← Chapters

ဂိုဏ်းအား အစီရင်ခံခြင်း

Vol. 3 Ch. 32

ဂိုဏ်းအား အစီရင်ခံခြင်း

Vol. 3 Ch. 32

ဝေ့ဝူယင်မှာ ထူးဆန်းသော ခံစားချက် တစ်ခုကို ခံစားလိုက်ရ၏။ ဤနေရာ၌ သူ သုံးနှစ်ကျော်ကြာအောင် နေထိုင်ခဲ့သည့်တိုင် အနည်းငယ် သူစိမ်းဆန်နေသေးဆဲ ဖြစ်သည်။ အိမ်အကြောင်း တွေးမိချိန်၌ မိသားစုနှင့် ပတ်သက်သော အမှတ်တရများစွာက သူ၏ စိတ်အတွင်း ဝင်ရောက် လာခဲ့လေ၏။

ရုတ်တရက် တောင်ပံခတ်သံများမှာ သူတို့၏ နောက်မှ ထွက်ပေါ်လာခဲ့သည်။ ဝေ့ဝူယင်က လှည့်ကြည့်လိုက်ရာ လူနှစ်ယောက်ကို တင်၍ ပျံသန်းလာသော ကြိုးကြာဖြူ တစ်ကောင်ကို တွေ့လိုက်ရ၏။ သူတို့ထဲမှ တစ်ယောက်မှာ ရင့်ကျက်တည်ငြိမ်ကာ လှပသည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။ အခြားတစ်ယောက်မှာမူ အနည်းငယ် ဖြူရော်ကာ စိတ်လှုပ်ရှားနေသည့် မိန်းမငယ်လေး တစ်ဦး ဖြစ်၏။

“အကြီးအကဲပင်း... ရှင်းဖူ...”

ဝေ့ဝူယင် ငေးကြည့်နေစဥ်တွင်ပင် ထိုနှစ်ယောက်မှာ ကြိုးကြာထက်မှ ခုန်ဆင်းလာကြသည်။ ဝေ့ဝူယင် လက်နှစ်ဖက်အား ယှက်ကာ နှုတ်ဆက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် မိန်းကလေးမှာ အရှိန်နှင့် ပြေးလာကာ သူ့အား သိုင်းဖက်လိုက်လေ၏။

“ဒါက...”

ဝေ့ဝူယင်မှာ အနည်းငယ် အံ့သြမိသော်လည်း ရှင်းဖူကို သူ့အား ဖက်ခွင့် ပြုထားလိုက်၏။ ရှင်းဖူသည် ဝေ့ဝူယင်ကို မလွှတ်စတမ်း တင်းကြပ်စွာ ဖက်ထားခဲ့သည်။ သူမ၏ ပါးပြင်မှ တစ်ဆင့် စီးကျလာသော မျက်ရည်များကြောင့် သူ၏ သွေးနီရောင် ဝတ်ရုံကိုပင်လျှင် အနည်းငယ် စိုစိ လာခဲ့သည်။

အကြီးအကဲပင်းမှာ အကူအညီမဲ့သော အမူအရာဖြင့် ထိုမြင်ကွင်းကို ကြည့်နေခဲ့၏။ တုလင်က နောက်သို့ အလိုက်တသိ ဆုတ်ကာ ဝေ့ဝူယင်နှင့် ရှင်းဖူတို့ကို ရှောင်ပေးလိုက်သည်။ သူသည် ရှင်းဖူ အကြောင်း သိပ်မသိသော်လည်း အဓိက တပည့်တစ်ယောက်နှင့် အကြီးအကဲပင်း၏ အချစ်တော် တပည့် ဖြစ်ကြောင်းကိုမူ သိရှိထားပေသည်။

ဝေ့ဝူယင် ရှိုက်သံ သဲ့သဲ့ကို ကြားနေရ၏။ ပထမ၌ သူ မည်ကဲ့သို့ တုန့်ပြန်ရမှန်း မသိသော်လည်း အကြောင်းပြချက် အချို့ကြောင့် သူ၏ နှလုံးသားမှာ နွေးထွေးလာခဲ့သည်။ သူ ဂိုဏ်းသို့ ပြန်လည် ရောက်ရှိလာခြင်း အပေါ် ထိုကဲ့သို့ တုန့်ပြန်သည့် တစ်စုံတစ်ယောက် ရှိခြင်းကား မကောင်းသောအရာ မဟုတ်ပါချေ။ သူက မိန်းကလေး၏ ခေါင်းကို ခပ်ဖြေးဖြေး ပုတ်ရင်း ပြုံးလိုက်၏။

“ဘာမဖြစ်ပါဘူး... ငါ အဆင်ပြေပါတယ်”

ရှင်းဖူ သူ့အား ကြိုက်နေကြောင်း ဝေ့ဝူယင် အစောကတည်းက ရိပ်မိပေသည်။ သို့သော်လည်း သူမ၏ ခံစားချက် ထိုမျှ ပြင်းထန်ကြောင်းကိုမူ သူ ယခုမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တဖြည်းဖြည်းနှင့် ရှင်းဖူ၏ အသက်ရှူသံများက နှေးကွေးလာကာ ခန္ဓာကိုယ်မှာလည်း ပျော့ပြောင်းလာသည်။ သူမ၏ မျက်လုံးများမှာ မျက်ရည်များ စိုဆွတ်လျှက်ကပင် မှေးစင်းသွား၏။ သူမကား ဝေ့ဝူယင်၏ ရင်ခွင်ထဲတွင်ပင် အိပ်မောကျသွားခဲ့ပြီ ဖြစ်လေသည်။

ဝေ့ဝူယင်က လက်များဖြင့် သူမကို ထိန်းရင်း အကြီးအကဲပင်းအား ကြည့်လိုက်၏။ အကြီးအကဲပင်းက ရှေ့သို့ အနည်းငယ် တိုးကာလာ သက်ပြင်းတစ်ချက် ချလိုက်သည်။

“နင်ဘာမှ မဖြစ်ဘူး ဆိုတော့ ငါလည်း စိတ်ချပါပြီ... အဲဒီတုန်းက နင် ဘယ်လိုဖြစ်သွားလဲ ငါမသိပေမဲ့ အကြောင်းအရာ တော်တော်များများနဲ့တော့ ဆက်နွယ်နေမယ် ထင်တယ်... ဂိုဏ်းချုပ်ဆိုရင် နင့်အတွက် ရှာဖွေရေး အဖွဲ့တစ်ခုတောင် လွှတ်ခဲ့သေးတယ်... အဲဒါက ရှားပါးဖြစ်စဥ် တစ်ခုပဲ”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ သူ၏ ပါရမီနှင့် ကျင့်ကြံခြင်း အခြေခံတို့ကြောင့် ဂိုဏ်းမှ သူ့အပေါ် တန်ဖိုးထားသည်မှာ သိပ် မဆန်းကြယ်လှချေ။

“ကျုပ် ထွက်ပြေးသွားခဲ့မိတဲ့ အတွက် တောင်းပန်ပါတယ်... အဲဒီတုန်းက မရည်ရွယ်ပဲ ဖြစ်သွားခဲ့တာပါ”

ဝေ့ဝူယင်က ဆိုလိုက်သော်လည်း ထိုစကားကို ပြောရန် လုံးဝ မလိုအပ်သလို ခံစား နေရသည်။ သူ၏ လက်ရှိ အခြေအနေက ချီပျစ်ခဲခြင်း အဆင့်လေး အကြီးအကဲ တစ်ယောက်အပေါ် တောင်းပန်ရန် သို့မဟုတ် ယဥ်ကျေးရန် မလိုချေ။ ကျင့်ကြံခြင်း လောက၌ တန်ခိုးအဆင့်မှာ အက္ခရာကျကာ အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။

အကြီးအကဲပင်းမှာ အနည်းငယ် အံ့သြသွားသော်လည်း နောက်ဆုံး၌ သူမက ပြုံးလိုက်၏။ အစဥ်သဖြင့် အေးခဲနေတတ်သော သူမ၏ အမူအရာက အရည်ပျော်သွားလေရာ မယုံနိုင်စရာ အလှတရားက ပေါ်လွင်လာသည်။ တုလင်ပင်လျှင် သူမ၏ အပြုံးကို ကြည့်ကာ အံ့အားသင့် သွားခဲ့သည်။

“ခင်ဗျား သူ့ကို ခေါ်သွားမလား...”

ဝေ့ဝူယင်က သူ၏ လက်ထဲရှိ ရှင်းဖူကို ငုံ့ကြည့်ရင်း မေးလိုက်၏။

အကြီးအကဲပင်းက အနည်းငယ် စဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“နင့်ကို အဲဒီတာဝန်မှာ ပါဝင်စေဖို့ တောင်းဆိုခဲ့တာ သူပဲ... ဒီကလေးမက နင့်ရဲ့ အာရုံစိုက်မှုကို တစ်နည်းနည်းနဲ့ ရဖို့ မျှော်လင့်နေတာလေ... ခု သူ့ရဲ့ သဘောထားကို နင် ရိပ်မိလောက်ပါပြီ”

ဝေ့ဝူယင်မှာ အချိန် အနည်းငယ် ငြိမ်သက်သွား၏။

“လက်စသတ်တော့ သူကိုး...”

နောက်ဆုံး၌ ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချလိုက်သည်။

“ကျုပ် နားလည်ပြီ...”

သူက ဂရုတစိုက်ပင် သူမကို အကြီးအကဲပင်းထံ လက်လွှဲပေးလိုက်၏။ မကြာခင်တွင်ပင် သူမကာ ကြိုးကြာငှက်ကို စီးနင်းကာ တဖြည်းဖြည်း ကောင်းကင်သို့ ပြန်တက် သွားခဲ့ပြီ ဖြစ်တော့သည်။

ဝေ့ဝူယင်သည် သူတို့ ထွက်ခွာသွားသည်ကို အဓိပ္ပာယ် မဲ့စွာဖြင့် ငေးကြည့်နေမိ၏။ ခံစားချက်လှိုင်းများက သူ့ နှလုံးသားထဲတွင် ရိုက်ခတ်နေသည်။ သူသည် အနက်ရောင် ဓားအောက်တွင် သေဆုံးသွားခဲ့ရသည့် သူကိုယ်တိုင်၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်နေမိ၏။

ဓားချက်...

ထိုဓားချက်က တိတိကျကျပင် သူ၏ ဦးခေါင်းကို ထက်ပိုင်းဖြတ် သွားခဲ့သည်။

“ကပ်ဘေးကို မလာခင် တားဆီးထားတာ အကောင်းဆုံးပဲ...”

ဝေ့ဝူယင်က တွေးလိုက်၏။ ထို့နောက် သူက တုလင်ကို မှာစရာ ရှိသည်များ မှာကာ စံအိမ်ခြံဝန်း အတွင်း နေရစ်စေခဲ့သည်။ သူကိုယ်တိုင်ကမူ ကြိုးကြာဖြူကို စီးနင်းကာ တောင်ထိပ် အလွှာများစီ ပျံသန်း လာခဲ့သည်။ သူသည် ဂိုဏ်းချုပ်နှင့် ဘိုးဘေး အကြီးအကဲထံ ကျူးလန်၏ လုပ်ရပ်များနှင့် ဂိုဏ်းအပေါ် ကျရောက်လာနိုင်သော ကပ်ဘေးအကြောင်း အစီရင်ခံတော့မည် ဖြစ်ပေသည်။

...

နေသွေးနီနီတောင်ထိပ်၌...

သန့်စင်သော သွေးကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည့် မဟာ နန်းဆောင်ကြီး တစ်ခု ရှိလေ၏။ ၎င်းသည် ကြည့်ရှုမိသူကို သိမ်ငယ် ထိတ်လန့်စေနိုင်သည့် ထူးခြား ပြင်းထန်သော ရောင်ဝါ တစ်ခုကို ပိုင်ဆိုင်ထားသည်။

နီမြန်းသော သွေးချီသည် နန်းဆောင်နံရံများထက်၌ ဝေ့ဝဲနေ၏။ ၎င်းတို့မှာ ထူထပ် သိပ်သည်းလွန်းရကား မြူများအသွင်ပင် ဖွဲ့စည်းကာ လေနှင့်အတူ လွင့်ပါနေခဲ့သည်။

နန်းဆောင်အတွင်း၌ အင်ပါယာ ရွှေသရဖူနှင့် သွေးနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ထိုင်နေခဲ့၏။ ရွှေသရဖူ၌ မြှုပ်နှံထားသော ပတ္တမြား ရတနာမှာ နေမင်းအလား နန်းတော် တစ်ခုလုံးကို ဖြန့်ကျက်ကာ ထွန်းလင်းလျှက် ရှိ၏။ ထူထဲသော သွေးရောင်ချီက သူ၏ နံဘေးတွင် သဘာဝ အလျှောက် စီးဆင်းနေသည်။ သူကား... နေသွေးနီနီဂိုဏ်း၏ တစ်ဦးတည်းသော ဘိုးဘေး အကြီးအကဲ ဝူရှင်းဟောင်ပင် ဖြစ်ပေသည်။

သူ၏ နံဘေးတွင်မူ မဟာ အကြီးအကဲ အချို့ ရှိ၏။ သူတို့ အားလုံးမှာ နတ်ဘုရား အဆင့်ဟု ဆိုကြသည့် ချီပျစ်ခဲခြင်း အဆင့်ခြောက် မှားသော အမှန် အဆင့်သို့ ရောက်ရှိ ပြီးကြသူများ ဖြစ်သည်။ သူတို့ကား အရေအတွက်အားဖြင့် ဆယ့်တစ်ယောက် တိတိရှိကာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြဟန် ရသည်။ ဂိုဏ်းချုပ်သည်လည်း ထိုဆွေးနွေးဝိုင်းတွင် အဓိက ပြောဆိုသူ တစ်ယောက်အဖြစ် ပါဝင်လျှက် ရှိ၏။

နေသွေးနီနီဂိုဏ်းချုပ်သည် ယောက်ျား တစ်ယောက် မဟုတ်ပဲ အမျိုးသမီး တစ်ယောက်သာလျှင် ဖြစ်သည်။ သူမသည် ရိုးရိုးရှင်းရှင်း အနီရောင် ဝတ်စုံကို ဆင်မြန်းထားကာ ဖီးနစ် မျက်လုံးများကို ပိုင်ဆိုင်ထား၏။ သူမ၏ မျက်ခုံးများကမူ အနည်းငယ် ပါးကာ နှုတ်ခမ်းများမှာ ချယ်ရီရောင် သမ်းနေသည်။

“ဝေ့ဝူယင် ပြန်လာပြီ ဆိုတဲ့ သတင်းကို ကျွန်မ ခုပဲ လက်ခံ ရရှိထားတယ်... ရှာဖွေရေး အဖွဲ့တွေကိုလည်း ပြန်လာဖို့ အကြောင်းကြားလိုက်ပြီ”

သူမက ဆိုလိုက်သည်။

မဟာ အကြီးအကဲ တစ်ယောက်က ခေါင်းညိတ်လိုက်၏။

“သူ ပြန်လာပြီဆိုတော့ ကောင်းတာပေါ့... သူ ဘယ်လို ရတနာမျိုးကို ပိုင်ဆိုင်ထားသလဲ ငါတို့ ရှာဖွေလို့ ရပြီ... အဲဒီ ရတနာက ဂိုဏ်းအတွက် အကျိုးရှိချင် ရှိမှာ”

သူ၏ လေသံက လိုချင် တပ်မက်ခြင်း လောဘများဖြင့် ပြည့်နှက်နေသည်။ အခြား မဟာ အကြီးအကဲများ၏ မျက်ဝန်းများမှာလည်း တူညီသော ဆန္ဒများဖြင့် တဖိတ်ဖိတ် တောက်နေ၏။

ဝေ့ဝူယင်မှာ အဆင့်သုံး မျိုးနွယ်လေးတစ်ခုမှ ဘာမှ မဟုတ်သော လူတစ်ယောက်သာ ဖြစ်သည်။ သူတို့၏ နောက်ခံကြောင့်သာလျှင် ထိုဝေ့မျိုးနွယ်လေးမှာ အဆင့်နှစ် ဂိုဏ်းတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကောင်လေးမှာ ဂိုဏ်းသို့ ဝင်ရောက်ပြီးချိန်မှ စ၍ တဟုန်ထိုး ပေါက်ကွဲကာ အဓိက တပည့် အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ ပထမ၌ လူများက ထိုအရာမှာ သူ၏ မွေးရာပါ ပါရမီ ဟုသာ ယူဆ ခဲ့ကြသည်။

သို့သော်လည်း နောက်ပိုင်း၌ ကျူးလန်က ဝေ့ဝူယင် ထိုကဲ့သို့ တိုးတက်လာခဲ့ခြင်းမှာ ကျင့်ကြံခြင်း ရတနာ တစ်ခုကို ပိုင်ဆိုင်ထားခြင်းကြောင့်ဟု ကောလဟာလများ စတင် ဖြန့်ဝေခဲ့သည်။ ဝေ့ဝူယင် ချီပျစ်ခဲခြင်း အဆင့်ငါးသို့ ရောက်သွားခြင်းနှင့် အဆင့်မြင့် ဒြပ်စင်နှစ်ခုကို ပိုင်ဆိုင်ထားခြင်း ဟူသော သတင်းနှစ်ခုက ထိုကောလဟာလများကို ပိုမို လောင်ကြွမ်းစေခဲ့သည်။

ယခုဆိုလျှင် ဂိုဏ်းထဲ၌ ဝေ့ဝူယင်ကို ပါရမီရှင်ဟု မြင်သူ အရေအတွက်မှာ အလွန် နည်းပါး နေခဲ့ပြီ ဖြစ်သည်။ လူများသည် ပင်ကိုယ် ပါရမီနှင့် အရည်အသွေးကို တိုးမြှင့်ပေးနိုင်သော ရတနာ တစ်ခု ဝေ့ဝူယင်တွင် ပိုင်ဆိုင်ထားကြောင်း ချဲ့ကား ပြောဆိုနေကြ၏။ ကျင့်ကြံခြင်း သမိုင်းကြောင်း၌ ထိုကဲ့သို့ ရတနာမျိုး ပေါ်ထွန်းခဲ့သည့် မှတ်တမ်းမှတ်ရာ များစွာ ရှိပေသည်။ ပြောရလျှင် အင်ပါယာ ဝူမျိုးနွယ်တွင်ပင် ထိုကဲ့သို့ ရတနာများ တစ်ခု ရှိပေသည်။ ဘိုးဘေး အကြီးအကဲ ဝူရှင်းဟောင်သည်လည်း ထိုအင်ပါယာ ဝူမျိုးနွယ်သား တစ်ယောက်ပင် ဖြစ်သည်။

ဂိုဏ်းချုပ် စုလင်းယာက မျက်မှောင်ကြုတ်လိုက်၏။

“ကောလဟာလတွေ ပျံ့လာတဲ့ နောက်ပိုင်း ကျွန်မ ဘာမှ မလုပ်ပဲ ထိုင်နေတယ်လို့ ရှင်တို့ တွေးနေတာလား... ကျွန်မရော ဘိုးဘေး အကြီးအကဲရော သူ့ကို နှံ့နှံ့စပ်စပ် စုံစမ်းပြီးပြီ... ဘာ ကျင့်ကြံခြင်း ရတနာမှ မရှိဘူး... သူက ပင်ကိုယ် ပါရမီရှင်”

သူမ၏ စကားလုံးများက အခြားလူများကို တိတ်ဆိတ် သွားစေ၏။ မှန်ပေသည်။ ဝေ့ဝူယင်တွင် ကျင့်ကြံခြင်း ရတနာတစ်ခု အမှန်တကယ် ရှိပါက ဝူရှင်းဟောင်မှာ မည်ကဲ့သို့ လွှတ်ထားပါမည်နည်း။

သို့သော်လည်း တစ်စုံတစ်ခုကို တွေးမိသော အခါ၌ သူတို့မှာ ကြောက်လန့် တုန်လှုပ် လာခဲ့လေ၏။ မဟာ အကြီးအကဲတစ်ယောက်က မေးလိုက်သည်။

“ဒါဆို သူက ဘယ်လိုလုပ်ပြီး အဆင့်မြင့် ဒြပ်စင်နှစ်ခုကို အောင်မြင်ထားတာလဲ... အဲဒါကလည်း ပင်ကိုယ် ပါရမီပဲလား”

စုလင်းယာက ခေါင်းခါလိုက်၏။

“တာဝန်တစ်ခုနဲ့ အပြင်ကို ရောက်နေတဲ့ အချိန်မှာ သူက နှစ်တစ်ထောင် သံမဏိ အမတေ တစ်ခုကို ရရှိခဲ့တယ်... နောက်ပြီး အဓိက တပည့်ပြိုင်ပွဲ ပြီးတဲ့အချိန်မှာ ဘိုးဘေး အကြီးအကဲက သူ့ကို သ‌ဘောကျလို့ ခရမ်းရောင် မိုးကြိုးကျောက်တုံး သုံးတုံး ဆုချလိုက်သေးတယ်... သူက ဒြပ်စင်နှစ်ခု မွေးဖွားဖို့ အဲဒါတွေကို သုံးခဲ့တာ”

စုလင်းယာက တည်ငြိမ်စွာပင် ဆက်ပြောလိုက်သည်။

“သူ လခရမ်းဂိုဏ်းသား အကြွင်းအကျန်တွေကို လိုက်ရှင်းတုန်းကရော၊ ယင် ရှေ့ဟောင်းနယ်မြေမှာ ကျင့်ကြံနေတဲ့ တစ်ချိန်လုံးရော ကျွန်မ စောင့်ကြည့်နေခဲ့တာ... သူက ပင်ကိုယ် ပါရမီ၊ ကံကောင်းမှုနဲ့ ဉာဏ်ရည်တွေကိုပဲ သုံးပြီး ဒီအဆင့်ထိ ရောက်လာခဲ့တာ... ဘာ လှည့်ကွက်မှ မပါဘူး”

မဟာ အကြီးအကဲများမှ ငြိမ်ကျနေ၏။ သူတို့မှာ ဝေ့ဝူယင်၏ ပါရမီ၊ အရည်အချင်းတို့ကြောင့် ဂိုဏ်း၏ အနာဂတ် အတွက် အားတက်မိသလို တစ်ချိန်တည်း၌ ကျင့်ကြံခြင်း ရတနာ မရှိခြင်းကြောင့်လည်း စိတ်ပျက်နေကြသည်။

“ဟမ်...”

ရုတ်တရက် စုလင်းယာက မျက်မှောင်ကြုတ်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ သူမက အင်္ကျီလက်ကို ခါယမ်းလိုက်ရာ တံခါးမှာ ပွင့်ဟသွားကာ ငွေရောင် မျက်လုံးပိုင်ရှင် ပုံရိပ် တစ်ခု ပေါ်လာခဲ့သည်။

“အဓိက တပည့် ဝေ့ဝူယင် ဂိုဏ်းချုပ်နဲ့ လာ‌ရောက်‌ တွေ့ဆုံပါတယ်”

***

All Chapters