← Chapters

လိုက်သူနှင့် ပြေးသူ

Vol. 3 Ch. 39

လိုက်သူနှင့် ပြေးသူ

Vol. 3 Ch. 39

ဝေ့ဝူယင် အံ့အားသင့်သွား၏။ ပထမ၌ ထိုအရာမှာ ငွေညှစ်သည့် နည်းပရိယာယ် တစ်ခုဟု သူ ထင်မိသေးသော်လည်း အစောင့်များ၏ အမူအရာကို ကြည့်ရသည်က အထက်မှ တိုက်ရိုက်လာသော အမိန့် ဖြစ်ဟန်ရသည်။ ဂိတ်တံခါး၌ သူ့အပြင် အခြားလူများလည်း ရောက်ရှိနေသေးသည်။ သူတို့သည် ပျင်းရိသော အမူအရာများနှင့် ဂိတ်တံခါး အဖွင့်ကို ထိုင်စောင့်နေကြပေသည်။

စေ့နေအောင် ပိတ်ထားသော တံခါးကို ကြည့်ရင်း ဝေ့ဝူယင်၏ စူးစမ်းလိုစိတ်မှာ ပိုမို ပြင်းထန် လာခဲ့လေ၏။ သူ ဂိတ်တံခါး အတွင်းဘက်ကို မြင်ချင်ပေသည်။

နေဦး...

သူက မျက်မှောင်ကြုတ်လိုက်သည်။ အခြားလူများ၏ လုပ်ငန်းများတွင် ဝင်ရောက် စွက်ဖက်လိုခြင်းက သူ၏ ပင်ကိုယ် ဗီဇ မဟုတ်ချေ။

သေချာ စဥ်းစားကြည့်ပါက ပထမ မေ့မေ့...

မေ့မေ့နှင့် သူ့အကြားရှိ ဆက်နွယ်မှုမှာ နက်ရှိုင်းလှသည် ဆိုသော်လည်း အသက်ပေး၍ ချစ်ခင်နိုင်ကြသည့် အဆင့်  မဟုတ်ပါချေ။ သို့သော်လည်း မေ့မေ့ အဖမ်းခံရသည်ဟု ကြားသည်နှင့် ချက်ချင်းပင် သူမကို ကယ်တင်ရန် သူ ထွက်လာခဲ့မိသည်။ ထို့နောက် အင်ဖာနို တောင်တန်းကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။

ရုတ်တရက်... ဝေ့ဝူယင်၏ မျက်လုံးများက လင်းလက်လာကာ ပြုံးလိုက်၏။

“ကောင်းပြီလေ... မင်းက အထဲကို မြင်စေချင်နေတယ် ဆိုရင်လည်း ဖြစ်စေရမှာပေါ့”

ကောင်းကင်တာအိုနှင့် တိုက်ရိုက် စကားပြောသည့်နှယ် ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူကား ဂိတ်တံခါး အတွင်းသို့ ခွန်အားသုံး၍ ဝင်ရောက်ရန် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။

ထိုအချိန်တွင်ပင် ရုတ်တရက်...

ဘုန်း...

ဂိတ်တံခါး နှစ်ချပ်မှာ ပေါက်ကွဲကာ အရှိန်အဟုန်နှင့် လွင့်စဥ် လာလေ၏။ တံခါး တစ်ချပ်မှာ မြှားတစ်စင်း အလားပင် အစောင့်နှစ်ယောက်ကို ထိမှန်လေသည်။

အစောင့် တစ်ယောက်ကား မအော်ဟစ်နိုင်ခင်မှာပင် အသားပြား တစ်ခု ဖြစ်သွားခဲ့ချေပြီ။ သူ၏ အရိုးများ မြေပြင်သို့ ပြုတ်ကျသော အသံက ခြောက်ခြားစရာ ကောင်းကာ သူ၏ အတွင်း ကလီစာများမှာ နေရာအနှံ့ ပြန့်ကျဲ နေလေ၏။

အခြား အစောင့်မှာမူ ယင်ကောင် တစ်ကောင်အလား နောက်သို့ လွင့်စဥ် သွား၏။  သူ၏ ခန္ဓာကိုယ်လမ်းကြောင်း အတိုင်းလိုက်၍ ကြက်သွေးရေရာင် စီးကြောင်း တစ်ခုက မြေပြင်တစ်လျှောက် ဖြစ်ပေါ်လာသည်။ သူ၏ လက်တစ်ဖက်မှာ ဆိုးရွားကာ လိမ်ကောက်နေပြီး အဆစ်များပင် ပြုတ်ထွက် နေခဲ့ပြီ ဖြစ်လေသည်။

အလျှင်အမြန်ပင် ဝေ့ဝူယင်သည် ငွေရောင်ချီကို ထုတ်ဖော်ကာ စတုရန်း သဏ္ဌာန် နံရံ တစ်ခုကို ဖန်တီးလိုက်သည်။ သူ့ထံ ပျံဝဲလာနေသည့် တံခါးနှစ်ချပ်ထဲမှ တစ်ချပ်မှာ သံမဏိ နံရံနှင့် ဝင်ဆောင့်သည့် အလား တိုက်ရိုက် ရပ်တန့်သွား၏။ ၎င်း၏ ပြင်းစွာသော အရှိန်က ချီနံရံအား တစ်ချက် တုန်လှုပ်ရန် မစွမ်းဆောင်နိုင်ခဲ့ပါချေ။

ဝှစ်...

ရုတ်တရက် အလွန် လျှင်မြန်သော ပုံရိပ်တစ်ခုသည် ဝင်ပေါက်မှ ထွက်ပေါ်လာကာ တိုက်ရိုက်ပင် သူ့အား ဖြတ်ကျော် သွားလေ၏။

“အဲ့ကောင်မကို သတ်စမ်း...”

ဒေါသတကြီး အော်ဟစ် အမိန့်ပေးသံ တစ်ခု ထွက်ပေါ်လာ၏။ ထိုအသံသည် အနီးအနားရှိ ကျောက်တုံးများကို တုန်ခါကာ လေစီးကြောင်းများကိုပင် လွဲချော်သွားစေသည်။ ဝေ့ဝူယင်၏ နားရွက်များ ပင်လျှင် တုန့်ပြန်သည့် အနေဖြင့် အနည်းငယ် ကုပ်သွားခဲ့၏။

ပြေးထွက်လာသည့် ပုံရိပ်ကို သူ သေချာစွာ ကြည့်လိုက်သည်။ သူမက ခေါင်းစွပ်စွပ်ထားသည့် အမျိုးသမီး တစ်ဦး ဖြစ်၏။ ဖွံ့ဖြိုးသော ရင်သားများနှင့် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်တို့မှာ ထိုအချက်ကို သက်သေခံ နေသည်။ သူမသည် လေချီကို ခြေထောက်အောက်၌ ထည့်သွင်းကာ မြေကြီးနှင့် ကပ်ကာ ပျံသန်းနေသည့် ငှက်တစ်ကောင် အလား မြန်ဆန်လှ၏။

ဝှစ်... ဝှစ်...

ပျက်စီးနေသော ဝင်ပေါက်မှ ချီသံချပ်ကာနှင့် လက်နက်များ ကိုင်ဆိုင်ထားသည့် လက်ရွေးစင် စစ်သည်တော် များစွာ ထွက်ပေါ်လာ၏။ အဖွဲ့ ခေါင်းဆောင်၏ နောက်ကျောထက်၌ ချီနှင့် ဆက်သွယ် တည်ဆောက်ရသည့် အတောင်ပံ တစ်စုံ ရှိ၏။ သူသည် အနက်‌‌ရောင်နှင့် အနီရောင် သံချပ်ကာကို ဝတ်ဆင်ကာ မျက်နှာတစ်ခုလုံး နီးပါး ဖုံးလွှမ်းနေသည့် သံခမောက်ကို ဆောင်းထားသည်။ သူ၏ မျက်လုံးများမှာ ပြင်းပြသော သတ်ဖြတ်လိုစိတ်များနှင့် ရက်စက်ကြမ်းကြုတ် နေခဲ့၏။

မကြာမီမှာပင် သူတို့သည်လည်း ဝေ့ဝူယင်ကို ကျော်လွန်သွားကြသည်။

ဝေ့ဝူယင်သည် ချီစွမ်းအင်ကို သိမ်းဆည်းရင်း ထိုမြင်ကွင်းအား တိတ်ဆိတ်စွာသာ ကြည့်လိုက်၏။ အတောင်ပံကို ပိုင်ဆိုင်ထားသည့် တပ်မှူးမှာ ချီပျစ်ခဲခြင်း အဆင့်လေး ယင်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ရှိနေကာ ချော်ရည်ပူ ဒြပ်စင်ချီကို မွေးဖွားဖားသည်။ အပူဓာတ် ထုတ်လွှတ်နေသည့် ထူထဲ နက်မှောင်သော ကြက်သွေးရောင် အတောင်ပံများမှာ ထိုအချက်ကို သက်သေပြနေသည်။

“ခုန မိန်းကလေး တစ်ခုခုကို ခိုးခဲ့လို့လား... ဒါမှမဟုတ် တစ်ယောက်ယောက်ကို သတ်ခဲ့လို့လား... ဘယ်လိုပဲဖြစ်ဖြစ် ဒီလို စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စမျိုးကို အလွတ်ခံလို့ ဘယ်ဖြစ်ပါ့ မလဲ”

ဝေ့ဝူယင် စိတ်ထဲမှ အေးစက်စက် ရယ်မောလိုက်၏။ ကောင်းကင်တာအိုသည် သူ့အား ဤနေရာ အထိ ခေါ်ဆောင်လာကာ အထဲသို့ ဝင်ရန် စေခိုင်းသည်။ သူက အဘယ်ကြောင့် ၎င်း၏ ခြယ်လှယ်မှုကို စိတ်ရှည်လက်ရှည်နှင့် ခွင့်ပြုမည်နည်း။

ရုတ်တရက် ဝေ့ဝူယင်၏ သွေးများမှာ အပြောင်းအလဲ တစ်ခုကို ခံစားရသည့်နှယ် ဆူပွက်လာ၏။ ကြည့်ရသည်က အပြစ်သွေးမျိုးဆက်မှာ သူ၏ အတွေးများကို လက်ခံ သဘောကျပုံ ရသည်။ ဝေ့ဝူယင် ပြုံးလိုက်၏။

ဝေ့ဝူယင်က ကြိုးကြာငှက်ကို ဆက်သွယ်ကာ သူ၏ အတွေးကို ပြောပြလိုက်၏။ ကြိုးကြာငှက်က ညင်သာသည့် အသံကို ပေးကာ လက်ခံကြောင်း ပြုမူသည်။

ထို့နောက် ၎င်းမှာ  အနားယူရန် အတွက် လုံခြုံသည့် နေရာတစ်ခုကို ရှာဖွေရန် ကောင်းကင်သို့ ပျံတက် ထွက်ခွာသွားတော့သည်။  ကြိုးကြာငှက်မှာ ချီပျစ်ခဲခြင်း အဆင့်တစ် ကျင့်ကြံသူ တစ်ယောက်ကဲ့သို့ အစွမ်းထက်နေပြီ ဖြစ်ရာ ကိုယ့်ကိုယ်ကို ထိန်းကြောင်းနိုင်စွမ်း ရှိပေသည်။ ပြင်ပလောကတွင် ၎င်းကို ထိပ်တန်း အဆင့် ကျင့်ကြံသူ တစ်ယောက်ဟုပင် သတ်မှတ်နိုင်ပေသည်။

ဝေ့ဝူယင်သည် သူ၏ အရောင်အဝါ၊ အသက်စွမ်းအားနှင့် အနံ့အသက်တို့ကို ဖုံးကွယ်ကာ လျှင်မြန်စွာပင် ပျောက်ကွယ်သွား၏။ သူသည် ထိုလူများ၏ လမ်းကြောင်းအတိုင်း ခြေရာခံကာ လိုက်လာခဲ့သည်။ တစ်ချိန်တည်း၌ သူ၏ ဝိညာဥ် အာရုံမှာ အရာအားလုံးကို သတိထား စောင့်ကြည့်နေ၏။

မိန်းကလေးမှာ ချီပျစ်ခဲခြင်း အဆင့်သုံး၊ ဒြပ်စင် မွေးဖွားခြင်း အဆင့်၌ ရှိနေကြောင်း ဝေ့ဝူယင် ခန့်မှန်းထားသည်။ သူမသည် ချီနှလုံးသားကို လေချီနှလုံးသား အဖြစ် အသွင်ပြောင်းထားဟန် ရ၏။ ထို့ကြောင့်ပင် သူမ၏ လေချီ အခြေခံ ကျင့်စဥ်များမှာ သာမန်ထက် အနည်းဆုံး သုံးဆခန့် ပိုမို အစွမ်းထက်ပေသည်။

ထို့ကြောင့်ပင် သူမမှာ ယင်ဖွဲ့စည်းခြင်း အဆင့် တပ်မှူး၏ လက်အောက်မှ လွတ်မြောက်အောင် ပြေးနေနိုင်သေးခြင်း ဖြစ်သည်။ သို့သော်လည်း တပ်မှူးမှာ သူမအား မျက်ခြေမပြတ် နောက်မှ လိုက်နေနိုင်သေးဆဲ ဖြစ်သည်။

လက်ရွေးစင် စစ်သည်များမှာမူ ချီပျစ်ခဲခြင်း အဆင့်တစ်မှ အဆင့်သုံး အထိ ရှိကြသည်။ အားနည်းသော ကျင့်ကြံသူများမှာ ချက်ချင်းပင် နောက်သို့ ပြတ်ကာ ကျန်ခဲ့ကြ၏။

ချီပျစ်ခဲခြင်း အဆင့်နှစ် တစ်ယောက်နှင့် အဆင့်သုံး တစ်ယောက်၊ စုစုပေါင်း နှစ်ယောက်သာလျှင် ပုံမှန် အမြန်နှုန်းကို ထိန်းသိမ်းထားနိုင်ကြသည်။ သို့သော်လည်း မိနစ် သုံးဆယ်ခန့် ကြာပြီးသည့်နောက် သူတို့ နှစ်ဦးမှာလည်း တဖြည်းဖြည်း နှေးကွေးလာကြ၏။ အားလုံးထဲ၌ တပ်မှူး တစ်ယောက်သာလျှင် မိန်းကလေး၏ နောက်ကို ဆက်လိုက်နေနိုင်တော့သည်။

“ဒီတပ်မှူးမှာ ထူးခြားတဲ့ ဝိညာဥ် အစီအရင် တစ်ခု ရှိတဲ့ပုံပဲ”

ဝေ့ဝူယင် မှတ်ချက်ချလိုက်၏။ ကျင့်ကြံခြင်း အခြေခံ ကွာခြားမှု ရှုဒေါင့်အရ ကြည့်လျှင် မိန်းကလေးမှာ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။ ကျင့်ကြံခြင်း အဆင့်တစ်ခုကို တက်လှမ်းတိုင်း ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံမှာလည်း အဆင့်တစ်ခု ခုန်တက်လာသည်။ ဝေ့ဝူယင်သည် မိန်းကလေး၏ အသက်ရှူသံများမှာ တဖြည်းဖြည်း မြန်ဆန်လာသည်ကို ကြားလိုက်ရ၏။ သူမကား တဖြည်းဖြည်း အားကုန် လာနေခဲ့ပြီ ဖြစ်သည်။

သူမ အနေဖြင့် တပ်မှူးဖြစ်သူ၏ လက်မှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း သိရှိသင့်သည်။ အကောင်းဆုံး ရွေးချယ်မှုမှာ ပြန်လှန် တိုက်ခိုက်ရန် ဖြစ်သော်လည်း သူမမှာမူ ဆက်လက်သာ ပြေးလွှားနေခဲ့သည်။ ဝေ့ဝူယင် သူမ၏ ရည်ရွယ်ချက်ကို မခန့်မှန်း တတ်တော့ချေ။

“ငါသာ သူ့နေရာမှာသာ ဆိုရင် အစောတည်းက လွတ်မြောက်ဖို့ အစီအစဥ်တွေ ကြိုတင် ချထားမှာ... ပုံမှန်ဆိုရင် နည်းလမ်း သုံးခုရှိတယ်... ထောင်ချောက်၊ စစ်ကူနဲ့ ရန်သူ ရှုံးနိုင်တဲ့ မြေပြင် အနေအထားတို့ပဲ”

ဝေ့ဝူယင် တွေးတောလိုက်၏။ သူမ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်နှင့် ဆိုလျှင် ရန်သူကို အနိုင်တိုက်ရန်မှာ ခက်လဲလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူမ၌ ရှိနေနိုင်သည့် ဝှက်ဖဲများကို မည်သူက သိနိုင်မည်နည်း။

ဝေ့ဝူယင် သူမ ပြေးနေသည့် လမ်းကြောင်းထံ ဝိညာဥ်အာရုံကို ဖြန့်ကျက် စစ်ဆေးလိုက်၏။ အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထက်၌ ဖြစ်ပေါ်လာသည်။ ထိုနေရာ၌ ပုန်းအောင်း စောင့်ဆိုင်းနေသည့် ပုံရိပ်နှစ်ခု ရှိပေသည်။ ထိုနှစ်ယောက် စလုံးမှာ လူငယ်များ ဖြစ်ကာ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့်မှာ ချီပျစ်ခဲခြင်း အဆင့်နှစ် နူးညံ့စွာ စီးဆင်းခြင်းတွင် ရှိကြ၏။

သူတို့၏ ခြေထောက်များ အောက်တွင်မူ ဝိညာဥ် ဝင်္ကပါ တစ်ခု ဖြစ်ပေသည်။ ထိုဝင်္ကပါသည် ဝိညာဥ်ကို တိုက်ခိုက်ရန် အထူး ဖွဲ့စည်းထားသည်။ ဝိညာဥ်ကို တိုက်ခိုက်ခံရပါက ချီထိန်းချုပ်နိုင်စွမ်းမှာလည်း များစွာ ကျဆင်း သွားလိမ့်မည် ဖြစ်သည်။

ယခု၌ သူမ၏ အစီအစဥ်ကို ဝေ့ဝူယင် ရိပ်မိသွားခဲ့ချေပြီ။ သူမ မည်ကဲ့သို့ ဆက်လက် လှုပ်ရှားမည်ကို စောင့်ကြည့်ရန် သူ ဆုံးဖြတ်လိုက်၏။ တပ်မှူးမှာ အစွမ်းထက် ဝိညာဥ် အစီအရင် တစ်ခုကို ပိုင်ဆိုင်ထားသည့် အပြင် ကျင့်ကြံခြင်း အဆင့်တွင်လည်း မြင့်မားလှသည်။ အကယ်၍ တပ်မှူး အနေဖြင့် မိန်းကလေး စီစဥ်ထားသည့် ချုံခိုတိုက်ခိုက်မှုကို  ချေဖျက်နိုင်ပါက အခြေအနေများမှာ ပိုမို စိတ်ဝင်စားစရာ ကောင်းလာလိမ့်မည် ဖြစ်သည်။

မကြာခင် အချိန်အတွင်းမှာပင် သူတို့ နှစ်ယောက်မှာ ဝင်္ကပါ ဆင်ယင်ထားသည့် နေရာသို့ ရောက်ရှိ လာခဲ့ကြ၏။ မိန်းကလေးက မည်သည့်အရာမှ မရှိသလိုပင် ထိုနေရာကို ဖြတ်သန်းသွားသည်။

တပ်မှူးသည် မျက်မှောင်ကြုတ်တစ်ချက် ကြုတ်လိုက်၏။ သို့သော်လည်း သူက အလျှင်အမြန်ပင် ထိုအမူအရာကို ဖုံးကွယ်လိုက်သည်။ သူက လက်ထဲရှိ လှံကို တင်းတင်းဆုပ်ကိုင်ရင်း ဆက်လက် လိုက်၏။ ခဏအတွင်းမှာပင် ဝိညာဥ် ဝင်္ကပါ အတွင်းသို့ သူ ရောက်ရှိသွားသည်။

“ကျောက်စိမ်း ဝိညာဥ် ဖျက်ဆီးခြင်း ဝင်္ကပါ... အသက်ဝင်စမ်း...”

လူငယ်က စိမ်းပြာရောင် မြှားခေါင်း တစ်ခုကို ကိုင်ရင်း အော်ဟစ်လိုက်၏။ တစ်ချိန်တည်း၌ မိန်းမငယ်လေးမှာလည်း မြှားခေါင်းကို မြှောက်လိုက်လေသည်။ ထိုမြှားခေါင်း နှစ်ခုမှာ ဝင်္ကပါကို ထိန်းချုပ်နိုင်သည့် ကိရိယာ သို့မဟုတ် ဝင်္ကပါအလံများ ဖြစ်ပေသည်။

ဝှစ်... ဝှစ်...

တပ်မှူး၏ ခြေထောက်အောက်၌ စိမ်းပြာရောင် အလင်းတန်းများ ကွန့်မြူး ထွက်ပေါ်လာ၏။ စး၏ မျက်လုံးများက နီညိုရောင် သန်းသွားကာ အလျှင်အမြန်ပင် အကာအကွယ် ဝိညာဥ် အစီအရင်ကို ထုတ်ဖော်လိုက်သည်။

“မဆိုးဘူး...”

ဝေ့ဝူယင်က ပြုံးလိုက်၏။ ထိုအရာက အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းသည်။

“ရွှစ်...”

လေချီဖြင့် လွှမ်းခြုံနေသည့် သံမဏိ ဓားသည် တပ်မှူး၏ နှလုံးတည့်တည့် ရှိရာသို့ တိုးဝင်လာ၏။ ထိုအရာကား အလွန် ပြင်းထန်လှသော တိုက်ခိုက်မှု ဖြစ်သည်။ မိန်းကလေးကား ပြတ်သားလှသည်။ သူမသည် သူမတွင် ရှိသမျှ ချီစွမ်းအား အလုံးစုံကို ထိုတိုက်ခိုက်မှု၌ ထည့်သွင်းထားခဲ့သည်။

တပ်မှူးက လျှင်မြန်စွာပင် လှံကို မြှောက်ရင်း ဓားအား ခုခံလိုက်သည်။ ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ မိန်းကလေးမှာ နောက်သို့ လွင့်စဥ် သွား၏။ သူမ၏ တိုက်ခိုက်မှုကား ကျဆုံးသွားခဲ့ရပြီ ဖြစ်လေသည်။

***

All Chapters