ရွှမ်ခုံးကမ္ဘာ
Vol. 48 Ch. 651
နောက်ငါးလ၊ ခြောက်လကြာသည်အထိ ချိရှီနှင့် ပန်ကုန်းစုန်က ပြဿနာမရှာပေ။ ချိရှီက ထွက်လာပြီး ပထမလူသားဧကရာဇ်ဆီ လာတွေ့၏။ ပထမလူသားဧကရာဇ်မှာ အလွန်အားနည်းနေသော်လည်း မရှောင်ပေ။ ပထမလူသားဧကရာဇ် ဟန်ဆောင်နေသည်လား၊ အမှန်တကယ် အားနည်းနေသည်လား မသိသောကြောင့် ချိရှီမှာ သူ့စိတ်သူ ထိန်းပြီး သင်္ဘောအား ရွှမ်ခုံးကမ္ဘာဆီသို့ မောင်းလိုက်သည်။
လေသင်္ဘောမှာ စုတ်ပြတ်သပ်နေသည်။ တောင်ပံခြောက်စုံလုံး ပျက်စီးနေ၍ အမြန်နှုန်း သိသိသာသာ လျော့ကျသွားခဲ့၏။ ချိရှီက မီးကျီးကန်းနတ်ဘုရားတို့၏ ကျီးတောင်ပံများကို မူလတောင်ပံများနေရာ၌ အစားထိုးလိုက်သော်လည်း အမြန်နှုန်းမှာတော့ မူလတောင်ပံများအောက် များစွာလျော့ကျနေသည်။
ဤလများအတွင်း ချင်မူသည် လင်ယွိရှို့နှင့် မူလဝိညာဉ်ကျင့်ကြံခြင်းအပြင် ပန်ကုန်းစုန်နှင့် တိုက်ခိုက်ပြီး ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် သိုင်းကွက်ကျင့်စဉ်ကို လေ့လာနေ၏။
ပန်ကုန်းစုန်က သန်မာအားကောင်းသော အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံထားသော်လည်း ချင်မူ၏လက်ဝါးတစ်ဖက်ဖြင့် ဒဏ်ရာအပြင်းအထန် ရခဲ့ဖူးရာ ချင်မူမှာ ချိမင်ခေတ်၏ ကောင်းကင်နတ်သိုင်းများအပေါ် အထင်သေးခဲ့မိသည်။ သို့သော် ချိရှိနှင့် မဟာနေဧကရာဇ်၏ တိုက်ပွဲကို မြင်တွေ့ပြီးနောက် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ကျင့်စဉ်အား စတင်စိတ်ဝင်စားခဲ့မိ၏။
ပန်ကုန်းစုန်မှာ ချင်မူ့ကို ရိုးတွင်းခြင်ဆီထဲမှ ကြောက်နေ၍ သိုင်းချင်းပြိုင်ရန် တမုဟုတ်ချင်း ငြင်းဆန်သည်။ သို့သော် ရိုက်ပုတ်ခံရပြီးနောက် ခေါင်းမညိတ်ချင် ညိတ်ချင်ဖြင့် ညိတ်လိုက်ရ၏။
နှစ်ယောက်သား လေ့ကျင့်နေသည့်အတောအတွင်း ပန်ကုန်းစုန်၏ အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်အပေါ် နားလည်မှုမှာ ပိုမိုတိုးတက်လာသည်။ သူ့ရင်ထဲ၌ မျှော်လင့်ချက်တစ်ခု ပေါက်ဖွားလာပြီး သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ငါ့ကျင့်စဉ်က မြန်မြန်တိုးတက်နေပြီဆိုတော့ အသေသတ်သိုင်းကွက်တစ်ကွက်နဲ့ အလစ်တိုက်လိုက်ရင် ခွေးသူတောင်းစားချင်ကို သေချာပေါက် သတ်နိုင်တယ်’
သူ ချင်မူ့ကို ရှင်းပစ်ရန် အသေသတ်သိုင်းကွက် ထုတ်လွှတ်ကြည့်သည့်အခါ အိပ်ရာထဲတွင် ဆယ်ရက်ကျော် လှဲလိုက်ရသည်။
ပန်ကုန်းစုန် ဒဏ်ရာများပျောက်သွားသည့်အခါ မည်သို့ပင်ဆွဲဆောင်စေကာမူ ချင်မူနှင့် မလေ့ကျင့်တော့ပေ။ ချင်မူမှာ သူ့ကို ဘယ်တော့မှ ပြင်းပြင်းထန်ထန် မရိုက်နှက်ပါဟု ကျိန်ပင် ကျိန်ပြသော်လည်း မရ။
ချင်မူ ကူကယ်ရာမဲ့နေသည်။ အဆုံးသတ်တွင် သူ့မှာ လင်ယွိရှို့ကို ပန်ကုန်းစုန်နှင့် ပြိုင်ခိုင်းပြီး ဘေးမှ စောင့်ကြည့်ရတော့သည်။
လင်ယွိရှို့က ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်၊ ရှေးဟောင်းနဂါးကျင့်စဉ်ကို ကျင့်ကြံထားသူဖြစ်၏။ နဂါးတစ်ကောင်မဟုတ်သော်လည်း ငယ်စဉ်ကတည်းက နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ကျင့်ထားသူဖြစ်၍ တိုးတက်မှုက နတ်ဘုရားသဖွယ် မြန်သည်။
ထို့အပြင် ပါမောက္ခပါ့ရှန်က သိုင်းကွက်မှော်လမ်းစဉ်ဖြင့် လမ်းညွှန်ပေးခဲ့၍ လင်ယွိရှို့မှာ နဂါးတစ်ကောင်လို လျင်မြန်စွာ တိုးတက်စပြုလာခဲ့သည်။
သူမ၏အစွမ်းအစများသည် ပန်ကုန်းစုန်နှင့် ယှဉ်နိုင်သည့်အပြင် ခွန်အားနှင့် ကောင်းကင်နတ်သိုင်းအရာတွင်လည်း သူ့ထက် သာသည်။ သို့သော် သူမရုပ်ခန္ဓာအသွင်မှာ အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်၏ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် မယှဉ်နိုင်သေးပေ။
ထိုနေ့တွင် ပန်ကုန်းစုန် ရုတ်တရက် အဆင့်တက်သွားသည်။ သူ သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖွင့်နိုင်သည့်အခါ လင်ယွိရှို့မှာ သူ့ကို မယှဉ်နိုင်တော့၍ ရှုံးသွား၏။
ပန်ကုန်းစုန်မှာ ကျေနပ်သွားပြီး ချင်မူ့ဆီသို့ တစ်ချက်ကြည့်သည်။ သူ့ရင်ဘတ်ထဲတွင် ယုံကြည်ချက်တို့ ပြင်းထန်လာသည်။ ‘ငါ သေခြင်းရှင်ခြင်းကောင်းကင်ရတနာအဆင့် ရောက်သွားပြီ... သူက ခုနစ်စဉ်ကြယ်အဆင့်ပဲဆိုတော့ အလွယ်လေး သတ်ပစ်နိုင်တယ်... သူ့အလောင်းကို ငါ ယူမယ်... ငါ့ရှေ့မှာ သူ့ကို ဒူးထောက်ခိုင်းမယ်... ဒါပေမဲ့ ပထမလူသားဧကရာဇ်က သူ့ကို ကာကွယ်နေတော့ လွယ်ကူမှာမဟုတ်ဘူး...’
ဤအခိုက်အတန့်မှာပင် ချိရှီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ရွှမ်ခုံးကမ္ဘာဆီ ရောက်တော့မယ်”
ချင်မူနှင့် လင်ယွိရှို့ သင်္ဘောဦးရှိ တောအုပ်ဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။ မည်သည်ကိုမျှ မမြင်ရပေ။ ပထမလူသားဧကရာဇ်လည်း အဝေးသို့ လှမ်းကြည့်သော်လည်း အမှောင်ထုကိုသာ တွေ့ရသည်။
ဤရက်များအတွင်း ချင်မူက ဒဏ်ရာများကို ကုသပေးခဲ့၍ ပထမလူသားဧကရာဇ် လန်းလန်းဆန်းဆန်း ဖြစ်နေသည်။ သို့သော် ကောင်းကင်ဘုံကို မှောက်ခုံလှန်သည့် လက်ကွက်သုံးကွက်မှ အင်အားစားသုံးမှုက ပြင်းထန်လွန်း၏။ သူ၏အသားအရေမှာ လူမမာပမာ အနည်းငယ် ဖြူလျော့နေသေးသည်။
ချင်မူ ဝေ့ဝဲကြည့်လိုက်သော်လည်း ပတ်ဝန်းကျင်မှာ မှောင်မိုက်နေသေး၏။ မည်သည့်အရာကိုမှ မမြင်ရ၍ သူ ဇဝေဇဝါ ဖြစ်နေသည်။ တွေးကြည့်နေစဉ် လေသင်္ဘော ပါးလျသထက် ပါးလျလာကြောင်း သတိထားမိလိုက်သည်။
သင်္ဘောမှာ ပါးရုံသာမက ရှည်လည်း ရှည်လာသည်။ ယခုတွင် သင်္ဘောသည် မိုင်တစ်ထောင် ရှည်လျားသော ဆံချည်မျှင်တစ်ချောင်းသဖွယ် ဖြစ်နေ၏။
သင်္ဘောဦး၏ အမြန်နှုန်းက မြန်သထက် မြန်လာသည်။ အခြားတစ်ဖက်၌ သင်္ဘောအမြီး၌ အမြန်နှုန်းက မြင့်တက်မလာပေ။ ဤအခိုက်အတန့်တွင် အာကာသတွင်းနက်ကြီးတစ်တွင်းထဲသို့ စုပ်ယူခံလိုက်ရကြောင်း ချင်မူ သဘောပေါက်လိုက်သည်။
တွင်းနက်ကြီးမှာ အမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေ၍ လုံးဝမမြင်ရပေ။
ရွှစ်
လေသင်္ဘောက ခရီးသည်များနှင့်အတူ တွင်းနက်ကြီးထဲသို့ စုပ်ယူခံလိုက်ရသည်။ အမှောင်အာကာသမှာ ဂျယ်လီလို နှစ်ကြိမ်တုန်ခါပြီးနောက် ပြန်လည်ငြိမ်သက်သွား၏။ ထိုအချိန်တွင် သင်္ဘောကို လွှမ်းခြုံနေသည့် သစ်ပင်များ ပျောက်ကွယ်သွားတော့သည်။
သူတို့အရှေ့တွင် ခံ့ညားကြီးကျယ်သော ရောင်စုံမြင်ကွင်းတစ်ခု တမုဟုတ်ချင်း တောက်ပလာသည်။ အရောင်အသွေးမျိုးစုံက သူတို့ဘေးမှ ဖြတ်သွားပြီး ရောင်စုံချောက်နက်ထဲ၌ ရွက်လွှင့်နေသည့်အလား ခံစားရသည်။ ချိရှီမှာ သင်္ဘောကို စိုးရိမ်တကြီး ထိန်းချုပ်နေပြီး မပေါ့ဆရဲပေ။
“ဒီနေရာက ဘာလဲ”
ချင်မူ စိတ်ရှုပ်ထွေးသွားသည်။ သူတို့ပတ်ဝန်းကျင်ရှိ အလင်းရောင်များမှ အန္တရာယ်အငွေ့အသက်ကို ခံစားရ၏။ ထိလိုက်လျှင် သေဆုံးသွားပြီး ဝိညာဉ်ပြိုကွဲသွားမည့်အလား ထင်ရသည်။
“ဒါက ပထမချိဧကရာဇ် ရှာတွေ့ခဲ့တဲ့ နေရာပဲ... ချိဧကရာဇ်က ဒီနေရာကို ဝင်သွားပြီးတော့ နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိ ပြန်ပေါ်မလာခဲ့ဘူး... ဒီနေရာကို သွားရှာခဲ့တဲ့ နတ်ဘုရားအားလုံးလည်း အသက်ပြန်ရှင်မလာကြဘူး... ဒီတော့ ချိမင်ခေတ်တစ်ခေတ်လုံး ကမောက်ကမဖြစ်ကုန်တယ်... သိုင်းသမားတွေက ထီးနန်းကို မျက်စိကျလာကြပြီး ဧကရာဇ်ပလ္လင်ကို လိုချင်လာတဲ့ နတ်ဘုရားတချို့လည်း ပေါ်လာကြတယ်... သူတို့က နိုင်ငံတစ်နိုင်ငံကို တည်ထောင်ပြီး နယ်မြေအများကြီး ထိန်းချုပ်ခဲ့ကြတယ်... တစ်ကမ္ဘာလုံး ဖရိုဖရဲပဲ”
ချိမင်က ပြောသည်။ “အဆုံးသတ်မှာ... ချိဧကရာဇ်ရဲ့ မျိုးဆက်ထဲက အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်က မင်းဆက်အတုကို ဖြုတ်ချပြီး ချိမင်နတ်ဘုရားနိုင်ငံတော်ကို ပြန်တည်ဆောက်ခဲ့တယ်... နောက်ဆုံးတော့ မင်ဧကရာဇ်အဖြစ် အရိုက်အရာဆက်ခံခဲ့တယ်... ချိမင်းဆက် အုပ်ချုပ်ခဲ့တဲ့ကာလကို အနောက်ဧကရာဇ်ခေတ်လို့ ခေါ်ပြီး မင်မင်းဆက် အုပ်ချုပ်ခဲ့တဲ့ကာလကိုတော့ အရှေ့ဧကရာဇ်ခေတ်လို့ ခေါ်တယ်... အရှေ့နဲ့ အနောက် နှစ်ခုလုံးပေါင်းရင် ချိမင်ခေတ်ပေါ့... မင်ဧကရာဇ်က သူ့ဘိုးဘေးကြီးကို အခမ်းအနားအကြီးအကျယ် ကျင်းပပြီး ဂါဝရပြုခဲ့အချိန်မှာ စကြဝဠာထဲမှာ လွင့်မျောနေတဲ့ သူ့ဘိုးဘေးကြီး ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို လက်ခံရခဲ့တယ်... ရလဒ်အနေနဲ့ ဒီနေရာကို ဦးတည်နေတဲ့ လမ်းကို ရှာတွေ့ခဲ့တာပဲ... မင်ဧကရာဇ်တစ်ယောက်ပဲ ဒီလမ်းကို သိခဲ့တာ... သူက စစ်ပွဲမှာ သေဆုံးသွားတော့ ဒီလမ်းကို ချိမင်နတ်ဘုရားသားတော်လက်ထဲ ပေးခဲ့တယ်... နတ်ဘုရားသားတော်က ငါတို့ချိမင်ခေတ်ရဲ့ အသက်ရှင်ကျန်ခဲ့တဲ့လူတွေကို ဦးဆောင်ပြီး ဒီနေရာမှာ လာပုန်းခဲ့ကြတာပဲ.... အခုအထိဆို နှစ် ၃၅၀၀၀၀ ရှိခဲ့ပြီ”
ချင်မူ၊ လင်ယွိရှို့နှင့် ကျန်ရှိသူများက ဂရုတစိုက် နားထောင်နေသည်။ အရှေ့ချိမင် အနောက်ချိမင်ကို အစားထိုးလိုက်သည့် ကာလအတောအတွင်း ကမ္ဘာပေါ်ရှိ သူရဲကောင်းအားလုံး အင်အားချင်း ယှဉ်ပြိုင်နေကြပြီး ထိုခေတ်၌ လင်းထိန်တောက်ပသော ကြယ်တာရာများ ပြည့်နှက်နေခဲ့လိမ့်မည်။
“အဲဒီခေတ်မှာ မမွေးခဲ့တာ နှမြောစရာပဲ... အဲဒီအချိန်တုန်းက သူရဲကောင်းတွေကို ဆုံတွေ့ချင်လိုက်တာ” ချင်မူ သက်ပြင်းချလိုက်မိသည်။
ချိရှီ၏မျက်လုံးခြောက်လုံးက သူ့ကို တစ်ချက်ကြည့်ပြီး သရော်တော်တော် ပြောလိုက်သည်။ “မင်းအတွက် အဲဒီခေတ်မှာ မွေးဖွားလာလည်း အလကားပဲ... မင်ဧကရာဇ်က ကံတရားရဲ့သားတော်ပဲ... ကံတရားရဲ့သားတော်က မင်းကို နင်းခြေပစ်လိမ့်မယ်”
“ကံတရားရဲ့သားတော် ဟုတ်လား... လူတစ်ယောက်က ကံတရားနဲ့ သက်ဆိုင်လား”
ချင်မူ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။ “ချိမင်နတ်ဘုရားသားတော်က ကံတရားနဲ့ သက်ဆိုင်တဲ့ လူတစ်ယောက်လား”
ချိရှီ ပြန်မဖြေပေ။ သူတို့က အလင်းချောက်နက်၏ အဆုံးသို့ ရောက်သွားကြသည်။ သူတို့အရှေ့၌ မြေပြင်ကျယ်ကြီးတစ်ခု ပေါ်လာပြီး အရောင်စုံအလင်းများ လွင့်မျောနေသည်။ ကောင်းကင်ထက်တွင် နေ၊ လနှင့် ကြယ်များ ပြန့်ကြဲနေ၏။
ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ မြေပြင်တစ်ခုလုံး အလင်းရောင်များ လွှမ်းခြုံနေသည်။ အပြင်လောကကို မမြင်ရပေ။ ဂြိုဟ်များကိုလည်း မတွေ့ရ။
ဤနေရာသည် အပြင်လောကနှင့် အဆက်ပြတ်နေ၏။ ရွှမ်ခုံးကမ္ဘာ၊ လွင့်မျောနေသော ကမ္ဘာဆိုသည့် နာမည်နှင့် အမှန်တကယ် လိုက်ဖက်ပေသည်။
သင်္ဘောက ဤမြေပြင်၏ အလယ်သို့ ရွက်လွှင့်နေသည်။ ပထမလူသားဧကရာဇ်က အားနည်းစွာ ပြောသည်။ “မူအာ နေကို ကြည့်”
ချင်မူ ရင်ထဲ၌ ပြင်းပြင်းထန်ထန် လှုပ်ခတ်နေ၏။ ‘သူက ငါ့ကို မူအာလို့ ခေါ်တယ်.. ငါနဲ့ ရင်းနှီးချင်နေတာလား.. ဟမ့်၊ ကျွန်တော် ခင်ဗျားကို ခွင့်မလွှတ်နိုင်သေးဘူး...’ ထိုသို့တွေးနေသော်လည်း ပထမလူသားဧကရာဇ်ကို သူ မမုန်းနိုင်သေးပေ။
သူက ရွှမ်ခုံးကမ္ဘာထဲရှိ နေလုံးကြီးကို မော့ကြည့်ပြီး မြင်လိုက်သည့်အခါ အနည်းငယ် မှင်သက်သွားသည်။ နေက သုံးစင်းရှိနေပြီး အလွန်ကြီးမား၏။ သို့သော် ၎င်းတို့ဆီမှ အလင်းရောင်က အတော်လေး ထူးဆန်းချေသည်။ ကောင်းကင်အလင်းတန်းများသဖွယ် ထင်ရသည်။ နေများအတွင်း၌လည်း သင်္ကေတအမှတ်အသားအထပ်ထပ် ဖွဲ့တည်နေရာ မျက်လုံးတစ်လုံး၏ သူငယ်အိမ်နှင့် လွန်စွာတူလေသည်။
“ဝင်္ကပါတည်ဆောက်ပုံလား”
ချင်မူ တအံ့တဩ အော်လိုက်မိသည်။ “ဒီနေတွေက လူလုပ်နေတွေလား”
ပထမလူသားဧကရာဇ် ခေါင်းယမ်းလိုက်၏။ “မျက်လုံးတွေ”
ချင်မူ အံ့အားသင့်သွားပြီး အော်လိုက်မိသည်။ “ချိဧကရာဇ်ရဲ့ မျက်လုံးတွေလား... ချိဧကရာဇ် ဒီမှာ သေသွားပြီးတော့ သူ့မျက်လုံးတွေက အဲဒီနေတွေ ဖြစ်လာတာလား”
“လတွေရောပဲ”
ပထမလူသားဧကရာဇ်က လက်ကို မနည်းမြှောက်၍ ကောင်းကင်ထက်ရှိ လကြီးသုံးလုံးဆီသို့ လက်ညှိုးထိုးလိုက်သည်။ “လတွေကလည်း သူ့မျက်လုံးတွေပဲ... ပြန့်ကြဲနေတဲ့ ကြယ်တွေက ချိဧကရာဇ်ရဲ့ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာတွေ... ချိဧကရာဇ် ဒီမှာ သေသွားတာ ဖြစ်လောက်တယ်... ဒီခန္ဓာကိုယ်က ဒီမြေထုကြီးပေါ် ကျသွားပြီး မြေကြီးဖြစ်လာတယ်... သူ့သွေးတွေက မြစ်ဖြစ်လာတယ်... ချီပင်လယ်က ပင်လယ်ဖြစ်လာတယ်”
ချင်မူမှာ တအံ့တဩ ရေရွတ်လိုက်၏။ “ချိဧကရာဇ်က သူ့ရုပ်ခန္ဓာနဲ့ ဒီရွှမ်ခုံးကို ဖန်ဆင်းပြီး သူ့မျိုးဆက်တွေ အခြေချနိုင်အောင် နေရာတစ်နေရာ လုပ်ပေးခဲ့တာလား... ချိဧကရာဇ်က အမှန်တကယ် လေးစားစရာကောင်းပါပေတယ်...”
မကြာမီ ခေါင်းသုံးခေါင်း၊ လက်ခြောက်ဖက် နတ်ဘုရားစစ်သူကြီးတစ်ပါးက သူ့ကို လာရောက်စစ်ဆေးသည်။ ချိရှီကို မြင်လျှင် အလျင်အမြန် နှုတ်ဆက်၏။ “ဆရာ ရွှမ်ခုံးကမ္ဘာကနေ ထွက်သွားပြီးတဲ့နောက် ပြန်ရောက်မလာတာ နှစ်ပေါင်းထောင်နဲ့ချီကြာပါပြီ... နတ်ဘုရားသားတော် စိတ်မကောင်းဖြစ်နေပါတယ်... အခု ပြန်ရောက်လာပြီဆိုတော့ နတ်ဘုရားသားတော်က သေချာပေါက် ကျေနပ်ပြီး ဝမ်းသာသွားမှာပါ”
ချိရှီ စိတ်လှုပ်ရှားနေသည်။ “ဒီတစ်ခေါက် ခရီးက အန္တရာယ်အပြည့်ပဲ... နောက်ဆုံးတော့ အသက်ရှင်လျက် ပြန်လာနိုင်ပါပြီ... ဒါပေမဲ့ ငါ့နောက် လိုက်ခဲ့တဲ့ မျိုးနွယ်ဝင်တွေ ကံဆိုးခဲ့ရတယ်... နတ်ဘုရားသားတော်ဆီက အပြစ်ခံယူဖို့ အသင့်ပါပဲ”
ချင်မူ တွေဝေသွား၏။ ဤသည်မှာ ချိရှိ လုပ်လေ့လုပ်ထရှိသော အပြူအမူမဟုတ်ပေ။ ဤခေတ်၏ အာဏာပါးကွပ်သားသည် အခြားသူများကို အေးစက်စက် ကြည့်တတ်သည်။ သို့သော် နတ်ဘုရားသားတော်နှင့်ပတ်သက်သည့်အခါ သူ၏လေးစားရိုသေမှုသည် နှလုံးသားထဲမှ လာ၏။
‘ချိမင်နတ်ဘုရားသားတော်က ချိဧကရာဇ်နဲ့ မင်ဧကရာဇ်တို့လိုပဲ ပြည်သူပြည်သားတွေ သူ့နောက် လိုက်လိုစိတ်ရှိအောင် လုပ်နိုင်တဲ့ လူတစ်လောက်လား’ သူက တစ်ယောက်တည်း တွေးပြီး ချိမင်နတ်ဘုရားသားတော်ကို ဆုံတွေ့ရန် မျှော်လင့်နေမိသည်။
သင်္ဘောက နတ်ဘုရားမြို့တစ်မြို့ဆီ ဆင်းသက်လိုက်ပြီး ချိရှီက အလျင်အမြန် ဆင်းလိုက်သည်။ သူ နန်းစိုက်မြို့တော်သို့ ဦးတည်၍ ချိမင်နတ်ဘုရားဆီ အစီအရင်ခံရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခု သတိရလိုက်၏။ သူက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ဘုရားစစ်သူကြီးဘက် လှည့်ကာ ပြောလိုက်သည်။ “ဒီလူတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာက သံတမန်တွေပဲ... နတ်ဘုရားသားတော်နဲ့ တွေ့ပြီး မဟာမိတ်ဖွဲ့ဖို့ လာကြတာ.... သူတို့အတွက် အရင်ဆုံးနေရာထိုင်ခင်း စီစဉ်ပေးလိုက်ပြီး နားခိုင်းလိုက်ဦး... နောက်မှ နတ်ဘုရားသားတော်နဲ့ တွေ့ပေးမယ်... ဒါက ငါ့တပည့် ပန်ကုန်းစုန်၊ သူ ငါ့နန်းတော်မှာ နေလိမ့်မယ်”
နတ်ဘုရားစစ်သူကြီးက နာခံကာ ပြော၏။ “သံတမန်တို့ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ”
ချင်မူ၊ လင်ယွိရှို့၊ ပထမလူသားဧကရာဇ်နှင့် ပန်ကုန်းစုန်တို့က နတ်ဘုရားစစ်သူကြီးနှင့်အတူ နတ်ဘုရားမြို့သို့ လိုက်သွားသည်။ သူတို့မှာ ပတ်ဝန်းကျင်ကို ကြည့်ရင်း တအံ့တဩ စုပ်သပ်မိကြ၏။ ဤနေရာရှိ လူအားလုံးတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိနေကြသည်။ တချို့တွင် မျက်ခုံးနှစ်ဖက်ကြား၌ ဒေါင်လိုက်မျက်လုံးများဖြင့် မျက်လုံးကိုးလုံး ပိုင်ဆိုင်ထားကြ၏။ သူတို့၏ကျင့်စဉ်များက မတူညီသောကြောင့် ဖြစ်သည်။
ဆန်းကြယ်သားရဲများလည်း ရှိကြသည်။ ဤသားရဲများတွင်လည်း ခေါင်းသုံးလုံး၊ ခြေရှစ်ဖက် ရှိကြ၏။ အဆင့်အတန်းမြင့်မားသည့် ကောင်းကင်နတ်သိုင်းတို့က ဤဆန်းကြယ်သားရဲများကို စီးနင်းရင်း လမ်းများတွင် လျှောက်သွားနေကြသည်။
“ဆန်းကြယ်သားရဲတွေရဲ့ ကျင့်စဉ်တွေကတောင် မှော်ဆရာကြီးရဲ့ အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်နဲ့ ဆင်နေတယ်”
လင်ယွိရှို့က အမိုးပေါ်တွင် လှဲနေသော ကျားသစ်တစ်ကောင်ကို ကြည့်သည်။ ကျားသစ်၏ခန္ဓာကိုယ်သည် ကျားတစ်ကောင်နှင့် အရွယ်အစား တူညီပြီး ခေါင်းသုံးခေါင်းလည်း ပေါက်နေ၏။ သူမမှာ တအံ့တဩ အော်လိုက်မိသည်။ “ချိမင်ခေတ် သတ္တဝါတွေက ခေါင်းသုံးခေါင်း၊ လက်ခြောက်ဖက်အပေါ် အခြေခံပြီး ဖွဲ့စည်းထားတဲ့ပုံပဲ... တကယ် အံ့ဩစရာကောင်းတယ်”
သူတို့က နန်းစိုက်မြို့တော်၏ အလယ်သို့ ရောက်လာသည့်အခါ မြို့အတွင်း၌ မြို့တစ်မြို့ ရှိနေကြောင်း သတိထားမိလိုက်သည်။ မြို့တံတိုင်းများမှာ ခရမ်းရောင်ရွှေများဖြင့် တည်ဆောက်ထားသည့်အပြင် နန်းဆောင်များ၊ ခန်းမများလည်း ရှိနေ၏။ အားလုံးက ခမ်းနားတင့်တယ်လေသည်။ ဤမြို့အပြင်မှာတော့ နတ်ဘုရားများ နေထိုင်သော နေရာဖြစ်လိမ့်မည်။ နန်းတော်များလည်း အထပ်ထပ် ရှိနေ၏။
နတ်ဘုရားစစ်သူကြီးက သူတို့ကို နန်းဆောင်ခန်းမတစ်ခုအရှေ့ရှိ ပန်းခြံဆီ ခေါ်သွားပြီး ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သံတမန်တို့၊ ဒီနေရာမှာ အချိန်တစ်ခုအထိ တည်းလို့ရပါတယ်... နတ်ဘုရားသားတော်က မကြာခင် ဆင့်ခေါ်ပါလိမ့်မယ်”
နတ်ဘုရားစစ်သူကြီး ထွက်သွားသည်နှင့် ချင်မူ ပတ်ဝန်းကျင်ကို စပ်စုလိုက်သည်။ ဘေးနန်းဆောင်တံခါးဝမှ ရွတ်ဖတ်နေသော အသံများ ကြားလိုက်ရ၍ တစ်ချက် လှမ်းကြည့်၏။ နန်းဆောင်၏အတွင်းက ခမ်းနားပြီး တော်ဝင်မျိုးနွယ်များအတွက် သီးသန့်ကျောင်းတစ်ကျောင်း ဖြစ်ဟန်တူသည်။ နန်းဆောင်ထဲ၌ ထိုင်၍ ဆရာနှင့်အတူ လိုက်ရွတ်နေသော ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ကလေးများ ရှိကြသည်။
သူတို့တွင် ပါးစပ်သုံးပေါက် ရှိ၍ သူတို့အသံများက ချင်မူ့နားထဲသို့ ကျယ်လောင်စွာ ဝင်ရောက်လာကြသည်။ “နဂါးဟန်၏ ကောင်းကင်ဘုံသုံးဘုံ၊ ချိမင်က နှစ်ခြမ်းကွဲ၊ မြောက်ချုံဧကရာဇ်နှင့် တောင်ချုံဧကရာဇ် တည်ထောင်သည်၊ တစ်မျိုးဆက်တည်း ခိုင်ဧကရာဇ်”