← Chapters

ချင်မူ၏ မျက်လုံးမိစ္ဆာနှစ်ကောင်

Vol. 48 Ch. 650

ချင်မူ၏ မျက်လုံးမိစ္ဆာနှစ်ကောင်

Vol. 48 Ch. 650

‘ကောင်းကင်နန်းဆောင်ကို ဘယ်လိုကုရပါ့’

ချင်မူ ပထမလူသားဧကရာဇ်၏ ရုပ်ခန္ဓာကို ဦးစွာ ကုသပေးလိုက်ပြီး ကောင်းကင်ရတနာများအတွက်မူ အချိန်နှစ်ရက်ယူလိုက်သည်။ သူက လက်ထဲတွင် မရှိသော ဆေးပင်များကို ကမ္ဘာမြေမှုန်ဖန်ဆင်းပညာဖြင့် ချက်ချင်း စိုက်ပျိုး၏။ ပထမလူသားဧကရာဇ်မှာ ပြင်ပဒဏ်ရာများ ပျောက်ကင်းသွားပြီဖြစ်သော်လည်း အသားအရေမှာ ဖြူဖျော့သထက် ဖြူဖျော့လာပြီး တစ်ချက်တစ်ချက် သတိလစ်သွားတတ်သည်။

ထိုသို့ သတိလစ်သွားခြင်းမှာ မူလဝိညာဉ်နှင့် ကောင်းကင်နန်းဆောင်တို့၏ ဒဏ်ရာများက ဆိုးရွားလွန်း၍ ဖြစ်၏။ ချင်မူမှာ ၎င်းတို့နှင့် ပတ်သက်ပြီး မည်သို့ကုပေးရမှန်း မသိသဖြင့် အခက်တွေ့နေသည်။

ဆေးဆရာ သူ့ကို သင်ပေးခဲ့သော ဆေးပညာအသိအမြင်အရ ကောင်းကင်တံတားအဆင့်နှင့် တောင်ကောင်းကင်မုခ်ဝသို့ မရောက်သေးသော အဆင့်မြင့်သိုင်းပညာရှင်များကို ချင်မူ ကျွမ်းကျင်စွာ ကုသပေးနိုင်သည်။ သို့သော် နတ်ဘုရားအဆင့် ကောင်းကင်နန်းဆောင်၏ ဒဏ်ရာများမှာမူ ဆေးဆရာပင် မသိသေးသော နယ်ပယ်တစ်ခု ဖြစ်ချေသည်။

ထို့အပြင် ငွေအပ်က ကောင်းကင်နတ်ဘုံအထိ မတိုးပေါက်နိုင်၍ ဆေးစွမ်းအင်ကို မည်သို့ပို့လွှတ်ရလဲ ဆိုသည်က ပြဿနာကြီးတစ်ရပ်လည်း ဖြစ်နေ၏။ ဆေးကျိုအိုးနှင့် ထည့်ပေါင်းလျှင်လည်း ကောင်းကင်နတ်ဘုံဆီသို့ မစိမ့်ဝင်နိုင်၍ အလုပ်မဖြစ်ပြန်။ စွမ်းအင်ဆေးလုံးများနှင့် အံဖွယ်ဆေးဝါးတို့၏ ဆေးစွမ်းအင်သည်လည်း ကောင်းကင်နန်းဆောင်များထံ တိုက်ရိုက်မရောက်နိုင်ပေ။

ပထမလူသားဧကရာဇ်၏ မူလဝိညာဉ်သည် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာထဲ၌ မဟုတ်ဘဲ ကောင်းကင်နတ်ဘုံတွင် တည်ရှိ၏။ မှန်းပြောရလျှင် သူ၏သိုင်းအဆင့်က နတ်ဘုရားစီရင်ရာစင်မြင့် သို့မဟုတ် ကျောက်စိမ်းမြို့တော်အထိ ရောက်နေလောက်ချေပြီ။ သို့သော် အတိအကျသိရရန် ပထမလူသားဧကရာဇ်၏ ကောင်းကင်နန်းဆောင်များဆီ ချင်မူ ဝင်ရောက်ရလိမ့်မည်။

ပထမလူသားဧကရာဇ်မှာ အခြေအနေမကောင်းသည့်အတွက် ချင်မူ ကုသပေးရန် မူလဝိညာဉ်ကို အပြင်သို့ မလွှတ်နိုင်တော့ပေ။ ထို့ကြောင့် ချင်မူ့အတွက် ကောင်းကင်နတ်ဘုံထဲ ဝင်ပြီး ကုသရန်သာ ရွေးချယ်စရာရှိသည်။

“အရိပ်အသွင်နဲ့ သူ့ကောင်းကင်ရတနာထဲ ဝင်ပြီး ဆေးစွမ်းအင်ကို တွန်းပို့ပေးလို့ရပေမယ့် ငါ တောင်ကောင်းကင်မုခ်ဝထဲ ဝင်လို့မရဘူး”

ချင်မူက ပထမလူသားဧကရာဇ်ကို ပတ်၍ လမ်းလျှောက်ရင်း ဂရုတစိုက် ကြည့်ရှုနေသည်။ တောင်ကောင်းကင်မုခ်ဝသည် အရေးပါသော တံခါးဝတစ်ခု ဖြစ်၏။ နတ်ဘုရားတစ်ပါးအတွက် အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာလိုလျှင် ကျော်ဖြတ်ရသော တံခါးဝဖြစ်ပြီး အစစ်အမှန်နတ်ဘုရား အင်အားရှိမှ ဖြတ်သန်းနိုင်မည်။

မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာတွင် ထူးဆန်းသော ကျင့်စဉ်သိုင်းကွက်မျိုးစုံ ရှိသော်လည်း မည်မျှဆန်းပြားစေကာမူ အခြေခံစည်းမျဉ်းမှ သွေဖီ၍မရပေ။

ချင်မူ့သိုင်းအဆင့်မှာ တောင်ကောင်းကင်မုခ်ဝထဲ ဝင်နိုင်ရန် ဝေးလွန်းပေသည်။

ပထမလူသားဧကရာဇ် သတိလစ်သွားပြန်သည်။ မည်ကဲ့သို့အိပ်မက်မျိုး မက်နေမှန်း မသိသော်လည်း ဗလုံးဗထွေး ယောင်နေ၏။

“ကျွန်တော် အပြစ်ရှိပါတယ်...”

“ထပ်ထွက်မပြေးတော့ပါဘူး....”

“ပြစ်ဒဏ်ခံယူဖို့ လာတာပါ...”

“တောင်းပန်ပါတယ်...”

...

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ယခုလို သတိလွတ်နေခြင်းကား မကောင်းပေ။ ပထမလူသားဧကရာဇ်၏ မူလဝိညာဉ် ပြိုကွဲစပြုနေပြီဟု ဆိုလိုသည်။ ကုသရန် အချိန်ဆွဲ၍ မဖြစ်ချေတော့။ သူ ဆေးစွမ်းအင်ကို ကောင်းကင်နတ်ဘုံဆီ အမြန်ဆုံး ပို့လွှတ်ရတော့မည်။

‘ငါ တောင်ကောင်းကင်မုခ်ဝကို မဖြတ်ကျော်နိုင်ပေမယ့် ဝင်လို့ရတဲ့ဟာတစ်ခုခုတော့ ရှိမှာပါ”

ချင်မူမှာ မူလဝိညာဉ်၏ ဒဏ်ရာများ ကျက်စေမည့် ဆေးလုံးများအား အလျင်အမြန် ဖော်သည်။ အရေအတွက်များများ‌ ဖော်ပြီးသည်နှင့် သိမ်းပြီး လင်ယွိရှို့ကို ပြောလိုက်၏။ “ယွိရှို့၊ ငါ ပထမဘိုးဘေးကြီးရဲ့ ဒဏ်ရာတွေကို သွားကုတော့မယ်... ဒီမှာ နေပြီး ချိရှီကို စောင့်ကြည့်ပေးထားဦး”

လင်ယွိရှို့က စိုးရိမ်ကြောင့်ကြစွာဖြင့် ဘူးလေးကို တင်းတင်းဆုပ်ကိုင်ကာ ခေါင်းညိတ်လိုက်သည်။

ချင်မူ့ခန္ဓာကိုယ်က ဖျတ်ခနဲ အရိပ်တစ်ခု ဖြစ်သွားပြီး ပထမလူသားဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်သွားသည်။ သူက ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါးနှင့် အရပ်ခြောက်မျက်နှာကောင်းကင်ရတနာများကို ဖြတ်‌ကျော်သွား၏။ အတန်ကြာသော် ကောင်းကင်တံတားကောင်းကင်ရတနာထံ ရောက်လာသည်။

ပထမလူသားဧကရာဇ်၏ ကောင်းကင်တံတားထက်တွင် သက်တံ့လို ရောင်စဉ်တန်းများ ကွန့်မြူးတောက်ပနေ၏။ တံတားအောက်သို့ ငုံ့ကြည့်လိုက်လျှင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ရင်း ထပ်နေကြသော ကောင်းကင်ရတနာများအား တွေ့မြင်ရသည်။ အမှောင်ကမ္ဘာယိုတုသည်လည်း သေခြင်းရှင်ခြင်းကောင်းကင်ရတနာနှင့်အတူ အရပ်ခြောက်မျက်နှာအား လွှမ်းခြုံထားသည်။

ချင်မူ စိတ်အားတင်း၍ ကောင်းကင်တံတား၏ တစ်ဖက်အဆုံးသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင် ပထမလူသားဧကရာဇ်၏ ကောင်းကင်နတ်ဘုံ တည်ရှိလေသည်။

သူ တံတားပေါ်တွင် လျှောက်နေစဉ် ပထမလူသားဧကရာဇ်၏ ကောင်းကင်တံတားက အကောင်းပကတိအတိုင်း ဆက်ရာမရှိ ပြီးပြည့်စုံနေကြောင်း သတိထားမိလိုက်၍ မှင်သက်သွားမိသည်။ တံတားက မကျိုးခဲ့ပေ။

ထာတရငြိမ်းချမ်းရေးအင်ပါယာရှိ ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး၏ ကောင်းကင်တံတားများသည် ကျိုးနေ၏။ ချီချယ့်တံတား၊ လျှို့ဝှက်ဆန်းကြယ်တံတားတို့ ဖွဲ့တည်နိုင်လျှင်ပင် တံတားမှာ မပြည့်စုံသေးပေ။ ထို့ကြောင့် ကောင်းကင်ဖြတ်သန်းခြင်းတံတားဖြင့် တစ်ဖက်ကမ်းစပ်သို့ အရောက်သွားရခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင် ပထမလူသားဧကရာဇ်၏ ကောင်းကင်တံတားမှာ ပွန်းရာပဲ့ရာပင် စိုးစဉ်းမျှ ရှိမနေပေ။

‘တကယ်ပဲ သူက ငါနဲ့အတူတူပါလား... ငါတို့နှစ်ယောက်လုံးက ခိုင်ဧကရာဇ်ရဲ့ သွေးဆက်ကနေ မွေးဖွားလာတာဆိုတော့ ကောင်းကင်တံတားတွေ မပျက်စီးနေဘူး’

ချင်မူ ရှေ့ဆက်လျှောက်သွားပြီး အတော်လေးကြာသည့်အခါ ကောင်းကင်တံတား၏အဆုံးသို့ ရောက်လာသည်။ သူ့အရှေ့တွင် တောင်ကောင်းကင်မုခ်ဝသည် တိမ်စိုင်တိမ်တိုက်များအကြား ခံ့ညားထည်ဝါစွာ ရပ်တည်‌နေ၏။

ဤတောင်ကောင်းကင်မုခ်ဝက ကောင်းကင်နတ်ဘုံဆီသို့ ဝင်ပေါက်ဖြစ်ပြီး သူ့အနားပတ်ဝန်းကျင်ရှိ တိမ်တိုက်များမှာ ပုံသဏ္ဍာန်မျိုးစုံ ဖွဲ့တည်နေကြသည်။ ဆိတ်ချိုများ၊ နဂါးများ၊ မီးငှက်၊ လိပ်ငှက် အစရှိသဖြင့်... မိုးကြိုးသင်္ကေတများ၊ လေသင်္ကေတများနှင့် ထူးဆန်းသော အမှတ်အသားများလည်း တွေ့မြင်ကြရသည်။ တံခါးဆီမှ ပြင်းထန်သော ဖိအားက ချင်မူ့အပေါ် ကျရောက်လာ၏။

သူ ဤတံခါးထဲ ဝင်လိုက်လျှင် မူလဝိညာဉ်မှာ ဖိအားဒဏ်မခံနိုင်ဘဲ ပြိုကွဲသွားလိမ့်မည်။

ချင်မူ စိတ်ငြိမ်အောင်ထားရင်း ထောင်ကျယ်အိတ်ကို မွှေနှောက်ပြီး ကျောက်စိမ်းမျက်လုံးနှစ်လုံး ထုတ်လိုက်သည်။

လကျောက်စိမ်းမျက်လုံးနှင့် နေကျောက်စိမ်းမျက်လုံး။

ချင်မူက အတန်ကြာ စဉ်းစားနေပြီးနောက် အံကြိတ်လိုက်သည်။ သူက ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ် ထုတ်လွှတ်၍ ဤကျောက်စိမ်းမျက်လုံးနှစ်လုံးကို အသက်သွင်းရန် ကြိုးစားနေချေသည်။ ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်နှင့် ပတ်သက်ပြီး တစိုက်မတ်မတ် ကျင့်ကြံထားခြင်းမရှိ၍ အသက်သွင်းနိုင်မည်ဟု သူ ရာနှုန်းပြည့်ယုံကြည်ချက် မရှိပေ။

အချိန်ကြာသည့်တိုင်အောင် ကျောက်စိမ်းမျက်လုံးနှစ်လုံးစလုံး တုတ်တုတ်မလှုပ်သေး၍ ချင်မူ မျက်မှောင်ကြုတ်သွားမိသည်။ သူ ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ကို ထပ်မံထုတ်လွှတ်ရန် ပြင်လိုက်စဉ် ကျောက်စိမ်းမျက်လုံးများမှ ဖောက်ခနဲ မြည်သံများ ထွက်လာသည်။ နှစ်ချက်မြည်ပြီးနောက် မျက်လုံးကြီးများမှ ပိန်ချုံးချုံးခြေထောက်နှစ်ချောင်း ပေါက်လာပြီး လက်နှစ်ဖက်ကလည်း ဖောက်ခနဲ ဖောက်ခနဲ ထွက်လာ၏။ မျက်လုံးတစ်လုံးက နောက်လှန်ချပြီး အော်ရယ်လေသည်။ “ရယ်ချင်လွန်းလို့ မနည်း အောင့်ထားရတယ် ဟားဟားဟား... အစ်ကိုကြီး အစ်ကိုကြီး မင်း အသက်ရှူကြပ်ပြီး သေသွားဦးမယ်နော်”

ချင်မူ ကြောင်သွားသည်။ သူ့ဘေးရှိ နေကျောက်စိမ်းမျက်လုံးက မြေကြီးပေါ်တွင် လှိမ့်လျက် အူလှိုက်သည်းလှိုက် ရယ်နေသည်။ လကျောက်စိမ်းမျက်လုံးကလည်း မတ်တပ်ပင် မထနိုင်ဘဲ ဒူးထောက်ပြီး မြေကြီးကို တဘုန်းဘုန်း ရိုက်ကာ ရယ်နေ၏။ “ငါတို့ကို မနှိုးနိုင်ဘူး ထင်ပြီး နောက်တစ်ကြိမ် အသက်သွင်းမလို့‌တောင် လုပ်နေသေးတာဟ”

မျက်လုံးနှစ်လုံးက မြေကြီးပေါ်တွင် လှိမ့်ရင်း ရယ်နေကြပြန်သည်။

ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ “ကဲ တော်ကြတော့.... မရယ်ကြနဲ့တော့... ထပ်ရယ်ရင် မင်းတို့ အရင်လို ပြန်ဖြစ်သွားအောင် ငါ လုပ်ထည့်လိုက်မှာနော်”

ကျောက်စိမ်းမျက်လုံးနှစ်လုံး ပါးစပ်ပိတ်သွားပြီး ပိန်ချုံးချုံးခြေထောက်များဖြင့် မတ်တပ်ထရပ်ကြသည်။ “ငါတို့ခြေထောက်တွေက ပိန်လွန်းနေသလိုပဲ... ကျိုးမှာ ကြောက်နေရတယ်”

နေကျောက်စိမ်းမျက်လုံးက သူ့ခြေထောက်သူ ငုံ့ကြည့်ရန် ကြိုးစားပါသော်လည်း အဘယ်သို့ပြု၍ မြင်နိုင်ပါမည်နည်း။

ဘိုင်း

နေကျောက်စိမ်းမျက်လုံး လဲကျသွားပြီး ဆယ်ပတ်လောက် လိမ့်သွားပြီးမှ ရပ်လိုက်နိုင်သည်။ လကျောက်စိမ်းမျက်လုံးမှာ ဤမြင်ကွင်းကြောင့် အူတက်နေပြီး ဒူးထောက်ချကာ မြေကြီးကို ထုရိုက်ရင်း ရယ်နေ၏။

ချင်မူက မုတ်ဆိတ်ငုတ်တိုနှစ်ချောင်း ဆွဲနုတ်၍ အော်ဟစ်လိုက်သည်။ “မင်းတို့နှစ်ကောင် ကစားလို့ ဝပြီလား... ငါ မင်းတို့ လျှောက်ကစားနေတာကြည့်ဖို့ အသက်သွင်းပေးတာ မဟုတ်ဘူး”

ကျောက်စိမ်းမျက်လုံးနှစ်လုံးမှာ တမုဟုတ်ချင်း ထရပ်ပြီး လိမ်လိမ်မာမာ နားထောင်ကြသည်။

ချင်မူက ဖော်ထားသည့် စွမ်းအင်ဆေးလုံးများနှင့် အံ့ဖွယ်ဆေးများကို ထုတ်ပြီး အထုပ်တစ်ထုပ်ထဲ၌ ထည့်လိုက်သည်။ “မင်းတို့ ဒီမုခ်ဝကနေ ဝင်ပြီးတာနဲ့ ဒီဆေးလုံးတွေကို ပထမလူသားဧကရာဇ်ရဲ့ မူလဝိညာဉ်ဆီ သွားပို့ပေးရမယ်... ဒီဆေးစွမ်းအင်တွေ ချေဖျက်ပေးဖို့လည်း မမေ့နဲ့”

သူ ဆေးထုပ်ကို ကျောက်စိမ်းမျက်လုံးနှစ်လုံးဆီ ပေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် သတိဝင်သွား၏။ “ငါ့ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်က မပြည့်စုံသေးတော့ ငါ ဆင့်ခေါ်လိုက်သမျှ အကုန်လုံး သိပ်အားကိုးလို့ မရဘူး... ငါ အသက်သွင်းပေးလိုက်တဲ့ သေတ္တာကြီးကလည်း အရိုးတွေ၊ အလောင်းတွေ စုရတာ ကြိုက်တယ်... ချုံဧကရာဇ်ခေတ်ရဲ့ သဲကန္တာရထဲမှာ ဖွဲ့တည်ခဲ့တဲ့ သဲဘီလူးလေးကတော့ အော်ဖို့ပဲ သိတယ်... အမြန်နှုန်းကလည်း အင်မတန် နှေးခဲ့တယ်... ဒီနှစ်ကောင်လည်း သုံးစားရပါ့မလား”

သူက တခဏ တွေးပြီးနောက် စွမ်းအင်ဆေးလုံးတစ်လုံး ထုတ်လိုက်သည်။ “ဒီဆေးစွမ်းအင်ကို ချေဖျက်ကြည့်”

လကျောက်စိမ်းမျက်လုံးက တမုဟုတ်ချင်း အလင်းတန်းတစ်တန်း ထုတ်လွှတ်ကာ ဆေးလုံးအား နှစ်ခြမ်းခွဲပစ်လိုက်သည်။

ချင်မူ တုံ့ပင်မတုံ့ပြန်နိုင်ခင် မီးတန်းတစ်တန်းက ဆေးလုံးနှစ်ခြမ်းကို ပြာချပစ်လိုက်၏။

“အဲဒီလိုချေဖျက်ရမှာမဟုတ်ဘူး”

ချင်မူက စိတ်ရှည်လက်ရှည် ရှင်းပြသည်။ “မင်းတို့တွေက သန့်စင်ယင်နဲ့ သန့်စင်ယန်ပဲ... ယင်နဲ့ယန် အတူအလုပ်လုပ်ရင် ဆေးစွမ်းအင်ကို ချေဖျက်နိုင်တယ်... လာ ငါ မင်းတို့ကို ပြမယ်”

သူက ဆေးလုံးတစ်လုံး ထုတ်လိုက်ပြီး သူ့မျက်လုံးများ ပြောင်းလဲသွားသည်။ ဘယ်မျက်လုံးက သန့်စင်ယန်ဖြစ်၍ ညာမျက်လုံးက သန့်စင်ယင်ဖြစ်လာသည့်အခါ အလင်းတန်းနှစ်တန်းက ဆေးလုံးအပေါ် ကျရောက်သွား၏။ ဆေးစွမ်းအင်မှာ တမုဟုတ်ချင်း ချေဖျက်ခံလိုက်ရပြီး မွှေးပျံ့သင်းကြိုင်သော ဆေးရနံက သူ၏နှာသီးဖျားထဲ တိုးဝင်လာသည်။

“လုပ်ကြည့်... မင်းတို့နှစ်ယောက်လုံး အတူတူ လုပ်ရမယ်”

ကျောက်စိမ်းမျက်လုံးနှစ်လုံးက စွမ်းအင်ဆေးလုံးကို ပြာချပစ်လိုက်ပြန်သည်။ ချင်မူက အင်အားထိန်းချုပ်တတ်အောင် စိတ်ရှည်ရှည် သင်ပေးနေ၏။ အခေါက်ခေါက်အခါခါ စမ်းကြည့်ပြီးနောက် သူတို့နှစ်လုံးမှာ တစ်ကြိမ်သာ အောင်မြင်လေသည်။

ချင်မူက သူတို့ကို ဆက်လက်လေ့ကျင့်ခိုင်းနေပြီး အောင်မြင်နှုန်းက တစတစ မြင့်တက်လာသည်။ ချင်မူ သက်ပြင်းချလိုက်ရ၏။ “အောင်မြင်နှုန်း လေး၊ ငါးဆယ်ရာခိုင်နှုန်းကတော့ လက်ခံပေးလို့ရတယ်... မင်းတို့ အထဲရောက်ရင် ဆေးလုံးတွေကို တစ်လုံးချင်း ချေဖျက်နော်... တစ်ခါတည်း အကုန် မချေဖျက်ပစ်နဲ့.... မအောင်မြင်ရင် အကုန် အလကား ဖြစ်ကုန်လိမ့်မယ်.... လျှောက်လည်း ဆော့မနေနဲ့... စွမ်းအင်ဆေးလုံးတွေ မဖျက်နိုင်လို့ကတော့ မင်းတို့ကို မူလပုံစံ ပြန်ပြောင်းပစ်မယ်”

လကျောက်စိမ်းမျက်လုံးက ဆေးထုပ်ကို ကျောတွင် လွယ်လိုက်သည်။ နှစ်လုံးသား  တောင်ကောင်းကင်မုခ်ဝဆီသို့ လျှောက်သွားကြ၏။ တောင်ကောင်းကင်မုခ်ဝဆီ ရောက်သည့်အခါ ကျောက်စိမ်းမျက်လုံးက တခဏ ရပ်ပြီးနောက် ဝင်သွားကြသည်။

ချင်မူမှာ သူတို့ကို ကြည့်ရင်း စိတ်မအေးနိုင်ပေ။ “ရုတ်တရက် နေကျောက်စိမ်းမျက်လုံးက ပြောသည်။ “လမ်းလျှောက်တာ နှေးလွန်းတယ်... လှိမ့်သွားကြစို့”

“လှိမ့်ကြစို့”

တလှိမ့်လှိမ့်ဖြင့် ကောင်းကင်နတ်ဘုံထဲ ဝင်သွားသော ကျောက်စိမ်းမျက်လုံးနှစ်လုံးကို ကြည့်ရင်း ချင်မူ မျက်လုံးများပြူးနေသည်။ ချွေးများလည်း ကျလာ၏။ ကံကောင်းထောက်မ၍ ဆေးထုပ်က ကွဲမသွားပေ။

‘အားကိုးမရဘူး.... အားကိုးမရဘူး... ငါ ဆင့်ခေါ်တဲ့ ကောင်တွေအားလုံး အမြဲ....’

ချင်မူ တောင့်တင်းသွားသည်။ ကျောက်စိမ်းမျက်လုံးနှစ်လုံးက လျင်မြန်စွာ လှိမ့်နေကြပြီး တစ်လုံးကို တစ်လုံး ဝင်တိုက်ရင်း စနောက်နေကြသည်။ နှစ်လုံးစလုံး ဟီးဟီးဟားဟားဖြင့် ပျော်ရွှင်မြူးထူးနေကြ၏။ ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။

သူ့မှာ နဖူးမှ ကျလာသော ချွေးများကို သုတ်နေရ၏။ အတန်ကြာသော် မျက်လုံးနှစ်လုံးကို မမြင်ရတော့ပေ။ တဝုန်းဝုန်း ဝင်တိုက်သံများကိုသာ ကြားနေရသည်။ တစ်ချက်တစ်ချက် မျက်လုံးတစ်လုံးက အပေါ် မြောက်တက်လာပြီး ပြန်ကျသွား၏။ ကျန်တစ်လုံးက ၎င်းကို ကောင်းကင်ထက်သို့ ဆောင့်ကန်လိုက်ခြင်း ဖြစ်လိမ့်မည်။

အတော်လေး စောင့်ပြီးနောက် ကျောက်စိမ်းမျက်လုံးနှစ်လုံး နတ်ဘုရားစီရင်ရာစင်မြင့်သို့ ရောက်သွားကြသည်။ ပြင်းထန်ကြမ်းတမ်းသည့် အရှိန်အဝါ ထွက်လာပြီး ဒူးထောက်နေသော လူတစ်ယောက်အား ခေါင်းဖြတ်ရန် ပြင်နေ၏။ ဓားမက ဒူးထောက်နေသော လူ၏ လည်ပင်းကို ချိန်လျက် သူ့အလိုလို အထက်အောက် ရွေ့လျားနေသည်။

ထိုလူ့လည်ပင်းမှာ ပြတ်လုနီးချေပြီ။ မကြာခင် သတ်ခံရတော့မည်။

မျက်လုံးနှစ်လုံး တစ်လုံးကို တစ်လုံးကြည့်လိုက်ကြသည်။ “ဒီနေရာ ထင်တယ်.... ဒီလူက သေချင်နေတာလား”

“သေချင်နေရင်တော့ ငါတို့လည်း မကယ်နိုင်ဘူး ပြန်ကြစို့”

ကျောက်စိမ်းမျက်လုံးနှစ်လုံး တောင်ပေါ်မှ ပြန်လှိမ့်ဆင်းလာပြီး ရပ်လိုက်ကြသည်။ “သခင် မှာလိုက်တယ်နော်... ဒီဆေးစွမ်းအင်တွေကို မချေဖျက်ရင် ငါတို့ကို မူလပုံစံ ပြန်ပြောင်းပစ်မယ်တဲ့”

သူတို့က ပြန်လှိမ့်တက်သွားပြီး နတ်ဘုရားစီရင်ရာစင်မြင့်အပေါ် ခုန်တက်လိုက်၏။ လကျောက်စိမ်းမျက်လုံးက အထုပ်ထဲမှ ဆေးလုံးတစ်လုံး ထုတ်သည်။ မျက်လုံးနှစ်လုံးသည် ယင်နှင့်ယန်ချီကို အသုံးပြုလျက် ချေဖျက်ကြ၏။

ဆေးလုံးတစ်ဒါဇင်ကျော် ချေဖျက်ပြီး ခုနစ်လုံး၊ ရှစ်လုံးခန့် ဖျက်စီးမိပြီးနောက် ဤမျက်လုံးနှစ်လုံး စိတ်မရှည်တော့ပေ။ နေကျောက်စိမ်းမျက်လုံးက အကြံပြုလိုက်သည်။ “တစ်ပြိုင်တည်း ချေဖျက်ကြရင် မကောင်းဘူးလား... ငါတို့အကုန်လုံး ချေဖျက်လိုက်တယ်လို့ သခင့်ကို ပြောကြမယ်လေ”

“အေး ကောင်းတယ်”

ကျောက်စိမ်းမျက်လုံးနှစ်လုံးစလုံး စိတ်လှုပ်ရှားလာကြပြီး အလင်းတန်းနှစ်တန်းက ဆေးထုပ်ကို ထိသွားလေသည်။

***

လင်ယွိရှို့ ပထမလူသားဧကရာဇ်ဘေး၌ စောင့်ရှောက်ရင်း စိုးရိမ်နေမိသည်။ ချင်မူ အရိပ်အသွင်ဖြင့် ပထမလူသားဧကရာဇ်၏ ကောင်းကင်ရတနာများအထဲ ဝင်သွားခဲ့သည်မှာ ကြာလှချေပြီ။ ယခုထိ ပြန်ရောက်မလာသေး၍ ပထမလူသားဧကရာဇ်ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်လား သူမ မသိရပေ။

ထို့အပြင် ပထမလူသားဧကရာဇ်၏ အရှိန်အဝါမှာ တဖြည်းဖြည်း အားနည်းလာသည်။ ဒဏ်ရာများ ဆိုးရွားလာနေကြောင်း ထင်ရှား၏။

ရုတ်တရက် လင်ယွိရှို့ ငေါက်ခနဲ ထရပ်ပြီး လမ်းလျှောက်လာနေသော ပန်ကုန်းစုန်အား စိုက်ကြည့်လိုက်သည်။

ပန်ကုန်းစုန်က အပြုံးပန်းများ ဝေဆာနေသော မျက်နှာဖြင့် သူမအနား ကပ်လာသည်။ “မင်းသမီးရှို့၊ ပထမလူသားဧကရာဇ်အခြေအနေ ဘယ်လိုရှိလဲ ... ကျွန်တော်က ဆေးပညာကျွမ်းပါတယ်... ကူညီပေးနိုင်မယ်ထင်တာပဲ”

လင်ယွိရှို့က ဘူးလေးကို ဆုပ်ကိုင်၍ အေးဆေးစွာ ပြောလိုက်၏။ “နင် ပူစရာမလိုဘူး... နွားကျောင်းသားရဲ့ ဆေးပညာက နင့်ထက် အပုံကြီးသာတယ်”

ချိရှီက တခြားဘက်မှ ထွက်လာသည်။ “ကလေးမ၊ မိတ်ဆွေလေးချင်ရဲ့ ဆေးပညာ လေးနက်တာ မှန်ပါတယ်... ဒါပေမဲ့ သူ ဘယ်လောက်ပဲ‌ တော်တော်၊ ဆေးစွမ်းအင်ကို ကောင်းကင်နတ်ဘုံဆီ ပို့မပေးနိုင်ဘူး... အချိန်ကြာလာရင် ပထမလူသားဧကရာဇ် မုချသေရလိမ့်မယ်... ငါပဲ သူ့ရဲ့ ကောင်းကင်နန်းဆောင်ထဲ ဝင်ပြီး ကယ်နိုင်မှာ”

ချောက်

လင်ယွိရှို့က ဘူးလေးကို ဟလိုက်၍ ချိရှီ ထိတ်ပျာသွား၏။ သူက ကမန်းကတန်း ရပ်လိုက်ပြီး နတ်ဘုရားစီရင်ရာဓားမကို ရှောင်ရန် အဆင်သင့်ပြင်လိုက်သည်။

သူ၏ခေါင်းတစ်ဖက်သည် ပန်ကုန်းစုန်ဆီ ကြည့်လိုက်ကြ၏။ ပန်ကုန်းစုန်က ဆေးခြံဆီ လျှောက်သွားပြီး ဆေးပင်များကို နင်းခြေပစ်လိုက်သည်။

သူ၏ရည်ရွယ်ချက်က လင်ယွိရှို့အာရုံထွေပြားအောင် လုပ်ရန် ဖြစ်သည်။

ချင်မူ ပထမလူသားဧကရာဇ်ကို ကုသရန် စိုက်ထားသော ဆေးပင်များစွာ ရှိ၏။ အကုန်လုံး ပျက်စီးသွားလျှင် ပထမလူသားဧကရာဇ်၏ ဒဏ်ရာများအား ကုနိုင်တော့မည်မဟုတ်ပေ။

လင်ယွိရှို အာရုံထွေပြားသွားသည်နှင့် သူမလက်ထဲမှ ဘူးလေးကို ချိရှီ လုနိုင်လိမ့်မည်။

ထိုအခါ ပထမလူသားဧကရာဇ်၊ ချင်မူနှင့် လင်ယွိရှို့တို့သည် သူတို့ကြိုးဆွဲရာ ကရမည့် ရုပ်သေးရုပ်များ ဖြစ်လာလိမ့်မည်။

လင်ယွိရှို့၏ နဖူးမှ သွေးကြောများ ထောင်လာသည်။ သူမက ချိရှီကို မမှိတ်မသုန် စိုက်ကြည့်ရင်း အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။ “မှော်ဆရာကြီး၊ နင်ကလည်း ပထမလူသားဧကရာဇ် ကယ်တင်ပေးခဲ့တဲ့ မျိုးနွယ်တွေထဲက မျိုးဆက်တစ်ယောက်ပါ... နင် ကျေးဇူးမသိတတ်ဘူးလား”

ပန်ကုန်းစုန် အနည်းငယ် ငေးကြောင်သွားသည်။ သူက အသက်မပါသော အပြုံးဖြင့် ပြောလေသည်။ “ငါက တစ်ကမ္ဘာလုံး သုတ်သင်ချင်နေတဲ့ လူဆိုးတစ်ယောက်... အဲဒီတုန်းကသာ ငါ့လိုမျိုးဆက်မျိုး ရှိလာမှာ သိခဲ့ရင် ပထမလူသားဧကရာဇ် သေချာပေါက် ငါတို့ကို ကယ်ခဲ့မှာမဟုတ်ဘူး... ငါ လုံးဝကို ကျေးဇူးမတင်ပါဘူး”

ချိရှီက သူ့ဆီသို့ တစ်ချက်ကြည့်သည်။ ပန်ကုန်းစုန် တွန့်ဆုတ်သွား၏။ သူက ရှေ့ဆက်မလျှောက်ဘဲ ဆက်ပြောသည်။ “ငါ မြက်ခင်းလွင်ပြင်မှာ ငါ့မျိုးနွယ်သန်းပေါင်းများစွာ သတ်ခဲ့တယ်... ပထမလူသားဧကရာဇ် လုပ်ခဲ့တဲ့ ကောင်းမှုလေးတစ်ခုအတွက် ငါက ကျေးဇူးတင်ရမှာလား... မတင်...”

ချိရှီ သူ့ကို လှမ်းကြည့်ပြန်သည်။

ပန်ကုန်းစုန် အံတင်းတင်းကြိတ်ပြီး ရှေ့လျှောက်သွားသည်။ လင်ယွိရှို့က ချိရှီကိုယ်ပေါ်မှ အကြည့်မခွာဘဲ မာမာထန်ထန် အော်လိုက်၏။ “ငါ နတ်ဘုရားစီရင်ရာဓားမနဲ့ နင့်ကို သတ်မှာ မကြောက်ဘူးလား”

ပန်ကုန်းစုန်၏အမူအရာက တွေဝေသွားသောအမူအရာ ဖြစ်သွားသည်။ သူက သူမအနောက်သို့ လျှောက်သွားပြီး သူမလက်ထဲရှိ ဘူးလေးဆီသို့ ဖြည်းဖြည်းချင်း လှမ်းလိုက်၏။

လင်ယွိရှို့ သည်းမခံနိုင်တော့ပေ။ သူမက နောက်သို့ ဝိုက်ကန်လိုက်ရာ ပန်ကုန်းစုန်ခေါင်းကို ထိသွားပြီး သူ့အား မြေကြီးပေါ် အလဲသိပ်လိုက်တော့သည်။ ပန်ကုန်းစုန်မှာ လဲကျသွား၏။

“အသုံးမကျတဲ့ကောင်”

ချိရှီ ဒေါသထွက်သွားသည်။ လင်ယွိရှို့ ကန်လိုက်သည့်အချိန်တွင် သူက သူမကို သတ်ရန် ကြိုးစား၏။ ထိုအချိန်တွင် ပထမလူသားဧကရာဇ် ထထိုင်၍ ချိရှီ ထိတ်လန့်သွားသည်။ သူက တောအုပ်ထဲ အလျင်အမြန် ပြေးဝင်သွားတော့သည်။

“ငါ မင်းကို ကယ်မှာပါ”

ပထမလူသားဧကရာဇ်၏အသားအရေမှာ ဖြူ‌လျော်နေသည်။ သူက တိုးညှင်းသောအသံဖြင့် ပြော၏။ “မင်းဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ ငါ မင်းကို ကယ်ပေးမှာပဲ... ဘာကြောင့်လဲဆိုရင် မင်းက နောက်ဆုံးလူသားမျိုးနွယ်မလို့”

ပန်ကုန်းစုန် မျက်လုံးဖွင့်ပြီး ပထမလူသားဧကရာဇ်အရှေ့၌ ဒူးထောက်လိုက်သည်။ သူက အလေးအနက် ဂါဝရပြုပြီးနောက် အနက်ရောင်အခိုးအငွေ့အသွင် ပြောင်းကာ ထွက်သွား၏။

လင်ယွိရှို့မှာ ရင်ဘတ်ထဲမှ အလုံးကြီးကျသွားပြီး ထိုင်ချလိုက်မိသည်။ သူမခြေထောက်နှစ်ဖက်လုံး ပျော့ခွေနေချေပြီ။ သူမက ပန်ကုန်းစုန် ထွက်သွားသောဘက်သို့ ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ့ကန်ချက်နဲ့တင် သူ မလဲနိုင်ပါဘူး... သူ့မှာ လူသားဆန်တဲ့စိတ် ရှိနေသေးတာများလား”

ဤအခိုက်အတန့်တွင် ချင်မူက ပထမလူသားဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားမှ ပျံထွက်လာပြီး ပြောလိုက်လေသည်။ “လူသားဆန်တဲ့စိတ်ဟုတ်လား... နည်းနည်းလောက်တော့ ရှိသေးမယ် ထင်ရတာပဲ”

All Chapters