← Chapters

အယ်ဗန်မှင်စာမျိုးနွယ်

Vol. 3 Ch. 34

အယ်ဗန်မှင်စာမျိုးနွယ်

Vol. 3 Ch. 34

ဝေ့ဝူယင်က ချီစွမ်းအင်ကို အသင့်ပြင်ရင်း နောက်သို့ လှည့်ကြည့်လိုက်၏။ ဒြပ်စင်ချီ ခုနစ်ခုသည် သူ၏ ခန္ဓာကိုယ် အတွင်း နွေးထွေးစွာ စီးဆင်းသွားသည်။ သူသည် အချိန်မရွေး တိုက်ခိုက်မှုကို ဖော်ထုတ်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်သည် ဆန်းပြားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်ဖြူ လူကြီးတစ်ဦးအား တွေ့လိုက်ရ၏။ ထိုလူကြီးသည် ခပ်ပါးပါး မျက်ခုံးမွေး၊ စင်ကြယ်သော အသားအရေ၊ ပိန်ပိန်ရှည်ရှည် ခန္ဓာကိုယ်နှင့် အစိမ်းရောင် မျက်လုံးများကို ပိုင်ဆိုင်ထားကာ ထူးခြားစွာ နုပျို ခန့်ညားပေသည်။ အကယ်၍ ထိုလူသာ မိန်းမသား တစ်ယောက် ဖြစ်ပါက ယောက်ျားများ၏ ရင်တွင်းမီးကို ဆိုးဆိုးရွားရွား လောင်မြိုက်စေလိမ့်မည် ဖြစ်သည်။

အထင်ရှားဆုံး အင်္ဂါရပ်မှာ သူ၏ နားရွက်များ ဖြစ်သည်။ ၎င်းတို့သည် ထိပ်ဖျား၌ ဓားများ ကဲ့သို့ ချွန်တက်နေကာ သာမန် လူသားများထက် သိသိသာသာ ပိုရှည်နေသည်။

“မှင်စာ...”

ကောက်ချက်ချမိသည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်၏ စိတ်မှာ အတွေးမျိုးစုံဖြင့် ရောယှက်သွား၏။

“ပထမ ငါ့မှာ မင်းကို လာတွေ့ဖို့ ရည်ရွယ်ချက် မရှိဘူး... ဒါပေမဲ့ သမီးကို ကူညီတဲ့ လူငယ်က ဘယ်လိုပုံရှိလဲ ဆိုတာ မြင်ချင်တဲ့ အတွက် ငါ လာခဲ့တာပဲ”

မှင်စာမျိုးနွယ်က ပြောသည်။

သမီး... သူ့ရဲ့ သမီးကို ကူညီတယ်...

ဝေ့ဝူယင် တစ်စုံတစ်ခုကို တွေးလိုက်မိ၏။ မြစိမ်းရောင် ဆံပင်နှင့် မျက်လုံးပိုင်ရှင် မိန်းကလေးက ထိုလူကြီး၏ သမီး ဖြစ်နေသည်လော။

“မင်းပြောစရာ မလိုပါဘူး... မင်းနဲ့ ကျူးလန် မိန်းကလေးကြားမှာ ကာလရှည်ကြာ အဖုအထစ်တွေ ရှိတာ ငါ သိပြီးပါပြီ... မင်းက သူ့ကို ရှင်းထုတ်ဖို့ ငါတို့ကို အသုံးချခဲ့တာလည်း ဖြစ်ချင် ဖြစ်လိမ့်မယ်... ဒါမှမဟုတ် ဂိုဏ်းရဲ့ အနာဂတ် အတွက် မင်းလုပ်ခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ်... ဘာပဲဖြစ်ဖြစ်လေ မင်းရဲ့ လုပ်ရပ်က လုံးဝ မှန်ကန်ပါတယ်”

“ငါ သမီး အိမ်ဆီ ပြန်ပို့ ပြီးပြီ... ကျူးလန် မိန်းကလေးပါ အပါအဝင်ပေါ့... သူက မသေမချင်း ငါတို့ရဲ့ အစေခံ ဖြစ်ရလိမ့်မယ်”

“မင်းကြောင့်ပဲ ငါတို့ သူ့ကို အသက်ရှင်လျက် တွေ့ခဲ့ရတာ... မင်းတို့ရဲ့ ဂိုဏ်းချုပ်နဲ့ ဘိုးဘေး အကြီးအကဲက ငါတို့ဆီ တိုက်ရိုက် အကြောင်းကြားပြီး အခြေအနေကို ပြောပြခဲ့တယ်လေ... နောက်ပြီး သူတို့က သမီးရဲ့ နစ်နာမှု အတွက် လျော်ကြေးငွေတွေ အမြောာက်အများပါ ပေးအပ်ခဲ့တယ်... လူတစ်ယောက်တည်းရဲ့ လုပ်ရပ် အတွက် ဂိုဏ်းတစ်ခုလုံးကို တိုက်ခိုက်ဖို့  ငါတို့မှာလည်း ရည်ရွယ်ချက် မရှိတော့ပါဘူး”

မှင်စာမျိုးနွယ်က ရှေ့သို့ အနည်းငယ် လျှောက်လာကာ ကောင်းကင်ဆီ ဦးတည်၍ သူ၏ လက်ဖဝါးကို ဖြန့်လိုက်၏။ ဝေ့ဝူယင်သည် မည်သည့် ချီကျင့်စဥ် သို့မဟုတ် အကာအကွယ် အစီအရင်ကိုမျှ ‌ဖော်ထုတ်ခြင်း မပြုပါချေ။ ထိုမှင်စာ၏ ကျင့်ကြံခြင်း အဆင့်မှာ သူ့ထက် အဆပေါင်းများစွာ ပိုမို မြင့်မားလေရာ သူသာ တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိပါက မည်သည့် အရာမျှ အသုံးဝင်လိမ့်မည် မဟုတ်ချေ။ ဝေ့ဝူယင်က ထိုအရာမှာ သူ့အတွက် အခွင့်အရေး တစ်ခု ဖြစ်လိမ့်မည်ဟုပင် ခံစားနေရသည်။

“မင်းက ပါရမီရှင်လို့ ငါကြားထားတယ်... အသက် အစိတ်လောက်နဲ့တင် ချီပျစ်ခဲခြင်း အဆင့်ငါးကို ရောက်နေပြီ... ငါတောင်မှ မင်းရဲ့ ပါရမီကို စိတ်ဝင်စားမိတယ်... ငါ့ဆီမှာ မင်းအတွက် ကံကောင်းခြင်း တစ်ခုရှိတယ်”

စကားပြောနေစဥ်တွင်ပင် အနက်ရောင်၊ အဖြူရောင် အလင်းများ ရောယှက်နေသည့် စွမ်းအင်များက သူ၏ လက်ဖဝါးထက်တွင် လျှင်မြန်စွာ စုစည်းလာ၏။

"ယင်နဲ့ ယန် စွမ်းအင်...”

ဝေ့ဝူယင်မှာ ထိတ်လန့်သွားသည်။

ဟူး... ဟူး...

ယင်နှင့်ယန် စွမ်းအင်များသည် အရှိန်ပြင်းစွာ လှည့်ပတ်ရင်း တစ်ခုနှင့် တစ်ခု ပေါင်းစပ်သွား၏။ ၎င်းတို့အား ကြည့်ရသည်က အလွန် အားကောင်းသော ဆွဲအားတစ်ခု၏ အောက်သို့ ကျရောက်နေဟန် ရသည်။ ထိုပေါင်းစပ်မှု၏ ရလဒ်အဖြစ် အရောင်အဆင်း ကင်းမဲ့ကာ ကြည်လင်သော စွမ်းအင် တစ်ခု မွေးဖွားလာခဲ့လေ၏။

မှင်စာမျိုးနွယ်က လက်သီးအား ဆုပ်လိုက်၏။ တောက်ပသော အလင်းတန်းများမှာ သူ၏ လက်ချောင်းများကြားမှ တိုးဝှေ့ ထွက်ပေါ်နေသည်။ မကြာခင်မှာပင် ထိုအလင်းတန်းများမှာ တဖြည်းဖြည်း မှိန်ဖျော့ကာ လျော့နည်းသွား၏။

သူ လက်ဖဝါးကို နောက်တစ်ကြိမ် ဖွင့်လိုက်သော အခါ၌ ကြည်လင်သည့် သလင်းကျောက် တစ်ခုသာလျှင် ကျန်ရှိတော့သည်။ ထိုအရာသည် စက်လုံး ပုံသဏ္ဌာန်ဖြစ်ကာ သစ်ကြားသီး အရွယ်အစားခန့် ရှိသည်။

“ဒါက ယင်ယန် နတ်ဘုရား စက်ဝန်းပဲ... မှားသောအမှန် အဆင့်ကို ရောက်ဖို့ အတွက် ကူညီပေးနိုင်တဲ့ နည်းလမ်း အနည်းငယ်ထဲက တစ်ခုပေါ့... ဒီစက်ဝန်းထဲမှာ အနန္တ ကုန်းမြေရဲ့ ယင်နဲ့ ယန် အသန့်စင်ဆုံး စွမ်းအားတွေ ပါဝင်နေတယ်... ဒီရတနာက မင်းရဲ့ အနာဂတ် လမ်းကြောင်းကို ပိုပြီး လွယ်ကူအောင် ကူညီပေးလိမ့်မယ်”

မှင်စာမျိုးနွယ်က သလင်းကျောက်လုံးကို ဝေ့ဝူယင် ရှိရာဘက်သို့ တွန်းပို့လိုက်၏။

“ဒါက ငါ့သမီးကို ကူညီခဲ့တဲ့ အတွက် ငါ မင်းကို ပေးတဲ့ လက်ဆောင်ပဲ”

ထိုစကားကို ပြောပြီးနောက်၌ မှင်စာမျိုးနွယ်မှာ ဖျပ်ခနဲ ပျောက်ကွယ်သွား၏။ သူကား ဤနေရာသို့ ဘယ်တုန်းကမှ မလာခဲ့သည့် အတိုင်းပင်။

ဝေ့ဝူယင်မှာမူ နေရာတွင်ပင် ရပ်ကာ အနည်းငယ် တုန်လှုပ်နေမိသည်။ သူသည် မှင်စာမျိုးနွယ်နှင့် တွေ့ဆုံရာ၌ စကားတစ်ခွန်းမှ မဆိုခဲ့ချေ။ ထိုပုဂ္ဂိုလ်မှာ သူပြောချင်ရာသာ ပြောပြီး ပြန်လည် ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။ သူ ရပ်ခဲ့သော နေရာ၌ မည်သည့် အရိပ်အယောင် တစ်ခုမှ မကျန်ခဲ့ချေ။

ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချကာ ယင်ယန် နတ်ဘုရား စက်ဝန်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ဟင်းလင်းပြင် လက်စွပ်အတွင်း ထည့်သွင်းရန် ရည်ရွယ်ချက်ဖြင့် လက်ကို ဆန့်ထုတ်ကာ သလင်းကျောက်လုံးလေးကို ဖမ်းဆုပ်လိုက်၏။

“ဟမ်...”

ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားသည်။ လျှင်လျှင်မြန်မြန်ပင် ဝေ့ဝူယင်သည် လက်ကို ရုတ်ကာ နောက်ဆုတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း ယင်ယန် နတ်ဘုရား စက်ဝန်း၏ လှုပ်ရှားမှုမှာ သူ့ထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်နေခဲ့လေသည်။ ၎င်းသည် တစ်စုံတစ်ခု၏ အတိုင်းအဆ မရှိ ဆွဲငင်မှုကို ခံရသည့် အလား သူ၏ ခန္ဓာကိုယ် အတွင်း တိုးဝင်သွားလေတော့၏။

ဝေ့ဝူယင်၏ မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်ခြင်း၊ မယုံကြည်နိုင်ခြင်းတို့နှင့် ပြည့်နှက် သွားလေ၏။

“ချီးပဲ...”

ဝေ့ဝူယင်၏ ခန္ဓာကိုယ်အတွင်း ချီနှလုံးသား နှစ်ခုမှာ ပြင်းထန်စွာ လှုပ်ရှားနေ၏။ ၎င်းတို့ကား အသားစိမ်းနံ့ကို ရသည့် ဝံပုလွေများ အတိုင်းပင်။ သူတို့သည် အဆင့်ငါး ဟာရီကိန်း မုန်တိုင်း ကဲ့သို့ အလွန် လျှင်မြန်စွာ လှည့်ပတ်ရင်း ယင်ယန် နတ်ဘုရား စက်ဝန်းဆီ ဦးတည်လေ၏။

ဝေ့ဝူယင်၏ နှလုံးသား အတွင်းဝယ် ထိတ်လန့်ခြင်းနှင့် အန္တရာယ် အငွေ့အသက်များက စိုးမိုး ခြယ်လှယ်နေ၏။ ပုံမှန်အားဖြင့် ဆိုပါက ချီနှလုံးသားများမှာ ကျင့်ကြံသူ၏ အမိန့်ပေးမှုကို ရရှိမှ လှုပ်ရှားတတ်သော အစိတ်အပိုင်းများ ဖြစ်သည်။ ဝေ့ဝူယင် ကျင့်ကြံခဲ့သည့် တစ်လျှောက်လုံး ယခုကဲ့သို့ တစ်ကြိမ်မှ မကြုံခဲ့ဖူးချေ။ ဆာလောင်မှုက ပြင်းပြင်းပြပြ ဖြစ်ပေါ်လာလေရာ သူ၏ ဝမ်းဗိုက် ကြွက်သားများပင် နာကျင်လာခဲ့သည်။

ဝေ့ဝူယင် သူ့ဝမ်းဗိုက်ကို လက်ဖြင့် ဆုပ်ကိုင်လိုက်၏။ သစ်ကြားသီး အရွယ် ယင်ယန် နတ်ဘုရား စက်ဝန်းလေးမှာ သူ၏ ထျန်းတျန်အတွင်း ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ထိတ်လန့်တုန်လှုပ်နေခြင်းက ပြဿနာကို ဖြေရှင်းရန် အကူအညီ မဖြစ်လေရာ ဝေ့ဝူယင်မှာ မိမိကိုယ်ကို စိတ်တည်ငြိမ်မှု ရရှိအောင် ကြိုးစား ထိန်းသိမ်းလိုက်သည်။

ခပ်ပြင်ပြင်း အသက်ရှူရင်း သူက တင်ပျဥ်ချိတ်ကာ ထိုင်ချလိုက်၏။ သူ၏ မျက်လုံးများက မှိတ်သွားကာ လက်များမှာ မုဒြာသဏ္ဌာန် အချို့ကို မရပ်မနား ဖော်ဆောင်လိုက်သည်။ ယခုအနေအထား၌ သူ့အနေဖြင့် ချီနှလုံးသားကို ဆက်သွယ် ထိန်းချုပ်နိုင်ရန် အရေးတကြီး လိုအပ်နေပေသည်။

ဟူး... ဟူး...

သူ၏ ချီနှလုံးသား နှစ်ခုသည် ယင်ယန် နတ်ဘုရား စက်ဝန်းကို အချိုမုန့်များ အလား အငမ်းမရ ဝါးမျိုနေ၏။ ၎င်းတို့သည် ထိုအရာကို လမ်းကြောင်းနှစ်ခု ခွဲထုတ်ကာ ယင်နှင့် ယန်စွမ်းအင်များကို သီးခြားခွဲ၍ စုပ်ယူနေ၏။

ဝေ့ဝူယင်သည် သူဖတ်ဖူးသည့် မှတ်တမ်း တစ်ခုကို ပြန်လည် သတိရလိုက်၏။ ထိုမှတ်တမ်းတွင် ယင်နှင့် ယန် အထူးသဖြင့် သန့်စင်သည့် ယင်နှင့် ယန် စွမ်းအင်များအား စုပ်ယူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ အကြောင်းကို အသေးစိတ် ဖော်ပြထားသည်။

ယင်နှင့် ယန်စွမ်းအင်များသည် သန္ဓေတည်စ အချိန်ကပင် လူ၏ ခန္ဓာကိုယ် အတွင်း ဖွံ့ဖြိုးလာလေ့ ရှိသည်။ ယန်စွမ်းအင် ပိုမို များပြားသူများမှာ ယောက်ျားလေးများ ဖြစ်လာကာ ယင်စွမ်းအင် ပိုမို များပြားသူများကမူ မိန်းကလေးများ ဖြစ်လာကြသည်။ ကျင့်ကြံသူများသည် ထိုပင်ကိုယ် ယင်နှင့် ယန်စွမ်းအင်များကို ကျင့်ကြံခြင်းတွင် အသုံးချလေ့ ရှိကြသည်။

သို့သော်လည်း သဘာဝအတိုင်း မဟုတ်ပဲ အပြင်ကမ္ဘာမှ ယင်နှင့် ယန်စွမ်းအင်များကို စုပ်ယူခြင်းမှာမူ အန္တရာယ်များလှသည်။ အထူးသဖြင့် စွမ်းအင် ပိုမို သန့်စင်လေလေ အန္တရာယ် ကျရောက်ရန် ရာနှုန်း ပိုမို များပြားလေလေ ဖြစ်သည်။

သန့်စင်သော ယန်စွမ်းအင်ကို စုပ်ယူပြီးနောက် ရင်သားများ ကြီးထွားလာကာ မိန်းမ မကျ၊ ‌ယောက်ျား မကျ ဖြစ်သွားသော လူကြီး တစ်ဦး အကြောင်း ဝေ့ဝူယင် ဖတ်ဖူးသည်။ အလားတူပင်... သန့်စင်သော ယန်စွမ်းအင်ကို စုပ်ယူခြင်းကြောင့် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပေါ်လာသော အမျိုးသမီးများ အကြောင်းကိုလည်း သူ ကြားဖူးသည်။ အချို့ဆိုလျှင် သေဆုံးသည် အထိပင် ဖြစ်သွားခဲ့ကြသည်။

ယင်နှင့် ယန်စွမ်းအင် သီးသန့်ပင်လျှင် ထိုမျှ အန္တရာယ်များမှာ သန့်စင်သော ယင်ယန် စွမ်းအင် ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

ယခု၌... သူ၏ ချီနှလုံးသား နှစ်ခုကား ထိုစွမ်းအင်များကို နံနက်စာ ကဲ့သို့ မြိန်ရေယှက်ရေ သုံးဆောင် နေခဲ့ပြီ ဖြစ်သည်။

“ငါသေတာ့မှာလား...”

တွေးတောရင်း ဝေ့ဝူယင်၏ မသိစိတ်က လက်ပေါ်ရှိ တက်တူးထံ အကြည့်ရောက် သွား၏။

၁၇၁.၁...

ထိုဂဏန်းက မည်သို့မျှ မပြောင်းလဲချေ။

"ဒါဆိုရင် ကောင်းကင်က ကိုယ့်ဘာသာ ဖြစ်တဲ့ ပြဿနာတွေကို မကူညီဘူးပေါ့...”

ဝေ့ဝူယင်မှာ ကမ္ဘာကြီး ပြိုသွားသလို ခံစားလိုက်ရသော်လည်း ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။

ချီနှလုံးသားများ၏ ယင်ယန် စွမ်းအင် သန့်စင်မှုသည် သူ၏ ခန္ဓာကိုယ်ပေါ် တစ်နည်းနည်းဖြင့် လွှမ်းမိုးမှု ရှိမည်မှာ သေချာသည်။ ထို့ကြောင့်ပင်သူ့အနေဖြင့် ပြင်ဆင်ထားရန် လိုအပ်သည်။ သူက ချီနှလုံးသားများကိုသာ အာရုံ စူးစိုက်မှု အပြည့်ဖြင့် စောင့်ကြည့်နေလိုက်၏။

အချိန်များက တရွေ့ရွေ့ ရွေ့လျားနေသည်။

တစ်မိနစ်...

တစ်နာရီ...

သုံးနာရီခန့် ကြာပြီးနောက်၌ ရှင်းဖူမှာ သူ၏ ခြံဝန်း အတွင်း ဝင်ရောက်လာသည်။ သူမသည် ဝေ့ဝူယင် ကျင့်ကြံနေသည်ကို မြင်သောအခါ အလိုက်တသိပင် ပြန်လည် ထွက်ခွာသွား၏။ သူမ ထွက်ခွာ သွားပြီးနောက် ဝေ့ဝူယင်၏ မျက်လုံးများက ပွင့်ဟလာသည်။ အနက်ရောင်နှင့် အဖြူရောင် အလင်းများက ကြောက်မက်ဖွယ် ယှက်နွယ်နေရာ သူ၏ မျက်လုံးများမှာ စစ်မြေပြင် တစ်ခု အလားပင် ထင်မှတ်ရ၏။

ဝေ့ဝူယင်သည် အော်ဟစ်ချင်နေသည့်တိုင် ထိုကဲ့သို့ မပြုလုပ်နိုင်ချေ။ ယင်ယန် စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ပြည့်နှက်နေကာ သူ၏ လှုပ်ရှားမှု မှန်သမျှကို ထိန်းချုပ်ထား၏။ ပထမ၌ ထိုသစ်ကြားသီး အရွယ် အလုံးလေးထဲတွင် စွမ်းအင် ပမာဏ သိပ်မပါနိုင်ဟု သူ ယူဆခဲ့သည်။ သို့သော်... ယခုတစ်ကြိမ်တွင် သူ မှားသွားခဲ့သည်။

သူ၏ ချီနှလုံးသား နှစ်ခု သုံးနာရီကြာ ဖဲ့ယူ စားသောက်နေသည့်တိုင် ယင်ယန် နတ်ဘုရား စက်ဝန်းမှာ တစ်ဆယ် ရာနှုန်ခန့်သာ ကုန်ဆုံး‌သေးသည်။ ထိုအတွင် သမုဒ္ဒရာ တစ်ခုနှင့် နှိုင်းယှဥ်နိုင်သည့် စွမ်းအင်များ ပါဝင်နေပုံ ရသည်။ ဝေ့ဝူယင် ပင်လျှင် နားမလည်နိုင်တော့ချေ။

နာရီများပေါင်းများစွာ ကျော်လွန်သွားသည့်တိုင် ဝေ့ဝူယင်မှာ မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ လဲပြိုကျလု မတတ် ဖြစ်နေခဲ့၏။ ယင်ယန် စွမ်းအင်များသည် သူ၏ အရိုးများ၊ ကြွက်သားများ တစ်လျှောက်နှင့် သွေးကြောများထဲ အထိပင် စီးဆင်းနေ၏။ ခံနိုင်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်သည့် သစ်သား ဒြပ်စင်ချီသာ မရှိပါက သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲ၍ပင် သွားလောက်ပြီ ဖြစ်သည်။

ထာဝရ ကဲ့သို့ ရှည်ကြာသော ကာလတစ်ခုကို ဖြတ်ကျော်ပြီးနောက်၌ ဝေ့ဝူယင်၏ မျက်လုံးများမှာ ရုတ်တရက် လင်းလက် လာခဲ့၏။

“နေဦး... ငါ သဘောပေါက်ပြီ ထင်တယ်”

***

All Chapters