ဆုလာဘ်
Vol. 3 Ch. 36
ဝေ့ဝူယင် နေရာတွင်ပင် ရပ်ရင်း ရှင်းဖူနှင့် မေ့မေ့တို့ ထွက်ခွာသွားသည်ကို လှမ်းကြည့်နေခဲ့သည်။ ရှင်းဖူသည် စိုးရိမ်မကင်း မျက်ဝန်းများဖြင့် နောက်သို့ လှည့်ကြည့်၊ လှည့်ကြည့် လုပ်နေသော်လည်း မေ့မေ့ကမူ ရှေ့တည်တည်ကိုသာ ဦးတည် လျှောက်လှမ်းသွားသည်။ သူမသည် တစ်ချက်မှ နောက်ပြန် မကြည့်ချေ။
ဝေ့ဝူယင် စိတ်ထဲတွင် ခပ်တိုးတိုး သက်ပြင်းချလိုက်မိ၏။
မကြာခင် အချိန်အတွင်းမှာပင်... ထိုနေရာ၌ သူ၊ စုလင်းယာနှင့် မဟာ အကြီးအကဲများသာ ကျန်ရစ်ပေတော့သည်။
“သတင်းပေးတဲ့ အတိုင်းသာ မှန်ရင် ဂိုဏ်းက ထိုက်ထိုက်တန်တန် ဆုချမယ်လို့ ငါ ပြောခဲ့တာ နင်မှတ်မိတယ်မလား... ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ငါတို့ စုံစမ်းကြည့်တဲ့ အခါ ကျူးလန်က အယ်ဗန်မှင်စာမျိုးနွယ် မိန်းကလေး တစ်ယောက်ကို တကယ်ပဲ ပြန်ပေးဆွဲထားတာ တွေ့လိုက်ရတယ်... ခု အဲဒီ ကိစ္စကို ငါတို့ ကိုင်တွယ် ဖြေရှင်းပြီးသွားပါပြီ”
စုလင်းက စိတ်ပင်ပန်းမှု အနည်းငယ် ယှက်နေသော လေသံဖြင့် ဆိုလိုက်သည်။ သူ၏ စကားတွင် ထိန်ချန်မှု များစွာ ပါဝင်နေကြောင်း ဝေ့ဝူယင် သတိထားမိ၏။
“ကြည့်ရတာ အယ်ဗန် မှင်စာမျိုးနွယ် ငါ့ဆီ ရောက်လာတာကို စုလင်းယာ မသိလောက်ဘူး ထင်တယ်...”
သူက တွေးလိုက်သည်။
စုလင်းယာက စကားဆက်လိုက်၏။
“ဒါကြောင့် ဂိုဏ်းက နင့်ကို သွေးတာအို ဘုရားကျောင်း ထိပ်ဆုံးအလွှာထိ တက်ရောက်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တယ်... နင်ကြိုက်နှစ်သက်တဲ့ ချီကျင့်စဥ်၊ ချီနည်းလမ်း ဒါမှမဟုတ် ဝိညာဥ် အစီအရင် တစ်ခုကို ရွေးချယ်နိုင်တယ်... နောက်ပြီး ငါတို့ နင့်ကို အမတေ ကျောက်တုံးတစ်ရာပါ ချီးမြှင့်ဦးမယ်”
“ကျေးဇူးတင်ပါတယ်...”
ဝေ့ဝူယင်မှာ စိတ်လှုပ်ရှားနေသော်လည်း တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်လိုက်၏။ အမတေ ကျောက်တုံးတစ်ရာမှာ အလွန် များပြားလှသည့် ပမာဏ ဖြစ်သည်။ သူသည် ချီပျစ်ခဲခြင်း အဆင့်ကို ခြေချနိုင်ရန် အတွက် အမတေ ကျောက်တုံး တစ်တုံးကို သုံးခဲ့သည်။ အမတေ ကျောက်တုံး တစ်တုံးတည်းက ပင်လျှင် ချီနည်းလမ်း ကျင့်ကြံခြင်း၊ ဒဏ်ရာ ပြန်လည် ကုသခြင်းတို့၌ များစွာ အသုံးဝင်ပေသည်။
အမတေ ကျောက်တုံးများမှာ ဘဲဥပုံသဏ္ဌာန် ကျောက်တုံးများ ဖြစ်ကာ ချီဝင်္ကပါဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ကျင့်ကြံသူများမှာ ထိုအထဲမှ စွမ်းအင်များကို လွယ်ကူ ချောမွေ့စွာ စုပ်ယူနိုင်သည်။ အနက်ရောင် အရိုးစု၏ အဆိုအရဆိုလျှင် အမတေ ကျောက်တုံး တစ်တုံး အတွက် ကမ္မတန်ဖိုး ၀.၃ လိုအပ်သည်။ ယခု တစ်ကြိမ်တွင်မူ မည်သည့် တန်ဖိုးမှ မပေးရပဲ သူ အမတေ ကျောက်တုံး တစ်ရာတိတိကို လက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။
စုလင်းယာမှာ ဝေ့ဝူယင်ကို ကြည့်ကာ စိတ်ထဲမှ ကြိတ်ချီးကျူးလိုက်မိ၏။ ထိုကလေးကား ဉာဏ်ရည်ဉာဏ်သွေး၊ ပါရမီတို့၌ ထူးချွန်သည့် အပြင် စိတ်ခံစားချက် ထိန်းချုပ်နိုင်စွမ်းတွင်လည်း မြင့်မားလှသည်။
“နင် အဆင်သင့်ဖြစ်ရင် ခုချက်ချင်း ကျင့်စဥ် ရွေးသွားလို့ ရတယ်...”
စုလင်းယာက ပြောပြီးနောက် အနက်ရောင်အိတ် တစ်ခုကို လက်စွပ်ထဲမှ ထုတ်ယူကာ ဝေ့ဝူယင်ထံ ပစ်လိုက်သည်။
“ဒီမှာ အမတေ ကျောက်တုံးတစ်ရာ...”
ဝေ့ဝူယင်က တုန့်ဆိုင်းခြင်း မရှိပဲ ထိုအရာကို လက်ခံလိုက်၏။ ကျေးဇူးတင်စကား ပြောဆိုပြီးနောက် သူက ခြေလှမ်းများကို သွေးတာအို ဘုရားကျောင်း လှေကားများဆီသို့ ဦးတည်လိုက်တော့သည်။
“ကျွန်တော် ခုပဲ သွားရွေးလိုက်ပါမယ်”
သွေးတာအို ဘုရားကျောင်းတွင် အထပ် ခုနစ်ထပ် ပါဝင်၏။ ပထမထပ်မှာ ပင်မ ခန်းမဖြစ်ပြီး အဓိက ဝင်ပေါက်ဟုလည်း ဆိုနိုင်သည်။ ဒုတိယထပ်သည် အပြင်စည်း တပည့်များ အတွက် ဖြစ်ပြီး အခြေခံ ချီကျင့်စဥ်များကို သိမ်းဆည်းထားသည်။
တတိယ အထပ်ကိုမူ ချီပျစ်ခဲခြင်း အလွှာသို့ ရောက်ရှိ နေသူများသာ ဝင်ရောက်နိုင်၏။ ထိုနေရာရှိ ချီကျင့်စဥ်နှင့် ချီနည်းလမ်းများမှာ အနည်းငယ် ပိုမို အဆင့်မြင့်သည်။
စတုတ္ထထပ်မှာမူ ချီပျစ်ခဲခြင်း အဆင့်နှစ် ကျင့်ကြံသူများ အတွက် ဖြစ်သည်။ ထို နူးညံ့စွာ စီးဆင်းခြင်းအလွှာတွင် ကျင့်ကြံသူသည် ဝိညာဥ်အာရုံကို အသုံးပြုလာနိုင်ကြရာ စတုတ္ထ အထပ်၌ ဝိညာဥ် အစီအရင်များ၊ ချီကျင့်စဥ်များ၊ ချီနည်းလမ်းများကို အဓိက တွေ့နိုင်ပေသည်။ ထို့အပြင် တိုင်းပြည်နှင့် ကျင့်ကြံခြင်း လောက အကြောင်း မှတ်တမ်း အများအပြားကိုလည်း သိုမှီးထား၏။ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ဝေ့ဝူယင် သိရှိထားသည့် အချက်အလက် အများစုမှာ ထိုမှတ်တမ်းများထံမှ ဖတ်ထားခြင်းသာ ဖြစ်သည်။ သူသည် အဓိက တပည့် ဖြစ်ပြီးချိန်မှ စ၍ နာရီပေါင်း ထောင်ချီအောင် ထိုအထပ်တွင် အချိန်ဖြုန်းခဲ့ဖူးသည်။
ပဥ္စမ အထပ်မှာ အဓိက တပည့်များ၊ အတွင်းစည်း အကြီးအကဲများနှင့် ထိုအဆင့်အထက် ရာထူးရှိသူများ အတွက် ဖြစ်သည်။ ဆဋ္ဌမ အထပ်ကိုမူ အဓိက အကြီးအကဲများ၊ မဟာ အကြီးအကဲများ၊ ခေါင်းဆောင် အကြီးအကဲနှင့် ဂိုဏ်းချုပ်များသာ ဝင်ရောက်ခွင့် ရှိသည်။
နောက်ဆုံးဖြစ်သည့် သတ္တမ အထပ်တွင်မူ နေသွေးနီနီဂိုဏ်း၏ အဓိက ရတနာများနှင့် အဖိုး အတန်ဆုံး ကျင့်စဥ်များကို ထိန်းသိမ်းထားပေသည်။ ဂိုဏ်းချုပ်များ၊ ခေါင်းဆောင် အကြီးအကဲများနှင့် ဘိုးဘေး အကြီးအကဲသာလျှင် ဝင်ရောက်နိုင်ပေသည်။
ဝေ့ဝူယင်သည် ပဥ္စမအထပ်ကိုသာ အမြင့်ဆုံး ရောက်ဖူးပေသည်။ သူက တုန့်ဆိုင်းခြင်း မရှိပဲ လှေကားထစ်များ အတိုင်း တက်လာခဲ့၏။
ဒုတိယထပ်၊ တတိယထပ်၊ စတုတ္ထထပ်၊ ပဥ္စမထပ်...
ဆဋ္ဌမထပ်သို့ အရောက်၌ သူ ခဏမျှရပ်လိုက်၏။ အောက်သို့ လည်ပြန် ငုံ့ကြည့်လိုက်ရာ စိတ်လှုပ်ရှားမှုများ၊ ခွန်အားများ အပြည့်ဖြင့် ကြိုးစားနေသော လူငယ်လေး တစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူငယ်လေးကား လွန်ခဲ့သော နှစ်များက သူ ကိုယ်တိုင်ပင် ဖြစ်ပေသည်။ အပြုံးတစ်ခုက ဝေ့ဝူယင်၏ မျက်နှာထက်တွင် နေရာယူလာခဲ့၏။
သူသည် အခက်အခဲများစွာကို တစ်ဆင့်ပြီး တစ်ဆင့် ကျော်ဖြတ်ကာ ချီပျစ်ခဲခြင်း အဆင့်ခြောက်ထိ ရောက်အောင် တက်လှမ်းနိုင်ခဲ့သည်။ ယနေ့ဆိုလျှင် သူ ထိပ်ဆုံးအထပ်အထိပင် တက်ရောက်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ အကယ်၍ ထိုလူငယ်လေးအား နောက်နှစ် အနည်းငယ် အကြာ၌ အောင်မြင်မှုများစွာ ရရှိလိမ့်မည် ဟု သွားရောက် ပြောဆိုပါက သူ ယုံနိုင်မည်လော။ ဝေ့ဝူယင် မသိချေ။
“အရာအားလုံးက အိပ်မက်လိုပဲ...”
ဝေ့ဝူယင် ပြုံးလိုက်ကာ လှေကားထစ်များ အတိုင်း ဆက်လက် တက်လာခဲ့၏။ ဆဋ္ဌမမြောက် အထပ်ကို တိုက်ရိုက် ကျော်လွန်ကာ သတ္တမမြောက် အထပ်အထိ သူ ရောက်လာခဲ့သည်။ ထိုအထပ်၌ ပုရပိုက်များ၊ ပါးလွှာသော စာအုပ်များဖြင့် ပြည့်နှက်နေသည့် စာအုပ်စင်များကို သူ တွေ့လိုက်ရ၏။
ထိုစာအုပ်များ၊ ပုရပိုက်များကို ဖုန်တစ်စပင် မစွန်းထင်းစေအောင် သေချာစွာ ထိန်းသိမ်းထားသည်။ ဝေ့ဝူယင်သည် စာအုပ်စင် တစ်ခုဆီသို့ သွားကာ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်၏။ ထိုစာအုပ်၌ ကြိုးတစ်ချောင်း ရစ်ပတ်ထားပြီး အထဲသို့ လှန်မကြည့်နိုင်အောင် ကာကွယ်ထားသည်ကို သူ တွေ့လိုက်ရသည်။ သို့သော်လည်း... စာအုပ် အဖုံး၌ နာမည်နှင့် အကြမ်းဖျည်း ဖော်ပြချက်တို့ ပါရှိပေသည်။
တိုက်ပွဲချီ ဖန်တီးခြင်း နည်းလမ်း...
အဖုံး၌ ရေးသားထားသည့် အတိုင်းဆိုလျှင် တိုက်ပွဲချီသည် ရန်သူ၏ စိတ်စွမ်းအားကို ချိုးနှိမ်ကာ တိုက်ပွဲအား လွှမ်းမိုးနိုင်အောင် ကူညီပေးနိုင်သည်။ ထိုကျင့်စဥ်ကို မြင့်မားသည့် အဆင့်တစ်ခုထိ ရောက်အောင် ကျင့်ကြံနိုင်ပါက စစ်သည်တစ်သိန်း ပါဝင်သော စစ်တပ်တစ်တပ်ကိုပင် ကြောက်ရွံ့မှုဖြင့် အလိုအလျောက် လက်နက်ချအောင် စွမ်းဆောင်နိုင်ပေသည်။
“မင်း အဲဒါကို ရွေးမှာလား...”
အသံတစ်ခုက ထောင့်တစ်နေရာမှ ထွက်ပေါ်လာ၏။ ဝေ့ဝူယင်မှာ အံ့သြခြင်း မရှိချေ။ ဤကဲ့သို့ အဖိုးတန် ရတနာများ သိုလှောင်ထားသော နေရာတစ်ခု၌ အစောင့်တစ်ယောက် ရှိသည်မှာ သဘာဝပင် ဖြစ်သည်။ ထိုအစောင့်မှာ သူ့ကိုယ်သူ ရည်ရွယ်ချက် ရှိရှိ ဖုံးကွယ်ထားသည့်တိုင် ဝေ့ဝူယင် အစောကတည်း အာရုံခံမိခဲ့ပြီး ဖြစ်သည်။
“မဟုတ်ပါဘူး...”
စာအုပ်ကို စင်ပေါ်သို့ ပြန်လည် တင်လိုက်ပြီးနောက် အသံလာရာသို့ သူ လှမ်းကြည့်လိုက်၏။
ဆံပင်ဖြူများနှင့် ပျဥ်းတွဲကျနေသော အရေပြားများ...
မီးခိုးရောင် မျက်လုံးများနှင့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအို တစ်ယောက်ကို သူ တွေ့လိုက်ရသည်။ ဝေ့ဝူယင်သည် အသက်မဲ့နေသော ထို မီခိုးရောင် မျက်လုံးများထဲ၌ အံ့အားသင့်ခြင်း အရိပ်အငွေ့ အချို့ကို တွေ့ရသည်။
အဘိုးအိုသည် သူ၏ ရှေ့မှောက်၌ ဝေ့ဝူယင် ထိုမျှ တည်ငြိမ်လိမ့်မည်ဟု မျှော်လင့်ထားပုံ မရချေ။
“နှုတ်ဆက်ပါတယ် စီနီယာ... ကျွန်တော်က ဝေ့ဝူယင်ပါ...”
သူက ထုံးစံအတိုင်း လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်လိုက်၏။
“မင်း ငါ့ကို လူအိုကြီးပိုင်လို့ ခေါ်လို့ရတယ်... ကြည့်ရတာ ငါတို့ဂိုဏ်းက မျိုးစေ့ကောင်း တစ်ခုကို မွေးထုတ်ပေးလိုက်တဲ့ ပုံပဲ”
လူအိုကြီးပိုင်က အပြုံးဖြင့် တုန့်ပြန်လိုက်သည်။
“ကျေးဇူးတင်ပါတယ်...”
ပေါ့ပေါ့ပါးပါး ဆိုလိုက်ပြီးနောက် ဝေ့ဝူယင် အခန်းတစ်ခုလုံးကို စတင်ကာ ရှာဖွေလေတောာ့သည်။ သတ္တမမြောက် အထပ်၌ ချီကျင့်စဥ်များ၊ ချီနည်းလမ်းများ၊ ဝိညာဥ် အစီအရင်များစွာရှိပြီး အမျိုးအစား တစ်ခုချင်းစီကို စာအုပ်စင် တစ်ခုဖြင့် သိုမှီထားသည်။
ဝေ့ဝူယင်သည် ပုရပိုက်များဖြင့် ပြည့်နှက်နေသော စတုတ္ထမြောက် စာအုပ်စင် တစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။ မည်သည့် အတားအဆီးကြိုးနှင့်မျှ ကာကွယ်ထားခြင်း မရှိသည့် ပုရပိုက်များကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ ဝင်းလက် လာခဲ့လေသည်။ သူက တစ်ခုကို ကောက်ယူကာ ဖတ်လိုက်၏။
“သေမျိုးနတ်ဘုရားများ၏ မူလ...”
ထို့နောက် နောက်တစ်ခုကို ကောက်ယူလိုက်ပြန်၏။
“အနန္တ ကုန်းမြေ ကမ္ဘာ...”
ခေါင်းစဥ်များကို ကြည့်၍ပင် ထိုအထဲ၌ များပြားလှသာ ဗဟုသုတ အချက်အလက်များ ပါဝင်နေကြောင်း ဝေ့ဝူယင် ခန့်မှန်းလိုက်နိုင်သည်။ သေမျိုး နတ်ဘုရားများ၏ မူလသည် “နတ်ဘုရား” နှင့် “အရှင်” ခေါင်းစဥ်များနှင့် ဆက်စပ်နေကာ ၎င်းတို့ မည်ကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်ကို ဖော်ပြထားသည်။
သူက လူအိုကြီးပိုင်ဘက်သို့ လှည့်ကြည့်လိုက်၏။
“ကျွန်တော် ဒါတွေ ဖတ်လို့ရမလား...”
လူအိုကြီးပိုင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ တစ်ခုခုကို ဆုံးဖြတ်ချက်ချရန် သူ ကြိုးစားနေဟန် ရသည်။ တစ်ခဏ အကြာ၌ သူ၏ မျက်ခုံးများက ပြေလျော့သွားကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။
“ပုံမှန်ဆိုရင် ဂိုဏ်းရဲ့ ခေါင်းဆောင်တွေပဲ အဲဒါတွေကို ဖတ်လို့ရတာ... ဒါပေမဲ့ သူတို့က မင်းကို ဒီနေရာအထိတောင် လွှတ်လိုက်တယ် ဆိုတော့လည်း... ကဲ ဖတ်ပါလေ”
“ကျေးဇူးတင်ပါတယ်... စီနီယာ...”
ဝေ့ဝူယင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် အတူ ဝင်းလက်လာသည်။ သူသည် ချီကျင့်စဥ်များ၊ နည်းလမ်းများနှင့် အစီအရင်များကိုပင် ဂရုပင် မစိုက်တော့ပဲ ပုရပိုက်များကိုသာ အပြည့်အဝ အာရုံစိုက်လိုက်တော့သည်။
မကြာခင်မှာပင် သူသည် ကမ္ဘာအသစ်ထဲ၌ မြောလွင့်သွားလေတော့သည်။
...
“ကောင်းကင် ဧကရာဇ် ဟန်ရှဲ့ စိုးမိုးခဲ့တဲ့ခေတ်တွေတုန်းက သေမျိုး နတ်ဘုရား ဆိုတဲ့ ခေါင်းစဥ် မွေးဖွား လာခဲ့တယ်... အဲဒီတုန်းကတော့ ချီပျစ်ခဲခြင်း အဆင့်လေး “ယင်ဖွဲ့စည်းခြင်း” ကျင့်ကြံသူတွေကို သေမျိုး နတ်ဘုရားလို့ ခေါ်ဖို့ ဆုံးဖြတ် ခဲ့ကြတယ်.... ဒါပေမဲ့ ဟန်ရှဲ့ခေတ် အဆုံးသတ်ခါနီးမှာ အဲဒါက ပြောင်းလဲ သွားခဲ့တယ်... ချီပျစ်ခဲခြင်း အဆင့်ခြောက် “မှားသော အမှန်” အဆင့် ရှိသူတွေကိုပဲ သေမျိုး နတ်ဘုရားလို့ ခေါ်ဖို့ ပြောင်းလဲ သတ်မှတ်ခဲ့တယ်”
"အဲဒီနောက် အနန္တ ကုန်းမြေ တိုက်ကြီးရဲ့ ခေတ်သုံးခေတ်ကို ကျော်လွန်လာခဲ့တယ်... အဆင့်ခြောက်ကို သေမျိုး နတ်ဘုရား၊ အဆင့်ရှစ်ကို နတ်ဘုရား အရှင်နဲ့ အဆင့်ကိုးကို နတ်ဘုရား ဧကရာဇ် ဆိုပြီး ကျင့်ကြံသူတွေဟာ ဆက်လက် ခေါ်တွင် ခဲ့ကြတယ်... ဒါပေမဲ့ သူတို့တွေဟာ နတ်ဘုရား အတုတွေက လွဲပြီး ဘာမှ မဟုတ်ခဲ့ဘူး”
ဝေ့ဝူယင်သည် ထိုပုရပိုက်များမှ တစ်ဆင့် ချီပျစ်ခဲခြင်း အဆင့်နှင့် အခြား အဆင့်များ အကြောင်း အသေးစိတ် အချက်အလက်များကို ပိုမို သိရှိလာခဲ့သည်။
အဆင့်ခုနစ် “မြင့်မြတ်သောချီ” အဆင့်မှာ ချီနှလုံးသားကို အမတေနှင့် အတူ သန့်စင်ကာ အရွယ်အစားနှင့် စွမ်းရည်အား မြှင့်တင်သည့် အဆင့် ဖြစ်သည်။ ၎င်းကား အခြေခံ အုတ်မြစ်ကို သန့်စင်ရန်နှင့် ခိုင်မာစေရန် ကျင့်ကြံရသည့် အလွှာတစ်ခုသာ ဖြစ်သည်။ ၎င်းကို အရိုးရှင်းဆုံး အဆင့်တစ်ခုဟု သတ်မှတ်နိုင်သည်။ ထိုအဆင့်ကို ရောက်ရှိရန် မည်သည့် ပါရမီ သို့မဟုတ် နားလည်နိုင်စွမ်းကိုမျှ မလိုအပ်ချေ။
ဝေ့ဝူယင်သည် အမတေ ကျောက်တုံးတစ်ရာ ပါဝင်သော အထုပ်ကို ပြန်လည် တွေးတောလိုက်မိ၏။ ထိုပမာဏက “မြင့်မြတ်သောချီ” အဆင့်ကို ရောက်ရှိရန် လုံလောက်ပေသည်။
အဆင့်ရှစ်တွင် ဝိညာဥ်နှင့် ချီကို ဆက်သွယ်ရပြီး အဆင့်ကိုး၌မူ ချီအမတေကို မွေးဖွားရသည်။ ပထမ၌ ဝေ့ဝူယင်သည် ထိုအဆင့်များကို နာမည်လောက်သာ သိထားခဲ့ခြင်း ဖြစ်ပြီး ယခုမှသာ ပိုမို ရှင်းလင်းစွာ နားလည် လာခဲ့ခြင်း ဖြစ်သည်။
ပုရပိုက်များထဲ၌ ချီပျစ်ခဲခြင်း၏ အထက် အလွှာတွင် ကမ္ဘာဖန်တီးခြင်း ကဲ့သို့သော စွမ်းအားများ တည်ရှိနေသည် ဟု ဆိုထားသေးသည်။ ဝေ့ဝူယင်မှာ ထိုတွေ့ရှိချက်များကြောင့် အံ့အားသင့်နေမိ၏။ သူ့အတွက် ကျင့်ကြံခြင်း တံခါးတစ်ချပ် ပွင့်ဟ သွားသလိုပင်။
“ယင်ယန် နတ်ဘုရား စက်ဝန်း...”
ဝေ့ဝူယင်သည် ထိုရတနာနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားသော ပုရပိုက် တစ်ခုကို တွေ့ရှိခဲ့ရသေးသည်။ သူ့တွင် ရှိခဲ့သမျှ မေးခွန်း အလုံးစုံကို ထိုပုရပိုက်က အဖြေပေးသွားခဲ့၏။
ချီပျစ်ခဲခြင်း အဆင့်ကို ကျော်လွန်နေသည့် ကျင့်ကြံသူများမှာ ထိုကဲ့သို့ ရတနာများကို လွယ်လွယ်ကူကူ ဖန်တီးနိုင်စွမ်း ရှိကြပေသည်။ ထိုစက်ဝန်းကို အသန့်စင်ဆုံး ယင်၊ ယန် စွမ်းအင်များကို သုံး၍ တည်ဆောက်ရသည်။ ပုရပိုက်ထဲ၌ ယင်ယန် နတ်ဘုရား စက်ဝန်းက ကျင့်ကြံသူကို ချီပျစ်ခဲခြင်း အဆင့်ခြောက်သို့ ရောက်အောင် မည်သို့မည်ပုံ ကူညီနိုင်ကြောင်းကိုပါ ဖော်ပြထားသည်။
ဝေ့ဝူယင်သည် ပုရပိုက်များကို တစ်ခုပြီးတစ်ခု ဖတ်ရင်း အမျိုးမျိုးသော အကြောင်းအရာများကို လေ့လာ သင်ယူ နေခဲ့၏။
သူ သတိမထားမိခင်မှာပင် လေးရက်တိတိ ကုန်လွန်သွားခဲ့ချေပြီ။ ထို့အတူ သူသည်လည်း နောက်ဆုံး ပုရပိုက်ကို ဖတ်ရှု ပြီးသွားခဲ့ပြီ ဖြစ်လေသည်။
***