← Chapters

အမွေဆက်ခံခြင်း (၂)

Vol. 3 Ch. 30

အမွေဆက်ခံခြင်း (၂)

Vol. 3 Ch. 30

ထိုအရာတွင် ကပ်ဘေးများ၊ အကျိုးအမြတ်များ၏ အဆင့်နှင့် ဖွဲ့စည်းပုံတို့ကို စနစ်တကျ ဖော်ပြထားသည်။ ကျမ်း၏ ပထမပိုင်းတွင် ဝေ့ဝူယင် သိချင်နေခဲ့သော မေးခွန်းတစ်ခု ဖြစ်သည့် “မွေးဖွားခြင်း” အကြောင်းကို ဖြေရှင်း ပေးထားသည်။

အနက်ရောင် အရိုးစုက သူ့အား ကံကြမ္မာ အကြောင်း သတိပေးသော အခါတွင် ကပ်ဘေးကို ကျော်လွန်ရန် ဖြစ်နိုင်ချေ နည်းသည့် အကြောင်းပါ ထည့်သွင်း ပြောကြားခဲ့သည်။ သူသည် ကမ္မ တန်ဖိုး ၂.၂ ဖြင့် မွေးဖွားလာသူ ဖြစ်သည်။ နေသွေးနီနီဂိုဏ်းသို့ ဝင်ရောက်ပြီးချိန်မှ စ၍ သူ၏ ကမ္မ တန်ဖိုးမှု တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

ကျမ်းဂန်ထဲ၌ ပြန်လည် မွေးဖွားခြင်းနှင့် လူဝင်စားခြင်း အယူအဆမှာ မှန်ကန်ကြောင်း ရေးသားထားသည်။ လူတစ်ယောက် ပြန်လည် မွေးဖွားလာ‌သော အခါ၌ သူ၏ ကမ္မ တန်ဖိုးမှာ အစမှ တစ်ဖန် ပြန်လည် စတင်လိမ့်မည် ဖြစ်သည်။ ထိုသူ ယခုဘဝ၌ လုပ်ခဲ့သော ကောင်းမှုနှင့် မကောင်းမှုများက နောက်ဘဝတွင် သူ၏ ကမ္မ ကံကောင်းမှု၊ သို့မဟုတ် ကမ္မ အပြစ်များ အဖြစ် အကျိုးသက်ရောက်လိမ့်မည် ဖြစ်သည်။

“ဒါဆိုရင် နောက်ဘဝ ဆိုတာက တကယ်ရှိတာ‌ပေါ့...”

ဝေ့ဝူယင် ကောက်ချက်ချလိုက်၏။ အကယ်၍ တစ်စုံတစ်ယောက်ကသာ အမှတ်တမဲ့နှင့် ထိုအကြောင်းအရာများကို ပြောဆိုခဲ့ပါက သူ ယုံကြည်မိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခုတွင်မူ...

ကျမ်းဂန်၏ အဆိုအရ ဆိုလျှင် ဘဝ၌ ကမ္မ တန်ဖိုး လုံလုံလောက်လောက် ရအောင် စွမ်းဆောင်ခဲ့သူများမှာ နောက်ဘဝတွင် ကောင်းကင် တာအို၌ အချိန်ကာလ တစ်ခု ကြာအောင် လုံလုံလောက်လောက် နေထိုင်နိုင်မည် ဖြစ်သည်။ ထို့နောက်တွင် နောက်တစ်ဘဝသို့ ဝင်စားရပေမည်။ အပြစ်ကျူးလွန်သူများမှာမူ ကမ္မ တန်ဖိုး နိမ့်ကျကာ ငရဲတွင် စံရလိမ့်မည် ဖြစ်သည်။

ကျမ်းဂန်ထဲ၌ ငရဲနှင့် ပတ်သက်သည့် ဖော်ပြချက် စကားလုံး တစ်လုံးသာ ပါရှိ၏။ ထိုအရာကား ဆင်းရဲဒုက္ခပင် ဖြစ်သည်။

ဝေ့ဝူယင်က ကျမ်းအား ဆက်ဖတ်လိုက်၏။

“လူတစ်ယောက်က ကောင်းကင် တာအိုရဲ့  အလိုအတိုင်း ကောင်းမွန်စွာ နေမယ် ဆိုရင် သူတို့က ဒီဘဝမှာလည်း ကံကောင်းခြင်းတွေကို ရရှိနိုင်တယ်... အဲဒါတွေက ကမ္မ တန်ဖိုးတွေ ဖြစ်လာလိမ့်မယ်... ဒါပေမဲ့ သူတို့က ကမ္မ အပြစ်တွေကိုပဲ ကျူးလွန်နေမယ် ဆိုရင်...”

ထိုအပိုဒ်ကို ဖတ်သော အခါ၌ ဝေ့ဝူယင်၏ အမူအရာက အကျည်းတန်သွားသည်။ သူက လေးလေးပင်ပင် သက်ပြင်းချလိုက်၏။

ကောင်းကင် တာအိုတွင် ပညတ်ချက် သုံးထောင် ရှိသည်။ အကယ်၍ ထိုအထဲမှ တစ်ခုကို ချိုးဖျက်သည်နှင့် မကောင်းသော ကမ္မ တန်ဖိုး သို့မဟုတ် ကမ္မ အပြစ်ကို လက်ခံ ရရှိလိမ့်မည် ဖြစ်သည်။ အကယ်၍ လိုက်နာလျှင်မူ ကမ္မ ကံကောင်းခြင်း သို့မဟုတ် ကမ္မ တန်ဖိုးကို ရရှိနိုင်ပေသည်။ ပညတ်ချက် သုံးထောင်ကို ဖတ်ရင်း ဝေ့ဝူယင်မှာ တဖြည်းဖြည်း ဒေါသထွက် လာခဲ့၏။

သူကား ဆက်လက် ဖတ်လိုစိတ်ပင် မရှိတော့ချေ။

ထိုပညတ်တော်များအား သေမျိုးများ မဖတ်သင့်ဟုပင် ဝေ့ဝူယင် ခံစားမိသည်။ ၎င်းတို့မှာ လူတစ်ယောက်၏ လောကအပေါ် အကျင့်စာရိတ္တ အမြင်ကိုပင် ထိခိုက်စေနိုင်သည်။ ပညတ်တော်များထဲမှ အချို့မှာ မကောင်းမှုကို တည့်မတ်စွာ အားပေး၏။

ဥပမာအားဖြင့် ကြည့်ရပါက...

ထိုအထဲ၌ သတ်ဖြတ်၊ တရား စီရင်ခြင်းနှင့် ပတ်သက်သော ပညတ်တော် တစ်ပါးပင် ရှိ၏။ ထိုပညတ်တော်၏ အဆိုအရဆိုလျှင် လူတစ်ယောက်သည် သူနှင့် ရန်ကြွေးရှိသည့် အခြားလူများကို သတ်ပါက ထိုအရာမှာ အဆင်ပြေသည်။ ကမ္မ အပြစ်သည် ကျရောက်မည် မဟုတ်ချေ။ သို့သော်လည်း ကိုယ်နှင့် ရန်ကြွေး တိုက်ရိုက် ဆက်စပ်မှု မရှိသော တစ်စုံတစ်ယောက် မည်သည့် အပြစ်များ ပြုလုပ်နေစေကာမူ ဝင်ရောက် စွက်ဖက်နိုင်ခွင့် မရှိချေ။

ထိုအရာက ရှုပ်ထွေးပြီး မရှင်းလင်းသည့် အယူအဆ တစ်ခုဟု ဆိုရပေမည်။

ရိုးရှင်းစွာ ဆိုရလျှင်... အကယ်၍ တစ်စုံတစ်ယောက်က သင့်အား စော်ကားပါက သင့်အနေဖြင့် သူ၏ မိသားစု၊ သို့မဟုတ် ဂိုဏ်းတစ်ခုလုံးကို သတ်ဖြတ်နိုင်ပေသည်။ ထိုအခါ ကမ္မ အပြစ်သည် သင့်အပေါ် သက်ရောက်မည် မဟုတ်ချေ။

သို့သော်... သူစိမ်း တစ်ယောက်က မိန်းကလေး တစ်ယောက်အား စော်ကားနေသည်ကို အမှတ်တမဲ့ တွေ့လိုက်ရပြီးနောက် သင်က ကျူးလွန်သူကို ဝင်ရောက် သတ်ဖြတ်လိုက်သည် ဆိုပါသို့။ ထိုအခါ... သင်နှင့် ထိုကျူးလွန်သူ အကြားတွင် မည်သည့် ရန်ကြွေး ဆက်စပ်မှုမှ မရှိ၍ သင့်တွင် အပြစ် ရှိပေသည်။

သို့ရာတွင် ထိုအရာကို အခြားလူ တစ်ယောက်၏ အမိန့်အရသာ သင်လုပ်ခဲ့ခြင်း ဆိုပါက သင့်တွင် အပြစ် မရှိပြန်ချေ။  ထိုသဘောအတိုင်း အရဆိုလျှင် စစ်သားများ သတ်ဖြတ်သမျှ အပြစ် အားလုံးမှာ တပ်မှူးများ အပေါ်တွင် ကျရောက်လိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် နားမလည်နိုင်သည့် နောက်ထပ် ပညတ်တော် တစ်ခုမှာ ခိုးယူခြင်း အယူအဆ ဖြစ်သည်။ သင့်အနေဖြင့် ခိုးယူနိုင်သည်။ သို့သော် လိုအပ်သည်ထက် ပို၍ မခိုးယူရ။ ထိုအယူအဆက ဝေဝေဝါးဝါး ဖြစ်ရာ ဝေ့ဝူယင် ဆက်၍ပင် မစဥ်းစားချင်တော့ပေ။

ဝေ့ဝူယင်သည် ရူးသွပ်နေသည့် အကျဥ်းသား ပြောခဲ့သော စကားများကို ပြန်လည် ကြားယောင် လာမိသည်။ သူသည် သူ၏ ဘဝတွင် မည်သည့် အမှားကိုမှ မကျူးလွန်ခဲ့ဟု ဆိုသည်။ သို့သော်လည်း ကောင်းကင်သည် သူ့အား အပြစ်သား တစ်ယောက် အပြစ် သတ်မှတ်ခဲ့သည်။ ထို့နောက်တွင် သူသည် ရှောင်လွှဲ၍ မရနိုင်သော ကပ်ဘေး တစ်ခုနှင့် ကြုံတွေ့ခဲ့ရလေသည်။

ကံကြမ္မာကား ရက်စက်လွန်းလှ၏။

ဝေ့ဝူယင်သည် ဒုတိယမြောက် ကျမ်းကို ကြည့်လိုက်သည်။ ထိုအရာမှာ အပြစ် သွေးမျိုးဆက်ကျမ်း ဟု အမည်ရ၏။

“နေဦး...”

ခေါင်းထဲ၌ ပေါ်လာသည့် အချက်အလက်များကို ဖတ်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ လက်မောင်းထံသို့ အကြည့်ရောက် သွားခဲ့၏။ ထိုတက်တူး သင်္ကေတများမှာ အပြစ် သွေးမျိုးဆက် ပိုင်ရှင်များ၏ မွေးရာပါ အမှတ်အသားများ ဖြစ်သည်။

“အပြစ်သွေးမျိုးဆက်က ပထမ အပြစ်သားထံကနေ လာတယ်... အဲဒါက ကမ္မ အကုသိုလ် အပြစ်ကို စုပ်ယူဖို့ ခွင့်ပြုတယ်... ကောင်းကင်ရဲ့ မျက်လုံးကိုလည်း ရှောင်လွှဲနိုင်တယ်... အပြစ် သွေးမျိုးဆက်ကို ပိုင်ဆိုင်တဲ့ လူတိုင်းဟာလည်း ကောင်းကင် တာအိုရဲ့ တရား စီရင်မှုကနေ ‌ရှောင်လွှဲနိုင်တယ်”

ဝေ့ဝူယင် မျက်လုံးများ တောက်ပသွား၏။ ကောင်းကင်တာအိုအား လှည့်စားနိုင်ခြင်း... ထိုအရာမှာ ကောင်းလွန်းလှသည်။

တက်ကြွစွာပင် သူ... နောက်ဆက်တွဲ စကားလုံးများကို ဆက်ဖတ်လိုက်သည်။

“နောက်ပြီး... အပြစ်စွမ်းအားကို ရရှိထားတဲ့သူတွေဟာ  အမွေခံ အပြစ်သား တစ်ယောက်ရဲ့ အခွင့်အရေးတွေကို လက်ခံပြီးတဲ့နောက် ငရဲရဲ့ ကပ်ဘေး ဆယ့်ရှစ်ခုကို ကျော်ဖြတ်ခံစားရမယ်... ဟင် ဘယ်လိုကြီးလဲ... ဒါဆို ငါက ကောင်းကင်က ဖန်တီးတဲ့ ကပ်ဘေးတွေကိုပဲ ရှောင်လွှဲနိုင်မယ်... ငရဲက ယူဆောင်လာတဲ့ ကပ်ဘေးတွေကို‌ ရင်ဆိုင်ရမယ်ပေါ့... ဟုတ်လား...”

ရုတ်ချည်းပင်... ဝေ့ဝူယင်မှာ စိတ်ဓာတ်တစ်ခုလုံးမှာ ပြန်လည် ပြုတ်ကျသွားခဲ့၏။ ငရဲမှ ဖန်တီးသော ကပ်ဘေးဆယ့်ရှစ်ခုမှာ ကျပန်းဖြစ်ကာ ကံကောင်းခြင်း၊ မကောင်းခြင်းနှင့် မသက်ဆိုင်တော့ချေ။ ထို့အပြင် ၎င်းတို့မှာ ရုတ်ချည်း ကျရောက်လာတတ်သော အရာများ ဖြစ်သည်။ သူ လုံလောက်စွာ မသန်မာလျှင်၊ ၎င်းတို့ အပေါ် မလွှမ်းမိုးနိုင်လျှင် သေရပေလိမ့်မည်။

မည်ကဲ့သို့သော အမွေအနှစ်ကြီးနည်း။

သူ ခဏမျှနားကာ ဆက်လက်ကြည့်လိုက်၏။

“တတိယ ကျမ်း... စစ်မှန်သော အပြစ်၏ ဝိညာဥ်... ဝိညာဥ် ကျင့်စဥ် တစ်ခုလား... အပြစ် သွေးမျိုးဆက်ကို သုံးပြီး ကမ္မ အပြစ်တွေကို စုပ်ယူရင်းနဲ့ မူလ ဝိညာဥ်ကို သန့်စင်လို့ ရတယ်”

ဝေ့ဝူယင်မှာ ဖတ်ရင်း မျက်မှောင်ကြုတ်လိုက်၏။ သူနှင့် မူလ ဝိညာဥ်၏ ဆက်သွယ်မှုမှာ ယခုမှ အစတွင်သာ ရှိသေးပြီး အလွန် သေးငယ်လှသေးသည်။

“အနက်ရောင် အရိုးစု ပြောတဲ့အတိုင်း ဆိုရင်... ဒီကပ်ဘေးကြောင့်သာ မဟုတ်ရင် သူက ငါ သူတော်စင် အဆင့်ကို ရောက်တဲ့အထိ စောင့်မလို့ တဲ့... အဲဒီ အခါကျရင် ငါ ဝိညာဥ်နဲ့ ပတ်သက်ပြီး အမြင်တစ်ခု ရလာမှာလား... အဲဒီ အခါကျမှ အမွေအနှစ် အစစ်အမှန်ကို ရမှာလား”

တွေးတောရင်း ထိုအကြောင်းအရာမှာ မှန်ကန်သည်ဟု ဝေ့ဝူယင် ခံစားလာရသည်။ အနက်ရောင် အရိုးစုသည် သူ၏ မူလ ဝိညာဥ်နှင့် ခန္ဓာ၏ ဆက်စပ်မှု အကြောင်းကို အစောတည်းကပင် ပြောခဲ့ဖူးသည်။

သူသည် အမွေအနှစ်ကို အချိန် မတန်မီ ရရှိထားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ထိုအရာက သူ့အတွက် သိပ် မသုံးမဝင်လှချေ။ သူက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်၏။

အနက်ရောင် အရိုးစု ချန်ထားခဲ့သော ကျမ်းစာ သုံးခုလုံးက သူ့အား ခံစားချက် ပေါင်းစုံဖြင့် သက်ပြင်းချ စေခဲ့သည်။ သူသည် ထိုအရာများမှ ဘာကိုမျှ မရသေးသလောက် ဖြစ်သော်လည်း လောကကြီးအကြောင်းကိုမူ များစွာ သဘောပေါက် လာခဲ့သည်။

“ဟမ်...”

လက်ရှိ တက်တူးများကို ငုံ့ကြည့်ရင်း ဝေ့ဝူယင်၏ မျက်ခုံးများမှာ တွန့်ကွေးသွား၏။

“ဒါက...”

သူသည် တက်တူးများထက်၌ ဂဏန်းတစ်ခုကို တွေ့မြင်ရသည်။ ထိုအရာသည် ရိုးရှင်းသော နံပတ် တစ်ခု ဖြစ်ကာ “၁၇၆” ဟု ဖော်ပြထား၏။

ထိုဂဏန်းက သူ့အား မအံ့သြစေသော်လည်း ထိုဂဏန်းကို ကိုယ်စားပြုနေသည့် အရာကမူ သူ့ကို မှင်သက်စေ၏။ ထိုဂဏန်းကား သူ၏ “ကမ္မ တန်ဖိုး” ပင် ဖြစ်လေသည်။

“ငါ ဘယ်လိုလုပ်ပြီး ရသွားတာလဲ...”

အကြောင်းပြချက်ကို စဥ်းစားရင်း ဝေ့ဝူယင်၏ စိတ်နှလုံးမှာ မြင်းရိုင်းပြေး သကဲ့သို့ တဒိန်းဒိန်း ခုန်လာခဲ့လေ၏။

“နေဦး... သောင်းချီတဲ့ လူတွေ...”

ထိုအရာ ဖြစ်နိုင်မည်လော။ ဝေ့ဝူယင် တွေးနေစဥ်မှာပင် သူ၏ လက်မောင်းမှာ တုန်ရီသွားသလို ခံစား လိုက်ရ၏။ သူက ငုံ့ကြည့်လိုက်ရာ သူ၏ လက်မောင်းထက်ရှိ ဂဏန်းမှာ ၁၇၆ မှ ၁၇၁.၂ သို့ လျော့ကျသွားသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများက အနည်းငယ် မှေးမှိန်သွား၏။

ရွှစ်... ရွှစ်...

ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက မြက်ခင်းပြင်ကို လေများ တီးတိုး တိုက်ခတ်သွား သကဲ့သို့ပင်။ မြက်ခင်းများကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွား၏။ ကြည်လင်သည့် မြစိမ်းရောင် အလင်းမှာ မြက်များထဲတွင် တောက်ပစွာ စီးဆင်းနေသည် မဟုတ်ပါလော။

ဝေ့ဝူယင်သည် ကောင်းကင်ကို ကြည့်လိုက်ရာ သာလွင်နေသည့် လပြည့်ဝန်းကြီးကို တွေ့မြင်ရ၏။ ၎င်းသည် လှပသော ငွေရောင်အဆင်းကို ထုတ်လွှတ်ကာ လူတိုင်း၏ နှလုံးသား အတွက် ငြိမ်သက်ခြင်းများကို ယူဆောင်လာပေးသည်။

ဟူး... ဟူး...

အရာအားလုံး တိတ်ဆိတ် ငြိမ်သက်နေစဥ်မှာပင် ပိုးစုန်းကြူးကောင်လေးများသည် မြစိမ်းရောင် မြက်များထဲမှ ထွက်ပေါ်လာကာ တလက်လက် ကွန့်မြူးလာကြ၏။ လမင်း၊ မြက်ခင်းပြင်နှင့် ပိုးစုန်းကြူးငယ်တို့ ဖော်ကျူးသော ညကား အလွန်ပင် လှပလှပေသည်။

ပိုးစုန်းကြူးငယ်များကို အနီးကပ်ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်လာ၏။ ၎င်းတို့မှာ ပိုးစုန်းကြူးများ မဟုတ်ပဲ အလင်းအမှုန်အမွှားများသာ ဖြစ်နေရုံသာ မက ထိုအလင်းအမှုန်အမွှားများတွင် သူ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့် အသက်စွမ်းအင်များ ပါဝင်နေသည် မဟုတ်ပါလော။

“အသက်မြက် သစ်သား အမတေ...”

မယုံကြည်နိုင်မှုများက တုန်လှုပ် ခြောက်ခြားမှု အသွင် ပြောင်းလဲသွားသည်။ အသက်မြက် သစ်သား အမတေသည် ထိပ်တန်း သစ်သား အမတေ သုံးခုထဲမှ တစ်ခု ဖြစ်သည်။ သို့သော်လည်း ၎င်းသည် ကျပန်းသာ ပေါ်လာလေ့ ရှိပြီး အချို့အချိန်များတွင် နှစ်ပေါင်း ရာချီအောင် ပျောက်ကွယ်နေလေ့ ရှိသည်။

အသက်မြက် အမတေသည် အလွန် ပြင်းထန်လှသော ဒဏ်ရာများကို ကုသနိုင်သလို သေလုမြောပါး လူနာကို ပြန်လည် နလံထူစေနိုင်သည့် အစွမ်းလည်း ရှိသည်။  ထို့အပြင် ၎င်းသည် အဆိပ် အတောက်များကို တွန်းလှန်ပစ်နိုင်သည့် ထူးခြားသော ဂုဏ်သတ္တိ တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ ထိုကဲ့သို့ စွမ်းရည်များကို သစ်သားချီအား ပျစ်ခဲနိုင်သည်များလည်း ရရှိနိုင်ပေသည်။

သစ်သားချီအား ပျစ်ခဲနိုင်ခဲ့သည့်‌ နောက်ဆုံးသော ပုဂ္ဂိုလ်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် ယနေ့အထိ ဒဏ္ဍာရီ တစ်ခုကို ချန်ရစ် ထားနိုင်ခဲ့သည်။

သစ်သားဘုရင် အရှင် ထာဝရ...

သူကား များစွာသော နိုင်ငံများကို သူ၏ အမည်အောက်၌ စည်းလုံး စေခဲ့သူ ဖြစ်သည်။ သူသေဆုံးပြီးသည့် အချိန်သို့ရောက်မှ အင်ပါယာမှာ ပြိုကွဲကာ နိုင်ငံ ခုနစ်နိုင်ငံ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဝူနိုင်ငံသည် ထိုခုနစ်နိုင်ငံ အနက် တစ်နိုင်ငံမျှသာ ဖြစ်သည်။

ဝေ့ဝူယင်က လက်ကို မြှောက်ကာ မြစိမ်းရောင် အစက်အပျောက်များကို ထိတွေ့လိုက်၏။ ၎င်းတို့မှာ မည်သည့် အတားအဆီးမှ မရှိပဲ သူ၏ ခန္ဓာကိုယ် အတွင်း ချောချူစွာ ဝင်သွားကြသည်။

“ဒီအတွက် ငါ ကမ္မ တန်ဖိုး ၄.၈ ကို ဆုံးရှုံးခဲ့ရတယ်... ဒီတော့ ဒါက အခွင့်အရေး တစ်ခုပေါ့လေ”

အရိုးစု၏ ပြောစကား အရဆိုလျှင် သူသည် သံမဏိ အမတေ ရင်းမြစ်ကို ရှာတွေ့သည့် အတွက် ကမ္မ တန်ဖိုး ၀.၅ ကုန်ဆုံးခဲ့သည်။ ယင်သွေးကြော သုံးခု ခန္ဓာ ပိုင်ရှင် အတွက်မူ ၀.၈ ကုန်ကျခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ၄.၈ အထိပင် ကုန်ကျခဲ့သည်။

ဝေ့ဝူယင်သည် ထိုအခွင့်အရေးကို ဖြုန်းတီးရန် ဆန္ဒ မရှိချေ။ ထိုအရာကား ကောင်းကင်ဘုံမှ ကောင်းချီ‌ပေးခံရသူများသာ ရရှိနိုင်သည့် ကံကောင်းမှုမျိုး ဖြစ်သည်။

ဝေ့ဝူယင်က တင်ပျဥ်ချိတ် ထိုင်ကာ ချီနှလုံးသားကို လှည့်ပတ်လိုက်၏။

“အိုး...”

သူ မေ့လုနီးပါးပင် ဖြစ်သွားခဲ့သည်။ သူ့တွင် ချီနှလုံးသား နှစ်ခု ရှိပေသည်။

ဟူး... ဟူး...

ဝေ့ဝူယင်က ချီနှလုံးသားများကို လှည့်ပတ်ကာ အသက်မြက် သစ်သား အမတေများကို စုပ်ယူလိုက်၏။ ချီနှလုံးသား နှစ်ခုမှာ တစ်ခုနှင့် တစ်ခု လိုက်လျောညီထွေစွာ ဖြည့်စွက်ရင်း အလုပ်လုပ် နေကြရာ လေးဆအထိပင် ပိုမို မြန်ဆန် လာခဲ့လေသည်။ ထိုအရာက သူ၏ ခန္ဓာကိုယ်ထဲတွင် ချီနှလုံးသား ‌လေးခု တစ်ပြိုင်နက်တည်း အလုပ်လုပ်နေသည့် အတိုင်းပင်။

***

All Chapters