ချုံဧကရာဇ်ခေတ်၏ လျှို့ဝှက်ချက်များ
Vol. 48 Ch. 649
ပထမလူသားဧကရာဇ်မှာ အလွန်အားနည်းနေသေးသည်။ မျက်လုံးနှစ်လုံးက အားကိုးမရသော်လည်း ကြက်ကန်းဆန်အိုးတိုး၍ တစ်ချက်တည်းနှင့် ဆေးစွမ်းအင်အလုံးစုံ ချေဖျက်နိုင်ခဲ့၏။ သို့ဖြစ်၍ ပထမလူသားဧကရာဇ်၏ မူလဝိညာဉ်မှာ ဒဏ်ရာအနည်းငယ် သက်သာသွားပြီး နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ နတ်ဘုရားစီရင်ရာဓားမလက်ချက်မှ လွတ်မြောက်သွားလေသည်။
မှန်သည်၊ ချင်မူမှာ မျက်လုံးနှစ်လုံး လက်တည့်စမ်းခဲ့မှုကို မသိပေ။ သိလျှင် သေချာပေါက် သင်ခန်းစာ ကောင်းကောင်းပေးလိမ့်မည်။
ပထမလူသားဧကရာဇ်က ဒယိမ်းဒယိုင် ထရပ်လိုက်သည်။ ရုပ်ခန္ဓာပေါ်ရှိ ဒဏ်ရာများ ပျောက်ကင်းသွားပြီဖြစ်သော်လည်း သူ၏မူလဝိညာဉ်နှင့် ကောင်းကင်နတ်ဘုံမှာတော့ ဒဏ်ရာများစွာ ရထားသေးသည်။ ကံကောင်းထောက်မ၍ အသက်အန္တရာယ်တော့ မစိုးရိမ်ရပေ။
“ချိရှိရဲ့ ဒဏ်ရာတွေ ငါ့လောက် မပြင်းထန်ဘူး... အခုအချိန်မှာ သူ့သိုင်းစွမ်းအားက ငါ့ထက် သာနေတယ်”
ပထမလူသားဧကရာဇ်က အားနည်းနေသောအသံဖြင့် ပြောလေသည်။ “ငါ မင်းတို့ကို မကာကွယ်နိုင်မှာ စိုးမိတယ်”
ချင်မူကတော့ စိတ်မပူပေ။ “ခင်ဗျားမှာ အင်အားသိပ်မရှိမှန်း သိတာတောင်မှ သူ လှုပ်ရှားရဲမှာ မဟုတ်ဘူး... ခင်ဗျားဒဏ်ရာတွေ ပျောက်ကွယ်သွားရင်တော့ ပိုလို့တောင် မစွန့်စားရဲဘဲ နေလိမ့်မယ်”
ပထမလူသားဧကရာဇ် ခေါင်းယမ်းလိုက်သည်။ “သူ့ကို စိတ်ပူတာမဟုတ်ဘူး... ရွှမ်ခုံးကမ္ဘာကို ပြောတာ... ငါတို့ရွှမ်ခုံးကမ္ဘာဆီ မရောက်ခင် ငါ့ကို ကုပေးဖို့ မင်း ယုံကြည်ချက်ရှိလား”
ချင်မူ ချီတုံချတုံ ဖြစ်သွားသည်။ လပိုင်းလေးနှင့် ပထမလူသားဧကရာဇ်ကို အရှင်းကုသပေးရန် သူ ယုံကြည်ချက်မရှိပေ။ မူလဝိညာဉ်ဒဏ်ရာတို့မှာ အလွန်ရှုပ်ထွေး၏။ ကောင်းကင်နတ်ဘုံ၏ ဒဏ်ရာများနှင့် ပတ်သက်လျှင်လည်း သူ့တွင် အတွေ့အကြုံမရှိ။ ထို့အပြင် ဤသင်္ဘောပေါ်၌ ပရဆေးပင်များများစား ရှိမနေ။ သူ့ထောင်ကျယ်အိတ်ထဲတွင် တချို့ရှိသော်လည်း အရေးပါသော ဆေးပင်များ လိုအပ်နေသေးသည်။
ပထမလူသားဧကရာဇ်ကို အရှင်းကုပေးချင်လျှင် ချိမင်ရွှမ်ခုံးကမ္ဘာသို့ သွား၍ ပရဆေးပင်များ ဝယ်နိုင်မည်လား ကြည့်ရလိမ့်မည်။
“ကောင်းကင်ဘုံကို မှောက်ခုံလှန်သည့် လက်ကွက်သုံးကွက်က ခင်ဗျားအပေါ် ထိခိုက်လွန်းတယ်... အခုကစပြီး မသုံးနဲ့တော့” ချင်မူက သတိပေးလိုက်သည်။
ပထမလူသားဧကရာဇ်မှာ ခေါင်းယမ်းပြ၏။ “ငါက တပ်ပြေးတစ်ယောက် ဖြစ်နေတုန်းပဲလို့ ကောင်းကင်ဆရာသခင် ထင်နေမှာ မလိုလားဘူး”
ချင်မူ မှင်သက်သွားသည်။ တစ်ကြိမ်လေး ထွက်ပြေးခဲ့ရုံမျှဖြင့် တစ်သက်လုံး တပ်ပြေးဆိုသည့် နာမည်တပ်ခံရခြင်းမှာ အနည်းငယ် ရက်စက်ပေသည်။
“ကောင်းကင်ဆရာသခင် ခင်ဗျားကို တပ်ပြေးလို့ ပြောတာက အဲဒီစစ်ပွဲက ထွက်ပြေးခဲ့တာကြောင့်နဲ့တော့ မဟုတ်လောက်ဘူး”
ချင်မူက အသေအချာ စဉ်းစားပြီး တန်ခိုးရှင်သစ်ခုတ်သမား၏ အမြင်အား ရှင်းပြသည်။ “ခင်ဗျား စစ်ပွဲကနေ ထွက်ပြေးပြီးတော့ နှစ်နှစ်သောင်းလုံး ဆက်ပြေးနေခဲ့တယ်... အမှန်တရားကို တစ်ခါမှ မရင်ဆိုင်ခဲ့ဘူး... တစ်ယောက်တည်း နေပြီး ကမ္ဘာကြီးနဲ့ ဖယ်ခွာနေခဲ့တယ်... အချိန်တွေကို ဒီတိုင်း ဖြုန်းတီးခဲ့ပြီး ဘာတစ်ခုကိုမှ ဖြစ်ဖြစ်မြောက်မြောက်၊ ကြိုးကြိုးစားစား မလုပ်ခဲ့ဘူး... ခင်ဗျားရဲ့တပည့်ကိုတောင် ကောင်းကောင်းမွန်မွန် သင်ပေးခဲ့လို့လား ... သူက ခင်ဗျား ထွက်ပြေးတာလေးတစ်ခုကြောင့်နဲ့ စိတ်ဆိုးနေမယ့်လူမှ မဟုတ်တာ... ခင်ဗျားက နှစ်နှစ်သောင်းလုံး ရှောင်ပြေးနေတာမလို့ သူ ခွင့်မလွှတ်နိုင်တာပါ”
ပထမလူသားဧကရာဇ် ငိုင်ကျသွားသည်။
ချင်မူက ဆက်မပြောတော့ပေ။ နင်းခြေခံထားရသော ဆေးခြံဆီသို့ သူ လှမ်းကြည့်လိုက်သည်။ ဤဆေးပင်များကို ကမ္ဘာမြေမှုန်ဖန်ဆင်းပညာဖြင့် ပြန်လည်ဖန်ဆင်းနိုင်သော်လည်း လိုအပ်နေသော ဆေးပင်များစွာ ရှိနေသေး၏။
သူ၏ထောင်ကျယ်အိတ်မှာ ဟိုလှိမ့်သည်လှိမ့် လှိမ့်နေသော ကျောက်စိမ်းမျက်လုံးနှစ်လုံးကြောင့် ဖောင်းလိုက်၊ ပိန်လိုက် ဖြစ်နေသည်။ ချင်မူ မျက်လုံးနှစ်လုံးကို ထုတ်ပေးလိုက်သည့်အခါ သူတို့က မြေပြင်ပေါ် ဆင်းပြီး ပတ်ဝန်းကျင်ကို လေ့လာနေကြ၏။
“အစ်ကိုကြီး အစ်ကိုကြီး ဒီမှာ အသဲလေး အသဲလေး”
လကျောက်စိမ်းမျက်လုံးက လင်ယွိရှို့ကို တစ်ချက်ကြည့်ကာ စိတ်လှုပ်တရှား ပြော၏။ “ငါတို့ ရှာတွေ့ခဲတဲ့ အသဲလေးနှစ်ယောက်ထဲက တစ်ယောက်ပဲ”
မျက်လုံးနှစ်လုံးက အလင်းတန်းများ ထုတ်လွှတ်၍ လင်ယွိရှို့ကို အားရပါးရ ကြည့်နေကြသည်။
လင်ယွိရှို့မှာ မျက်လုံးနှစ်လုံးကို တအံ့တဩ ကြည့်ပြီး ဘေးမှ ပတ်လျှောက်သွားလိုက်၏။ သူမက ချင်မူ့ဘေး၌ ရပ်လိုက်သည်။ “ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်လား”
ချင်မူက ခေါင်းညိတ်ပြသည်။
“ဘာလို့ သူတို့ကို အသက်သွင်းလိုက်တာလဲ”
လင်ယွိရှို့က ခပ်တိုးတိုး ပြောသည်။ “ဒီမျက်လုံးနှစ်လုံးက သိပ်အင်အားကြီးတာပဲ... သာမန်နတ်ဘုရားတောင် သူတို့အကြည့်ကို မကာကွယ်နိုင်ဘူး... သူတို့ပုန်ကန်ရင် ငါတို့ မထိန်းနိုင်ဘူးနော်... ဒါနဲ့ သူတို့ကိုယ်သူတို့ သိပ်အင်အားကြီးမှန်း သိကြရဲ့လား”
ချင်မူ ခေါင်းယမ်း၍ တီးတိုးပြောလိုက်၏။ “မသိဘူး... ငါ သူတို့ကို မူလပုံစံ ပြန်ပြောင်းပစ်မှာ ကြောက်နေကြတုန်းပဲ”
လင်ယွိရှို့ စိတ်သက်သာရာ ရသွားသည်။ သူမက တစ်စုံတစ်ခု သတိရလိုက်၍ မေးလိုက်ပြန်သည်။ “သူတို့ကိုယ်သူတို့ ထောင်ကျယ်သားရဲတစ်ကောင်ရဲ့ မျက်လုံးတွေ ဆိုတာရော သိလား... နင် သေတ္တာကြီးကို အသက်သွင်းလိုက်တုန်းက သူက ဘာမဆိုစားချင်တဲ့ ထောင်ကျယ်ကြီးတစ်ကောင်အတိုင်းပဲလေ... နဂါးချီလင်ကိုတောင် ခဏခဏ မြိုချသေးတယ်”
ချင်မူ ခေါင်းယမ်းလိုက်သည်။ “ငါလည်း မသိဘူး... ဒီမျက်လုံးနှစ်လုံးက သိပ်ရိုးသားပါတယ်ဟ”
မျက်လုံးနှစ်လုံးက ဟိုလှိမ့်သည်လှိမ့်ဖြင့် တဟားဟား ရယ်နေကြသည်။ သူတို့နှစ်ယောက် အတင်းတုပ်နေမှန်း မသိကြပေ။
လင်ယွိရှို့က သူတို့ဆီသွားပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “အခုကစပြီး နင့်ကို ရှောင်ယန်၊ နင့်ကို ရှောင်ယင်လို့ ခေါ်မယ်... သဘောကျလား”
“သဘောကျတာပေါ့ အသဲလေးရဲ့”
ကျောက်စိမ်းမျက်လုံးနှစ်လုံးက ပြိုင်တူဖြေလေသည်။
လင်ယွိရှို့ ချင်မူ့ဘက် လှည့်၍ ကပ်ပြောလိုက်သည်။ “ဒီမျက်လုံးမိစ္ဆာတွေက နင်ပြောသလို ရိုးသားတဲ့ပုံလည်း မပေါ်ဘူးနော်... ငါ့ကို အသဲလေးတဲ့”
ကျောက်စိမ်းမျက်လုံးနှစ်လုံးက တောအုပ်ထဲ ပြေးဝင်သွားသည်။ တခဏကြာသော် တောမီးလောင်တော့သည်။ လင်ယွိရှို့မှာ ဘူးလေးကို ချင်မူ့လက်ထဲ ကပျာကယာ ထည့်ပေးပြီး မီးလောင်နေသော သစ်ပင်များဆီ ပြေးသွား၏။ သူမ၏ချီစွမ်းအင်က ရေနဂါးအသွင်ဖွဲ့ကာ မီးငြှိမ်းလိုက်သည်။
မျက်လုံးမိစ္ဆာနှစ်ကောင်က သူမကို ရပ်ကြည့်ရင်း အလွန်ဘဝင်ခွေ့နေ၏။ “ငါ မင်းကို မပြောဘူးလား.. ဒီနည်းလမ်းနဲ့ အသဲလေးကို မျှားခေါ်လို့ရပါတယ်ဆို တွေ့တယ်မလား”
“အစ်ကိုကြီးက တကယ် တော်လိုက်တာ”
လင်ယွိရှို့ အမျက်တချောင်းချောင်း ထွက်သွားသည်။ မိန်းမငယ်လေးက မျက်လုံးမိစ္ဆာနှစ်ကောင်၏ ပိန်ချုံးချုံးခြေထောက်များကို ဆုပ်ကိုင်၍ ချင်မူ့အရှေ့သို့ ကိုင်ပေါက်ချလိုက်၏။ “ဒီကောင်နှစ်ကောင်ကြောင့် တောအုပ်တစ်ခုလုံး မီးလောင်တော့မလို့ပဲ... ဒီနေရာသာ မီးလောင်သွားရင် ငါတို့အားလုံး သေမှာဟဲ့... မူလပုံစံသာ မြန်မြန်ပြောင်းလိုက်ပါတော့ အာရုံနောက်တယ်...”
“ဒေါ်လေး.. ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါခင်ဗျာ” မျက်လုံးနှစ်လုံးက ဒူးထောက်ပြီး မြေကြီးတွင် မျက်နှာအပ်လိုက်ကြသည်။
ချင်မူ အခက်တွေ့သွားသည်။ “ပထမဘိုးဘေးကြီးရဲ့ ကောင်းကင်နတ်ဘုံဆီ ဆေးပို့ဖို့ သူတို့ကို လိုသေးတယ်... အခုထိ သတ်လို့မရသေးဘူး”
“ဒီအကြွေးကို ငါ အရင်ချမှတ်ထားမယ်... နင်တို့နှစ်ကောင် ပြဿနာ ထပ်ရှာလို့ကတော့ ခေါင်းဖြတ်ပစ်မယ်” လင်ယွိရှို့ ကြိမ်းဝါးလိုက်သည်။
မျက်လုံးနှစ်လုံးမှာ တစ်လုံးနှင့်တစ်လုံး ဖက်ထားကြပြီး ကြောက်လန့်နေကြ၏။
“ကျွန်တော်တို့မှာ ခေါင်းမရှိ....”
“ပိတ်ထား... ငါတို့မှာ ခေါင်းမရှိမှန်း သူ မသိသေးဘူး... မင်း သူ့ကို သတိပေးလိုက်ရင် ငါတို့ကို မျက်လုံးကန်းအောင် လုပ်လိမ့်မယ်”
ချင်မူက သူတို့ကို ထားခဲ့ပြီး ဆေးလုံးများ ဆက်ဖော်နေသည်။ ပထမလူသားဧကရာဇ်၏ကိုယ်ထဲရှိ ဆေးစွမ်းအင် ကုန်ခမ်းသွားသည့်အခါ မျက်လုံးမိစ္ဆာနှစ်ကောင်ကို မူလဝိညာဉ်ဆီ သွားခိုင်း၏။ သူတို့ ထွက်သွားသည့်အချိန် သူက သင်္ဘောအမြှီးပိုင်းသို့ သွားပြီး မဟာနေဧကရာဇ် ကျန်ရစ်ခဲ့သော သွေးများကို အသေးစိတ် လေ့လာနေသည်။
ချင်မူ သွေးကို မထိရဲပေ။ ဤအခိုက်အတန့်၌ ပထမလူသားဧကရာဇ်က သူ့ဆီ ယိုင်တိုင်တိုင်ဖြင့် လျှောက်လာသည်။ သူက ဓားဆွဲထုတ်ပြီး ချင်မူ့ဆီ ပေး၏။ “ဒီဓားနဲ့ စမ်းကြည့်...”
ချင်မူ ကျောက်စိမ်းလင်းရောင်ဓားကို ယူလိုက်သည်။ ဤရတနာကို သူ ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်လေသည်။ ကျောက်စိမ်းလင်းရောင်ဓားသည် ကျောက်စိမ်းလင်းရောင်နန်းဆောင်ကို စောင့်ရှောက်ရန် မင်းသားတစ်ပါး ကိုင်စွဲခဲ့သော ဓားတစ်လက် ဖြစ်၏။ ၎င်း၏စွမ်းအားက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ရာကောင်းပြီး ဓားတစ်လက်လုံးမှာ အလင်းဖြင့် ဖွဲ့တည်နေသကဲ့သို့ လွန်စွာတောက်ပနေသည်။ ဓား၏ လက်ရာမှာလည်း သူမတူအောင် ပြောင်မြောက်သေသပ်သည်။
လက်ရာက ရွှေအပင် မရောက်သေးသော အဆင့်ဖြစ်သည်။
ရုတ်တရက် ချင်မူ ရွှင်ပျော်ပျော်ဓားကို ထုတ်၍ ကျောက်စိမ်းလင်းရောင်ဓားဖြင့် ယှဉ်ကြည့်လိုက်သည်။ ရွှင်ပျော်ပျော်ဓားက များစွာ ရိုးရှင်း၏။ ကောင်းကင်အင်အားကို မမြင်ရသလို၊ ကျောက်စိမ်းလင်းရောင်ဓားကဲ့သို့ မတောက်ပပေ။ ရွှင်ပျော်ပျော်ဓားက သာမန်ကောင်းကင်သတ္ထုဖြင့် သွန်းလုပ်ထားသော သာမန်ကောင်းကင်လက်နက်သဖွယ် ထင်ရသည်။ နက်နဲသိမ်မွေ့သည့် လက်ရာများလည်း မတွေ့ရပေ။
“မင်းရဲ့ ဓားက....”
ပထမလူသားဧကရာဇ် စိတ်နှလုံးလှုပ်ရှားသွား၏။ “ငါ့ကို ခဏလောက် ပြစမ်းပါ”
ချင်မူ ရွှင်ပျော်ပျော်ဓားကို သူ့ဆီ ပေးလိုက်သည်။ ပထမလူသားဧကရာဇ်က ဓားကို ထပ်ခါတလဲလဲ ကြည့်နေပြီး တခဏကြာသော် ငိုင်ကျသွားသည်။ သူ့အမူအရာမှာလည်း မှိုင်းညို့သွားပြီး သူက အက်ကွဲနေသောအသံဖြင့် မေးလာသည်။ “ဘယ်သူ မင်းကို ပေးခဲ့တာလဲ”
“အဖေ”
ချင်မူက ကျောက်စိမ်းလင်းရောင်ဓားထိပ်ဖြင့် ထိုးကော်ကာ မဟာနေဧကရာဇ်၏ သွေးစက်အား ပင့်မြှောက်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ဝင်္ကပါအလွှာအထပ်ထပ် ဖွဲ့တည်လာပြီး ကျောက်စိမ်းကောင်းကင်မျက်လုံးဖြင့် နတ်ဘုရားသွေးကို ကြည့်လိုက်၏။ “အဖေက မြေအောက်ဘုံအရှင်သခင်နဲ့ ပဋိညာဉ်ရေးထိုးထားလို့ ကျွန်တော့်ကို ကြည့်လို့ မရခဲ့ဘူး... ဒီဓားကိုတော့ အမှတ်တရအနေနဲ့ ပေးခဲ့တာ”
ပထမလူသားဧကရာဇ်က ထပ်မေးသည်။ “ဒီဓားရဲ့နာမည်ကို သိလား”
“ရွှင်ပျော်ပျော်ဓားတဲ့.... ကျွန်တော် ဒီဓားကို ရလိုက်တုန်းက ရွှင်ပျော်ပျော်ဆိုတဲ့ စာလုံး ဓားပေါ်မှာ ပေါ်လာခဲ့တယ်”
ချင်မူက မဟာနေဧကရာဇ်၏ နတ်ဘုရားသွေးကို ဂရုတစိုက် ထိကြည့်လိုက်သည်။ ကျောက်စိမ်းလင်းရောင်ဓားက နတ်ဘုရားသွေး၏ အင်အားကို ဖိနှိပ်ပေးထားသော်လည်း တစ်ချက်ထိလိုက်သည်နှင့် နတ်ဘုရားသွေးစက်သည် ကိုက်သုံးရာအကျယ် အလုံးကြီးအဖြစ် လျင်မြန်စွာ ပြန့်ကားသွား၏။
ချင်မူ့လက်ချောင်းငါးချောင်းက သွေးလုံးကြီးအပေါ် ညင်ညင်သာသာ ထိလိုက်သည်။ သွေးလုံးကြီးသည် ပြန့်ကားလာပြီး ကြီးသထက် ကြီးလာသည်။ နောက်ဆုံးတွင် ကိုက်တစ်ရာကျယ်ဝန်းသည့် သွေးလုံးကြီးအဖြစ် လည်နေတော့သည်။
“ရွှင်ပျော်ပျော်ဓားတဲ့လား...”
ပထမလူသားဧကရာဇ်က ပြုံးလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အခုတော့ ရွှင်ပျော်ပျော်ဓားပေါ့လေ... အင်း တကယ်လည်း ရွှင်ပျော်ပျော်ဖြစ်နေတာပဲ...”
ချင်မူ အာရုံစုစည်းလိုက်သည့်အခါ မျက်လုံးထဲ ဝင်္ကပါများက တချက်ချက် လည်သွားပြီး သွေးစက်ထဲရှိ အသေးငယ်ဆုံး အမှုန်လေးများအထိ မြင်လာရဿည်။
“ပထမဘိုးဘေးကြီး၊ ဒီမဟာနေဧကရာဇ်က မဟာနေဧကရာဇ်အစစ် မဟုတ်ဘူး... သူက ခင်ဗျားလို နတ်ဘုရားအဆင့် ရောက်နေတဲ့ လူသားတစ်ယောက်ပဲ”
ချင်မူက ရုတ်တရက် ပြောလိုက်သည်။ “တစ်ချက်လောက် ကြည့်လိုက်... သူ့သွေးက တကယ့် လူသွေးပဲ... နေကနေ မွေးဖွားလာတဲ့ နတ်ဘုရားဆိုရင် လူသွေး မရှိသင့်ဘူး... သူ့သွေးမှာ ထူးဆန်းတဲ့ သင်္ကေတအမှတ်အသားတွေ ခပ်နှိပ်ခံထားရတယ်... အသေးငယ်ဆုံး သွေးမော်လီကျူးမှာတောင် အသေးစိတ်အမှတ်အသားတွေ ရှိနေတယ်... မီးအမှတ်အသားလိုလို၊ သန့်စင်ယန်အမှတ်အသားလိုလိုပဲ”
ပထမလူသားဧကရာဇ်က ပြောသည်။ “ငါ့မူလဝိညာဉ်က အားနည်းနေတော့ ကောင်းကင်မျက်လုံးတွေ မထုတ်လွှတ်နိုင်သေးဘူး.... အမှတ်အသားပုံစံကို ရှင်းပြကြည့်”
ချင်မူက သွေးလုံးကြီးကို ဖြိုခွဲလိုက်၍ သွေးစက်တစ်စက် ပြန်ဖြစ်သွားသည်။ သူ ဓားကို တောက်ချလိုက်သည့်အခါ သွေးစက်က ကြမ်းပြင်ပေါ် ပြန်ကျသွား၏။
ချင်မူ ချီစွမ်းအင်ကို စုတ်တံလို အသုံးပြုရင်း မြင်ခဲ့ရသော အမှတ်အသားကို ပုံဖော်လိုက်သည်။ အမှတ်အသားမှာ ရှုပ်ထွေးပြီး ထူးဆန်း၏။ မီးဓာတ်သတ္တိရှိ နတ်သားရဲမျိုးစုံ၏ အမှတ်အသားများ ပါရှိနေသည့်အလား ထင်ရသည်။
သို့သော် အမှတ်အသားများက ခပ်ဆင်ဆင် ဆင်တူနေ၍ မီးအမှတ်အသားလား၊ သန့်စင်ယန်အမှတ်အသားလား ချင်မူ မမြင်နိုင်ပေ။
“ဒါ ချုံဧကရာဇ်ခေတ်ရဲ့ အမှတ်အသားပဲ... ခိုင်ဧကရာဇ်ခေတ်ရဲ့ မီးအမှတ်အသား၊ သန့်စင်ယန်အမှတ်အသားတွေနဲ့ ကွဲတယ်”
ပထမလူသားဧကရာဇ်က အသေးစိတ်ရှင်းပြကာ ပြောသည်။ “ကောင်းကင်ဆရာသခင်က ဒီနယ်ပယ်မှာ နှံ့စပ်ပေမယ့် ငါ သူ့ဆီက သိပ်မသင်ခဲ့ရဘူး... ဒါပေမဲ့ ဒီမဟာနေဧကရာဇ်က နတ်ဘုရားအဆင့်အထိ ကျင့်ထားတဲ့ လူသားတစ်ယောက်ဆိုတာတော့ မှန်တယ်... သူက တကယ့် မဟာနေဧကရာဇ်မဟုတ်ဘူး”
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ချင်မူ တစ်ယောက်တည်း ရေရွတ်နေမိ၏။ “အဲဒါဆို ဘာလို့ ချုံဧကရာဇ်ခေတ်ရဲ့ နတ်ဘုရားတစ်ပါးက မဟာနေဧကရာဇ် ဖြစ်လာတာလဲ... တကယ့် မဟာနေဧကရာဇ်က ဘယ်ရောက်သွားလဲ.... ချိရှီပြောပုံအရဆို ချုံဧကရာဇ်ခေတ်က နှစ်သုံးသိန်းတည်တံ့ခဲ့တယ်တဲ့... ဘယ်ခေတ်မဆိုထက် အကြာကြီး တည်မြဲခဲ့တယ်... ဘာကြောင့် အဲဒီလောက် ကြာရှည်ခဲ့တာလဲ”
ပထမလူသားဧကရာဇ်မှာ အားနည်းနေသေးသည်။ သူက ရွှင်ပျော်ပျော်ဓားကို သူ့ဆီ ပြန်ပေးရင်း မောဟိုက်ပင်ပန်းစွာ အသက်ရှူနေ၏။ “ခိုင်ဧကရာဇ်ခေတ်အစပိုင်းတုန်းက ချုံဧကရာဇ်ခေတ်ရဲ့ မြို့ပျက်တွေ ရှိခဲ့တယ်... ဒါပေမဲ့ တော်တော်လေး ပျက်စီးနေလို့ ခိုင်ဧကရာဇ်တောင် ချုံဧကရာဇ်ခေတ်မှာ ဘာဖြစ်ခဲ့မှန်း မဖော်ထုတ်နိုင်ခဲ့ဘူး... ချုံဧကရာဇ်ခေတ်အကြောင်း သိချင်ရင် အတိတ်ကို ပြန်သွားရတယ်... အဲဒီခေတ်က မင်း ထင်ထားတာထက် အများကြီး ရှုပ်ထွေးလောက်တယ်”
ချင်မူ မှင်သက်သွားသည်။ ပန်ကုန်းစုန်နှင့် အချိန်နောက်ပြန်ရောက်သွားခဲ့သည့် အဖြစ်အပျက်ကို သူ သတိရလိုက်၏။ ပိုင်ချီအာကိုလည်း သတိရလိုက်မိပြီး သူ့ဘာသာ တွေးလိုက်မိသည်။ “အတိတ်ကို ပြန်သွားရတယ်တဲ့လား... ငါ တစ်ခါ ပြန်သွားခဲ့ဖူးတာပဲ...”
“ဒီရွှင်ပျော်ပျော်ဓားကို သေသေချာချာ ကာကွယ်ပါ... မပျောက်စေနဲ့”
ပထမလူသားဧကရာဇ်က ထပ်ပြောသည်။ “အသက်နဲ့လဲပြီး ကာကွယ်ရမယ်... ဒီဓားက သိပ်တန်ဖိုးကြီးတယ်”
ချင်မူက ရွှင်ပျော်ပျော်ဓားကို ပွတ်သပ်ရင်း ခေါင်းညိတ်လိုက်၏။ “ကာကွယ်မှာပါ... ကျွန်တော့်အဖေ ပေးခဲ့တာဆိုလို့ ဒါပဲ ရှိတယ်လေ... ဘယ်လိုပဲဖြစ်ဖြစ် မပျောက်ရဘူး... တစ်ခုတော့ ထူးဆန်းတယ်ဗျ... ပထမဘိုးဘေးကြီး၊ ကျွန်တော် ခင်ဗျားရဲ့ ကျောက်စိမ်းလင်းရောင်ဓားဆီက စွမ်းအားအနည်းငယ် ထုတ်လွှတ်နိုင်ပေမယ့် ဒီဓားရဲ့စွမ်းအားကိုတော့ ဘယ်လိုမှ အသက်သွင်းလို့မရဘူး... ဘာကြောင့်များပါလိမ့်”
ပထမလူသားဧကရာဇ်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ရပ်သွားသည်။ သူက အကြောင်းရင်းကို မပြောတော့ပေ။ “နောက်ကျ သိပါလိမ့်မယ်”