ဂိုဏ်းသို့ ပြန်ခြင်း
Vol. 3 Ch. 31
ဝေ့ဝူယင်သည် ထိုတစ်ညလုံးကို အသက်မြက် သစ်သား အမတေကို ချီနှလုံးသားများ အတွင်း စုပ်ယူခြင်းဖြင့် ကုန်ဆုံးခဲ့သည်။ ဒြပ်စင်တစ်ခု မွေးဖွားခြင်းသည် သိမ်မွေ့သော လုပ်ငန်းစဥ် တစ်ခု ဖြစ်ပြီး နားလည်နိုင်စွမ်းကို အဆင့် တစ်ခု အထိ လိုအပ်သည်။ ကံကောင်းစွာပင် ဝေ့ဝူယင်သည် မယုံကြည်နိုင်လောက်အောင် မြင့်မားသည့် နားလည်နိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားပေသည်။
ကြယ်တာရာများ မှေးမှိန်ကာ အရှေ့အရပ်မှ နေထွက်ပေါ်လာချိန် အထိ အလင်း အစက်အပျောက်များမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ် အတွင်း စီးဝင်နေဆဲ ဖြစ်၏။ ဝေ့ဝူယင်သည် အနောက် အရပ်သို့ နေဝင်သွားချိန် အထိ တည်ငြိမ်စွာ ထိုင်ရင်း ထိုဒြပ်စင် အမတေများကို ဆက်လက် သန့်စင် နေခဲ့သည်။
ဖူး...
အသက်ကို ပြင်းစွာ ရှူထုတ်လိုက်ရင်း ပွက်ပွက်ဆူနေသော ချီကို သူ ထုတ်လွှတ်လိုက်၏။ သူ၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်ဟလာကာ မြစိမ်းရောင် တောက်ပနေသည့် အလင်းများကို ထုတ်လွှတ်သည်။ သူ၏ အရေပြား အောက်တွင်မူ အစိမ်းရောင် သွေးကြောများမှာ ကြွက်သားများနှင့် ရိုးတွင်းခြင်ဆီများ အထိ ဆက်စပ်ကာ စီးဆင်းနေလေ၏။
“တကယ့်ကို အခွင့်အရေးပဲ...”
အဆင့်မြင့် ဒြပ်စင်ချီ သုံးခုနှင့် အတူ သူ၏ ယန်ဖွံ့ဖြိုးခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံမှာ အဆင့်သစ် တစ်ခု အထိ မြင့်တက်သွားသလို ခံစားလိုက်ရသည်။ သူ၏ မသိစိတ်က အလိုလိုပင် လက်မောင်းဆီသို့ ရောက်ရှိ သွား၏။
၁၇၁.၂
ထိုဂဏန်းမှာ သာမန် ဘာသာစကားဖြင့် ရေးသားထားခြင်း မဟုတ်ပဲ အပြစ် သွေးမျိုးဆက် ရှိသူများသာ နားလည်နိုင်သည့် ထူးဆန်းသော သင်္ကေတများဖြင့် ပုံဖော်ထားခြင်း ဖြစ်သည်။
“ငါ ကံကောင်းမှုတွေ ထပ်ပြီး ရလာဦးမှာလား... ပိုပြီး အရေးကြီးတာက ငါ့မှာ ကမ္မ တန်ဖိုး အများကြီး ရှိနေပြီ ဆိုတော့ မကြာခင် ဖြစ်ပေါ်လာမယ့် အဆင့် ၂ ကပ်ဘေးကို ကျော်နိုင်တော့မှာပေါ့... သူပြောပုံ အရဆိုရင် အသက်ရှင် လွတ်မြောက်ဖို့ ကမ္မ တန်ဖိုး ၁.၅ လိုပြီး အဲဒီ ကပ်ဘေးကနေ အကျိုးအမြတ် ရဖို့ အတွက်ကျ ကမ္မ တန်ဖိုး ၂ လိုအပ်တယ် တဲ့”
ဝေ့ဝူယင်က ကပ်ဘေး အကြောင်း ဂိုဏ်းချုပ်နှင့် ဘိုးဘေး အကြီးအကဲတို့ကို သတိပေးရန် တွေးလိုက်မိသည်။ သူ့အနေဖြင့် ကမ္မ အပြစ် မဖြစ်စေရန်သာ မျှော်လင့်ရ၏။ သူက ထိုင်ရာမှ ထရပ်ကာ ဖုန်ခါလိုက်သည်။ စွမ်းအား တိုးမြင့်လာသော ခန္ဓာကိုယ် အသစ်နှင့် အံဝင်ခွင်ကျ ရှိစေရန် အနည်းငယ် ကြိုးစားလိုက်ပြီးမှ သူက ထိုနေရာမှ ထွက်ခွာသွား၏။
...
နေသွေးနီနီဂိုဏ်း...
ရှင်းဖူ၊ ရန်ကျူး၊ ရှုယင်နှင့် အကြီးအကဲပင်းတို့ ဂိုဏ်းသို့ ပြန်လည် ရောက်ရှိသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် ပျောက်ဆုံးပြီးသည့် အချိန်မှ စ၍ ရေတွက်သော် နှစ်ပတ် တိုင်တိုင် ကြာမြင့်ခဲ့ပြီး ဖြစ်၏။ ဂိုဏ်းသည် ဝေ့ဝူယင်ကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း မည်သည့် အရိပ်အယောင်မှ မတွေ့ခဲ့ရချေ။ လူအများကမူ ဝေ့ဝူယင် သေဆုံးသွားပြီ သို့မဟုတ် ရူးသွပ်သွားပြီ စသည်ဖြင့် အမျိုးမျိုး ထင်ကြေးများ ပေးကြသည်။ ထိုအရာက ဖြစ်နိုင်ချေ ရှိပေသည်။
သို့သော်လည်း...
ဝေ့ဝူယင် ပျောက်ဆုံးသွးမှုက ကြီးမားသော ဂယက်လှိုင်းများကို မဖြစ်ပေါ် စေခဲ့ချေ။ ပျောက်ဆုံး၍ တစ်နှစ် မပြည့်မချင်း ဝေ့ဝူယင်ကို ဆက်လက် အသက်ရှင်နေဆဲဟု သတ်မှတ်ကာ အဓိက တပည့် အဆင့်အတန်းကို ပေးထားလိမ့်မည် ဖြစ်သည်။
နေသွေးနီနီတောင်ထိပ်ပိုင်း တစ်နေရာ၌ ရှင်းဖူသည် သူမ၏ စံအိမ်တော် အတွင်း ရှိနေခဲ့၏။ သူမသည် အနည်းငယ် ဖြူရော်နေကာ မျက်လုံးများမှာလည်း မှေးမှိန်နေသည်။ သူမအား ကြည့်ရသည်က ငိုထားပုံ ရ၏။
သူမသည် အိပ်ရာပေါ်၌ လှဲကာ ဖက်လုံးတစ်လုံးကို ဖက်ထားခဲ့သည်။ တစ်ခါတစ်ရံ ရှိုက်သံ သဲ့သဲ့က အပြင်သို့ ထွက်ပေါ်လာနေ၏။ သူမသည် အပြစ် ရှိသလို ခံစားနေရကာ ကိုယ့်ကိုယ်ကို မုန်းတီးနေမိသည်။ ဝေ့ဝူယင်အား ဤတာဝန်တွင် လိုက်ပါခိုင်းရန် ဆရာ ဖြစ်သူ အကြီးအကဲပင်းကို သူမ ပူဆာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမသာ မပူဆာခဲ့ပါက ဝေ့ဝူယင် ယခုကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံတွေ့ရလိမ့်မည် မဟုတ်ချေ။
ရှင်းဖူကား မည်သည့် ထူးချွန်မှုမှ မရှိသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ အလှပြင်ထားသည့် အချိန်တွင်ပင် သူမမှာ လှပရုံလောက်သာ ရှိပေသည်။ သူမသည် ရန်ကျူး၏ ရဲရင့်သော အလှကို မယှဥ်နိုင်သလို လမ့်ရ၏ လိင်ပိုင်းဆိုင်ရာ အသားလေး အလှကိုလည်း မမှီချေ။ ကျုူလန်၏ တော်ဝင်ဆန်သော အလှနှင့် ဆိုလျှင် ပို၍ပင် အလှမ်းကွာဝေးသေးသည်။ သို့သော်လည်း သူမကား မိန်းကလေး တစ်ယောက် ဖြစ်ပေသည်။ သူမတွင် ကြိတ်၍ သဘောကျရသူ၊ ချစ်မြတ်နိုးရသူများ ရှိပေသည်။ ထိုသူများနှင့် ပတ်သက်၍ အိပ်မက်များ၊ ဆန္ဒများမှာ သူမ၏ စိတ်ကို စိုးမိုးထား၏။
ဝေ့ဝူယင်သည် သူမ ချစ်ရသူများထဲမှ တစ်ယောက် ဖြစ်သည်။ မဟုတ်သေး... သူက ယခု သူမ ချစ်ရသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
သူမသည် သူ့အား လွန်ခဲ့သော သုံးနှစ် အဓိက တပည့် ရွေးချယ်ပွဲတွင် စတင် မြင်တွေ့ခဲ့သည်။ ထို့မတိုင်ခင် ကတည်းက အမည်ခံ တပည့် ဘဝမှ အတွင်းစည်း တပည့် အဖြစ် တက်လှမ်းနိုင်ခဲ့သည့် ပါရမီရှင် လူငယ်လေး အကြောင်းကို သူမ ကြားဖူးခဲ့သည်။ ထိုအချိန်ကတည်းက စ၍ သူမသည် သူ့အား စိတ်ဝင်စားခဲ့သည်။
ထို့နောက်၌ မထင်မှတ်သော အပြောင်းအလဲများစွာနှင့် အတူ သူမ ဂိုဏ်း၏ အဓိက တပည့် ဖြစ်လာခဲ့သည်။ ဝေ့ဝူယင်နှင့် နီးစပ်လိုသည့် သူမ၏ အိပ်မက်မှာလည်း ပိုမို နီးကပ်လာခဲ့သည်။ သို့သော်လည်း ပြဿနာက ဝေ့ဝူယင်နှင့် မည်ကဲ့သည့် ချိတ်ဆက်ရမည်ကို သူမ မသိချေ။ သို့သော်လည်း ကောင်းကင်သည် သူမ အတွက် တာဝန်တစ်ခုကို အပ်နှင်းကာ လမ်းကြောင်းအား ဖွင့်ပေးခဲ့ပေသည်။
ဒေါက်... ဒေါက်...
ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် သူမ ခေါင်းထောင် ကြည့်လိုက်၏။
“အထဲမှာလား...”
ရင်းနှီးသော အသံတစ်ခုက တံခါးနောက်မှ ထွက်ပေါ်လာသည်။ ထိုအရာကား အကြီးအကဲပင်းပင် ဖြစ်၏။
"ဟုတ်တယ်... ဝင်လာလို့ ရတယ်”
ရှင်းဖူက အားနည်းနေသည့် လေသံကလေးဖြင့် ပြန်ပြောလိုက်၏။
အကြီးအကဲပင်းက အထဲသို့ တဖြည်းဖြည်း လမ်းလျှောက်ဝင်လာကာ သူမ၏ ဘေးနားတွင် ထိုင်လိုက်သည်။
“တစ်ခုခု စားထားသေးလား...”
ကြင်နာတတ်သော မိခင် တစ်ယောက်ကဲ့သို့ မိန်းကလေး၏ ဆံပင်များကို တယုတယ သပ်တင်ပေးရင်း သူမက မေးလိုက်၏။
ရှင်းဖူမှာ ပြန်မဖြေချေ။
“သမီး အဲဒီကောင်လေးကို စိတ်ပူနေတယ် ဆိုတာ ဆရာ သိပါတယ်... ဒါပေမဲ့ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ရမယ်လေ... သမီးရဲ့ ပါရမီက အခြားလူတွေကို မမှီဘူး.. ဒီတော့ ကြိုးစား လေ့ကျင့်မှ တန်ခါကျမှာ... ယောက်ျားလေး တစ်ယောက် အတွက်နဲ့ ကိုယ့်ဘဝကြီးကို နစ်မွန်း မခံပါနဲ့”
အကြီးအကဲပင်းက လေသံပျော့ကလေးနှင့် ဆိုလိုက်၏။
ရှင်းဖူမှာမူ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူမ၏ မျက်ဝန်းတွင်မူ မျက်ရည်များက တတွေတွေ စီးကျနေသည်။
တပည့်ဖြစ်သူ၏ အဖြစ်အပျက်ကို ကြည့်ကာ အကြီးအကဲပင်းက သက်ပြင်းတစ်ချက် ချလိုက်၏။
သည်ကလေးမလေးကတော့...
သူမအား အခြားနည်းလမ်း တစ်ခုဖြင့် ဖြောင်းဖျရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် ဆက်သွယ်ရေး သလင်းကျောက်မှာ လင်းလက်လာခဲ့၏။ အကြီးအကဲပင်းက ထိုအရာကို ယူကာ ဝိညာဥ်စွမ်းအင်ဖြင့် ဖတ်လိုက်သည်။
“ဒါက... သူ ပြန်လာပြီ တဲ့...”
သူမမှာ အနည်းငယ်ပင် ထစ်အ နေခဲ့၏။ သို့သော်လည်း... သူမ၏ စကားလုံးများက ရှင်းဖူအား အပျော်လွန်ကာ အိပ်နေရာမှ ခုန်ထစေရန် လုံလောက်နေခဲ့ပြီ ဖြစ်လေသည်။ သူ... သူ ပြန်လာပြီလား...
...
ဝေ့ဝူယင်သည် နေသွေးနီနီတောင်ခြေရှိ ဝင်ပေါက်မှ တစ်ဆင့် ဝင်ရောက် လာခဲ့၏။ သူသည် ခြေလျင်သာ လျှောက်၍ ပြန်လာခဲ့ခြင်း ဖြစ်သည်။ လမ်းတစ်လျှောက်၌ မည်သည့် အခက်အခဲမျှ မရှိခဲ့ချေ။ သူသည် သစ်သားချီ၊ သစ်သား ဒြပ်စင် ကျင့်စဥ်များနှင့် ရင်းနှီး ကျွမ်းဝင်စေရန် အတွက် အရှိန်ကိုပင် အနည်းငယ် နှေးထားခဲ့သေးသည်။
ဒြပ်စင်ချီ နှလုံးသားကို ဖွဲ့စည်းရန် အတွက် သတ္တု၊ လျှပ်စီး၊ သစ်သား၊ ရေခဲနှင့် ချော်ရည် ဒြပ်စင်များကို ပထမဦးစွာ အောင်မြင်ထားရန် လိုအပ်သည်။ ထို့ကြောင့်ပင် သူ့အနေဖြင့် ပြင်ဆင်ရပေမည်။
“ရေခဲနဲ့ ချော်ရည်...”
ထိုနောက်ဆုံး ဒြပ်စင်နှစ်ခုမှာ အတော်လေး စိတ်ဝင်စား စရာ ကောင်းလှသည်။ ရေခဲချီအား ကျင့်ကြံရန် သိပ်မခက်လှသော်လည်း ချော်ရည်ပူ စွမ်းအင်ကိုမူ ဝူတိုင်းပြည် အတွင်း နေရာ တစ်နေရာတွင်သာ ရရှိနိုင်သည်။ သူ့အနေဖြင့် ထိုနေရာသို့ ခရီးတစ်ခေါက် ထွက်ရန် လိုအပ်သည်။
ဝေ့ဝူယင် ဝင်ပေါက်ကို ဖြတ်ကျော်ပြီးစဥ်တွင်ပင်... ကောင်းကင်မှ ကြိုးကြာတွန်သံ တစ်ခုကို ကြားလိုက်ရ၏။ သူက မော့ကြည့်လိုက်ရာ ထိုအရာက သူပိုင်ဆိုင်သော ကြိုးကြာ ဖြစ်၍ စီးနင်းလာသူမှာ တုလင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ တုလင်သည် ကြိုးကြာနှင့် အတူ ဝေ့ဝူယင်၏ နံဘေးသို့ ဆင်းသက်လာ၏။ ပတ်ဝန်းကျင်ရှိ လူများမှာ ဒဏ္ဍာရီလာ တန်ခိုးရှင် သားရဲ တစ်ကောင် ဆင်းသက်လာမှုကြောင့် အံ့သြကာ ဝိုင်းအုံ လာကြလေ၏။
ကြိုးကြာငှက်က ၎င်း၏ ခေါင်းဖြင့် ဝေ့ဝူယင်ထံသို့ တိုးဝှေ့ကာ ခရီးဦးကြို ပြု၏။ ဝေ့ဝူယင် လက်ဖြင့် ပြန်လည် ပွတ်သပ်ပေးသော အချိန်၌ ၎င်းထံမှ စိတ်လှုပ်ရှား၊ ကျေနပ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဝေ့ဝူယင်က ထိုသားရဲကို ကြည့်ရင်း နွေးထွေးစွာ ပြုံးလိုက်လေသည်။
“သခင်လေး... သခင်လေး ပြန်လာကာ ကျွန်တော် တကယ် ဝမ်းသာတာပဲ”
တုလင်က ဝေ့ဝူယင် အနားသို့ တိုးကပ်လာရင်း စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
“ဟဟ...”
ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်၏။ သူကား ချစ်ခင်ရသူများနှင့် ပြန်လည် တွေ့ဆုံရသည့် အတွက် စိတ်ထဲတွင် လွတ်လပ်ကာ ပျော်ရွှင် နေခဲ့သည်။
“ဪ... တုလင်...”
သူက တစ်စုံတစ်ခုကို သတိရဟန်ဖြင့် ညာဘက်လက်ကို ဆန့်ထုတ်ကာ တုလင်အား ပြလိုက်သည်။
“မင်း ဘာတွေ့လဲ...”
တက်တူးများကို အခြားလူများပါ မြင်နိုင်မည်လော ဝေ့ဝူယင် သိချင်နေမိသည်။ သူ၏ အမြင်အာရုံတွင်မူ ထိုလက်တစ်ခုလုံးမှာ လက်ချောင်းများမှ စ၍ အရင်းအထိ တက်တူးများဖြင့် ဖုံးလွှမ်းနေခဲ့ခြင်း ဖြစ်သည်။ တုလင်က ဝေ့ဝူယင်၏ လက်ကို နားမလည်စွာဖြင့် ကြည့်လိုက်၏။ ချောမွေ့သော အရေပြားနှင့် သေချာ ကျနစွာ ဖွဲ့စည်းထားသည့် ကြွက်သားများမှ လွဲ၍ ဘာကိုမှ သူမတွေ့ရချေ။
“မတွေ့ဘူး... ဘာလို့လဲ သခင်လေး...”
တုလင်က ဝေ့ဝူယင်အား သံသယဖြစ်ဟန်နှင့် ကြည့်ကာ မေးလိုက်၏။
ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။
“ဘာမဟုတ်ပါဘူးကွာ... အိမ် ပြန်ကြမယ်”
ထို့နောက်... သူက ကြိုးကြာ ကျောပေါ်သို့ ခုန်တက်ကာ မောင်းနှင်ရန် အဆင်သင့် ပြင်လိုက်၏။ တုလင်ကလည်း အလျင်စလိုပင် ခုန်တက်ကာ ဝေ့ဝူယင်၏ နောက်ဘက်တွင် ထိုင်လိုက်လေသည်။ မကြာခင်တွင်ပင် သူတို့ နှစ်ယောက်မှာ ကြိုးကြာနှင့် အတူ တိမ်စိုင်များ အကြား တိုးဝင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တော့သည်။
စံအိမ်သို့ ပြန်လည် ပျံသန်းနေစဥ် အတွင်း၌ တုလင်သည် သတင်းထူး အချို့ကို ဝေ့ဝူယင်အား ပြန်လည် ဖောက်သည်ချ နေခဲ့၏။ ထိုအထဲမှ စိတ်ဝင်စားစရာ အကောင်းဆုံး သတင်းမှာ ပျောက်ဆုံးနေခဲ့သည့် ကျင့်ကြံသူ တစ်သောင်းအား ပြန်လည် ရှာတွေ့ခဲ့ရသည့် သတင်းပင်...။ တုလင်၏ ပြောစကား အရဆိုလျှင် သူတို့သည် မြေအောက်ဥမင် တစ်ခုတွင် အချိန် ကြာမြင့်စွာ သတိမေ့ နေခဲ့ခြင်း ဖြစ်သည်။ သူတို့အထဲမှ မည်သူကမှ ထိုနေရာအား မည်ကဲ့သို့ ရောက်ရှိသွားသည်ကို မမှတ်မိခဲ့ကြချေ။
သူတို့ အားလုံး၏ တညီတညွှတ်တည်း ထွက်ဆိုမှု အရဆိုလျှင် သူတို့သည် အဆုံးမဲ့ အမှောင်ထု အတွင်း ကျရောက်သွားသည်။ သူတို့ လမ်းလျှောက်နေခဲ့သည်။ ထိုမျှသာ...
ထိုလူပျောက်မှုကား ဝူတိုင်းပြည် အတွက် ဒဏ္ဍာရီဆန်သော မျက်လှည့်တစ်ခုလိုပင်။ သို့သော်လည်း ဝေ့ဝူယင်ကမူ ထိုအရာမှာ အနက်ရောင် အရိုးစု၏ လက်ချက်ဖြစ်ကြောင်း သိရှိထားသည်။ သူမသည် ဝေ့ဝူယင် အတွက် ကမ္မ တန်ဖိုးများကို ခိုးယူရန် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။
မကြာခင်မှာပင် သူတို့သည် ခြံဝန်းရှိရာသို့ ရောက်ရှိ လာခဲ့လေ၏။
***