝူယင်မှာ ငြိမ်သက်နေ၏။ သူ ကြုံတွေ့ခဲ့သည့် အကြောင်းအရာများက ကမ္မ ကံကောင်းခြင်း အတိုင်း ဖြစ်ပျက်နေသည်လော။ ထိုမျှ ရှုပ်ထွေးသည်လော။ ဝေ့ဝူယင်မှာ အိပ်မက်မက်သလို ခံစားနေရလေ၏။

“နင်နားလည်လား...”

အနက်ရောင် အရိုးစုက မေးလိုက်သည်။

ဝေ့ဝူယင်မှာ စိတ်တည်ငြိမ်မှု ပြန်လည် ရရှိရန် အတွက် အသက်ပြင်းပြင်း ခုနစ်ကြိမ်မျှရှူ လိုက်ရ၏။ ထိုအရာများမှာ အတုများ ဖြစ်နိုင်သော်လည်း အကြောင်းပြချက် အချို့ သူ့အား အစစ်အမှန် ဖြစ်ကြောင်း ယုံကြည်ခိုင်းနေသည်။ ထိုအရာက သူ၏ အနာဂတ်ကိုပင် အကျိုးသက်ရောက် စေနိုင်၏။

အဆုံး၌... သူက ခေါင်းညိတ်လိုက်သည်။

သူကား အပြစ်သား အမွေခံ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အနက်ရောင် အရိုးစုကို မျက်နှာချင်းဆိုင်ရင်း ဝေ့ဝူယင်၏ စိတ်များမှာ ပြန်လည် တည်ငြိမ် လာခဲ့၏။ သူ့အနေဖြင့် အပြည့်အဝ နားမလည်နိုင်သေးသည့်တိုင် လုံလုံလောက်လောက် သိရှိပြီး ဖြစ်သည်။

“အခု ဘာလုပ်ရမှာလဲ...”

သူက မေးလိုက်၏။

အနက်ရောင် အရိုးစုက ဝေ့ဝူယင်အား ၎င်း၏ မျက်လုံး ဟောင်းလောင်းပေါက်များဖြင့် ကြည့်လိုက်လေသည်။ ထူးဆန်းသည့် ခံစားမှု အခြေအနေ တစ်ခုမှာ လေထုထဲတွင် စိမ့်ဝင်လာခဲ့လေ၏။

“အခု နင်က မရဏ တိုင်းပြည်က အပြစ်တွေနဲ့ ကောင်းကင်က ကံကောင်းခြင်းတွေကို ခိုးယူ ပြီးသွားပြီ”

ဝေ့ဝူယင် ဘာမှ ပြန်ပြောရသေးခင်မှာပင်  သူ၏ အမြင်အာရုံသည် ရုတ်ချည်း ပြိုကျသွားကာ ကမ္ဘာလောကမှာ မည်းမှောင်သွား၏။ ထိုအမှောင်ထုမှာ အေးစက်ကာ မိုက်မှောင်နေသည်။ ဝေ့ဝူယင် ကြားရသည့် တစ်ခုတည်းသော အသံက သူ၏ နှလုံးခုန်သံပင် ဖြစ်သည်။

သူသည် သေခြင်းတရားကို ခံစားမိ၏။ ထိုခံစားချက်က လျှာကို သံနှင့် ကြိတ်နေသလိုလို၊ အေးခဲနေသည့် ဝင်ရိုးစွန်း ဒေသသို့ ရောက်ရှိနေသလိုလိုပင်။ သို့သော်လည်း ဝေ့ဝူယင်သည် သူမျှော်လင့်ထားသည့် အကြောက်တရားကို မခံစားရသေးချေ။ ယင်းအစား တည်ငြိမ်သော၊ ခြားနားမှု မရှိသော ခံစားချက် တစ်ခုကသာ သူ၏ စိတ်နှင့် နှလုံးတွင် စိုးမိုး နေခဲ့လေ၏။

သူက ဝိညာဥ် အမြင်အာရုံကို ထုတ်လွှင့်ကာ လက်ရှိ အခြေအနေကို နားလည်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ ခံစားမိသမျှက အမှောင်ထု၊ အေးစက်မှုနှင့် အထီးကျန်မှုတို့သာ ဖြစ်လေ၏။ သူသည် အဆုံး မရှိသည့် တွင်းနက်ကြီး တစ်ခုတည်းတွင် လွင့်မြောနေသယောင် ထင်ရသည်။

“ငါသေသွားတာလား... သေခြင်းတရားဆိုတာက ဒီလိုမျိုးလား...”

အချိန်များက စီးဆင်းနေလေသည်။

တစ်မိနစ်...

တစ်နာရီ...

တစ်ရက်...

တစ်ပတ်...

နှစ်များအထိပင် ရှည်ကြာခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်သည် အချိန်ကို ဆက်လက် ရေတွက်နိုင်ခြင်း မရှိတော့ချေ။ ဆယ်စုနှစ်၊ ရာစုနှစ်... မဟုတ်သေး။ ထိုကာလက ထောင်စုနှစ် အထိပင် ရှိနိုင်လောက်သည်။ ဝေ့ဝူယင်မှာ တစ်ယောက်တည်း အတွေးများနှင့် လွင့်ပျံနေမိ၏။ ထိုမျှလောက် အထီးကျန်ခြင်းက တစ်စုံတစ်ယောက်၏ စိတ်ကို ရူးသွပ်သွားစေနိုင်သည့်တိုင် ထူးထူးခြားခြားပင် ဝေ့ဝူယင်မှာ စိတ်များ ကြည်လင် တည်ငြိမ်နေဆဲ ဖြစ်သည်။  ထိုကာလအတွင်း၌ သူသည် ဘဝ၏ များစွာသော မေးခွန်းများကို အဖြေရှာနိုင်ခဲ့လေ၏။

“ဝိညာဥ်ဆိုတာ မူလ ဝိညာဥ် ဖြစ်ပြီးတော့ မူလ ဝိညာဥ် ဆိုတာလည်း ဝိညာဥ်ပဲ... ငါ ဝိညာဥ်ကို ဖန်တီးချိန်တုန်းက မူလ ဝိညာဥ်ကို ရင်းမြစ်တစ်ခု အဖြစ် အသုံးပြုခဲ့တာပဲ”

ဝေ့ဝူယင်မှာ ရိုးရှင်းသော်လည်း လေးနက်လှသည့် အရာ တစ်ခုကို ထိတွေ့မိသလို ခံစားလိုက်ရ၏။

“ငါ့ ဝိညာဥ်ကို ဖယ်ရှားပစ်လိုက်ရင်တောင် ငါ့မှာ မပြည့်စုံတဲ့ ဝိညာဥ် တစ်ခု ကျန်နေလိမ့်ဦးမယ်... ငါသာ မူလ ဝိညာဥ်က ဝိညာဥ် အသစ် တစ်ကို စုပ်ယူနိုင်ရင် ပြန်ပြီး ကောင်းလာလိမ့်မယ်... ဒါက ပုံမှန်ဆိုရင် မဖြစ်နိုင်ပေမဲ့ ငါ့မှာ စိတ်အသစ်ရယ်၊ လတ်ဆတ်တဲ့ ရုပ်အရှိန်အဝါရယ်၊ သန့်စင်တဲ့ အမတေရယ် ရှိပြီးသားပဲလေ... ကောင်းကင် နှလုံးသားချီ နည်းလမ်းက ချွတ်ယွင်းနေတယ်”

ထိုမရေမတွက်နိုင်သည့် နှစ်များအတွင်း တွေးတောရင်း ဝေ့ဝူယင်သည် ထိုရှေးဟောင်းချီ နည်းလမ်းနှင့် ပတ်သပ်သည့် ပြဿနာ အချို့ကို ဖောတ်ထုတ်နိုင်ခဲ့၏။ သူသည် သူ၏ ခန္ဓာနှင့် အသက်တို့ကို မခံစားရတော့သော်လည်း သူ အသက်ရှင်နေသေးကြောင်းကိုမူ သိရှိထားသည်။ သူသည် ထိုအချက်အပေါ် ယုံကြည်ချက် ရှိပေသည်။

ဖြည်းညင်းစွာပင် သူက တရားထိုင်လိုက်၏။ မကြာခင်မှာပင် သူမှာ မူလဝိညာဥ်နှင့် ချိတ်ဆက်သွားကာ ဉာဏ်အလင်းပွင့်ခြင်း အခြေအနေ တစ်ခုသို့ ရောက်ရှိသွားသည်။

ပုံမှန်အားဖြင့်ဆိုလျှင်... ကျင့်ကြံသူများ အတွက် မူလ ဝိညာဥ်နှင့် ဆက်သွယ်ရန် အခက်အခဲ များစွာ ရှိသည်။ သူတို့သည် အရင်ဆုံး ဉာဏ်အလင်းပွင့်ခြင်း အခြေအနေကို ခက်ခဲစွာ ရယူကြရသည်။ ပြီးမှသာ မူလဝိညာဥ်ထံမှ အလွန့် အလွန် သေးငယ်သော ဝိညာဥ် အပိုင်းတစ်ပိုင်းကို ယူ၍ စိတ်၊ ရုပ်နှင့် အမတေတို့နှင့် ပေါင်းစပ်ကာ ဝိညာဥ်ကို ဖန်တီးနိုင်ကြသည်။

ဝေ့ဝူယင်သည် ထိုအဆင့်များကို ဖြတ်ကျော်ကာ ဝိညာဥ် တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။ ယခုတွင်လည်း နောက်တစ်ခု ထပ်မံ ပိုင်ဆိုင်နိုင်ရန် လိုအပ်ချက်များ ပြည့်စုံနေခဲ့ပြီ ဖြစ်သည်။

ဟူး...

သတိပေးချက် မရှိပါပဲ၊ စိုးထိတ်စရာ မရှိပါပဲ...ဝေ့ဝူယင်၏ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ်တို့ လေးမျိုးမှာ အကြိမ်ကြိမ် အခါခါ လေ့ကျင့်ထား သကဲ့သို့ ပြည့်စုံစွာ ပေါင်းစည်းသွား၏။ ထိုကဲ့သို့ အသွင်ပြောင်းခြင်းကို တစ်ကြိမ် ဖြတ်ကျော်ဖူးရာ ဝိညာဥ်ကို ဖန်တီးရန် မည်မျှ ခက်ခဲကြောင်း ဝေ့ဝူယင် သိရှိထားသည်။ သို့သော်လည်း ယခုတစ်ကြိမ်ကမူ အသက်ရှူရ သကဲ့သို့ လွယ်ကူလွန်းလှပေသည်။

အမှန်တကယ်အားဖြင့် နောက်ထပ် ဝိညာဥ် တစ်ခုကို ထပ်မံ ရရှိရန် ဆိုလျှင် သူ့အနေဖြင့် ကောင်းကင် နှလုံးသားချီ နည်းလမ်း၏ အဆင့်ငါးကို ရောက်ရှိရန် လိုအပ်သည်။ သို့သော်လည်း ယခုတွင်မူ သူသည် အဆင့် ၃၊ အဆင့် ၄ များကို တိုက်ရိုက် ကျော်ဖြတ်ကာ ဒုတိယ ဝိညာဥ်ကို ထပ်မံ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။

ရုတ်တရက်...

“ငါ ခံစားလို့ ရသွားတာလား...”

ဝေ့ဝူယင်၏ စိတ်က တုန်ရီသွား၏။ သူသည် ချီလည်ပတ်မှု၊ စုပ်ယူမှုနှင့် အပြင်ခန္ဓာထဲရှိ စွမ်းအင်များကို ခံစားလိုက်ရခြင်းကြောင့် ဖြစ်သည်။

“ငါ မသေဘူး... ငါ မသေသေးဘူး...”

စိတ်သက်သာရာရမှုနှင့် စိတ်လှုပ်ရှားမှု ခံစားချက်လှိုင်းက ဝေ့ဝူယင်၏ ဦးနှောင်တွင် တုန်ရီစွာ ပေါက်ကွဲလာ၏။ အခု၌ သူကား အမှန်တကယ်ပင် နိုးထလာခဲ့ပြီ ဖြစ်သည်။

"ဖျပ်...”

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ဖျပ်ခနဲ ပွင့်လာ၏။ သူသည် သူ၏ ခန္ဓာကိုယ်မှာ တင်ပျဥ်ချိတ် အနေအထားဖြင့် ထိုင်နေကြောင်း တွေ့လိုက်ရသည်။ ဝေ့ဝူယင်သည် ရှေ့ရှိ မြက်ခင်းပြင်ကို ဆုပ်ကိုင်ကာ ကိုယ့်ကိုယ်ကို ဆန်းစစ်လိုက်၏။ သူ၏ အသက်ရှူသံများမှာ မယုံကြည်နိုင်လောက်အောင် အဖိုး ထိုက်တန်နေသလို ရှည်လျားကာ အစွမ်းထက်နေသည်။

“ဒါက...”

ဝေ့ဝူယင်က အနက်ရောင် အရိုးစုကို မော့ကြည့်ရန် ကြိုးစားလိုက်သော်လည်း ထိုနေရာတွင် ဘာမှ ရှိမနေတော့ချေ။ ည၏ ကောင်းကင်မှာ ကြယ်ရောင်စုံများဖြင့် လင်းလက်ကာ လှပနေ၏။ အဆုံးမဲ့ ပျော်ရွှင်မှုတို့ ခိုအောင်းနေသော အပြုံတစ်ခုက ဝေ့ဝူယင်၏ နှုတ်ခမ်းတွင် စီးခို လာခဲ့လေသည်။

“ဘယ်လိုတွေ ဖြစ်သွားခဲ့တာလဲ...”

ဝေ့ဝူယင်သည် တွေးနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိသွား၏။ သူက ညာဘက်လက်ဆီသို့ ငုံ့ကြည့်လိုက်ရာ သူ၏ လက်တစ်ခုလုံးမှာ တက်တူးများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ထိုတက်တူးများသည် လှပကာ ‌ရှေးဟောင်း သင်္ကေတများ၊ နတ်ဘုရား အက္ခရာများနှင့် တူညီမှု ရှိသည်။

ဝေ့ဝူယင် အနီးကြည့်ရန် ကြိုးစားလိုက်စဥ်တွင်ပင် ရုတ်တရက် နာကျင် ကိုက်ခဲမှု တစ်ခုမှာ သူ၏ ဦးခေါင်းတွင် ဖြစ်ပေါ်လာ၏။ သူသည် ခေါင်းအား ထိတ်လန့်တကြား ကိုင်လိုက်သည်။ ထိုနာကျင်မှုမျိုးကို သူ နောက်တစ်ဖန် ထပ်မခံစား လိုတော့ချေ။

သို့သော်လည်း... ကံကောင်းစွာပင် ထိုနာကျင်မှုမှာ စက္ကန့်အနည်းငယ်သာ ကြာပြီးနောက် ပြန်လည် ပျောက်ကွယ် သွား၏။ ဝေ့ဝူယင်မှာ သူ၏ ဦးနှောက်အတွင်း မှတ်ဉာဏ်သစ် အချို့ ပေါ်လာနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအရာများကား “ကျမ်းသုံးခု” ပင် ဖြစ်လေသည်။

ပထမကျမ်းမှာ “ကမ္မ အပြစ်နှင့် ကမ္မ ကံကောင်းခြင်းကျမ်း” ပင် ဖြစ်သည်။ ထိုကျမ်းတွင် အပြစ်နှင့် ကံကောင်းခြင်းတို့အား မည်သို့ ရရှိနိုင်ပုံ၊ မည်ကဲ့သို့ ရှောင်ရှားရပုံ၊ မည်ကဲ့သို့ ပြောင်းလဲနိုင်ပုံနှင့် မည်ကဲ့သို့ ခိုးယူရပုံတို့ကို လမ်းညွှန် ဖော်ပြထားသည်။

***

All Chapters