← Chapters

အင်ဖာနိုတောင်တန်း

Vol. 3 Ch. 38

အင်ဖာနိုတောင်တန်း

Vol. 3 Ch. 38

လူသားတစ်ဦးနှင့် သားရဲတစ်ကောင်သည် နေသွေးနီနီတောင်မှ အရှိန်အဟုန်နှင့် ပျံတက်လာကာ အဆုံးမဲ့ ကောင်းကင်ဆီ ဦးတည်နေ၏။

ဝေ့ဝူယင်သည် တည်ငြိမ်စွာပင် ညာဘက်လက်ရှိ ကမ္မ တန်ဖိုး တက်တူးကို ဆန်းစစ်နေခဲ့၏။ လျှို့ဝှက် အယ်ဗန် သစ်တောကို ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည့် ခဏချင်းမှာပင် သူ၏ ညာဘက် လက်မှာ နာကျင်လာခဲ့ကာ ကမ္မ တန်ဖိုးမှာလည်း ၈.၇ အထိ လျော့ကျသွားခဲ့သည်။ ဝေ့ဝူယင် အနေဖြင့် ကမ္မ တန်ဖိုး မည်သို့မည်ပုံ အလုပ်လုပ်သည်ကို သိရှိထားရာ မကြာခင်တွင် အခွင့်အရေး တစ်ခုနှင့် ကြုံတွေ့ရတော့မည် ဖြစ်ကြောင်း နားလည်လိုက်ပေသည်။

“အဲဒါက ငါ့ကို မနှောင့်နှေးစေဖို့ပဲ မျှော်လင့်တယ်”

တီးတိုးရေရွတ်လိုက်ပြီးနောက် ဝေ့ဝူယင် စတင် ကျင့်ကြံရန် ပြင်လိုက်သည်။ ချီနှလုံးသား နှစ်ခု၏ အကူအညီနှင့် အတူ သူ၏ စုပ်ယူ သန့်စင်နှုန်းမှာ မူလကထက် လေးဆခန့် ပိုမို မြန်ဆန်နေခဲ့ပြီ ဖြစ်သည်။ သူ့အနေဖြင့် ယခု အားလပ်နေသည့် အချိန်အတွင်း၌ အနားမယူပဲ ကျင့်ကြံရန် ဆုံးဖြတ်ထား၏။

ဝေ့ဝူယင် အနက်ရောင် အိတ် တစ်ခုကို ထုတ်ကာ ဘဲဥ ပုံသဏ္ဌာန် ကျောက်တုံး တစ်တုံးကို နှိုက်ယူလိုက်သည်။ ထိုကျောက်တုံးသည် ကလေးငယ်၏ လက်သီး အရွယ်အစားခန့် ရှိကာ အပေါ်ယံသားမှာ ချောမွေ့နေသည်။ လက်နှင့် သာမန်ကိုင်ရုံဖြင့်ပင် ထိုအထဲ၌ အမ‌တေ ပမာဏ မြောက်များစွာ ပါဝင်နေကြောင်း ဝေ့ဝူယင် ခန့်မှန်း လိုက်နိုင်သည်။

ဟူး... ဟူး...

စတင် စုပ်ယူသည်နှင့်တစ်ပြိုင်နက် သန့်စင်‌သော အမတေ စွမ်းအင်များမှာ သူ၏ သွေးကြောများမှ တစ်ဆင့် ထျန်းတျန်ဆီ စီးဆင်းသွားကြသည်။ ချီနှလုံးသား နှစ်ခုသည် မုန်တိုင်းများ ကဲ့သို့ အရှိန်အဟုန်နှင့် လှည့်ပတ်ရင်း ၎င်းတို့ အနီး ရောက်ရှိလာသော အမတေ စွမ်းအင်များကို စုပ်ယူ စားသုံးကြ၏။ ထျန်းတျန်ထဲသို့ ရောက်ရှိသမျှ အမတေ စွမ်းအင်များမှာ ထက်ပိုင်းပြတ်၍ လမ်းကြောင်းနှစ်ခု ကွဲကာ ချီနှလုံးသား နှစ်ခု၏ အမြုတေများဆီသို့ ဝင်ရောက် သွားကြလေသည်။

တဖြည်းဖြည်းနှင့် ရောင်စုံ စက်ဝိုင်း အမြုတေသည် ကျယ်ပြန့်လာ၏။ အမြုတေသည် လက်သည်း အရွယ်အစားခန့် ရှိကာ အရောင်မျိုးစုံ စပ်ယှက်နေသည်။ ထိုအရောင် တစ်ခုချင်းစီသည် ဒြပ်စင် စွမ်းအင်များနှင့် ယင်ယန် တို့ကို ကိုယ်စားပြု၏။

“အမြုတေ ကြီးထွားနိုင်တယ်ပေါ့”

ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွားမိ၏။ “မြင့်မြတ်သောချီ” အဆင့်ဟု သိကြသည့် ချီပျစ်ခဲခြင်း အဆင့်ခုနစ်သည် ထိုချီအမြုတေကို အမြင့်ဆုံး အရွယ်အစားထိ ရောက်ရှိခြင်းပင် ဖြစ်သည်။ ၎င်းသည် လက်သည်း အရွယ်အစားမှ သစ်ကြားသီး အရွယ်အစားထိ ကြီးထွားနိုင်စွမ်း ရှိပေသည်။

စွမ်းအင် ပမဏ တိုးတက်လာသည်နှင့် အမျှ  အပြန်အလှန်ပင် ချီ၏ အရည်အသွေးမှာလည်း တိုးတက် လာလိမ့်မည် ဖြစ်သည်။

ရုတ်တရက်... ဝေ့ဝူယင် အကြံတစ်ခု ရလိုက်၏။ သူ့တွင် ချီနှလုံးသား နှစ်ခုရှိရာ ထိုနှစ်ခုစလုံးကို လွတ်လွတ်လပ်လပ် သန့်စင်နိုင်မည်လော။ ပုံမှန်အားဖြင့်... ချီနှလုံးသားအား တစ်စုံတစ်ခုကို စုပ်ယူစေမည် ဆိုလျှင် စိတ်စွမ်းအင် အလုံးစုံကို သုံးရန် လိုအပ်ရာ ထိုအရာက မဖြစ်နိုင်ချေ။ သို့သော်လည်း ယခုတွင်မူ သူ့၌ စိတ်စွမ်းအား နှစ်ဆအထိ ပိုင်ဆိုင်ထားသည် ဟု ဆိုနိုင်ပေသည်။

အနည်းဆုံး သူ ကြိုးစားကြည့်ရပေမည်။

“ဝှစ်...”

နောက်ထပ် အမတေ ကျောက်တုံးတစ်ခုကို ထုတ်ယူပြီးနောက် လက်တစ်ဖက် ပေါ်တွင် ဝေ့ဝူယင် တင်လိုက်သည်။ ယခုဆိုလျှင် သူ့တွင် ချီနှလုံးသား နှစ်ခု ရှိသလို လက်တစ်ဖက်ချင်းစီပေါ်တွင်လည်း အမတေ ကျောက်တုံး တစ်တုံးစီ ရှိပေသည်။ ရုတ်တရက် စိတ်ထဲ၌ အခြား တစ်ယောက်နှင့် ချိတ်ဆက်သွားသလို ဆန်းကြယ်သည့် ခံစားချက် တစ်ခုကို ဝေ့ဝူယင် ခံစားလိုက်ရသည်။

ထိုအရာက သူ၏ စိတ်ကိုယ်ပွားပင် ဖြစ်ပေသည်။ စိတ်နှစ်ခု ကွဲသွားသည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်မှာ သူ့တွင် အတွေးနှစ်ခု ရှိနေသလို ခံစားလိုက်ရသည်။

သူ စမ်းသပ်ကြည့်လိုက်၏။

“ရှင်းဖူ...”

“မေ့မေ့...”

ပဲ့တင်ထပ်နေသည့် အသံနှစ်ခုက တစ်ချိန်တည်းမှာပင် သူ၏ ခေါင်းအတွင်း၌ မြည်ဟည်းလာခဲ့သည်။

“မိုက်တယ်...”

ဝေ့ဝူယင် မှတ်ချက်ချလိုက်၏။ အမှီအခို ကင်းသလို တစ်ချိန်တည်း၌ အပြန်အလှန် ဆက်နွယ်နေသည့် စိတ်နှစ်ခု ပိုင်ဆိုင်ထားသည့် ခံစားချက်က ကောင်းမွန်လှသည်။ မကြာခင်တွင်ပင် ဝေ့ဝူယင်မှာ စိတ်နှစ်ခု၊ ချီနှလုံးသား နှစ်ခုနှင့် အတူ ကျင့်ကြံခြင်း၌ နစ်မြောသွားလေတော့သည်။

ဟူး... ဟူး...

အမတေ ကျောက်နှစ်လုံးမှ စွမ်းအင်များသည် သွေးကြောများမှ တစ်ဆင့် ဝေ့ဝူယင်၏ ချီနှစ်လုံးသား နှစ်ခု အတွင်း စီးဝင်နေကြ၏။  ချီနှစ်လုံးသား နှစ်ခုသည် ထျန်းတျန် အတွင်း ဝင်ရောက်လာသမျှ အမတေ စွမ်းအင်များကို ထက်ဝက်ပိုင်း မပြစ်ပဲ ကိုယ့်လမ်းကြောင်း အတိုင်းသာ စုပ်ယူနေကြလေသည်။ သို့တိုင်အောင် သန့်စင်နှုန်းမှာ နှေးကွေးခြင်း မရှိပါချေ။

ဂီး...

ရုတ်တရက် ကြိုးကြာငှက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ဝေ့ဝူယင်မှာ ကျင့်ကြံခြင်းမှ နိုးထလာကာ အမှောင်ကောင်းကင်၌ ကြယ်စင်များ လင်းလက်နေကြောင်း သတိထားလိုက်မိသည်။

“ငါကျင့်ကြံနေတာ ဘယ်လောက်ကြာပြီလဲ...”

ဝေ့ဝူယင်က တီးတိုးရေရွတ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ နေသွေးနီနီတောင်တန်းမှာ သူ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမြင်ရသမျှ အရာရာက... ကျိုးတိုးကျဲတဲ သစ်တောများ၊ ကျောက်ဆောင်များနှင့် လွင်တီးခေါင်ပြင်များသာ ဖြစ်၏။ ထိုနေရာ၌ သစ်သား စွမ်းအင်မှာ ရှားပါးကာ မြေကြီး စွမ်းအင်မှာမူ နေရာတကာ ပြည့်လျှံ လောင်မြိုက်နေခဲ့လေသည်။

သူရောက်ရှိနေသည့် နေရာနှင့် သိပ်အလှမ်းမကွာသော အရပ်တွင် တောင်ကုန်းနှင့် တောင်တန်းငယ် အချို့ တည်ရှိနေပေသည်။

ဝေ့ဝူယင်သည် မြေပုံကို စိတ်ထဲတွင် ပုံဖော်ရင်း ဤနေရာ၏ ထင်ရှားသော သွင်ပြင် လက္ခဏာများနှင့် ဆက်စပ် စဥ်းစားလိုက်သည်။ သူသည် ခရီးစဥ် တစ်ခုလုံးကို အရှေ့စူးစူး အရပ်သို့သာ ဦးတည် ထားခဲ့ရာ ဤနေရာမှာ ကမ္ဘာတိုက်တန်ဂိုဏ်း၏ ဂါယာပြည်နယ် ဖြစ်နိုင်သည်။ ဤသို့ဆိုလျှင် သူ ဝူတိုင်းပြည်၏ ပိုင်နက် အတွင်းတွင်ပင် ရှိနေပေသေးသည်။

လျှို့ဝှက် အယ်ဗန်သစ်တောကို ရောက်ရှိရန်မှာ အတော်လေး အလှမ်းကွာသေးသည်။ သူ့အနေဖြင့် ကြိုးကြာကို အနားမပေးပဲ စီးမည် ဆိုလျှင်ပင် အနည်းဆုံး နှစ်ပတ် ကြာမြင့်လိမ့်မည် ဖြစ်သည်။ အကယ်၍ သူ့၌ အနက်ရောင် ကြိုးကြာငှက် ရှိပါလျှင်မူ အချိန်အတိုင်းအတာမှာ တိုသွားနိုင်ပေသည်။

ဝေ့ဝူယင်သည် ဝိညာဥ်စွမ်းအင်ကို သုံး၍ ကြိုးကြာငှက်အား ဆက်သွယ်ကာ အချိန်ကို မေးလိုက်သည်။ ကြိုးကြာငှက်၏ အဖြေအရဆိုလျှင် သူတို့ ထွက်ခွာလာသည့် အချိန်မှစ၍ ရေတွက်ပါက သုံးဆယ့်ကိုးနာရီ တိတိ ရှိခဲ့ပြီ ဖြစ်သည်။ ကြိုးကြာငှက်က သူ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်ကြောင်းနှင့် အနားယူရန် လိုအပ်ကြောင်းကိုပါ ဝေ့ဝူယင်အား အသိပေး၏။

“ပင်ပန်းသွားပြီ...”

ဝေ့ဝူယင်က ကြိုးကြာငှက်၏ လည်ဆံမွေးများကို ညင်သာစွာ ပွတ်သပ်ပေးရင်း တောင်းပန်စကား ဆိုလိုက်၏။

“ကဲ... အနားယူဖို့ နေရာရှာလိုက်ရအောင်...”

ဝေ့ဝူယင် ဂါယာပြည်နယ်၏ မြေပုံကို အသေးစိတ် ပြန်လည် စဥ်းစားလိုက်သည်။ ထိုမြေပုံထဲ၌ ကမ္ဘာတိုက်တန်ဂိုဏ်း၊ အင်ဖာနို တောင်တန်း၊ တာအိုတောင်ကြား... စသည်ဖြင့် အရေးကြီးသော တည်နေရာများကို မှတ်သားထားသည်။

အင်ဖာနို တောင်တန်း...

အင်ဖာနို တောင်တန်းသည် ချော်ရည်ပူ အမတေနှင့် ချော်ရည်ပူ ကျောက်တုံးများ တည်ရှိရာ နေရာ၊ ရောင်းဝယ် ကုန်သွယ်ရာ နေရာ ဖြစ်သည်။ ဒဏ္ဍာရီများ၏ အဆိုအရဆိုလျှင် တောင်တန်း၏ နှလုံးသားတွင် အင်ဖာနို ချော်ရည် အမတေဟု ခေါ်သည့် အဆင့်မြင့် ချော်ရည် အမတေများ တည်ရှိနေသည်ဟု ဆိုသည်။ ၎င်းတို့သည် အလွန်တရာ ပူပြင်းလွန်းရကား တောင်တန်းများကိုပင် အရည်ဖျော်ပစ်နိုင်သည် ဟူသည့် အဆိုရှိ၏။

သွေးတာအို ဘုရားကျောင်း ထိပ်ဆုံးအထပ်၌ ဖော်ပြထားသော မှတ်တမ်းများ အရဆိုလျှင် အင်ဖာနို ချော်ရည်အမတေမှာ အနန္တ ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင်ပင် ထိပ်ဆုံး ချော်ရည်ပူ အမတေ သုံးခုစာရင်းပင် ဝင်ပေသည်။

ဝေ့ဝူယင် သူ၏ လက်ရှိ ကမ္မတန်ဖိုး တက်တူးကို ငုံ့ကြည့်လိုက်၏။ ကံကြမ္မာဖြစ်စေ၊ တိုက်ဆိုင်မှု ဖြစ်စေ သူသွားနေသည့် လမ်းကြောင်းတွင် အင်ဖာနို တောင်တန်း ရှိပေသည်။ သူ၏ မျက်လုံးများမှ စိတ်လှုပ်ရှားစွာ တောက်ပသွား၏။

“ကောင်းကင်တာအိုတွေက အတော်လေး စိတ်ဝင်စားစရာ ကောင်းသားပဲ... ငါ့မှာသာ ကမ္မတန်ဖိုး တက်တူး မရှိရင် ဘာကိုမှတောင် သတိထားမိမှာ မဟုတ်ဘူး... ပထမ အချက်... ကြိုးကြာဖြူတွေက ပုံမှန်ဆို ဆယ့်ရှစ်နာရီ အကန့်အသတ်ပဲ ပျံနိုင်တယ်... ခု ပျံလာတဲ့ အချိန်က နှစ်ဆတောင် မကတော့ဘူး...”

“နောက်တစ်ချက်... အရှေ့အရပ်ကို တည့်တည့် ပျံသန်းဖို့ ညွှန်ကြားထားပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ ခရီးလမ်းကြောင်းက အနည်းနဲ့ အများတော့ ပြောင်းလဲ သွားနိုင်တာပဲ... ဒါတောင် ငါ ဒီအင်ဖာနို‌တောင်ကို တည့်တည့် ရောက်လာခဲ့တယ်... နောက်ပြီး ဒီအနားမှာပဲ အပန်းဖြေဖို့ အတွက် မြို့တစ်မြို့လည်း ရှိသေးတယ်... တကယ် မယုံနိုင်စရာပဲ”

ဝေ့ဝူယင်သည် ဤမျှ တိုက်ဆိုင်သော ကံကြမ္မာမျိုးကို တစ်ခါမှ စိတ်ကူးမယဥ်မိခဲ့ဖူးချေ။ ယခု ပြန်တွေးကြည့်ပါက ယင်သွေးကြော သုံးခု ခန္ဓာပိုင်ရှင် မိန်းကလေးနှင့် ဆုံစည်းခဲ့ခြင်းကလည်း ဆန်းကြယ်လှသည်။ ထိုစဥ်က သူ ထိုအရာကို တိုက်ဆိုင်သွားခြင်း သက်သက်ဟုသာ ယူဆခဲ့ပေသည်။

အနည်းငယ် လှုပ်ရှားနေသော စိတ်များကို ထိန်းချုပ်ရင်း ဝေ့ဝူယင် မြို့ဆီသို့ လှမ်းကြည့်လိုက်သည်။ ဤကိစ္စနှင့် ပတ်သက်၍ သူ့တွင် ‌ရွေးချယ်စရာ များများစားစား မရှိလှသလို ကံကောင်းခြင်းကိုလည်း သူ ဖြုန်းတီးပစ်လိမ့်မည် မဟုတ်ချေ။ ဝေ့ဝူယင်က ကြိုးကြာဖြူအား ဆက်သွယ်ကာ သူ၏ အစီအစဥ်ကို ပြောပြလိုက်၏။

ဂီး...

အနားယူရတော့မည့် အကြောင်းအား သိရသည်နှင့် ကြိုးကြာဖြူမှာ ရွှင်မြူးစွာ တွန်သံပေးရင်း မြို့ဆီသို့ အရှိန်မြှင့် ပျံသန်းချေတော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်... အင်ဖာနိုတောင်တန်းနှင့် နဂါးအရိုးပြာ မြို့တော်တို့မှာ ဝေ့ဝူယင်၏ မြင်ကွင်းရှေ့တွင် ပေါ်လာခဲ့လေ၏။

ပေနှစ်ဆယ်ခန့် မြင့်မားသော မီးတောက်ကျောက် နံရံကြီးများမှာ မြို့တော်၏ ပတ်လည်ကို ဝန်းရံထား၏။ အချိုးအကွေ့ နေရာ ရှစ်ခုတွင် မျှော်စင်များတည်ရှိကာ မြို့တော်ကို အဋ္ဌဂံ ပုံသဏ္ဌာန် ဖန်တီးထားသည်။ မျှော်စင်များသည် အစွမ်းထက် ချီများနှင့် ပြည့်ဝနေကာ ဝင်္ကပါများနှင့် ချိတ်ဆက် တည်ဆောက်ထားကြောင်း ဖော်ပြနေသည်။

မှတ်တမ်းများအရ... တောင်ခြေနှင့် ဆယ့်လေးမိုင်သာ ကွာဝေးသည့်တိုင် နဂါးအရိုးပြာ မြို့တော်မှာ ကြောက်မက်ဖွယ်ကောင်းသော မီးတောင် ပေါက်ကွဲမှု အကြိမ်ပေါင်းများစွာမှ လွတ်မြောက်နေဆဲ ဖြစ်ပေသည်။

“ချော်ရည်ပူက ကမ္ဘာမြေကြီး အတွင်းပိုင်းကနေ ဖြစ်လာတာ... သီအိုရီ အရဆိုလျှင် ချော်ရည်ပူ ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွေဟာ ကျောက်ရည်ပူတွေနဲ့ အပူချိန်ကိုတောင် ခံနိုင်ရည် ရှိတယ်တဲ့... ဒီဝင်္ကပါက အဲဒီ သဘောတရားနဲ့ ဖွဲ့စည်းထားတာ ဖြစ်လောက်တယ်”

နံရံများကို စိုက်ကြည့်ရင်း ဝေ့ဝူယင် မှန်းဆလိုက်၏။

“ကဲ... ဆင်းကြစို့...”

ဝေ့ဝူယင်က ကြိုးကြာငှက်အား ပွတ်သက်လိုက်ရင်း ညွှန်ကြားလိုက်၏။ ကြိုးကြာငှက်သည် လျှင်မြန်စွာပင် အောက်သို့ ဆင်းသက်ကာ မြို့တော် ဂိတ်တံခါးဆီ ရောက်ရှိလာခဲ့သည်။ ဤတံခါးသည်လည်း ပေနှစ်ဆယ်ခန့် မြင့်မား၏။ သို့သော်လည်း ၎င်းကို ငွေရောင် သတ္တုဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုအရာမှာ အေးခဲသံမဏိ သတ္တုဖြစ်ကြောင်း‌ ဝေ့ဝူယင် သိလိုက်သည်။

ဝေ့ဝူယင်သည် ကြိုးကြာထက်မှ ဆင်းသက်ကာ ဂိတ်တံခါးထံ လှမ်းလာခဲ့သည်။ ထိုနေရာ၌ ချီပျစ်ခဲခြင်း ပထမ အဆင့် အစောင့်နှစ်ယောက် ရှိနေပေသည်။

“ရပ်...”

အစောင့်တစ်ယောက်က လက်ဖဝါးကို ဆန့်ထုတ်ရင်း တားဆီးလိုက်၏။ သူ၏ အသံက ခွန်အား ပြည့်ဝကာ ခြိမ်းခြောက်လိုသည့် အငွေ့အသက်များ ပါဝင်နေသည်။ ဝေ့ဝူယင် စိတ်ထဲမှ အေးစက်စက် ရယ်မောလိုက်၏။ ထိုအဆင့်လောက်ဖြင့် သူ့ကို ခြိမ်းခြောက်ချင်သည်လား။

သို့သော်လည်း... အပြင်ပန်းတွင်မူ သူက ပြုံးရင်း ရပ်လိုက်သည်။

“မြို့တော်ထဲ ဝင်ခွင့်ကို လောလောဆယ် ကန့်သတ်ထားတယ်... ဝင်ခွင့်တားမြစ်ချက် ရုတ်သိမ်းပြီးခဲ့ အခါကျမှ မင်း ပြန်လာခဲ့”

အစောင့်က အေးစက်စွာ ဆိုလိုက်၏။

***

All Chapters