← Chapters

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ

Vol. 79 Ch. 1103

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ

Vol. 79 Ch. 1103

အခန်း (၁၁၀၃) အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ

စွန်းကျုန်းတာ့က စကားပြောကောင်းပြီး လိုက်လျောညီထွေနေတတ်သူဖြစ်သလို မာနလည်းကြီးကာ ဓားသိုင်းကျင့်ကြံသူအများစုထက်လည်း ပိုမိုထူးချွန်သူ ဖြစ်၏။

ပြင်ပလောသို့ စွန့်စားခရီးထွက်သည့် အချိန်အများစုတွင် သူက တပည့်များကို ဦးဆောင်ရသောတာဝန် ယူရလေ့ရှိသည်။

ယခု သူက ရန်ကျောက်ကဲရှေ့တွင် အိုးတိုးအန်းတန်း ဖြစ်နေရခြင်းမှာ ရန်ကျောက်ကဲက သူ့ထက် ဝါစဉ်ကြီးနေသောကြောင့် မဟုတ်ပေ။

အတိတ်တစ်ချိန်က အထက်ဘုံကမ္ဘာတွင် သူက ရန်ကျောက်ကဲအဖြစ် ဟန်ဆောင်ခဲ့ဖူးသည်။

ရက်အနည်းငယ်ကြာပြီးနောက် သူ၏ကံကြမ္မာက အလွန်ကြောက်မက်ဖွယ်ရာ ဖြစ်သွားမည်ဟု မည်သူ ထင်ပါမည်နည်း။

အဘယ်ကြောင့်ဆိုသော သူက ရန်ကျောက်ကဲလက်တွင် အတော်လေး ဒုက္ခခံစားခဲ့ရသည် မဟုတ်ပါလား။

သို့သော် ယခုတော့ ရန်ကျောက်ကဲက သူ၏ ဆရာဦးလေး ဖြစ်လာပေပြီ။

ထို့ကြောင့် ယခုတစ်ကြိမ် ထပ်မံတွေ့ဆုံသည့်အခါ စွန်းကျုန်းတာ့မှာ ရန်ကျောက်ကဲနှင့် ချောမွေ့စွာ စကားပြောဆိုနေသည့်တိုင် မြေကြီးထဲတွင်းတူးပြီး ဝင်သွားချင်စိတ်ပင်ပေါက်နေကာ အတော်လေး အဆင်မပြေ ဖြစ်နေခဲ့သည်။

စွန်းကျုန်းတာ့က...

“ဟုတ်ပါတယ်... ဒီနေရာက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနဲ့ နီးပါတယ် ၊ ကျွန်တော်တို့က ရတနာပစ္စည်းရှာဖွေဖို့ ဗလာနယ်ထဲကို ထွက်လာတာ ၊ အခု လိုချင်တဲ့ရင်းမြစ်ပစ္စည်းတွေလည်းရပြီဆိုတော့ ပြန်ကြတော့မလို့ပါ”

သူက ဆက်ပြောသည်။

“ဆရာဦးလေး’ရန်’ ... အချိန်ရရင် ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါလား ၊ ကျွန်တော်တို့ အကြီးအကဲတွေက ဆရာဦးလေး’ရန်’ နဲ့ ဆရာဘိုးဘိုး’ရန်’ တို့သားအဖအကြောင်း အမြဲတမ်း တွေးနေကြတာ”

ရန်ကျောက်ကဲက ပြုံးရင်း...

“ကြည့်ရတာ ဒီ’ရန်’ က လူကြီးတွေကို စိတ်ပူအောင် လုပ်မိပြီ ထင်ပါတယ်”

သူက ဆက်ပြောသည်။

“ငါတို့တွေ ဆွေမျိုးတော်တယ်ဆိုတာ အရင်ကတည်းက မသိခဲ့မိလို့ စိတ်မကောင်းပါဘူး ၊ အခု ဝါဒတောင်ဖွင့်ပွဲအခမ်းအနားရောက်မှ ငါရော အဖေရော အဘိုးအကြောင်းကို သိရတာပါ”

“ငါတို့က အထက်ဘုံကမ္ဘာမှာ နေထိုင်တာဆိုပေမယ့် ငါရော အဖေရော အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုလာရောက်လည်ပတ်ပြီး လုန်ချွမ်ဧကရာဇ်နဲ့ ရွှမ်ဟွမ်ဧကရာဇ်တို့ကို လာရောက်ဂါရဝပြုဖို့ အမြဲတမ်း မျှော်လင့်ထားတာပါ ၊ အခွင့်မကြုံတာနဲ့ စောင့်နေကြရတာ...”

“အခုတော့ အခွင့်အရေးရပြီဆိုတော့... အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက အကြီးအကဲတွေကို ဂါရဝပြုခွင့်ရတော့မှာမို့ ဒီ’ရန်’ အတော်လေး ဝမ်းသာမိပါတယ်”

စွန်းကျုန်းတာ့က...

“ဒါဖြင့် အရမ်းကောင်းတာပဲ ၊ ကျွန်တော်နဲ့အတူသာ လိုက်ခဲ့ပါ ဆရာဦးလေး’ရန်’...”

ထို့နောက် သူက မန်ဝမ်ကိုကြည့်လိုက်ရင်း...

“ဒီက မိန်းကလေးက ဆရာဦးလေး’ရန်’ ရဲ့ ဂိုဏ်းတူမောင်နှမများလား...”

ရန်ကျောက်ကဲက...

“သူက အထက်ဘုံကမ္ဘာရဲ့ အုပ်စိုးရှင် (၅)ပါးထဲက တစ်ပါးဖြစ်တဲ့ ပိုးသားဧကရာဇ်ရဲ့ သမီးတော်ပါ ၊ သူက ငါနဲ့အတူ ခရီးထွက်လာတာ ၊ သူ့အတွက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုလိုက်ခဲ့ဖို့ အဆင်ပြေပါ့မလား”

ထိုစကားကြားတော့ စွန်းကျုန်းတာ့ အတော်လေး ပဟေဠိဖြစ်သွားပြီး မန်ဝမ်ကို လှမ်းကြည့်လိုက်သည်။

“ပိုးသားဧကရာဇ်ရဲ့ သမီးတော်... ဟုတ်လား”

ကြာပန်းနီဒေဝီ ‘ဖုထင်’ က အထက်ဘုံကမ္ဘာ လူငယ်မျိုးဆက်များအလယ် ထိပ်တန်းတစ်ယောက်ဖြစ်လေရာ သူမ၏ရုပ်သွင်ကို စွန်းကျုန်းတာ့ ကောင်းစွာ သိရှိသည်။

သို့သော် သူက မေးခွန်းများ ထပ်မမေးတော့ဘဲ ခေါင်းညိတ်ရင်း...

“သူ ဆရာဦးလေး’ရန်’ ရဲ့ မိတ်ဆွေဆိုတော့... လိုက်ခဲ့လို့ ရပါတယ်”

ရန်ကျောက်ကဲက အဖြူရောင်ပိုးသားဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်ကြား ပဋိပက္ခများကို စိုးရိမ်နေသော်လည်း လောလောဆယ်တွင် ပိုးသားဧကရာဇ် မည်သည့်နေရာသို့ရောက်သွားကြောင်း မသိရသဖြင့် ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။

နောက်ပိုင်း ကြားရမည့်သတင်းများကို နားစွင့်ရင် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိရန်သာ ကြိုးစားနိုင်သည်။

ပြီးတော့ ရန်ကျောက်ကဲက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ လာရောက်လည်ပတ်လိုသည်မှာ ကြာမြင့်ခဲ့ပေပြီ။ ယခု အခွင့်အရေးကြုံပြီး ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

စွန်းကျုန်းတာ့တို့အုပ်စုက ရန်ကျောက်ကဲနှင့် မန်ဝမ်ကို ကမ္ဘာတစ်ခု၏နယ်မြေအတွင်းသို့ ခေါ်ဆောင်လာသည်။

ထိုကမ္ဘာ၏ ဝိညာဉ်စွမ်းအားက အလွန်မြင့်မားပြီး မိုးကောင်းကင်က ကြည်လင်လျှက် ရှိသည်။ အထက်ဘုံကမ္ဘာနှင့်ဆင်တူသော်လည်း ကိုယ်ပိုင် လျှို့ဝှက်နက်နဲမှုများကို ပိုင်ဆိုင်ထားသည့် ကမ္ဘာတစ်ခု ဖြစ်၏။

ထိုကမ္ဘာသို့ရောက်သည်နှင့် စူးရှသောစွမ်းအားရောင်ဝါတစ်ခု ထွက်ပေါ်နေကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။

ကမ္ဘာတစ်ခုလုံးက ဓားသွားပမာ ဖြစ်သည်။

သို့သော် ဤကဲ့သို့သော ဝိညာဉ်စွမ်းအားမျှခြေက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွက် သေချာပေါက် အထူးအဆန်း မဟုတ်ပေ။

ရန်ကျောက်ကဲ အချိန်အတန်ကြာတိတ်ဆိတ်ပြီး အလေးအနက် စဉ်းစားနေမိသည်။

စွန်းကျုန်းတာ့က...

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ပထမဆုံးအကြိမ်ရောက်လာတဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေအတွက် လိုက်လျောညီထွေ သိပ်မရှိလှဘူး”

သူက ဆက်ပြောသည်။

“ဒီတော့ ဆရာဦးလေး’ရန်’ အတွက်အဆင်ပြေနိုင်ပေမယ့်... ဒီက ‘ဖု’ မိန်းကလေးအတွက်ကတော့ အဆင်ပြေမှာ မဟုတ်ဘူး”

မန်ဝမ်က ပြုံးလိုက်ရင်း...

“အဆင်ပြေပါတယ်... ဒါက ကျွန်မအတွက် အမြင်ကျယ်စေမှာပါ...”

မကြာမီပင် နောက်ထပ် မိတ်ဆွေဟောင်းတစ်ယောက်နှင့် ရန်ကျောက်ကဲ တွေ့ဆုံရပြန်သည်။

အထက်ဘုံကမ္ဘာ ၊ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျင်းထင်တောင်မှ တပည့်ဟောင်းဖြစ်သော ‘ယင်းစန်းတောင်ဓားဘုရင်’ လင်ဟန့်ဟွာ။

ယခု သူက စန့်ချင်အဆက်အနွယ်မှ ဓားသိုင်းကျင့်ကြံသူ ‘လုန်ဟန့်ဟွာ’ ဖြစ်နေပေပြီ။

သူ့ကိုတွေ့သည်နှင့် ရန်ကျောက်ကဲက ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။

“မတွေ့တာကြာပြီနောက် ဂိုဏ်းတူအစ်ကို’လုန်’ ၊ ခုတလော ဘာတွေလုပ်နေလဲ”

အရင်ကတည်းကပင် လင်ဟန့်ဟွာ၏နာမည်အရင်းမှာ လုန်ဟန့်ဟွာဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိထားပြီး ဖြစ်၏။

လုန်ဟန့်ဟွာက တစ်ချိန်က သူနှင့်ဆုံခဲ့ဖူးသော ‘ရှောင်ကျန့်နတ်ဓားရှင်’ လုန်ရွှယ်ကျီး၏ သားဖြစ်ပြီး လုန်ချွမ်ဧကရာဇ်နှင့် ရွှမ်ဟွမ်ဧကရီ၏ မြေးတော် ဖြစ်သည်။

ဝါစဉ်အရတွက်မည်ဆိုလျှင် လုန်ဟန့်ဟွာက ရန်ကျောက်ကဲနှင့် မျိုးဆက်တူ ဂိုဏ်းတူညီအစ်ကို ဖြစ်၏။

ယခု သူက နာမည်မတူတော့သော်လည်း တူညီသည့်လူတစ်ယောက်သာဖြစ်ပြီး ဓားတစ်လက်ပမာ ထက်ရှကာ လူအများက သူ့ကို မော်ကြည့်ရန်ပင် မဝံ့ရဲကြပေ။

လုန်ဟန့်ဟွာနှင့် ရန်ကျောက်ကဲတို့ မတွေ့ဆုံဖြစ်သည်မှာ (၁၀)နှစ်နီးပါး ကြာခဲ့ပြီပင်။

ယခု လုန်ဟန့်ဟွာက အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် နဝမအဆင့်သို့ ရောက်ရှိနေပေပြီ။

သူ၏ ရုပ်ရည်သွင်ပြင်ကတော့ များစွာ ပြောင်းလဲခြင်း မရှိပေ။

“မင်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ရောက်လာတာ အရမ်းအံ့သြစရာကောင်းတာပဲ ၊ တကယ့်ကို အံ့သြစရာကောင်းတာ ၊ မင်းနဲ့ ဆရာဦးလေး’ရန်’ ဒီကိုလာဖို့ အချိန်လိုသေးတယ်လို့ ငါတို့ရဲ့ အကြီးအကဲတွေက တွေးနေကြတာ”

အထက်ဘုံကမ္ဘာမှလူများအတွက် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ဆက်သွယ်ခြင်းမှာ ကောင်းသည့်ကိစ္စ မဟုတ်ပေ။

လက်ရှိ ကမ္ဘာနှစ်ခု၏ အခြေအနေက သဟဇာတဖြစ်သည့် ဆက်ဆံ‌ရေးမျိုး မဟုတ်လှပေ။

သို့သော် ရန်ကျောက်ကဲနှင့် ရန်တိတို့ကတော့ ထူးခြားကိစ္စ ဖြစ်၏။

သူတို့အနေဖြင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ဗြောင်ကျကျ မဆက်သွယ်ဘူးဆိုလျှင်တောင်မှ လျှို့ဝှက်ဆက်သွယ်မှုမျိုးတော့ ပြုလုပ်ရပေမည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ဟုတ်တယ်... ကျွန်တော်လည်း တတ်နိုင်သမျှ မြန်မြန်လာချင်နေတာ ၊ ဒါပေမဲ့ ဒီနေ့ ရောက်လာတာကတော့ တိုက်ဆိုင်တာရော ကံကောင်းတာရောကြောင့်ပါ”

လုန်ဟန့်ဟွာက...

“ကံတော့မကောင်းဘူးကွ...”

သူက ဆက်ပြောသည်။

“မင်းနဲ့ ဆရာဦးလေး’ရန်’ တို့ ဒီလောက်မြန်မြန် ရောက်မလာနိုင်ဘူးလို့ ခန့်မှန်းတဲ့အတွက် အဘိုးက လွန်ခဲ့တဲ့ (၂)ရက်လောက်ကပဲ တံခါးပိတ်ကျင့်ကြံနေပြီ ၊ ဒီတစ်ခေါက်တော့ မင်း သူနဲ့ တွေ့ခွင့်မရလောက်တော့ဘူး”

လုန်ဟန့်ဟွာနှင့် ရန်ကျောက်ကဲ စကားပြောနေသည်ကိုကြည့်ရင်း စွန်းကျုန်းတာ့တို့အုပ်စု အတော်လေး အံ့အားသင့်နေကြသည်။

ဤ ဆရာဦးလေး’လုန်’ ဆိုသည်က သူ၏ဖခင် ‘လုန်ရွှယ်ကျီး’ လောက် ပြင်းထန်ထက်ရှသည့်စရိုက်မရှိသည့်တိုင် ခက်ထန်ပြီး မယိမ်းယိုင်သောစိတ်ထား ပိုင်ဆိုင်ကာ စကားအနည်းငယ်သာ ပြောတတ်သူ ဖြစ်၏။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ လုန်ဟန့်ဟွာ ပြန်ရောက်လာပြီးနောက်ပိုင်း ကောင်းချင်မှလွဲပြီး အခြားသော တပည့်ငယ်များနှင့် ဤမျှလောက် ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုသည်ကို တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိကြပေ။

ရန်ကျောက်ကဲက နဖူးကိုလက်ဖြင့်ထိကိုင်လိုက်ရင်း...

“ဆရာဘိုးဘိုး’လုန်’ က တံခါးပိတ်ကျင့်ကြံနေတာလား...”

ရန်ကျောက်ကဲ အူကြောင်ကြောင်ဖြင့် ပြုံးလိုက်မိသည်။

“တိုက်ဆိုင်လိုက်တာဗျာ ၊ ဒါဖြင့် တခြားအကြီးအကဲတွေရော ရှိလားမသိဘူး”

သူနှင့် လုန်ဟန့်ဟွာက အထက်ဘုံကမ္ဘာတွင်လည်း ဆက်ဆံရေးကောင်းမွန်ကြသူများဖြစ်ရော ယခု ထပ်မံတွေ့ဆုံရသည့်အခါ အလွန်ပင် စိတ်အေးလက်အေး ပွင့်လင်းမြင်သာစွာ စကားပြောဆိုင်ကြသည်။

လင်ဟန့်ဟွာက ပြုံးလိုက်ရင်း...

“ငါ့အဖေတော့ တံခါးပိတ်ကျင့်ကြံမနေပါဘူး... ၊ ငါ့ဦးလေးလည်း ရှိပါတယ်”

သူက ဆက်ပြောသည်။

“မင်းရောက်လာတဲ့သတင်းကြားရင် သူတို့အားလုံး အရမ်းဝမ်းသာသွားမှာ ၊ လာ... ငါ့နောက်လိုက်ခဲ့...”

***

ရန်ကျောက်ကဲ ငရဲကိုးထပ်မှထွက်ခွာလာပြီး အေးစိမ့်စမ်းချောင်း နယ်မြေကိုဖြတ်ကျော်ကာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ရောက်လာစဉ်...

ငရဲကိုးထပ်မှ လွတ်မြောက်လာသူအချို့လည်း ရှိနေခဲ့သည်။

အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင်...။

ချန်းဟွာတောင်ထိပ်...။

ဤ တာအိုနယ်မြေက သူ၏ပိုင်ရှင်နှင့် နာမည်အတူတူပင် ဖြစ်သည်။ ဤတောင်ထွတ်ကိုသိမ်းပိုက်ပြီးနောက် ပိုင်ရှင်က နာမည်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်၏။

ဤနေရာက အထက်ဘုံကမ္ဘာတစ်လွှား အလွန်နာမည်ကျော်ကြားသော နေရာတစ်ခုလည်း ဖြစ်သည်။

ပိုင်ရှင်က ထိပ်တန်းအရှင်သခင် (၁၀)ပါးတွင် တန်ခိုးစွမ်းအား အကြီးမားဆုံးဖြစ်သော အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ မှလွဲပြီး အခြားသူ မဟုတ်ပေ။

သို့သော် ချန်ချန်းဟွာက ဤနေရာတွင် အချိန်အများစု နေထိုင်ခြင်း မရှိပေ။

သူ၏ ညီဖြစ်သူ မြေပြင်သခင်လေး ‘ချန်ခွန်းဟွာ’ သာလျှင် ဤနေရာတွင် နေထိုင်ပြီး တစ်နှစ်တွင် (၆)လကျော်ခန့် ကျင့်ကြံလျှက် ရှိသည်။

ယနေ့...

ကျောက်ဂူအိမ်တော်ထဲတွင် ချန်ချန်းဟွာထိုင်နေစဉ် ကောင်းကင်ထက်မှ အလင်းတန်းများ ဖြာလင်းလာသည်ကို တွေ့လိုက်ရသည်။

အလင်းတန်းများ လွင့်ပြယ်သွားသည်နှင့် အထက်ရပ်ထိပ်တန်းအရှင်သခင် ချန်ချန်းဟွာ၏ ရုပ်သွင် ထွက်ပေါ်လာသည်။

လောကပထမ သိုင်းသူတော်စင်သည် ပုံမှန်အတိုင်း ပျင်းရိပျင်းတွဲပုံစံမဟုတ်တော့ဘဲ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေဟန် ရှိသည်။

ချန်ခွန်းဟွာ အစ်ကိုဖြစ်သူကိုကြည့်ရင်း အံ့အားသင့်သွားသည်။

“အစ်ကိုကြီး... မင်း...”

ချန်ချန်းဟွာက လက်တစ်ဖက်ဝှေ့ယမ်းရင်း...

“ပြောမနေနဲ့တော့ ပြောမနေနဲ့တော့... အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတစ်ခုနဲ့ လွဲသွားတာကွာ... လောကမှာ ဒီလောက် စိတ်ကသိကအောက်ဖြစ်စရာ ဘာမှ မရှိတော့ဘူး”

All Chapters