အပြည့်အဝ ဖိနှိပ်ချုပ်တည်းခြင်း
Vol. 81 Ch. 1116
ထို့ကြောင့် ချုံးရိကျစ်မှာ နောက်သို့ထွက်ပြေးဆုတ်ခွာသွားနေရင်း မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူသည် သူ၏ လက်နှစ်ဖက်ကို မြှောက်ကာ အားပါပါ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ ထာဝရကြယ်ကြီးမှာ သူ၏ နောက်၌ ပေါ်ပေါက်လာ၏။
ချုံးရိကျစ်မှာ နှောင်းပိုင်း ထာဝရကြယ်အဆင့်တွင် ရှိနေပြီး သူ၏ ထာဝရကြယ်မှာ ရှားပါး မြေကြီးအဆင့် ထာဝရကြယ် ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ ထာဝရကြယ်၏ စွမ်းအားစုစည်းနိုင်မှုပမာဏမှာ အံ့သြမှင်တက်ဖွယ်ရာကောင်းသည့် အဆင့်တစ်ခုအထိ ရောက်နေပြီဖြစ်သည်။
အကယ်၍ ထိုကဲ့သို့ မြေကြီးထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား ပိုင်ဆိုင်ထားသည့် ဂိုဏ်းမှာ အခြား ဂိုဏ်းငယ်လေး တစ်ခုခုသာ ဖြစ်နေမည်ဆိုပါက သူ၏ ကျင့်ကြံခြင်းအတွက် လိုအပ်သည့် အရင်းအနှီး အထောက်အပံ့များကို လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်မည်မဟုတ်ပေ။ သို့သော် ချုံးရိကျစ်မှာ လမ်းကိုးသွယ်တာအိုဂိုဏ်း၏ တာအိုဂိုဏ်းသားတစ်ယောက်ဖြစ်ရာ သူ၏ မြေကြီးထာဝရကြယ်အဆင့်အား နှောင်းပိုင်းအဆင့်၏ ထိပ်ဆုံးအထိရောက်အောင် မြှင့်တင်နိုင်ခဲ့၏။ ထို့ကြောင့်လည်း သူ၏ ထာဝရကြယ်အား မြင်လိုက်ရသူတိုင်းမှာ ၎င်း၏ အရွယ်အစားကြောင့် တုန်လှုပ်ချောက်ချားသွားခဲ့ကြရသည်သာ ဖြစ်သည်။
အကယ်၍ သာမန်ထာဝရကြယ်များအား ရေကန်တစ်ကန်နှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက ချုံးရိကျစ်၏ ထာဝရကြယ်ကြီးမှာ ရေကန်တစ်ကန်ထက် အများကြီးပို၍ ကြီးမားသည့် ပင်လယ်တစ်စင်းကဲ့သို့ ဖြစ်နေပြီဖြစ်သည်။
ထိုကဲ့သို့ သူ၏ ထာဝရကြယ်ကြီး ပေါ်ပေါက်လာသည့်တိုင်အောင် ချုံးရိကျစ်၏ မှော်ပညာရပ်များမှာ ရပ်တန့်သွားခြင်းမရှိသေးပေ။ သူ၏ ထာဝရကြယ်ကြီး ပေါ်ပေါက်လာသည်နှင့် သူသည် နောက်သို့ ချက်ချင်း ဆုတ်ခွာသွားလိုက်သဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သူ၏ နောက်တွင် ရှိနေသည့် ထာဝရကြယ်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။
ထိုသို့ ပေါင်းစည်းသွားချိန်တွင် ထာဝရကြယ်ကြီးထဲမှ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး ၎င်း၏ ပုံစံမှာ ချက်ချင်းပြောင်းလဲသွား၏။ ၎င်းမှာ ရုတ်ခြည်းဆိုသလို အရွယ်အစားသေးငယ်သွားပြီး ၎င်း၏ စွမ်းအားများကို အဆက်မပြတ် စုစည်းနေသည့်ပုံပင်။ ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ခေါင်းတစ်လုံး၊ ခြေထောက်နှစ်ဖက်နှင့် လက်နှစ်ဖက်ပါသော ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့၏ ရှေ့တွင် ပေါ်ပေါက်လာသည့် အရာကြီးမှာ ပေတစ်သိန်းကျော်မြင့်မားသည့် ဘီလူးကြီးတစ်ကောင် ဖြစ်ပေသည်။
ထိုဘီလူးကြီး၏ မျက်နှာမှာ ချုံးရိကျစ်၏ မျက်နှာနှင့် တထေရာတည်း တူနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသည်။ ထို့အပြင် အပူဓာတ်များမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြသဖြင့် ကောင်းကင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားရသည်။ ထို ကောင်းကင်ကြီး၏ အောက်တွင် သူသည် နတ်ဘုရားတစ်ပါးနှင့် တူနေ၏။ သူ၏ ရှေ့တွင် ရှိနေသော တိမ်လွှာလက်ချောင်းမှာမူ သူ၏ အနီးသို့ မရောက်နိုင်ခင်မှာပင် အငွေ့ပျံကာ ပျောက်ကွယ်သွားတော့မည့် ရေစက်လေး တစ်စက်ကဲ့သို့ပင်။
ရှဲ့ဟေးရန်နှင့် အခြားသူများမှာ တာအိုအစောင့်အရှောက်များ၏ အကူအညီကြောင့်သာ အဝေးသို့ ထွက်ပြေးလွတ်မြောက်သွားကြ၏။ သူတို့အားလုံးမှာ တုန်လှုပ်ချောက်ချားနေကြရပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် မလှုပ်မယှက်ရပ်ကာ သူ၏ တိမ်လွှာလက်ချောင်း ချုံးရိကျစ်၏ ရှေ့၌ လွင့်ပါးပျောက်ကွယ်သွားသည်ကို စိုက်ကြည့်နေလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ ပို၍ပင် စိတ်ဝင်စားလာသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။ ထိုသို့ဖြင့် သူ၏ တိုက်ခိုက်လိုစိတ်များ မြင့်တက်လာချိန်တွင် ချုံးရိကျစ်၏ ထာဝရကြယ်ဘီလူးကြီးမှာ ခေါင်းမော့ကာ အော်ဟစ်လိုက်ပြီး ခြေဆောင့်နင်းကာ ဝမ်ပေါင်လဲ့ဆီသို့ လျှောက်လှမ်းလာ၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ ကြယ်ပျံတစ်လုံးနှင့်တူသည့် လက်သီးချက်တစ်ချက်အား ဝမ်ပေါင်လဲ့ဆီသို့ ထုတ်လွှတ်လိုက်တော့သည်။
ထိုအခါ အာကာသကောင်းကင်ကြီးမှာ ကြေမွပျက်စီးသွားပြီး ထစ်ချုန်းသံများမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွားသည်။ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သည့် အဖျက်စွမ်းအားတစ်မျိုးမှာလည်း အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာပြီး အာကာသကောင်းကင်ကြီးတစ်ခုလုံးထဲ၌ ပြည့်နှက်သွား၏။ ဝမ်ပေါင်လဲ့မှာမူ ခေါင်းမော့ကာ အော်ဟစ်ရယ်မောလိုက်သည်။ ထိုအခါ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ သူ၏ ပတ်ပတ်လည်၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ ထို ချပ်ဝတ်တန်ဆာထဲတွင် သူ၏ ထာဝရကြယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ ပြည့်နှက်နေသောကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများကို ပိုင်ဆိုင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာ စည်းချက်ညီညီ တုန်ရီလာ၏။ သူ၏ ခန္ဓာကိုယ်အရွယ်အစားမှာ အများကြီးပြောင်းလဲသွားခြင်း မရှိသည့်တိုင်အောင် ၎င်းထဲ၌ ကိန်းအောင်းနေသည့် စွမ်းအားများမှာ ကြောက်မက်ဖွယ်ရာ အဆင့်တစ်ခုသို့ ရောက်သွားပြီဖြစ်သည်။ ထိုအချိန်တွင် ဘီလူးကြီး၏ ခြေထောက်မှာ အောက်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသောကြောင့် ဝမ်ပေါင်လဲ့မှာ လေပေါ်သို့ ခုန်တက်ကာ ၎င်းအား ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူသည် အရှိန်မြှင့်တင်ကာ ဘီလူးကြီး၏ လက်သီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွား၏။ ထို့သို့ဖြင့် သူတို့နှစ်ယောက်၏ လက်သီးများမှာ ထိပ်တိုက်တွေ့သွားတော့သည်။
ထိုအခြင်းအရာများကို စကားလုံးများဖြင့် ဖော်ပြရသည်မှာ ကြာမြင့်ပါသော်လည်း ၎င်းတို့မှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့၏ လက်သီးနှင့် ချုံးရိကျစ်၏ ထာဝရကြယ်ဘီလူးကြီး၏ လက်သီးမှာ အာကာသကောင်းကင်ကြီးထဲ၌ ရိုက်ခတ်မိသွားကြပြီ ဖြစ်သည်။
အပေါ်ယံမျှသာ ကြည့်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ဆင်ကြီးတစ်ကောင်အား တားဆီးနိုင်ရန် ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင်နှင့် တူနေ၏။ သို့သော် သူတို့နှစ်ယောက်၏ လက်သီးများ ရိုက်ခတ်မိသွားကြသည်နှင့် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် အသံကြီးတစ်သံနှင့် အားကောင်းသော တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာသည်။ ၎င်းတို့ကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရသည့်သူမှာ... ဝမ်ပေါင်လဲ့ မဟုတ်ဘဲ ချုံးရိကျစ်၏ ထာဝရကြယ်ဘီလူးကြီး ဖြစ်နေသည်။
ချုံးရိကျစ်မှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားပြီး မျက်ဝန်းများထဲ၌ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အစွမ်းထက်ကြောင်း သိထားပြီးဖြစ်သောကြောင့် အစကတည်းက သူ၏ ဝိညာဉ်အား ဒဏ်ရာရအောင်လုပ်နိုင်ရန် အရင်ဆုံး ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့နှင့် ကျင့်ကြံခြင်းစွမ်းအားအပိုင်းတွင် မယှဉ်ပြိုင်လိုပေ။ ထို့ကြောင့် သူသည် သူ၏ ပထမအစီအစဉ် ပျက်ပြားသွားသောအခါ သူ၏ ထာဝရကြယ်ကို အသုံးပြု၍ အပြင်ခန္ဓာကိုယ်အား တောင့်တင်းခိုင်မာလာအောင် လုပ်လိုက်ခြင်း ဖြစ်သည်။ သူသည် ၎င်း၏ ခုခံကာကွယ်ရေးစွမ်းအားနှင့် တိုက်ခိုက်ရေးစွမ်းအားများကို မြှင့်တင်ကာ ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးစားမည်ဖြစ်သည်။
သူသည် ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် နတ်ဘုရားစွမ်းရည်များကို သေချာပေါက် ထုတ်သုံးလိမ့်မည်ဖြစ်ကြောင်း တွက်ထားပြီးသား ဖြစ်သည်။ ထိုအချိန်တွင် သူသည် သူ၏ ခုခံကာကွယ်ရေးစွမ်းအားများကို အသုံးပြုကာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များကို အချိန်အတိုင်းအတာတစ်ခုအထိ ခုခံတွန်းလှန်လိုက်မည် ဖြစ်သည်။ ထို့နောက် သူသည် သူ၏ တိုက်ခိုက်ရေးစွမ်းအားများကို အသုံးပြု၍ ဝမ်ပေါင်လဲ့အား တိုက်ကွက်တစ်ကွက်တည်းနှင့် ဒဏ်ရာရသွားအောင် လုပ်လိုက်ရုံပင်။
သို့သော် သူသည် ဝမ်ပေါင်လဲ့မှာလည်း သူ၏ အပြင်ခန္ဓာကိုယ် စွမ်းအားများကိုသာ ထုတ်သုံးလိုက်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထို့အပြင် အပြင်ခန္ဓာကိုယ် စွမ်းအားအပိုင်းတွင်လည်း ဝမ်ပေါင်လဲ့မှာ သူ့ထက်ပို၍ အစွမ်းထက်နေသေးသည်။ ထို့ကြောင့် လေထဲတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားရပြီး ချုံးရိကျစ်မှာ နောက်သို့ဆုတ်ခွာသွားရ၏။ သူသည် ဝမ်ပေါင်လဲ့အား သတ်ဖြတ်နိုင်ရန် သူ၏ နောက်မှ လိုက်လာမိသည်ကို နောင်တရနေပြီဖြစ်သည်။
သို့သော် ယခု အခြေအနေသို့ ရောက်လာပြီဖြစ်ရာ နောက်ပြန်လှည့်၍ မဖြစ်တော့ပေ။ သူသည် သူ့ဘက်မှ အတိုက်အခိုက် ရပ်စဲရန် ကမ်းလှမ်းလိုက်လျှင်တောင် ဝမ်ပေါင်လဲ့မှာ လက်ခံတော့မည်မဟုတ်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာဖြင့် နောက်သို့ဆုတ်ခွာသွားလိုက်၏။ ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်ကာ သူ့ကိုယ်သူ ကိုးကြိမ်တိတိ ရိုက်နှက်လိုက်သည်။ ထိုသို့ တစ်ကြိမ်ရိုက်နှက်လိုက်တိုင်း အုန်းခနဲ မြည်သံတစ်သံ ထွက်ပေါ်လာပြီး သူ၏ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာရသည်သာ ဖြစ်သည်။
" တာအိုကိုးပါး၊ တတိယ လျှို့ဝှက်မှော်ပညာရပ် "
သူ ထိုသို့ဆိုကာ နောက်သို့ ဆုတ်ခွာသွားလိုက်သည်နှင့် သူ၏ ပါးစပ်ထဲမှ အန်ထွက်လာခဲ့သည့် သွေးပွက် ကိုးပွက်မှာ သူ၏ရှေ့၌ အလျင်အမြန် လူးလွန့်သွားကြ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့မှာ သူနှင့်ပုံစံတူ ကိုယ်ပွားများအဖြစ် ပြောင်းလဲသွားတော့သည်။
သို့ဖြစ်ရာ ကိုယ်ပွားကိုးခုတိတိ ပေါ်ပေါက်လာ၏။
ထို ကိုယ်ပွားကိုးခု၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အစစ်၏ တိုက်ရည်ခိုက်ရည်စွမ်းအားများနှင့် အတူတူပင်ဖြစ်သည်။ ၎င်းမှာ လမ်းကိုးသွယ်တာအိုဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကိုးခုထဲမှ တစ်ခု ဖြစ်ပေသည်။ ထိုပညာအရပ်မှာ မိမိ၏ စွမ်းအားများကို အချိန်အနည်းငယ်ခန့် အလွန်အကျွန် ထုတ်သုံးကာ ခန္ဓာကိုယ်အစစ်နှင့် တိုက်ရည်ခိုက်ရည်တူသော ကိုယ်ပွားကိုးခုအား ဖန်တီးပေးနိုင်စွမ်းရှိပေသည်။
ထို ကိုယ်ပွားများ ပေါ်ပေါက်လာသည်နှင့် အာကာသကောင်းကင်ကြီးမှာ တုန်ရီသွားရပြီး စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာ၏။ ချုံးရိကျစ်၏ ခန္ဓာကိုယ်အစစ်မှာမူ သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသည့် အမူအရာဖြင့် အသံကုန်အော်ဟစ်လိုက်ပြီးနောက် သူ၏ ကိုယ်ပွားကိုးခုနှင့်အတူ ဝမ်ပေါင်လဲ့ဆီသို့ တစ်ပြိုင်တည်း ပြေးလာကြတော့သည်။
" သေပေတော့ "
" စိတ်ဝင်စားစရာပဲ " ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများ အရောင်တောက်ပသွား၏။ သူသည် ရှောင်တိမ်းခြင်း မရှိရုံသာမက သူ၏ တိုက်ခိုက်လိုစိတ်များမှာ ပို၍ပင် အားကောင်းလာရသည်။ ထို့ကြောင့် သူသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သဖြင့် သူ၏နောက်၌ ဂြိုဟ်များ တစ်လုံးပြီးတစ်လုံး ပေါ်ပေါက်လာကြတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် သူ၏နောက်၌ အထူးဂြိုဟ် အလုံး တစ်သောင်းတိတိ ပေါ်ပေါက်လာပြီး ကြယ်မြေပုံတစ်ခုအား ဖန်တီးပေးလိုက်၏။ ထို ကြယ်မြေပုံကြီး၏ အလယ်တွင်မူ အာကာသတွင်းနက်ကြီးတစ်ခု ရှိနေသည်။ ၎င်း၏ ပတ်ပတ်လည်တွင်မူ ဂြိုဟ်ကိုးလုံးမှာ ထာဝရကြယ်များကဲ့သို့ တောက်ပနေကြ၏။
" တာအိုကိုးပါး " ဝမ်ပေါင်လဲ့ သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ နောက်တွင်ရှိနေသည့် ကြယ်မြေပုံကြီးထဲမှ အထူးဂြိုဟ် အလုံးတစ်သောင်းမှာ မှေးမှိန်သွား၏။ ထာဝရကြယ်များနှင့်တူသည့် ဂြိုဟ်ကိုးလုံးသာလျှင် အလင်းရောင်များ ထုတ်လွှတ်ကာ ကြယ်မြေပုံထဲမှ ထွက်ခွာလာကြသည်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ စုဝေးသွားကြပြီးနောက် လူပုံစံ အလင်းရောင်ပုံရိပ်ကိုးခုအဖြစ် ပြောင်းလဲသွားကြ၏။
ထို ဂြိုဟ်ကိုးလုံးမှာ ဝမ်ပေါင်လဲ့၏ ရှေးဟောင်းဂြိုဟ်များ ဖြစ်ကြပေသည်။ သူ ထာဝရကြယ်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီးနောက် ၎င်းတို့မှာလည်း တာအိုဂြိုဟ်၏ ကူညီထောက်ပံ့မှုနှင့်အတူ ထာဝရကြယ်အဆင့်သို့ တက်လှမ်းသွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မှာ ပေါ်ပေါက်လာသည်နှင့် အလင်းရောင်များ ထုတ်လွှတ်လိုက်ရုံသာမက ၎င်းတို့၏ သဘာဝ စည်းမျဥ်းဥပဒေသစွမ်းအားများမှာလည်း အတူတကွစုစည်းသွားကြပြီး လူရိပ် ကိုးခုအဖြစ် ပြောင်းလဲသွားကြ၏။ သို့ဖြစ်ရာ ၎င်းတို့မှာ သဘာဝစည်းမျဥ်းဥပဒေသ ကိုယ်ပွားများ ဖြစ်ကြပေသည်။
ထို ကိုယ်ပွားများမှာ ပေါ်ပေါက်လာကြသည်နှင့် အသိဉာဏ်များ ပိုင်ဆိုင်ထားကြသည့်အလား ဝမ်ပေါင်လဲ့အား အရင်ဆုံး ဦးညွှတ် အရိုအသေပေးလိုက်ကြ၏။ ထို့နောက် ၎င်းတို့မှာ ရှေ့သို့ ပြေးထွက်သွားကာ ချုံးရိကျစ်၏ ကိုယ်ပွားကိုးခုဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။ ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့မှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကာ တိုက်ခိုက်နေကြတော့သည်။
၎င်းတို့ကြောင့် ထွက်ပေါ်လာသည့် ထစ်ချုန်းသံများနှင့် တုန်ခါမှုလှိုင်းများ၏ ကြားတွင် ချုံးရိကျစ်၏ ခန္ဓာကိုယ်အစစ်မှာ ရှေ့သို့ပြေးထွက်လာ၏။ ယခုအကြိမ်တွင်မူ သူသည် လက်ဗလာနှင့် ပြေးထွက်လာခြင်းမဟုတ်ဘဲ သူ၏ လက်နှစ်ဖက်အား ရှေ့သို့ဆန့်ထုတ်လိုက်သည်။ ထိုအခါ သူ၏ လက်နှစ်ဖက်ထဲတွင် ရွှေရောင်လှံတစ်ချောင်း ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ သူ ၎င်းအား ဆုပ်ကိုင်လိုက်ချိန်တွင် သူ၏ အငွေ့အသက်များမှာ ပို၍ပင် အားကောင်းသွားသည်။
သူ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာသည်နှင့် ဝမ်ပေါင်လဲ့မှာလည်း သူ၏ ညာဘက်လက်ကို မြှောက်ကာ လေထဲ၌ လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ ထိုအခါ သူ၏ လက်ထဲ၌ ပေါ်ပေါက်လာသည့်အရာမှာ ယခင်တုန်းက နတ်ဘုရားလက်နက်မဟုတ်တော့ပေ။ ၎င်းမှာ မှုန်ဝါးဝါးဖြစ်နေပါသော်လည်း အလျင်အမြန် ရုပ်လုံးပေါ်လာနေသည့် ဓားရှည်တစ်လက် ဖြစ်ပေသည်။
ထိုဓားရှည်မှာ... ဝမ်ပေါင်လဲ့၏ အတိတ်ဘဝတစ်ခုထဲ၌ သက်ရှိပေါင်းမြောက်များစွာအား သတ်ဖြတ်ခဲ့ပြီး မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသည့် နတ်ဆိုးဓားဖြစ်ပေသည်။ ယခုတွင် ဝမ်ပေါင်လဲ့တစ်ယောက် ထို နတ်ဆိုးဓားအား ဆုပ်ကိုင်လိုက်သည်နှင့် ၎င်းမှာ အသက်ဝင်လာသည့်အလား ၎င်း၏ ကိုယ်ထည်ပေါ်၌ မျက်လုံးတစ်လုံး ပေါ်ပေါက်လာသည်။
၎င်းမှာ ရဲရဲနီနေသည့် မျက်လုံးတစ်လုံးဖြစ်ပြီး သေသေချာချာ ကြည့်လိုက်မည်ဆိုလျှင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများနှင့် ဆင်တူနေသည်ကို မြင်လိုက်ရမည် ဖြစ်သည်။ ယခုတွင် ထိုမျက်ဝန်းများထဲ၌ တိုက်ခိုက်လိုစိတ်များနှင့် မိမိ၏ အစွမ်းအစများကို သက်သေပြချင်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်လိုက်ပြီး ချုံးရိကျစ် ရွှေရောင်လှံကြီးကို ကိုင်ကာ သူ့ဆီသို့ ပြေးလာသည်ကို မြင်လိုက်ရသည်နှင့် လေပေါ်သို့ ခုန်တက်ကာ နတ်ဆိုးဓားကြီးအား ကိုင်မြှောက်၍ ချုံးရိကျစ်အား လှမ်းခုတ်လိုက်တော့သည်။
၎င်းမှာ အကာသကောင်းကင်ကြီးအား တိခနဲ ဖြတ်တောက်သွားပြီး ၎င်း၏ အငွေ့အသက်ကြောင့် မိုးကောင်းကင်ကြီးတစ်ခုလုံးမှာ တုန်ရီသွားရ၏။
နတ်ဆိုးဓား၏ ဓားသွားမှာ ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသော အာကာသကောင်းကင်ကြီးအား ဖြတ်တောက်လိုက်သဖြင့် ၎င်းမှာ ထက်ခြမ်းပိုင်းခံလိုက်ရသည့်အလား ဖြစ်သွား၏။ ၎င်းမှာ အရာအားလုံးကို ကျော်ဖြတ်ကာ ချုံးရိကျစ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ၎င်း၏ မကျေနပ်ချက် အငွေ့အသက်များမှာ သက်ရှိများအားလုံး၏ ငိုကြွေးမြည်တမ်းသံများအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ထိုအသံများမှာ အာကာသကောင်းကင်ကြီးထဲ၌ ပေါက်ကွဲထွက်ပေါ်လာပြီး ချုံးရိကျစ်၏ ခန္ဓာကိုယ်အစစ်မှာ ထိုတိုက်ကွက်၏ ပြင်းအားများကို ခံစားလိုက်ရတော့သည်။ သူသည် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွား၏။ ထို့နောက် သူသည် အသက်အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားလိုက်ရပြီး နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားရတော့သည်။