မျက်နှာထား ခက်ထန်တင်းမာနေသည့် ချုံးရိကျစ်
Vol. 81 Ch. 1115
ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်မှာ အာကာသကောင်းကင်ကြီးကိုဖြတ်၍ အကြည့်ချင်းစုံသွားကြ၏။
" ဝမ်ပေါင်လဲ့လား " ချုံးရိကျစ်မှာ မသေချာမရေရာ ဖြစ်နေသည့် လေသံဖြင့် မေးလိုက်၏။ သူ သိထားသလောက်ဆိုလျှင် ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့်တွင်သာ ရှိနေသေးသည်မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ဖောက်ထွက်သွားနိုင်ခဲ့လျှင်တောင် အစောပိုင်း ထာဝရကြယ်အဆင့်တွင်သာ ရှိနေရဦးမည်ဖြစ်သည်။
အကယ်၍ သူ မြေကြီးထာဝရကြယ်အား ပိုင်ဆိုင်ထားလျှင်တောင် နှောင်းပိုင်းအဆင့်တွင် ရှိမနေသရွေ့ ချုံးရိကျစ်မှာ ဂရုစိုက်နေမည်မဟုတ်ပေ။ သို့သော် ယခု သူ၏ ရှေ့တွင် ရှိနေသည့် ကျင့်ကြံသူကြောင့် သူသည် ကြောက်ရွံ့တုန်လှုပ်သွားရ၏။ ထိုကျင့်ကြံသူမှာ သူ သူ၏ ဘဝတစ်လျှောက်လုံး၌ ရင်ဆိုင်ဖူးခဲ့သမျှ ရန်သူများအားလုံးထက် အများကြီးပို၍ အစွမ်းထက်နေသည့်ပုံ ပေါက်နေသည်မဟုတ်ပါလော။
ထို့အပြင် သူသည် ထိုကျင့်ကြံသူ၏ မျက်ဝန်းများအား စိုက်ကြည့်မိလိုက်ချိန်တွင် နှလုံးသားထဲ၌ ဆတ်ခနဲတုန်ရီသွားရ၏။ သူသည် ပထမအဆင့် တာအိုဂိုဏ်းသားကြောင့်သာ ထိုကဲ့သို့ ခံစားဖူးပေသည်။ ထို့အပြင် ထိုစဉ်တုန်းက သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာခဲ့သည့် ကြောက်စိတ်များမှာ ယခုလောက် အားကောင်းနေခြင်းမရှိပေ။
ထိုအချက်များကြောင့် ချုံးရိကျစ်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။ ထို့ကြောင့်လည်း သူသည် သူ၏ ရှေ့တွင် ရှိနေသည့် ကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့ ဟုတ်မဟုတ် သေသေချာချာ ဆုံးဖြတ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရခြင်းဖြစ်သည်။
" ချုံးရိကျစ်လား " ဝမ်ပေါင်လဲ့မှာလည်း ဖြည်းဖြည်းချင်း ပြန်မေးလိုက်၏။ သူ ချုံးရိကျစ်အား တစ်ချက်ကြည့်လိုက်ရုံနှင့် မျက်မှန်းတန်းမိသွားရခြင်းမှာ ထို ကျင့်ကြံသူဆီမှ သူ သတ်ဖြတ်ခဲ့သည့် ကိုယ်ပွား၏ အငွေ့အသက်များနှင့် တထေရာတည်းတူသော အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာနေသည်ကို အာရုံခံမိလိုက်သောကြောင့်ပင်။
ထို အငွေ့အသက်မှာ အားပျော့နေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ရှင်းလင်းပြတ်သားစွာ အာရုံခံနိုင်စွမ်းရှိနေဆဲပင်။
ထိုအခါမှသာ ရှဲ့ဟေးရန်နှင့် အခြားသူများမှာ သူတို့၏ နောက်တွင် လူတစ်ယောက် ပုန်းနေသည်ကို သိသွားကြ၏။ ထို့ကြောင့် သူတို့မှာ အမူအရာများ ပြောင်းလဲသွားကြပြီး လှမ်းကြည့်လိုက်ကြသည်။ ထိုအခါ သူတို့မှာ ချုံးရိကျစ်အား မြင်လိုက်ရသဖြင့် မျက်လုံးများ မှေးသွားကြ၏။
သူတို့ထဲမှ အချို့မှာဆိုလျှင် ၎င်းမှာ ချုံးရိကျစ်၏ ခန္ဓာကိုယ်အစစ်ဖြစ်ကြောင်း ရိပ်မိသွားသည်နှင့် ရင်ခုန်နှုန်းများ ဗြောင်းဆန်လာကြ၏။ ချုံးရိကျစ်မှာ မဟာလက်ဝဲတာအိုနယ်မြေထဲ၌ နာမည်ကျော်ကြားသည့် လူတစ်ယောက်ဟုတ်ပါလော။
သူသည် မဟာလက်ဝဲတာအိုနယ်မြေထဲမှ အဆင့်တစ်ဂိုဏ်းဖြစ်သော လမ်းကိုးသွယ်တာအိုဂိုဏ်း၏ ဒုတိယအဆင့် တာအိုဂိုဏ်းသား ဖြစ်ပေသည်။ ထို ဂိုဏ်းမှာ ကြယ်နယ်မြေအဆင့် ကျင့်ကြံသူဆယ်ယောက်ကျော် ပိုင်ဆိုင်ထားပြီး မဟာလက်ဝဲတာအိုနယ်မြေထဲမှ ဂိုဏ်းများအားလုံးကို ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိပေသည်။
ထိုဂိုဏ်းထဲမှ မဟာထိပ်သီးခေါင်းဆောင်ကြီးမှာဆိုလျှင် ကြယ်နယ်မြေအဆင့်ကိုပင် ဖောက်ထွက်ကာ စကြဝဠာအဆင့်အထိ ရောက်ရှိသွားပြီဟု ဆိုကြသည့် ကောလာဟလများပင် ရှိသေးသည်။ ထိုအဆင့်မှာ အဆုံးမဲ့မျိုးနွယ်စုထဲမှ နတ်ဧကရာဇ်ကိုးပါးနှင့်ပင် ယှဉ်နိုင်သည့် အဆင့် ဖြစ်ပေသည်။
ထိုကဲ့သို့ မဟာလက်ဝဲတာအိုနယ်မြေ၏ ခေါင်းဆောင်အဖြစ် သတ်မှတ်၍ရသည့် လမ်းကိုးသွယ်တာအိုဂိုဏ်း မဟာလက်ဝဲတာအိုနယ်မြေ တစ်ခုလုံးထဲ၌ ဂုဏ်သတင်းကျော်စောနေရသည်မှာ အထူးအဆန်းမဟုတ်ပေ။ ထို့ကြောင့်လည်း ထိုဂိုဏ်း၏ လက်ရှိမျိုးဆက်ထဲမှ ဒုတိယအဆင့် တာအိုဂိုဏ်းသားမှာလည်း မဟာလက်ဝဲတာအိုနယ်မြေထဲ၌ နာမည်ကြီးရုံသာမက မဟာဒိဋ္ဌိနယ်မြေနှင့် အဆုံးမဲ့ဗဟိုနယ်မြေထဲရှိ မျိုးနွယ်စုများနှင့် တော်ဝင်မိသားစုများပင်လျှင် သူ့အကြောင်း ကြားသိထားကြပြီး ဖြစ်သည်။
ထိုကဲ့သို့သော ကျင့်ကြံသူမျိုးအား ပါရမီရှင်တစ်ယောက်အဖြစ် ထိုက်ထိုက်တန်တန် သတ်မှတ်နိုင်ပေသည်။ ထို့အပြင် ချုံးရိကျစ်မှာ အတွေ့အကြုံရင့်သန်နေသည့် ပါရမီရှင်တစ်ယောက်လည်း ဖြစ်၏။ သူသည် သူ၏ ဘဝတစ်လျှောက်လုံး၌ တိုက်ပွဲပေါင်းမြောက်မြားစွာအား တိုက်ခိုက်ဖူးခဲ့၏။ သို့ဖြစ်ရာ သူသည် ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ကြီးပြင်းလာခဲ့သည့် လူတစ်ယောက်မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် တိုက်ပွဲမှတ်တမ်းများဖြင့် ဒုတိယအဆင့် တာအိုဂိုဏ်းသားဆိုသည့် ရာထူးအား သိမ်းပိုက်ထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သို့သော် အချိန်အများစုတွင် ချုံးရိကျစ်မှာ သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက် သူ၏ ကိုယ်ပွားကိုသာ အသုံးပြုလေ့ရှိသည်ဖြစ်ရာ လူအများစုမှာ သူ၏ ခန္ဓာကိုယ်အစစ်အား မမြင်ဖူးကြပေ။ ယခုတွင် ဝမ်ပေါင်လဲ့မှာ သူ၏ မေးခွန်းအား ငြင်းဆန်ခဲ့ခြင်း မရှိသဖြင့် ချုံးရိကျစ်မှာ စိုးရိမ်ပူပန်သွားရ၏။
သူသည် မယုံချင်ပါသော်လည်း သူ၏ရှေ့တွင် ရှိနေသည့် သူမှာ ဝမ်ပေါင်လဲ့ဖြစ်ကြောင်း လက်ခံရတော့မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏ နှလုံးသားထဲ၌ ဒေါသစိတ်များ ပေါ်ပေါက်လာ၏။ သူသည် ဝမ်ပေါင်လဲ့ကို သတ်ဖြတ်ရန် သူ့အား ဤနေရာသို့ စေလွှတ်ခဲ့သည့် ပုဂ္ဂိုလ်ကြီး သတင်းအချက်အလက် အစုံအလင် သိရှိထားခြင်း မရှိသည့်အချက်ကြောင့် ဒေါသထွက်သွားရခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် ဘေးကျပ်နံကျပ် အနေအထားသို့ ရောက်သွားရ၏။ ထို့အပြင် သူသည် သူ၏ ကိုယ်ပွားအား သတ်ဖြတ်ခဲ့သည့်သူမှာ အခြားမည်သူမှမဟုတ်ပဲ သူ၏ ရှေ့တွင် ရှိနေသည့် ဝမ်ပေါင်လဲ့သာ ဖြစ်ရမည်ဟု နားလည်သွား၏။
သူ၏ ကိုယ်ပွား သေဆုံးသွားခဲ့သည့် အချက်ကြောင့်လည်း သူသည် နောက်ဆုတ်၍ ရတော့မည်မဟုတ်ပေ။ ဤတိုက်ပွဲကြီးအား... မဖြစ်မနေ တိုက်ခိုက်မှရမည် ဖြစ်သည်။ အကယ်၍ သူ တိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေးဆုတ်ခွာသွားမည်ဆိုပါက သူ၏ တာအိုနှလုံးသားမှာ တည်ငြိမ်အေးချမ်းနိုင်တော့မည် မဟုတ်ပေ။
" ကျိယွဲ့။ နင် သေဖို့ပဲကောင်းတယ် " ချုံးရိကျစ်မှာ စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲလိုက်ပါသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ ခက်ထန်တင်းမာနေ၏။ သို့ဖြစ်ရာ သူ တွေးနေသည့် အရာများကို အလွယ်တကူ မသိနိုင်ပေ။ ထို့အပြင် ဝမ်ပေါင်လဲ့ သူ၏ နာမည်အား လှမ်းခေါ်လိုက်ချိန်တွင် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးကာ ဆိုလိုက်၏။
" တာအိုရောင်းရင်းပေါင်လဲ့။ ဒါ နားလည်မှုလွဲသွားတာပါ။ တာအိုရောင်းရင်း ကျိယွဲ့လို့ခေါ်တဲ့ လူတစ်ယောက်အကြောင်း သိတယ်မလား... " သူသည် ရိုးသားမှုအပြည့်ရှိသော လေသံဖြင့် ဖြည်းဖြည်းချင်း ဆိုလိုက်၏။ သူ၏ စကားသံထဲတွင် စည်းမျဉ်းဥပဒေသစွမ်းအားများ ကိန်းအောင်းနေသကဲ့သို့ပင်။ သို့ဖြစ်ရာ သူ၏ စကားသံအား ကြားလိုက်ရသည့် လူတိုင်းမှာ သူပြောနေသည့်စကားများကို အာရုံစိုက်၍ နားထောင်လိုက်ကြမည်သာ ဖြစ်သည်။
သူသည် စကားမဆုံးသေးဘဲ စကားဆက်ပြောမည့်ပုံစံ ပေါက်နေပါသော်လည်း သူ၏ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ ရုတ်တရက်ဆိုသလို တောက်ပသွား၏။ ထို့နောက် သူသည် ခေါင်းပြန်မော့လာပြီး ထစ်ချုန်းသံများနှင့်အတူ ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။
သူသည် မြန်ဆန်လွန်းနေသောကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာ၏။ သူသည် ထိုနေရာသို့ ရောက်သွားသည်နှင့် တလက်လက် တောက်ပနေသည့် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သဖြင့် ထိုလက်ထဲ၌ အဖြူရောင် ဧရာမဓားကြီးတစ်လက် ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် ထိုဓားကြီးဖြင့် ဝမ်ပေါင်လဲ့အား အားပါပါ လှမ်းခုတ်လိုက်တော့သည်။
ထိုအဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ ချုံးရိကျစ်မှာ ရိုးသားမှုအပြည့်ရှိသော အမူအရာဖြင့်စကားပြောနေခဲ့ရမှ တစ်အောင့်ခန့်အကြာတွင် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ အကယ်၍ အခြားတစ်ယောက်ယောက်သာဆိုပါက အငိုက်မိသွားမည်သာ ဖြစ်သည်။ သို့မဟုတ် သူ၏ တိုက်ကွက်အား သတိထားမိလိုက်လျှင်တောင် ရှောင်တိမ်းနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထို့အပြင် ထိုတိုက်ကွက်ကြောင့် အသက်သေဆုံးသွားခြင်း မရှိလျှင်တောင် ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဖြစ်သည်။
သို့သော် ချုံးရိကျစ်မှာ ဝမ်ပေါင်လဲ့အား လျှော့တွက်မိခဲ့၏။ သူသည် သေရေးရှင်ရေး တိုက်ပွဲအမြောက်အမြား တိုက်ခိုက်ဖူးခဲ့သည့်တိုင်အောင် အတိတ်ဘဝများ အားလုံးကို နားလည်ထားသည့် ဝမ်ပေါင်လဲ့အား ယှဉ်နိုင်စွမ်းရှိမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ အတွေ့အကြုံပိုင်းတွင် ထိပ်ဆုံးအဆင့် ရောက်နေပြီဟုပင် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရပေသည်။
ထို့ကြောင့် ချုံးရိကျစ် သူ၏အနီးသို့ ရောက်ရှိလာသည်နှင့် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကို မြှောက်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲတွင် ထာဝရကြယ်စွမ်းအားများ ပေါ်ပေါက်လာပြီး မရေမတွက်နိုင်လောက်အောင် များပြားသည့် မြူခိုးအမျှင်အတန်းများ ချက်ချင်း ထွက်ပေါ်လာတော့သည်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ လက်ချောင်းတစ်ချောင်းအဖြစ် စုစည်းသွားကြ၏။
သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် ထိုလက်ချောင်းကြီးမှာ လျှပ်စီးပြစ်ဒဏ်လက်ချောင်းကြီးနှင့်ပင် ဆင်တူနေသည်ကို မြင်လိုက်ရမည် ဖြစ်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ လျှပ်စီးပြစ်ဒဏ်လက်ချောင်းကြီးအား အခြေခံ၍ ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ကာ အသစ်ဖန်တီးထားသည့် တိမ်လွှာလက်ချောင်းပညာရပ် ဖြစ်သည်။ ထို့အပြင် ထာဝရကြယ်၏ ကူညီထောက်ပံ့မှုများလည်း ရှိနေသေးသည်ဖြစ်ရာ ၎င်းမှာ ပို၍ပင် အစွမ်းထက်နေတော့သည်။
ထို လက်ချောင်းကြီး ပေါ်ပေါက်လာသည်နှင့် ကမ္ဘာကြီးမှာ ပြောင်းလဲသွားရ၏။ တိမ်တိုက်များမှာလည်း တလိပ်လိပ်ထလာပြီး လေပြင်းများမှာလည်း ပြောင်းပြန်တိုက်ခတ်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် ၎င်းမှာ ဤ တိုက်ပွဲထဲ၌ အသာစီးရနိုင်ရန် ဝမ်ပေါင်လဲ့အား အငိုက်ဖမ်း၍ တိုက်ခိုက်ခဲ့သည့် ချုံးရိကျစ်၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ လက်ချောင်းကြီးနှင့် ချုံးရိကျစ်၏ လက်သီး ရိုက်ခတ်မိသွားကြချိန်တွင် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် အားကောင်းသော တုန်ခါမှုလှိုင်းတစ်မျိုးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ချုံးရိကျစ်မှာလည်း ခန္ဓာကိုယ်တစ်ခုလုဲး အပြင်းအထန် တုန်ရီသွားပြီး နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရသည်။ ဝမ်ပေါင်လဲ့မှာမူ မျက်နှာ အနည်းငယ်ခန့် နီမြန်းသွားပြီး စိတ်လှုပ်တရှား ဖြစ်နေသည့် မျက်ဝန်းများဖြင့် ချုံးရိကျစ်အား လှမ်းကြည့်ကာ ရေရွတ်လိုက်တော့သည်။
" ဘယ်ဆိုးလို့လဲ "
သူသည် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်နေခဲ့၏။ သို့သော် သူ၏ ရှေ့တွင်ရှိ နေသည့် ချုံးရိကျစ်ဆိုသူမှာ တမူထူးခြားသည့် ကျင့်ကြံခြင်းအဆင့်နှင့် တမူထူးခြားသည့် တိုက်ပွဲအတွေ့အကြုံများကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် အားနည်းချက် ကြီးကြီးမားမားမရှိသော ကျင့်ကြံသူတစ်ယောက်ဟုပင် ဆိုနိုင်ပေသည်။ ထို့ကြောင့် သူ့အား တိုက်ခိုက်၍ သူ၏ ကိုယ်ပိုင် တိုက်ရည်ခိုက်ရည်စွမ်းအားများကို စမ်းသပ်ကြည့်ခြင်းမှာ အကောင်းဆုံးဖြစ်ပေသည်။
ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ဤ တိုက်ပွဲကြီးအား အလွန်အင်မတန်မှ စိတ်ဝင်စားသွားရသည်။ သူသည် ချုံးရိကျစ်၏ နောက်သို့ ပြေးလိုက်သွားပါသော်လည်း သူ၏ အနီးသို့ ရောက်ရှိသွားချိန်တွင် မျက်လုံးများ မှေးသွား၏။ သူ၏ အမြင်တွင် ချုံးရိကျစ် ထွက်ပြေးဆုတ်ခွာသွားနေသည့်ပုံစံမှာ ထူးဆန်းနေခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ရုတ်တရက်ဆိုသလို နောက်သို့ ချက်ချင်းပြန်ဆုတ်သွားလိုက်၏။ သူသည် အလွန်အင်မတန်မှ မြန်ဆန်လွန်းနေပြီး ရုတ်ခြည်းဆိုသလို နောက်ပြန်လှည့်သွားသည်ဖြစ်ရာ ထိုနေရာ၌ ပုံရိပ်ယောင်တစ်ခု ကျန်ရစ်ခဲ့တော့သည်။
သူ ထိုသို့ ဆုတ်ခွာသွားသည်နှင့် တန်ပြန်အားများကြောင့် နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရသည့်ပုံ ပေါက်နေသော ချုံးရိကျစ်မှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး အော်ဟစ်လိုက်၏။ ထိုအခါ သူ၏ နောက်တွင် အနက်ရောင် ဧရာမပုတ်သင်ညိုကြီးတစ်ကောင်၏ အရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ထို အရိပ်ကြီးမှာ ပေတစ်ထောင်ကျော် ရှည်လျား၏။ ချုံးရိကျစ် အသံကုန်အော်ဟစ်လိုက်ချိန်တွင် ၎င်းမှာလည်း ပါးစပ်ဟကာ ဝမ်ပေါင်လဲ့တစ်ယောက် မကြာသေးမီတုန်းက သူရှိနေခဲ့သည့် နေရာ၌ ချန်ရစ်ခဲ့သည့် ပုံရိပ်ယောင်အား ဝါးမျိုလိုက်တော့သည်။
ထိုအခါ အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး အားကောင်းသော တုန်ခါမှုလိုင်းများမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။ ထို ပုတ်သင်ညိုကြီး ဝါးမျိုးလိုက်သည့် နေရာတစ်ဝိုက်ရှိ ဟင်းလင်းပြင်ကြီးမှာမူ ပဲ့ပါသွားပြီး ကြေမွပျက်စီးသွားတော့မည့်ပုံ ပေါက်လာတော့သည်။
" ထောင်ချောက်တစ်ခုကိုး " ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများ ပို၍ပင် တောက်ပလာ၏။ အကယ်၍ သူသာ အားနည်းနေမည်ဆိုပါက ဦးနှောက်မရှိသော ရန်သူများနှင့်သာ တိုက်ခိုက်ရန် ဆန္ဒရှိနေမည် ဖြစ်သည်။ ထိုတိုက်ပွဲများမှာ ပျင်းစရာကောင်းနေမည် ဖြစ်ပါသော်လည်း သူ အနိုင်ရရှိနိုင်ခြေမှာ မြင့်မားနေမည်မဟုတ်ပါလော။ သို့သော် ယခုတွင်မူ သူသည် ချုံးရိကျစ်ကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်တတ်သည့် ပြိုင်ဘက်များနှင့်သာ ရင်ဆိုင်လိုပေသည်။
အကယ်၍ မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့သာ သူ၏ ကြောက်စိတ်များကြောင့် နောက်သို့ဆုတ်ကာ ရှောင်တိမ်းခဲ့ခြင်း မရှိပါက ထို ပုတ်သင်ညိုကြီး၏ ဝါးမျိုးခြင်းကို ခံလိုက်ရမည်သာဖြစ်သည်။ သူသည် ထိုကဲ့သို့ ဝါးမျိုးခံလိုက်ရရုံနှင့် အသက်ပျောက်မသွားနိုင်ပါသော်လည်း ၎င်းမှာ ချုံးရိကျစ် အချိန်ပေး၍ ပြင်ဆင်ထားသည့် ထောင်ချောက်တစ်ခု မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုတိုက်ကွက်ထဲတွင် သူ့အား တုန်လှုပ်ချောက်ချားသွားစေနိုင်မည့် စွမ်းအားများ ကိန်းအောင်းနေဆဲပင်။ ထို့ကြောင့် သူ ထိုကဲ့သို့ ဝါးမျိုးခံလိုက်ရမည်ဆိုလျှင် ဒဏ်ရာရသွားမည်ဖြစ်သလို အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ် ဟန်ဆောင်နေသည့် သူ၏ ပုံရိပ်မှာလည်း ထိခိုက်သွားရမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုတိုက်ကွက်ကြီးအား ရှောင်တိမ်းလိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ တိမ်လွှာလက်ချောင်းမှာ ချုံးရိကျစ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
ချုံးရိကျစ်မှာမူ မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ သူသည် အမှန်တကယ်ပင် ထိုထောင်ချောက်အား အချိန်အကြာကြီးပေး၍ ပြင်ဆင်ထားရခြင်း ဖြစ်၏။ ထို တိုက်ကွက်ကြီးမှာ ဝိညာဉ်များကို ဒဏ်ရာရသွားအောင် လုပ်နိုင်စွမ်း ရှိရုံသာမက မည်သူမှ အာရုံမခံနိုင်သည့် ထူးခြားသော အဆိပ်တစ်မျိုးလည်း ကိန်းအောင်းနေသေးသည်။
ဝမ်ပေါင်လဲ့ပင်လျှင် ၎င်းအား သတိမထားမိပေ။ ထို့ကြောင့် ထို အဆိပ်မိနေလျှင်တောင် ၎င်းအား အာရုံခံနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေမည်ဖြစ်သည်။ သို့သော် ချုံးရိကျစ်၏ နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များဖြင့် ပေါင်းစည်းလိုက်မည် ဆိုလျှင်မူ ထိုအဆိပ်မှာ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားပြီး သေရေးရှင်ရေး အခိုက်အတန့်တစ်ခုတွင် ပေါက်ကွဲထွက်ပေါ်လာမည် ဖြစ်သည်။
၎င်းမှာ ချုံးရိကျစ် သူ့ထက် ပို၍ အစွမ်းထက်သည့် ရန်သူများနှင့် တိုက်ခိုက်သည့် အချိန်များတွင်သာ အသုံးပြုလေ့ရှိသော ထောင်ချောက်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းအား ထပ်တလဲလဲ အသုံးပြုနိုင်ရန်မှာ ခဲယဉ်းပေသည်။ ထို့အပြင် သူ ယခင်တုန်းက တိုက်ခိုက်ဖူးခဲ့သည့် တိုက်ပွဲအများစုထဲတွင် ထို တိုက်ကွက်ဖြင့် သူ၏ ပြိုင်ဘက်များကို အငိုက်ဖမ်းကာ တိုက်ပွဲကြီး၏ အခြေအနေအား ပြောင်းလဲပစ်နိုင်ခဲ့သည်သာ ဖြစ်သည်။ အဆင့်မြင့် ကျင့်ကြံခြင်းစွမ်းအားများကိုသာ အားကိုးခဲ့ကြသည့် သူ၏ ပြိုင်ဘက်များအားလုံးမှာ ထိုတိုက်ကွက်ကြောင့် ဝေဒနာမျိုးစုံ ခံစားခဲ့ကြရသည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ၎င်းအား အာရုံခံမိခဲ့သည့်အပြင် ရှောင်တိမ်းနိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့မှာ... ရင်ဆိုင်ရခက်သည့် ပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း နားလည်သွားတော့သည်။