← Chapters

မှားသောအမှန် အဆင့်

Vol. 3 Ch. 35

မှားသောအမှန် အဆင့်

Vol. 3 Ch. 35

ကျင့်ကြံခြင်းသည် လောကကို လေ့လာခြင်းမှ မွေးဖွားလာကာ လောကကို ဆရာသဖွယ် မှတ်ယူကြသည်။ ချီစွမ်းအင်သည် လောကမှ ထုတ်လွှတ်ပေးသော စွမ်းအား တစ်ခုဖြစ်၏။ လူများသည် လှုပ်ရှားချိန်တိုင်း၊ အသက်ရှူချိန်တိုင်း ထိုစွမ်းအားကို ခံစားနိုင်ပေသည်။

ပညာရှင်များကမူ ထိုစွမ်းအားကို လောက၏ နှလုံးသားထဲမှ ထုတ်လွှတ်ပေးသည့် ပြိုင်ဘက်ကင်း အင်အား သို့မဟုတ် လောကဆွဲအား ဟု ခေါ်ဆိုကြသည်။ အချို့ကဆိုလျှင် လောက၏ အမြုတေမှာ ၎င်း၏ ချီနှလုံးသားပင် ဖြစ်သည်ဟု ရေးသားကြသည်။ ကျောက်လွှာ၊ မြေလွှာ၊ လေထုလွှာများသည် လောက၏ အသွေးအသားများ ဖြစ်ကာ ကောင်းကင်မှမူ ၎င်း၏ အရေပြား ဖြစ်၏။ ဤသည်မှာ ယူဆချက်တစ်ခုသာ ဖြစ်သော်လည်း ဝေ့ဝူယင်၏ စိတ်ထဲ၌ စွဲထင်စွာ မှတ်မိနေဆဲ ဖြစ်သည်။

ကြယ်များမှာ နတ်ဘုရားများဟု ဆိုကြသည်။ ဤသို့ဆိုလျှင် သူ နေထိုင်ရာ ကမ္ဘာလောက ကြီးကရော နတ်ဘုရား တစ်ပါး ဖြစ်နေနိုင်မည်လော။ ထိုအရာသာ အမှန်ဆိုပါက အိပ်ရာဝင် ပုံပြင်များထဲမှ နတ်ဘုရားများမှာ အမှန်တကယ် တည်ရှိနေနိုင်ပေသည်။

ယင်ယန် စွမ်းအား ဖြစ်ပေါ်လာစေရန် အတွက် ယင်နှင့် ယန်ကို တွယ်ကပ်စေနိုင်သော ထူးခြားသည့် အင်အားတစ်ခု လိုအပ်သည်။ သို့သော်လည်း ထိုအင်အားကို ဆုပ်ကိုင်ရန်မှာ မိမိ ရှာဖွေနေသည့် အရာကို မသိသေးသမျှ အလွန် ခက်ခဲလှပေသည်။

“ငါဖတ်ဖူးတဲ့ ကျင့်ကြံခြင်း လမ်းညွှန်တွေ၊ နည်းလမ်းတွေထဲမှာ ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို ပြင်ပ သင်ကြားပို့ချမှု အသုံးမဝင်တဲ့ အဆင့်လို့ ဆိုကြတယ်... အခု ငါနားလည်ပြီ... ဒီကမ္ဘာလောကရဲ့ ချီစွမ်းအင်ကို စကားလုံးတွေနဲ့ ဖော်ပြဖို့ တကယ် ခက်ခဲတာပဲ”

ဝေ့ဝူယင်က စိတ်ထဲတွင် ကောက်ချက်ချရင်း နိဂုံးချုပ်လိုက်၏။ သူသည် ပို၍ သေချာမှုတစ်ခုကို ခံစားလိုက်ရသည်။

အကယ်၍ သူသာ “ချီပျစ်ခဲခြင်း အဆင့်ခြောက်” အကြောင်း တပည့်များကို သင်ကြား ပို့ချရမည် ဆိုပါက...

“ယင်နဲ့ ယန်စွမ်းအင်ကို ပေါင်းစည်းဖို့ အတွက် မင်းတို့အနေနဲ့ ကမ္ဘာကြီးကို သုံးဖို့ လိုအပ်တယ်”

ဟုသာ ပြောဆိုနိုင်မည် ဖြစ်သည်။ ထိုအခါ တပည့်များက “ကမ္ဘာကြီးအား မည်ကဲ့သို့ အသုံးပြုရမည်နည်း” ဟု ပြန်လည် မေးခွန်းထုတ်လျှင် သူ့တွင် အဖြေ မရှိချေ။

ဤသည်မှာ လူတစ်‌ယောက်ချင်းစီ အနေဖြင့် မိမိတို့ကိုယ်တိုင် စိတ်ကူးပုံဖော်ရမည့် အရာသာ ဖြစ်သည်။ ချီပျစ်ခဲခြင်း အဆင့်ခြောက်ကို တက်လှမ်းရန် အတွက် ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီး၏ ချီနှင့် ချိတ်ဆက်ကာ ကိုယ်ပိုင် နည်းလမ်းများကို ရှာဖွေရန် လိုအပ်သည်။ ဝေ့ဝူယင် ကိုယ်တိုင်သည်လည်း ထိုနည်းလမ်းကို ကိုယ်ပိုင် အတွေ့အကြုံ၊ ဗဟုသုတများမှ တစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။

သူက အသက်ကို ပြင်းပြင်းရှူကာ ချီနှလုံးသားများထံ အာရုံ စူးစိုက်လိုက်သည်။ ချီနှလုံးသားများသည် သူ၏ ရည်ရွယ်ချက်ကို လက်ခံရရှိကာ နားလည်မှုများကို ပုံဖော်ရန် စတင်လိုက်ကြသည်။ ၎င်းတို့သည် ဖြည်းညင်းစွာ လည်ပတ်ရင်း လောကနှင့် ချိတ်ဆက်ရန် ကြိုးစားကြ၏။

လေထုထဲရှိ လောကချီသည် ဝေ့ဝူယင် အတွက် ပိုမို ထင်ရှားလာ၏။ ၎င်းသည် ရိုးရှင်းသယောင် ထင်ရသော်လည်း အလွန် ရှုပ်ထွေးယှက်ဖြာနေသည့် အပိုင်းများစွာ ပါဝင်နေသည်။

ဝေ့ဝူယင်၏ ချီနှလုံးသားများသည် ၎င်းတို့ကို စုပ်ယူသန့်စင်ကာ ထူးခြားသော လောက အင်အား အဖြစ် ပြောင်းလဲပစ်၏။ ထိုအင်အား မွေးဖွားလာသည်နှင့် အမျှ ချီခန္ဓာကိုယ် အနှံ့ရှိ ယင်နှင့် ယန်စွမ်းအင်များမှာ မီးပုံကို မြင်သည့် ပိုးဖလံများ အလား ချီနှလုံးသားများ အတွင်းဝယ် စုဝေးလာကြသည်။

ဟူး... ဟူး...

၎င်းတို့သည် အလယ်ဗဟို၌ စုစည်းကာ ဖန်သားကဲ့သို့ ကြည်လင်သော မြူသဖွယ် ထူထပ်လာကြ၏။ ထိုအရာကား ယင်ယန်ချီ စွမ်းအင်ပင် ဖြစ်တော့၏။

စွမ်းအင်နှစ်ခုကို ပေါင်းစပ်ပြီးနောက်၌ ဝေ့ဝူယင်၏ ခြေလက်များမှာ ပျော့ခွေသွားသည်။ သူသည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ပင်ပန်း နွမ်းနယ်မှု လှိုင်းတစ်ခုသည် သူ၏ စိတ်အတွင်း ဝင်ရောက် လာခဲ့လေ၏။

ဟူး...

ဝေ့ဝူယင်က ထိုင်ရာမှ ထရပ်ကာ ခန္ဓာကိုယ်အား ဝိညာဥ် အာရုံဖြင့် ဆန်းစစ်လိုက်သည်။ သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုဖြင့် ဝင်းလက်‌တောက်ပသွား၏။ သန့်စင်သော ယင်ယန် စွမ်းအင်တွင် ဒဏ်ရာ ကုသခြင်း အပိုင်းအား တိုးမြှင့်ပေးနိုင်သည့် သက်ရောက်မှုတစ်ခု ပါရှိဟန် ရသည်။ သူ၏ ခန္ဓာကိုယ်အတွင်း ပုံမှန် စီးဆင်းနေသည့် သစ်သား ဒြပ်စင်ချီမှာ ပိုမို လန်းဆန်းနေသည်ကို သူ တွေ့လိုက်ရ၏။

“ကောင်းတယ်...”

သူက ခေါင်းညိတ်လိုက်သည်။ ကမ္မ တန်ဖိုး ၀.၁ ရှိသည့် အခွင့်အလမ်း တစ်ခုကို အသုံးပြုကာ သူကား နတ်ဘုရားတို့၏ လောကသို့ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ နှုတ်ခမ်းထက်၌ စိတ်လှုပ်ရှားသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“အကို... ကျင့်ကြံလို့ ပြီးသွားပြီလား...”

ရုတ်တရက်... အသံတစ်ခုကို ဝေ့ဝူယင် ကြားလိုက်ရသည်။ ရှင်းဖူသည် အဓိက တပည့် ဝတ်စုံကို ဆင်မြန်းထား၏။ သူသည် နေ့စဥ် ပုံမှန် ဝတ္တရာများ ထမ်းဆောင်ပြီးနောက် ပြန်လာဟန် ရသည်။ ဝေ့ဝူယင်၏ စိတ်ထဲ၌ သူမမှာ ခါတိုင်းနေ့များထက် ပိုမို ဆွဲဆောင်မှု ရှိနေခဲ့၏။

အောင်မြင်မှုနှင့် အတူ ထွက်ပေါ်လာတတ်သည့် ကာမဆန္ဒကြောင့် ဝေ့ဝူယင်၏ မျက်လုံးများက လင်းလက် သွားသည်။ သူက ရှေ့သို့ ဖျတ်ခနဲတိုးကာ ရှင်းဖူကို ကောက်ပွေ့လိုက်၏။

“အကို...”

ဝေ့ဝူယင်၏ စူးစူးရဲရဲ အကြည့်များအောက်တွင် ရှင်းဖူ၏ မျက်နှာတစ်ခုလုံးမှာ နီရဲ ရှက်ရွံ့သွား၏။ ထိုအကြည့်၏ အဓိပ္ပာယ်ကို သူမ ကောင်းစွာ ရိပ်မိပေသည်။

“ဟား... ဟား...”

သူမ တိတ်ဆိတ်နေစဥ်မှာပင် ဝေ့ဝူယင်က ရယ်မောလိုက်ရင်း သူမအား အခန်းထဲရှိ ခုတင်ပေါ်သို့ ခေါ်ဆောင် လာခဲ့တော့၏။

...

နောက်တစ်နေ့ နံနက်၊ သွေးတာအို ဘုရားကျောင်းတွင်....

စုလင်းယာနှင့် မဟာ အကြီးအကဲ အချို့သည် စင်မြင့်ထက်တွင် ရပ်နေခဲ့၏။ သူတို့သည် ဖြောင့်မတ်တည်ကြည်သော မျက်နှာပေးကို ဖော်ဆောင်ထားကာ အောက်တွင် စီတန်း ရပ်နေသော လူငယ်များကို ငုံ့ကြည့်နေခဲ့သည်။

ဝေ့ဝူယင်၊ ရှင်းဖူ၊ ကျန်းပိုင်၊ မေ့မေ့၊ ရှုယင်၊ ရန်ကျူးနှင့် လမ့်ရတို့သည် အစဥ်လိုက်ပင် ပခုံးချင်းယှဥ် ရပ်နေကြသည်။ သူတို့သည် အမျိုးမျိုးသော အမူအရာများဖြင့် စင်မြင့်ထက်ရှိ ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို မော့ကြည့်နေခဲ့၏။

ဂိုဏ်းချုပ် စုလင်းယာက ‌ဘေးရှိ မဟာ အကြီးအကဲများကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

“မင်းတို့ သိထားကြတဲ့ အတိုင်း ငါတို့ဂိုဏ်းဟာ ဒီနှစ်ထဲမှာ အဓိက တပည့် အမြောက်အမြား ဆုံးရှုံးခဲ့ရတယ်... ခုနောက်ဆုံး ကျူးလန်ပါ အဲဒီ စာရင်းထဲ ပါသွားပြန်ပြီ”

လူတိုင်းသည် သူမ၏ စကားလုံးများ၌ ပါဝင်နေသည့် အုံ့မှိုင်းမှုကို ခံစားမိ၏။

“ကျူးလန်က နောက်ဆုံး...”

ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ ဂိုဏ်းသည် ကျူးလန်ကို ဟယ်လုံ၊ တောက်ကွေ့၊ ရှုယန်တို့ စာရင်းသို့ သွင်းလိုက်ပုံ ရသည်။ မေ့မေ့သည်ပင်လျှင် ထိုစာရင်း၌ ပါဝင်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော်လည်း သူမသည် အလျှင်အမြန် ပြန်လည် နလံထူလာကာ သူမ၏ နေရာကို ပြန်လည် ရယူနိုင်ခဲ့သည်။

ဝေ့ဝူယင်က တိတ်တဆိတ်ပင် မေ့မေ့ကို လှမ်းကြည့်လိုက်၏။ အပြင်ပန်းတွင် သူ၏ အမူအရာက တည်ငြိမ်နေသော်လည်း အတွင်းပိုင်းတွင်မူ ခံစားချက် မျိုးစုံမှာ ရောပြွမ်းနေခဲ့၏။ မေ့မေ့ သူ့အပေါ် ပေးအပ်ခဲ့ဖူးသော ယုံကြည်မှုများ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သူသိရှိပေသည်။ ဤတစ်ကြိမ်မှာ ရှုပ်ထွေးသော အဖြစ်အပျက်များ အပြီး သူမကို ပထမဆုံး ပြန်လည် တွေ့မြင်ရခြင်း ဖြစ်သည်။

ထိုအတောအတွင်း သူ တွေ့ဆုံရန် ကြိုးစားခဲ့သော်လည်း သူမက အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည်။ ဝေ့ဝူယင်သည် သူမ၏ ရွေးချယ်မှု အပေါ် လေးစားမှု ရှိသော်လည်း လူချင်း တွေ့ဆုံကာ တောင်းပန်လိုသေးသည်။ ထိုအရာက သူ၏ အပြစ်မဟုတ်သည့်တိုင် မည်သို့ပင် ဆိုစေကာမူ ဟန်ယုမှာ သူ၏ လက်အောက်ငယ်သား တစ်ယောက်၊ သူ ယုံကြည်ရသည့် လူတစ်ယောက် ဖြစ်ခဲ့ပေသည်။

မေ့မေ့၏ သူစိမ်းဆန်ဆန် မျက်ဝန်းများကို ငေးရင်း အထီးကျန်သလို ခံစားချက်က ဝေ့ဝူယင်၏ စိတ်အတွင်း ဝင်ရောက်လာ၏။ သူတို့ နှစ်ယောက်မှာ တစ်ခါက အလွန် ရင်းနှီးခဲ့ဖူးသည်။ ညမှောင်မှောင်နှင့် ကြယ်တာရာ စုံလင်သော ကောင်းကင်များ၊ အဖြူရောင် အိပ်ယာခင်းနှင့် ချစ်စကား နုနုရွရွများကို သူတို့ အတူ မျှဝေခဲ့ဖူးသည်။ သူ့တွင် သူမနှင့် ပတ်သက်၍ ခံစားချက်များ ရှိပေသည်။ သူမ၏ ဉာဏ်ရည်နှင့် စိတ်ခွန်အားတို့ကို သူ လေးစားခဲ့ရသည်။ သူမကို ဆုံးရှုံးရခြင်းက သူ့အား နာကျင်စေသည်။

“ဒီလို ဖြစ်ရပ်ဆိုးမျိုးတွေ နောက်ထပ် ဖြစ်မလာစေဖို့ အတွက် မင်းတို့တွေကို ပိုမို စောင့်ရှောက်ပေးဖို့ ငါတို့တွေ ဆုံးဖြတ်လိုက်တယ်... မင်းတို့ တစ်ယောက်ချင်းကို မဟာ အကြီးအကဲ တစ်ယောက်စီက လေ့ကျင့် သင်ကြားပေးမယ့် အပြင် ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း ဖြေကြား ပေးလိမ့်မယ်... နောက်ပြီး မင်းတို့ရဲ့ လုံခြုံရေး အတွက် သက်တော်စောင့်အချို့ ပေးအပ်ဖို့ပါ ငါတို့ ဆုံးဖြတ်ထားတယ်”

စုလင်းယာက ကြေညာလိုက်သည်။

ဝေ့ဝူယင် စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်မိ၏။ အခြားလူများမှာ ထိုကိစ္စနှင့် ပတ်သက်၍ ပျော်ရွှင်ကောင်း ပျော်ရွှင်နိုင်သော်လည်း သူကမူ ထိုအရာမှာ သူတို့၏ လုပ်ဆောင်ချက်များကို လျှို့ဝှက် ထောက်လှမ်းမည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း  သိရှိထားသည်။ ကျူးလန် ယူဆောင်လာသော ကပ်ဘေး အပြီး၌ ဂိုဏ်းသည် အတော်လေး သတိထားနေဟန် ရသည်။

“နားလည်ကြရဲ့လား...”

စုလင်းယာက မေးလိုက်၏။

“နားလည်ပါတယ်...”

အဓိက တပည့်များက သံပြိုင် ပြန်လည် ဖြေလိုက်ကြသည်။

“မေးစရာ ကန့်ကွက်စရာ ရှိလား... ရှိရင် တစ်ခါတည်း ပြောကြပါ”

စုလင်းယာက အဓိက တပည့် တစ်ယောက်ချင်းစီ၏ မျက်နှာများကို လျှင်မြန်စွာ စိုက်ကြည့်လိုက်သည်။

“ကျွန်မမှာ တစ်ခု ရှိပါတယ်...”

လမ့်ရက လက်ထောင်ရင်း ဆိုလိုက်၏။ သူမကား အသံဖြင့်ပင် တစ်ပါးသူ၏ စိတ်ဝင်စားမှုကို သိမ်းကြုံး ယူနိုင်စွမ်း ရှိသည့် စုန်းမ... အသည်းစား စုန်းမ ဖြစ်နေဆဲ...

“ပြောပါ...”

စုလင်းယာက သူမအား ကြည့်လိုက်၏။

“ဟိုဟာလေ... သက်တော်စောင့် ကိစ္စပါ... ကျွန်မ အတွက် သက်တော်စောင့်ကို ကျွန်မ ကိုယ်တိုင် ရွေးချယ်လို့ ရမလား... တော်ကြာ ယောက်ျားတွေ ဖြစ်နေရင်...”

လမ့်ရက စကားကို တစ်ဝက်တစ်ပျက် ရပ်လိုက်သော်လည်း အခြားလူများမှာ ဆိုလိုရင်းကို သဘောပေါက် မိကြပြီး ဖြစ်သည်။ သူမသည် ယောက်ျားများ... အထူးသဖြင့် သူမနှင့် တန်းတူ သို့မဟုန် ပိုမို သန်မာသော ယောက်ျားများကို သူမ၏ နံဘေး၌ ထားရန် ယုံကြည်မှု မရှိချေ။ သူမ၏ ထူးခြားသော ကျင့်စဥ်သည် ယောက်ျားများ၏ လိင်စိတ်ကို ပြင်းပြစွာ နှိုးဆွပေးနိုင်စွမ်း ရှိသည်။

ပွင့်ပွင်းလင်းလင်း ဆိုရလျှင်... ရမ္မက်စိတ်ကြောင့် သက်တော်စောင့်များ သူမအပေါ် အကြမ်းဖက်လာမည်ကို လမ့်ရ စိုးရွံ့နေခြင်း ဖြစ်သည်။ သူမသည် မဟာ အကြီးအကဲများ အပေါ်တွင်ပင် ယုံကြည်မှု မရှိပါချေ။

“အင်း... မင်းကိုယ်တိုင် ရွေးချယ်လို့ ရပါတယ်... မိန်းကလေးတွေအတွက် မိန်းကလေး သက်တော်စောင့်ကိုပဲ ငါတို့ ဦးစားပေး စီစဥ်ထားတယ်... မင်းရဲ့ စိုးရိမ်မှု အပေါ် ငါ နားလည်ပါတယ်”

စုလင်းယာထံမှ အဖြေကြောင့် လမ့်ရမှာ အသက်ရှူချောင် သွားခဲ့သည်။

“နောက်ထပ် ပြောစရာ ကျန်သေးလား...”

ယခုတစ်ကြိမ်တွင်မူ အားလုံးမှာ တိတ်ဆိတ်နေ၏။ အတန်ကြာပြီးနောက် စုလင်းယာက ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“မရှိတော့ဘူးဆိုရင်လည်း မင်းတို့ အားလုံး သွားနိုင်ပါပြီ... မကြာခင် သက်တော်စောင့် စာရင်းကို ငါတို့ ပို့ပေးလိုက်မယ်... လာမယ့်ရက်အတွင်း မင်းတို့ ရွေးချယ်ထားတဲ့ သက်တော်စောင့်တွေ ရောက်လာလိမ့်မယ်”

“ကျေးဇူးတင်ပါတယ်...”

အဓိက တပည့်များက လက်နှစ်ဖက်ကို ယှက်၍ နှုတ်ဆက်ကာ မိမိတို့ နေရာများသို့ ပြန်ရန် ပြင်ဆင်လိုက်ကြသည်။

ရုတ်တရက် စုလင်းယာက ထပ်ပြောလိုက်၏။

“ဝေ့ဝူယင်... နင် နေခဲ့ဦး...”

***

All Chapters