← Chapters

ပျောက်ဆုံးမှု

Vol. 3 Ch. 37

ပျောက်ဆုံးမှု

Vol. 3 Ch. 37

“မယုံနိုင်စရာပဲ...”

နောက်ဆုံး ပုရပိုက်ကို နေရာတကျ ပြန်လည် ထားရင်း ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ လွန်ခဲ့သည့် ငါးရက်၌ သူကား ရေတွင်းထဲမှ ဖားသူငယ် အဆင့်တွင်သာ ရှိခဲ့သည်။ ယနေ့တွင်မူ ပင်လယ်ကြီး ဘယ်လောက်ကျယ်သည်ကို သူသိရှိလာခဲ့ချေပြီ။

ခြောက်သွေ့နေသော နှုတ်ခမ်းများကို တစ်ချက် သပ်ရင်း ချီကျင့်စဥ်များ ထားရှိရာ စင်မြင့်ထံသို့ သူ ဦးတည်လိုက်သည်။  အလျှင်အမြန်ပင် သူ လိုချင်သည့် အရာကို ရှာတွေ့သွား၏။

ချီလက်စွဲ စာအုပ် - ဆန်းကြယ် ဒြပ်စင် ဝင်္ကပါ...

၎င်းမှာ ကောင်းကင် ဧကရာဇ် ဟန်ရှဲ့ အသုံးပြုခဲ့သည့် ချီနည်းလမ်း တစ်ခု ဖြစ်သည်။ ကောင်းကင် ဧကရာဇ်သည် သူ မသေဆုံးမီ အချိန်ကလေးတွင် ဆက်ခံသူ တစ်ဦး ရနိုးနိုး မျှော်လင့်ချက်ဖြင့် ထိုစာအုပ်ကို ဖြန့်ဝေခဲ့သည်။ သို့သော်လည်း ပုရပိုက်များ၏ အဆိုအရဆိုလျှင် မည်သည့် ဆက်ခံသူမျှ ပေါ်ထွက် လာခဲ့ခြင်း မရှိချေ။ ဧကရာဇ် ဟန်ရှဲ့ သေဆုံးပြီးနောက် မကြာခင်မှာပင် သူ၏ အင်ပါယာမှာလည်း တစ်တိ တစ်တိ လဲပြိုကာ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့ရသည်။

ဆက်ခံသူ ရှာဖွေမတွေ့ခဲ့ရသည့် အကြောင်းရင်းကား...

သူ၏ ချီနည်းလမ်းကို အောင်မြင်ရန် အတွက် အဆင့်မြင့် သတ္တုချီ၊ လျှပ်စီးချီ၊ သစ်သားချီ၊ ရေခဲချီနှင့် ချော်ရည်ပူချီတို့ လိုအပ်ခြင်းကြောင့် ဖြစ်သည်။ ဝေ့ဝူယင်သည် အဆင့်မြင့် သတ္တု၊ လျှပ်စီးနှင့် သစ်သားချီတို့ကို ရရှိခဲ့ပြီး ဖြစ်သည်။ ရေခဲချီနှင့် ချော်ရည်ပူချီတို့ကိုသာ သူ လိုအပ်သည်။ အကယ်၍ သူသာ ကံကောင်းပါက သူ၏ ချီနှလုံးသား တစ်ခု၊ သို့မဟုတ် နှစ်ခုစလုံးကိုပါ ဒြပ်စင်ချီ နှလုံးသား အဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မည် ဖြစ်သည်။

အဆင့်မြင့် ရေခဲချီနှင့် ချော်ရည်ပူချီများကို ရှာဖွေတွေ့ရှိရန် အခွင့်အ‌ရေးမှာ ဇာမဏီငှက်မွေးထက် ပိုမို ရှားပါးကြောင်း သူ သိရှိထားပါသည်။ ပုံမှန်ဆိုလျှင် သူ ထိုချီကျင့်စဥ်ကို ရွေးချယ်မိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သူ လက်ရှိ ပိုင်ဆိုင်ထားသော ကမ္မ တန်ဖိုးကြောင့် ကောင်းကင်မှာ သူ့အား ကူညီလိမ့်မည်ဟု ဝေ့ဝူယင် ခံစားနေရသည်။

မဟုတ်သေး... ကောင်းကင်မှ ကူညီလိမ့်မည် ဖြစ်ကြောင်းကို ကျိန်းသေခွာသေ သူ သိရှိပေသည်။

ဝေ့ဝူယင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိ၏။ လူအိုကြီးပိုင်မှာ ရုတ်တရက် လန့်ဖျန့်သွားကာ သူ့အား လည်ပြန် ကြည့်လိုက်သည်။ ထိုကလေးမှာ လေးရက်လုံးလုံး စကားတစ်ခွန်းပင် မဆိုခဲ့ပဲ ယခုမှ ထ၍ ရယ်မောနေသည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်ရသနည်း။

ခြေလက်များကို ဆန့်ထုတ်ကာ အညောင်းအညာဖြေ ပြီးနောက် ဝေ့ဝူယင်မှာ ထွက်ခွာရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူက မထွက်ခွာခင် လူအိုကြီးပိုင်ကို လေးစားသမှုဖြင့် ဦးညွှတ်ကာ လေးရက်လုံးလုံး စောင့်ကြည့် ပေးခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ဆိုလိုက်၏။

တာအို ဘုရားကျောင်းမှ ထွက်ခွာလာပြီးနောက် ကြီးမား ထွားကြိုင်းသော ခန္ဓာ၊ တဝင်းဝင်း တောက်ပနေသော မျက်လုံးများနှင့် ကတုံးပြောင်ပြောင် ပုံရိပ်တစ်ခုက သူ့အား ဆီးကြိုနေခဲ့လေ၏။ ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်သည်။

“ဝေ့စီ... ဘာလို့ ဒီကို ရောက်နေတာလဲ”

ပုံမှန်အားဖြင့် ဆိုပါက ဝေ့စီမှာ ယန်ရှေးဟောင်း ကွင်းပြင်တွင်သာ နေလေ့ရှိသည်။ ဝေ့ဝူယင် သူနှင့် မတွေ့သည်ပင် အတော်ကလေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

“ဝေ့ဝူယင်...”

ဝေ့စီမှာ ဝေ့ဝူယင်ကို တွေ့သည်နှင့် ငိုသံပါနေသော အသံဖြင့်င့် ‌အော်ဟစ်ရင်း အလောတကြီး အနားသို့ ပြေးလွှားလာသည်။

“ဘာဖြစ်လို့လဲ...”

ဝေ့ဝူယင်သည် ထိုညီဝမ်းကွဲ အပေါ် အမြဲတမ်းလိုလို ဂရုစိုက်ကာ တတ်နိုင်သမျှ ကူညီပေးလေ့ ရှိသည်။

"ဟိုဟာ... အမကြီး မေ့မေ့...”

သူ၏ အသံက ထိတ်လန့်မှုများနှင့် ပြည့်နှက်နေ၏။

"မေ့မေ့လား... ဘာဖြစ်လို့လဲ...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်သည်။

“မေ့မေ့... မေ့မေ့... သူ ပျောက်သွားပြီ... လွန်ခဲ့တဲ့ နှစ်ရက်က သူ ပျောက်သွားပြီ”

“ပျောက်သွားတယ်...”

ဝေ့ဝူယင်၏ မျက်ခုံးများက ထိစပ်လုမတတ် ပိုမို တွန့်ကွေ့သွား၏။

“ဘယ်လိုပျောက်သွားတာလဲ... သူ့မှာ သက်တော်စောင့်တွေ ရှိတယ်မလား”

“ဟုတ်တယ်... ဂိုဏ်းက သူ့ကို ချီပျစ်ခဲခြင်း အဆင့်သုံး သက်တော်စောင့်တွေ ပေးထားတယ်... ဒါပေမဲ့ သူတို့လည်း သတိလစ်နေတယ်... ဂိုဏ်းက ရှာဖွေရေး အဖွဲ့တွေ လွှတ်ခဲ့ပေမဲ့ အားလုံး လက်ဗလာနဲ့ပဲ ပြန်လာခဲ့ကြတယ်”

နှလုံးသားထဲ၌ အပေါက်တစ်ပေါက် ထိုးဖောက်သွားသည့်နှယ် ဟာတာတာ ခံစားချက် တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရ၏။

မေ့မေ့ကား သူ၏ ခေါင်းဆောင်ဟောင်း ဖြစ်သလို ချစ်သူဟောင်းလည်း ဖြစ်ခဲ့သည်။ ပို၍ အရေးကြီးသည်က သူမမှာ သူ၏ အရင်းနှီးဆုံး မိတ်ဆွေ တစ်ဦး ဖြစ်နေခြင်း ဖြစ်သည်။ သူ့အတွက် သူမမှာ အရေးကြီးခဲ့ပေသည်။

“သူတို့ ဘာမှ ရှာမတွေ့ဘူးပေါ့”

ဝေ့ဝူယင်၏ အသံက အဆုံးသတ်၌ အနည်းငယ် တုန်ရီသွား၏။

"ဟင့်အင်း... ဒါပေမဲ့ ငါ သိတယ်... ဘယ်သူလုပ်တာလဲ ဆိုတာကို”

ဝေ့စီက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

"မင်း သိတယ်ဆိုရင် ဘာလို့ ဂိုဏ်းကို သွားမပြောလဲ”

ဝေ့ဝူယင် ဒေါသတကြီး အော်လိုက်၏။

ဝေ့စီမှာ အနည်းငယ် ထိတ်လန့်သွားဟန်ဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ မဝံ့မရဲ ဆိုလိုက်သည်။

“ငါ ပြောခဲ့ပါတယ်”

ဝေ့ဝူယင်က သူ့အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

“ဒါပေမဲ့ သူက မေ့မေ့နဲ့ သဘောတူညီမှု ယူထားတာ... ဒီတော့ ဂိုဏ်းက ဘာတတ်နိုင်မှာလဲ... သူတို့ ငါ့သွေးကို လိုအပ်လို့သာ အဲဒီ အကြောင်းတွေ ငါသိခဲ့ရတာ”

ဝေ့စီက ဆိုသည်။

“သွေး... ဟုတ်လား...”

ဝေ့စီသည် ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားပြီး ပြင်းထန်စွာ ဖုံးလွှမ်းထားသော ယန်စွမ်းအင်က သူ့အား ပြိုင်ဘက်ကင်း သန်စွမ်းမှုကို ပေးထားသည်။ သီအိုရီ အရဆိုလျှင် သူ၏ သွေးကို ဆေးဝါး သို့မဟုတ် ကျင့်ကြံခြင်း ရင်းမြစ် တစ်ခု အနေဖြင့် အသုံးပြုနိုင်သည်။

“အဓိကတပည့် ပြိုင်ပွဲ အပြီးမှာ မေ့မေ့ အကြီးအကျယ် ဒဏ်ရာ ရသွားခဲ့တာ မင်း သိပါတယ်... သူက လမ်းတောင် မလျှောက်နိုင်တော့တဲ့ အထိ ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်သွားခဲ့တာ... နောက်ပြီး အာရုံကြောတွေနဲ့ ကျောရိုးကလည်း ပျက်စီးနေပြီ...”

“မေ့မေ့က နေကျီးကန်းစုန်းမလို့ ခေါ်တဲ့ တစ်စုံတစ်ယောက်နဲ့ ဆက်သွယ်ခဲ့တယ်... သူတို့က ငါ့ရဲ့ သွေးကို တောင်းပြီး ဆေးတစ်လုံး ဖန်တီးခဲ့တယ်... နောက်ပိုင်းမှာ မေ့မေ့ ပြန်ပြီး ကျန်းမာလာခဲ့တယ်... သူက အရင်တုန်းကထက်တောင် ပို သန်မာလာတယ်... ငါ အခင်းဖြစ်တဲ့ နေရာကို ရောက်တုန်းက အဲဒီနေကျီးကန်’ စုန်းမရဲ့ အနံ့ကို ရတယ်”

ဝေ့စီက သူ၏ စကားကို အဆုံးသတ်လိုက်၏။

ဝေ့ဝူယင်၏ စိတ်မှာ အတွေးပေါင်းစုံဖြင့် ပြေးလွှားသွားသည်။

“နေကျီးကန်းစုန်းမ...”

ထိုနာမည်ကို ရေရွတ်လိုက်ချိန်၌ သူ၏ အမူအရာက အနည်းငယ် ရုပ်ဆိုးသွားသည်။ တရားခံကို သိသည့်တိုင် ဂိုဏ်း အနေဖြင့် မည်သို့မျှ မလုပ်သည်မှာ အံ့သြစရာ မရှိတော့ချေ။ နေကျီးကန်း စုန်းမမှာ သာမန် လူသား တစ်ယောက် မဟုတ်ချေ။ နတ်သူငယ်မျိုးနွယ်များနှင့် နက်ရှိုင်းစွာ ပတ်သက် ဆက်စပ်နေသည့် တစ်စုံတစ်‌ယောက် ဖြစ်သည်။ သူမသည် အတော်လေး ကျော်ကြားကာ သေမျိုး နတ်ဘုရား တစ်ယောက်ဟု သတ်မှတ်ခံထားရသည်။

အကယ်၍ သင့်အနေဖြင့် မေ့မေ့ကို တွေ့ရှိလိုပါက အယ်ဗန်တို့၏ မွေးရပ်မြေ ဖြစ်သော လျှို့ဝှက် အယ်ဗန်သစ်တောသို့ သွားကာ နေကျီးကန်း စုန်းမကို ရှာဖွေရလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်က မျက်မှောင်ကြုတ်လိုက်၏။ အဆင့်မြင့် အယ်ဗန် မှင်စာ မျိုးနွယ်ဝင် တစ်ယောက်မှာ ကျူးလန်၏ ဖမ်းဆီးခြင်းကို ခံရသည်။ ထို့အတူ မေ့မေ့သည်လည်း နေကျီးကန်း စုန်းမနှင့် အပေးအယူ ပြုလုပ်ခဲ့သည်။ ထိုဖြစ်ရပ် နှစ်ခု အကြားတွင် ဆက်စပ်မှု တစ်ခု ရှိနေမည်လော။ သို့မဟုတ် တိုက်ဆိုင်မှု သက်သက်လော။

ဝေ့ဝူယင်က ဝေ့စီအား စူးစူးစိုက်စိုက် ကြည့်လိုက်’၏။

“မင်းပြောတာ သေချာလား...”

“သေချာတယ်... ငါ့သွေးကို ထုတ်နေတဲ့ အချိန်တုန်းက နေကျီးကန်း စုန်းမက တစ်ခုခု ပြန်ယူမယ် လို့ ပြောနေတာ ငါကြားတယ်... ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဂိုဏ်းကနေ ဘယ်လို ထွက်ခွာသွားလဲ ဆိုတာတော့ ငါ မသိဘူး”

ဝေ့စီက အခိုင်အမာ ဆိုလိုက်၏။

သူသည် ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားရာ သူ၏ အနံ့ခံ အာရုံမှာလည်း ခွေးတစ်ကောင်ထက်ပင် ပိုမို သာလွန်သည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်သည် သူ့အား အကြွင်းမဲ့ ယုံကြည်ပေသည်။

“ဂိုဏ်းက ဒီကိစ္စကို သူတို့ အတည်မပြုနိုင်သေးဘူးလို့ ပြောတယ်... သူတို့လည်း ကိုယ်ပိုင် စုံစမ်းမှုတွေကို လုပ်မယ်လို့တော့ ထင်တယ်... ဒါပေမဲ့ အဲဒါက နောက်ကျမလား စောမလား မသေချာဘူး... နောက်ပြီး သူတို့ ပုံစံက မေ့မေ့ကို သိပ်အလေးအနက်ထားပုံ မရဘူး”

ဝေ့စီနှင့် မေ့မေ့တွင် နက်ရှိုင်းသော သံယောဇဥ် ဆက်နွယ်မှုများ ရှိပေသည်။ ဝေ့ဝူယင်နှင့် တွဲနေစဥ် အချိန်အတွင်း၌ မေ့မေ့သည် ဝေ့စီကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့ဖူးသည်။ ဝေ့စီ၏ အတွေးများမှာ ရိုးရှင်းပြီး မေ့မေ့ တစ်ခုခု နာကျင်ခံစားရမည်ကို သူ မကြည့်ရက်ပေ။

“ဂိုဏ်းအနေနဲ့ အတည်ပြုပြီးရင်တောင် အရေးယူဖို့ မလွယ်ဘူး... လျှို့ဝှက် အယ်ဗန်သစ်တောက သွားရှုပ်လို့ ရတဲ့ နေရာတစ်ခုမှ မဟုတ်တာ”

ဝေ့ဝူယင်က တစ်ခဏမျှ စဥ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည်။

“ငါပဲ သွားလိုက်မယ်...”

“ငါ မင်းနဲ့ အတူ လိုက်မယ်”

ဝေ့စီမှာ မေ့မေ့အတွက် မီးပုံအတွင်း ခုန်ဆင်းရန် အဆင်သင့် ဖြစ်နေပုံ ရသည်။ သို့သော်လည်း ဝေ့ဝူယင်က ခေါင်းခါလိုက်၏။

“မင်းက ချီပျစ်ခဲခြင်း အဆင့်သုံး ကျင့်ကြံသူတွေနဲ့ ယှဥ်နိုင်နေပြီ ဆိုပေမဲ့ အားနည်းနေတုန်းပဲ... နေကျီးကန်း စုန်းမလို ကျင့်ကြံသူမျိုးနဲ့ တိုက်ခိုက်ရတဲ့ အခါ အသက် ဘယ်ကထွက်မှန်း မသိပဲ သေသွားလိမ့်မယ်... မင်း နေခဲ့လိုက်”

ဝေ့ဝူယင်၏ အသံက အမိန့်ပေးခြင်းများ စွက်နေ၏။

“ဒါပေမဲ့ ဝေ့ဝူယင်... မင်း လုပ်နိုင်ပါ့ မလား... ငါ”

ဘုန်း...

ဝေ့စီ၏ စကားမဆုံးခင်မှာပင် ယင်ယန်ချီ၊ အခြေခံ ဒြပ်စင်လေးခုနှင့် လျှပ်စီး၊ သတ္တုနှင့် သစ်သားချီစွမ်းအင်များမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထံမှ ပေါက်ကွဲ ထွက်ပေါ်လာ၏။ အနက်ရောင် ဆံပင်များက လေနှင့် အတူ လွင့်စဥ်နေကာ အမျိုးမျိုးသော စွမ်းအင်များမှာ သူ၏ သွေးကြောများ၊ ကြွက်သားများထဲ၌ စီးဆင်းလာသည်။ ထိုအခိုက်၌ ဝေ့ဝူယင်နှင့် ကမ္ဘာကြီးမှာ တစ်သားတည်း ဖြစ်နေဟန် ရလေ၏။

သူကား နတ်ဘုရားတို့၏ ကမ္ဘာသို့ ခြေချခဲ့ပြီး ဖြစ်သည်။ သူဖန်တီးလိုက်သော သစ်ရွက်၊ လျှပ်စီး၊ မီးနှင့် အမျိုးမျိုးသော ဒြပ်စင်များမှာ အစစ်အမှန်များကဲ့သို့ အစွမ်းထက် နေခဲ့ပြီ ဖြစ်လေသည်။

“သူ အသက်ရှင်နေသေးရင် ငါပြန်ခေါ်လာခဲ့မယ်... သူ သေသွားရင် သတ်လိုက်တဲ့ လူရဲ့ ခေါင်းကို ငါယူလာခဲ့မယ်...”

ဝေ့ဝူယင်၏ စကားလုံးများက မိုးကြိုးကဲ့သို့ ဝေ့စီ၏ နားတွင် ပဲ့တင်ထပ်သွား၏။ သူက အယောင်ယောင် အမှားမှားပင် ခေါင်းညိတ်လိုက်သည်။

ဝေ့ဝူယင်က ပြုံးလိုက်၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ တဖြည်းဖြည်း ပြန်လည် မှေးမှိန် ပျောက်ကွယ်သွားသည်။ ထို့နောက်... သူက လေတစ်ချက် ချွန်လိုက်၏။

ရွှီ...

ဂီး...

မနီးမဝေးမှ ငှက်တွန်သံ တစ်ခု ထွက်ပေါ်လာ၏။ အဖြူရောင် ကြိုးကြာငှက်သည် သွေးတာအို ဘုရားကျောင်း အနီး ကောင်းကင်မှ ပြင်းစွာသော အရှိန်အဟုန်နှင့် အတူ ထိုးဆင်းလာသည်။ ဝေ့ဝူယင်သည် ကောင်းကင်သို့ ခုန်တက်ကာ ငှက်၏ နောက်ကျောထက်သို့ လှပစွာ ကျဆင်းသွား၏။

“ငါ ပြန်လာခဲ့မယ်...”

ဝေ့စီအား လက်ပြနှုတ်ဆက်ပြီးနောက် ဝေ့ဝူယင်က တဝင်းဝင်း တောက်ပနေသော မျက်လုံးများနှင့် အရှေ့ဘက်သို့ လှမ်းကာ ကြည့်လိုက်သည်။

လျှို့ဝှက် အယ်ဗန်သစ်တော... ငါလာပြီ...

ကမ္မ တန်ဖိုး... ၁၇၁.၁ → ၁၆၂.၄

***

All Chapters