← Chapters

လိုက်သူ ပြေးသူ (၂)

Vol. 3 Ch. 40

လိုက်သူ ပြေးသူ (၂)

Vol. 3 Ch. 40

“သေစမ်း...”

အလံကိုင်ထားသော မိန်းမငယ်က အော်ဟစ်ရင်း ဓားတိုတစ်ချောင်းကို ထုတ်ယူကာ တပ်မှူးထံ အားကုန် ပစ်ပေါက်လိုက်၏။ ထိုတိုက်ခိုက်မှုတွင် ချီပျစ်ခဲခြင်း ဒုတိယ အဆင့်၏ ခွန်အားများ အပြည့်အဝ ပါဝင်နေပေသည်။

“ဟမ့်...”

သို့သော်လည်း တပ်မှူးမှာ ဂရုစိုက်ဟန် မရပဲ လက်ထဲရှိ လှံကို  ပထမ မိန်းကလေးထံ ပစ်ပေါက်လိုက်သည်။ တစ်ဆက်တည်းပင် သူက လက်နှစ်ဖက်ကို ကြက်ချေခတ်ကာ ဓားမြှောင်အား တားဆီးလိုက်၏။

ဝှစ်...

လှံကား အရှိန်အဟုန်နှင့် အတူ အလွန် မြန်ဆန်လွန်းသည်။ မိန်းကလေးမှာ ထိုတိုက်ခိုက်မှု ရောက်ရှိလာလိမ့်မည် ဟု မျှော်လင့်မထားရာ မည်သည့် ခုခံ ကာကွယ်မှုကိုမျှ အချိန်မီ လုပ်နိုင်ခဲ့ခြင်း မရှိချေ။ လှံသည် သူမ၏ ညာဘက် ပခုံးကို ဖောက်ဝင်ကာ နောက်ရှိ ကျောက်ဆောင်နှင့် ဂဟေဆက် သွားစေ၏။ အရိုးများ ကြေမွ အက်ကွဲသံနှင့် အတူ နာကျင်သော အော်ငြီးသံ တစ်ခု ပူးတွဲ ထွက်ပေါ်လာသည်။

“အကြီးအကဲကျိုး...”

လူငယ်က စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်၏။ သူက ချက်ချင်းပင် ပြေးလာကာ လှံကို ဆွဲနှုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏ လက်များက စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေရာ လှံကို ဆွဲနှုတ်ရာ၌ အလွဲလွဲ အချော်ချော် ဖြစ်နေခဲ့လေသည်။

ဝေ့ဝူယင်သည် ထိုမြင်ကွင်းကို တည်ငြိမ်သော အမူအရာနှင့် ကြည့်နေခဲ့၏။ သူ၏ စိတ်အခြေအနေက အတော်လေး ကောင်းမွန်နေသည်။

ဤအတိုင်းဆိုလျှင် ထိုသုံးယောက်စလုံး သေရပေလိမ့်မည်။ သို့မဟုတ် ထိုထက် ပိုဆိုးသည့် အခြေအနေများနှင့်ပင် ကြုံတွေ့သွားရနိုင်သည်။

ဘုန်း...

ဝေ့ဝူယင် တွေးနေစဥ်မှာပင်... တပ်မှူးမှာ သူ့အား ဓားမြှောင်ဖြင့် ပစ်ပေါက်လိုက်သည့် မိန်းမငယ်၏ ရှေ့သို့ ရောက်ရှိသွား၏။ လက်တစ်ဖက် ဝှေ့ကာ ရိုက်ချလိုက်သည်နှင့် မိန်းကလေးမှာ အရုပ် ကြိုးပြတ် မြေပြင်ပေါ် လဲပြိုကျသွားသည်။ သူမကား တစ်စက္ကန့်ပင် ခုခံနိုင်ခဲ့ခြင်း မရှိချေ။

“ချူးရွှယ်...”

လူငယ်က အရူးတစ်ပိုင်း သဖွယ် အော်ဟစ်လိုက်၏။

“သေစမ်း... ခွေးမသားကြီး”

ဓားအား ဆွဲထုတ်ရင်း ‌တပ်မှူးထံသို့ သူ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။ သူကား ရန်သူကို အသက်နှင့် ရင်း၍ သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်ထားဟန် ရလေသည်။

ဝေ့ဝူယင်မှာ အနည်းငယ် ဗိုက်ဆာသလိုလို ရှိလာခဲ့၏။ သူက ဝမ်းဗိုက်ကို တစ်ချက် ပွတ်သပ်လိုက်သည်။ သွေးတာအို ဘုရားကျောင်းသို့ ဝင်ရောက်ချိန်မှ စ၍ ယခုအထိ သူ ဘာမှ မစားရသေးချေ။

“ငါ တောထဲမှာပဲ သား‌ကောင်ရှာပြီး ကင်စားရင် ကောင်းမလား... ဒါမှမဟုတ် မြို့တံခါး ဖွင့်တော့မှပဲ အထဲဝင်ပြီး တစ်ခုခု ဝယ်စားရမလား”

သူ အတွေးလွန်နေစဥ်မှာပင် လူငယ်မှာ တပ်မှူး၏ လက်ချက်ဖြင့် မြေပြင်၌ ပုံရက်သား လဲကျနေခဲ့ပြီ ဖြစ်သည်။ သွေးများသည် သူ၏ ပါးစပ်မှ ဆိုးရွားစွာ စီးကျနေရာ ကိုယ်တွင်း အင်္ဂါများမှာ အ‌တော်လေး ထိခိုက်သွားဟန် ရလေ၏။ မိန်းမလေး နှစ်ယောက်ကို ကယ်တင်လိုသည့် သူ၏ သူရဲကောင်း အိပ်မက်မှာ လုံးဝ ဖြစ်မလာနိုင်တော့ချေ။

“ဟား ဟား... အရူးတွေ... မင်းတို့က မြို့တော် အရှင်ရဲ့ ရတနာကို ခိုးပြီး အသက်ရှင်ရက် ထွက်ပြေးနိုင်မယ် ထင်နေတာလား”

တပ်မှူးက အောင်နိုင်သူ တစ်ဦး၏ လေသံဖြင့် ‌အော်ဟစ် ရယ်မောလိုက်၏။ ထို့နောက် သူက လှံနှင့်အတူ နံရံ၌ ကပ်နေသည့် ပထမ မိန်းကလေးရှေ့သို့ လျှောက်သွားလိုက်သည်။ သိချင်စိတ် ပြင်းပြစွာဖြင့် သူက မျက်နှာဖုံးကို ဆွဲချွတ်လိုက်၏။

“နင်ကိုး...”

သူ အနည်းငယ် အံ့သြသွား၏။ သို့သော်လည်း သူက ချက်ချင်းပင် အေးစက်စက် ရယ်မောလိုက်သည်။

“မြို့တော်အရှင်ရဲ့ သားကို ဖျားယောင်းနေတည်းက နင်က လူလိမ်ဆိုတာ ငါသိသားပဲ... ဟဟ...”

သူက မိန်းကလေး၏ ရင်ဝကို ကန်ကာ သူ၏ လှံကို ဆွဲနှုတ်လိုက်သည်။ မိန်းကလေးမှာ အလွန်အမင်း နာကျင်နေဟန် ရသော်လည်း လက်သီးဆုပ်ကာ အံကိုသာ တင်းတင်းကြိတ်ထား၏။ သူမ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တဝင်းဝင်း တောက်ပနေသည်။

ဝေ့ဝူယင် ထိုမိန်းကလေးကို သေချာစွာ အကဲခတ်လိုက်သည်။ နှုတ်ခမ်းထက်ရှိ သွေးစများနှင့် မျက်နှာပေါ်ရှိ ဖုန်များမှ လွဲ၍ ထိုမိန်းကလေးမှာ လှပ နုပျိုသူကလေး ဖြစ်သည်။ ခပ်တိုတို ညှပ်ထားသော အညိုရောင် ဆံပင်၊ အနက်ရောင် မျက်ဝန်းအိမ်များနှင့် ပြည့်ပြည့်ဝဝ နှုတ်ခမ်းသားလေးများမှာ သူမ၏ ထင်ရှားသော အမှတ်အသားများပင် ဖြစ်၏။

တပ်မှူးက မိန်းကလေးအား ကြည့်ကာ သူ၏ နှုတ်ခမ်းများကို သပ်လိုက်သည်။

“ငါ့လူတွေ ရောက်လာဖို့ အချိန်နည်းနည်း လိုသေးတယ်... ငါတို့ နည်းနည်း ပျော်ပါးကြရင် ဘယ်လိုလဲ”

သူက ရှေ့သို့ အနည်းငယ် တိုးရင်း အေးစက်စက် ရယ်မောလိုက်၏။

“လူယုတ်မာကြီး...”

လူငယ်က ပါးစပ်ထဲမှ သွေးများ၊ ရွှံ့များကို ထွေးထုတ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဟဟ...”

တပ်မှူးက နောက်သို့ လှည့်ကြည့်လိုက်၏။ ထို့နောက် သူက ဖြည်းညင်းစွာပင် လူငယ်ထံသို့ လျှောက်သွားလိုက်သည်။

"ရပ်လိုက်...”

မိန်းကလေးက အားနည်းသော လေသံဖြင့် ပြောလိုက်သည်။ သူမ၏ မျက်လုံးများထဲမှ ‌အလင်းတန်းမှာ တဖြည်းဖြည်း မှေးမှိန်လာနေခဲ့၏။

“နင် ငါ့ကို လုပ်ချင်တာလုပ်... သူတို့ကို လွှတ်ပေးလိုက်”

သို့သော်လည်း တပ်မှူးမှာ ဂရုစိုက်ခြင်း မရှိချေ။ သူက လူငယ်အနားသို့ ရောက်သည်နှင့် မျက်နှာကို ဖြတ်ကန်လိုက်၏။ အံသွားတစ်ချောင်းနှင့် သွေးများက လေပေါ် လွင့်ပျံသွားသည်။

“ဟီးဟီး...”

သူက ရယ်မောလိုက်ရင်း မိန်းကလေးထံသို့ ပြန်လှည့်လာခဲ့၏။ ထို့နောက် သူမ၏ မေးစေ့ကို ကိုင်ရင်း သူက စေ့စေ့စပ်စပ် အကဲခတ်လိုက်သည်။

“နင်က အတော်လေး လှသားပဲ...”

ဝေ့ဝူယင် အပါအဝင် မည်သူမဆို တပ်မှူး မိန်းကလေးအား ပြုလုပ်တော့မည့် အရာအား ခန့်မှန်းနိုင်ပေသည်။ ထိုအရာကား ကျင့်ကြံခြင်းလောက၌ သာမန် ဖြစ်ရိုးဖြစ်စဥ်တစ်ခု ဖြစ်သည်။ ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် အတိတ်၌ အလားတူ အရာများကို ပြုလုပ်ဖူးသည်။ ယင်သွေးကြော သုံးခု ပိုင်ရှင် မိန်းကလေးကို သူ မှတ်မိနေသေး၏။ အကယ်၍ သူမ၏ ခန္ဓာကိုယ်ကိုသာ သူ မယူခဲ့ပါက ဤအသက်အရွယ်ဖြင့် ယင်ဖွဲ့စည်းခြင်း အဆင့်ကို တက်လှမ်းရန် ခက်ခဲနေလိမ့်ဦးမည် ဖြစ်သည်။

ပုံမှန်ဆိုလျှင် ဝေ့ဝူယင် ထိုကဲ့သို့ ကိစ္စမျိုးကို ဝင်ရောက် စွက်ဖက်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ကံဆိုးစွာပင် “မြို့တော်အရှင်၏ ရတနာ” ဆိုသော စကားလုံးသည် တပ်မှူးအတွက် ကံဆိုးခြင်းများကို ယူဆောင်လာခဲ့လေသည်။

“ဝှစ်...”

ငွေရောင်ဓားချီ တစ်ခုသည် ကြောက်မက်ဖွယ် အရှိန်နှုန်းနှင့်‌ အတူ ရောက်ရှိလာ၏။ ၎င်းသည် ဆေဘာဓား ပုံရိပ် အသွင်ကို ယူကာ စက္ကန့်ပိုင်း အတွင်း ဖြတ်ကျော်သွားသည်။ ရုတ်တရက် တပ်မှူး၏ လည်ပင်း၌ အနီရောင် စင်းကြောင်း တစ်ခု ဖြစ်ပေါ်လာ၏။ တစ်ဆက်တည်းပင် သူ၏ ဦးခေါင်းမှာ ပခုံးထက်မှ ကင်းကွာကာ ကြမ်းပြင်ပေါ် ပြုတ်ကျ သွားရလေတော့သည်။

သေခြင်းတရားကား အချိန်နေရာ မရွေး၊ စက္ကန့်မဆိုင်းပဲ ရောက်ရှိ လာတတ်ပေသည်။

...

အမှန်အတိုင်းဆိုရလျှင် ဝေ့ဝူယင်သည် သူ ကယ်တင်လိုက်သည့် သုံးယောက်အပေါ် မည်သည့် သနား ကြင်နာခြင်းမှ မရှိချေ။

သူ စိတ်ဝင်စားသည့် တစ်ခုတည်းသော အရာက တပ်မှူးပြောသည့် “မင်းတို့က မြို့တော် အရှင်ရဲ့ ရတနာကို ခိုးပြီး အသက်ရှင်ရက် ထွက်ပြေးနိုင်မယ် ထင်နေတာလား” ဟူသော စကားပင် ဖြစ်သည်။ ထိုစကားအရ မိန်းကလေးမှာ မြို့တော်အရှင်၏ ရတနာကို ခိုးယူလာသည်လော သူသိလိုသည်။ အကယ်၍ သူမ ခိုးယူ မလာခဲ့လျှင်ပင် ထိုရတနာအကြောင်း တစ်စုံတစ်ခု သိရပေမည်။

ဝေ့ဝူယင်က ဘာမှမဆိုသေးပဲ တပ်မှူး၏ အလောင်းနားကို လျှောက်သွားလိုက်၏။ မိန်းကလေးတို့ သုံးယောက်မှာ မျက်လုံး အပြူးသား၊ ပါးစပ် အဟောင်းသားဖြင့် သူ့အား ကြည့်နေကြသည်။

အမှန်အတိုင်းဆိုရလျှင်... သူတို့သည် တပ်မှူး မည်ကဲ့သို့ သေသွားရသည်ကိုပင် မသိလိုက်ချေ။ သို့သော်လည်း ဆက်စပ်ကြည့်လျှင်မူ သတ်လိုက်သူက ထိုလူငယ် ဖြစ်ဟန်ရပေသည်။

ဝေ့ဝူယင်သည် တပ်မှူး၏ အလောင်းထံမှ ဟင်းလင်းပြင် လက်စွပ် နှစ်ကွင်းကို ရှာဖွေ တွေ့ရှိခဲ့၏။ တစ်ကွင်းမှာ ဘယ်ဘက် လက်ခလည်၌ စွပ်ထားခြင်း ဖြစ်ကာ အခြား တစ်ကွင်းကိုမူ သူ၏ အသွေးအသား အတွင်းပိုင်း တစ်နေရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ဒီလက်စွပ်က...”

ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ တပ်မှူးသည် ထိုလက်စွက်ကို သူ၏ အသွေးအသား အတွင်းပိုင်း တစ်နေရာ၌ပင် သိမ်းဆည်းထားလေရာ တစ်ခုခု ထူးခြားမည်မှာ သေချာပေသည်။ ပထမ၌ သူ၏ ကမ္မ တန်ဖိုးများမှာ မြို့တော်အရှင်၏ ခြံဝန်းထဲတွင် ရှိမည်ဟု သူ ခန့်မှန်းထားခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ပြန်လည် စဥ်းစားရန် လိုအပ်နေခဲ့ချေပြီ။

ဝေ့ဝူယင် ထိုလက်စွပ်ကို ဝိညာဥ် အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ ၎င်းတွင် အလွှာသုံးခု ပါဝင်နေကာ မတူ ခြားနားသည့် သိုလှောင်ခန်း သုံးခုနှင့် ချိတ်ဆက်ထားသည်။ ဝေ့ဝူယင်၏ ဝိညာဥ်အာရုံသည် အလွှာ နှစ်ခုနှင့် ချိတ်ဆက်နိုင်သော်လည်း တတိယ အလွှာတွင်မူ အတားအဆီးနှင့် ကြုံတွေ့နေရသည်။

“ဘယ်လိုမျိုးလဲ... တတိယ အလွှာကို ဖွင့်ဖို့ အတွက် ပိုပြီး သန်မာတဲ့ ဝိညာဥ် အာရုံ လိုအပ်လို့လား”

ဝေ့ဝူယင် ပထမ အလွှာကို သေချာစွာ စစ်ကြည့်လိုက်ရာ တစ်ခုလုံး အလွတ်ဖြစ်နေသည်ကိုသာ မြင်ရသည်။ ဒုတိယ တစ်ခုမှာမူ ဆက်လက် ချိတ်ပိတ်ထားဆဲ အခြေအနေတွင်သာ ရှိနေဆဲ ဖြစ်သည်။ တပ်မှူးသည် ထိုအလွှာကို မဖွင့်ရသေးပုံ၊ သို့မဟုတ် မဖွင့်နိုင်သေးပုံ ရသည်။

“ခန့်မှန်းကြည့်ရအောင်... ဒီလက်စွပ်က လျှို့ဝှက် ရတနာသိုက် တစ်ခုလိုမျိုး ဖြစ်လိမ့်မယ်... တပ်မှူးက အဲဒါကို အမှတ်မထင် ရခဲ့မယ်... နောက် လက်စွပ် ပထမ အလွှာကို ဖွင့်နိုင်ပြီး အဲဒီကနေ ရလာတဲ့ အရင်းအမြစ်တွေနဲ့ ချီပျစ်ခဲခြင်း အဆင့်လေးသို့ တက်လှမ်းမယ်... သူ သုံးနေတဲ့ ဝိညာဥ် အစီအရင်တောင် ဒီလက်စွပ်ထဲက ရထားတာ ဖြစ်နိုင်တယ်”

ဝေ့ဝူယင်က လက်စွပ်ကို သိမ်းဆည်းကာ ပြုံးလိုက်၏။ ထို့နောက် သူက ဒဏ်ရာများရနေသည့် သုံးယောက်ဘက်သို့ လှည့်ကြည့် လိုက်သည်။

“မင်းတို့ ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်... သေမလား... ဒါမှမဟုတ် မင်းတို့ ခိုးလာတဲ့ ပစ္စည်းကို ပေးမလား”

သူက အေးစက်စွာ ဆိုလိုက်၏။

မိန်းကလေးက လက်သီးကို တင်းတင်းဆုပ်ကာ အံကြိတ်လိုက်သည်။

“ကျွန်မတို့ကို ကူညီမယ် ဆိုရင် အဲဒါက ရှင့်အပိုင်ပဲ...”

ကူညီရမယ်... ဝေ့ဝူယင်မှာ ရယ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။

“ဒါဆိုလည်း သေလိုက်တော့...”

ဝေ့ဝူယင်က လက်ဝါးကို မြှောက်လိုက်၏။ အစစ်အမှန် မီးတောက်တစ်ခုမှာ ယင်နှင့် ယန်ကို လောင်စာပြုကာ တောက်လောင်လာသည်။

“နေပါဦး...”

မိန်းမငယ်လေးက အသံကုန် အော်ဟစ်လိုက်၏။ သူမမှာ မလှုပ်နိုင်အောင် ဒဏ်ရာများ ရနေသော်လည်း ချီကို အတင်းအကြပ် လှည့်ပတ်ကာ ဝေ့ဝူယင်ကို တားဆီးလိုက်ခြင်း ဖြစ်သည်။ သူမ၏ မျက်လုံးများမှာ မသေလိုသည့် ဆန္ဒနှင့် တဝင်းဝင်း တောက်ပနေ၏။

သူမက အမှတ်အသားပြား တစ်ခုကို အိတ်ထဲမှ ခက်ခက်ခဲခဲ ထုတ်ယူကာ ဝေ့ဝူယင်အား ပြလိုက်သည်။ ဝေ့ဝူယင်က ၎င်းအား လှမ်းကြည့်လိုက်၏။

“အဖြူရောင် ကြာပွင့်အမှတ်အသား...”

သူက မျက်မှောင်ကြုတ်လိုက်သည်။

“ဆိုတော့ကာ မင်းတို့က ကျောက်စိမ်းကြာပန်းဂိုဏ်းက‌ပေါ့”

“ဟုတ်ပါတယ်ရှင်... ဂိုဏ်းရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်မတို့ကို အသက် ချမ်းသာပေးပါ”

မိန်းကလေးက ငိုသံပါဖြင့် တောင်းပန်လိုက်၏။

ဝေ့ဝူယင်က ဘာမှမပြောသေးပဲ သူတို့ကို သေချာ အကဲခတ်လိုက်သည်။ ကျင့်ကြံခြင်း အခြေခံနှင့် အသက်အရွယ်များ အရ ခန့်မှန်းရပါက လူငယ်နှင့် မိန်းမငယ်လေးတို့မှာ အဓိက တပည့်များ ဖြစ်နိုင်သည်။ ပထမ မိန်းကလေးမှာမူ အတွင်းစည်း တပည့် ဖြစ်နိုင်သည်။ လေချီနှလုံးသားကို ပိုင်ဆိုင်ထားခြင်းပါ ထည့်တွက်ပါက သူမမှာ အဓိက အကြီးအကဲပင် ဖြစ်နိုင်ချေ ရှိသည်။ မည်သို့ပင်ဆိုစေ... ကျောက်စိမ်းကြာပန်းဂိုဏ်းမှာ နေသွေးနီနီဂိုဏ်းထက် ပို၍ အားနည်းပေသည်။ သူတို့အား မဟာ ဂိုဏ်းကြီးငါးဂိုဏ်းတွင် အားအနည်းဆုံးဂိုဏ်း ဟုပင် သတ်မှတ်၍ ရသည်။

***

All Chapters