အပေးအယူ
Vol. 3 Ch. 41
ဝူတိုင်းပြည်၏ မဟာဂိုဏ်းကြီး ငါးဂိုဏ်းကို အင်အားအလိုက် စီစဥ်ရလျှင်...
(၁) ကောင်းကင်ဓားဂိုဏ်း
(၂) ရေပဲ့တင်သံဂိုဏ်း
(၃) နေသွေးနီနီဂိုဏ်း
(၄) ကမ္ဘာတိုက်တန်ဂိုဏ်းနှင့်
(၅) ကျောက်စိမ်းကြာပန်းဂိုဏ်း
ဟူ၍ ဖြစ်သည်။
“ကျောက်စိမ်းကြာပန်းဂိုဏ်းက အတော် သတ္တိရှိနေတာပဲ... ကမ္ဘာတိုက်တန်ဂိုဏ်းရဲ့ ဂါယာပြည်နယ်ကို ဝင်ပြီး သူတို့ရဲ့ ထိပ်တန်းမြို့တစ်မြို့ကိုတောင် ကျူးကျော်ရဲတယ်ပေါ့... လေးစားပါတယ်”
ဝေ့ဝူယင်က ပြုံးလိုက်၏။
မိန်းမငယ်လေးမှာ အနည်းငယ် မျက်နှာပျက်သွားသည်။ သူမသည် ကျောက်စိမ်းကြာပန်းဂိုဏ်း၏ အမည်က ဝေ့ဝူယင်ကို ထိတ်လန့်သွားစေရန် မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း ယခု ထိုငွေရောင် မျက်လုံးပိုင်ရှင် လူငယ်၏ အမူအရာက တည်ငြိမ်လွန်းနေသည်။
“ရှင်... ရှင်က ဘယ်သူလဲ”
မိန်းမငယ်လေးက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။
“နေသွေးနီနီဂိုဏ်းက ဝေ့ဝူယင်...”
သူက အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။ သို့သော်လည်း ထိုစကားလုံးများမှာ လူငယ် သုံးယောက်၏ နားထဲတွင် ဗုံးများအလား ပေါက်ကွဲသွား၏။
“ဒီမှာပါ...”
ချက်ချင်းပင် အကြီးအကဲကျိုး အမည်ရသည့် မိန်းကလေးက သူမ၏ ဟင်းလင်းပြင် လက်စွပ်ကို ဝေ့ဝူယင်ဆီ ကမ်းပေးလိုက်၏။ ဝေ့ဝူယင်၏ အဆင့်အတန်းကို သိရပြီးနောက် သူမတို့တွင် ပိုင်ဆိုင်သမျှကို စွန့်လွှတ်ပစ်ရန် အခွင့်အရေး တစ်ခုသာ ရှိပေသည်။
“ကျွန်မတို့ သုံးယောက်ကို အသက်ချမ်းသာပေးပါရှင်...”
ဝေ့ဝူယင်က ပြုံးလိုက်၏။
“ကောင်းပြီလေ...”
သူက မီးချီများကို ပြန်လည် ရုတ်သိမ်းကာ လက်စွပ်ကို လက်ခံလိုက်သည်။ တစ်ချက် စစ်ဆေးပြီးနောက် သူ၏ မျက်လုံးများမှာ အနည်းငယ် တောက်ပသွား၏။
“ငါ့မှာ ကျောက်စိမ်းကြာပန်းဂိုဏ်း အပေါ် အကြွေးတစ်ချို့ တင်နေတယ်... အဲဒီ အကြွေးကို ပြန်ပေးပြီးပြီလို့ သဘောထားလိုက်မယ်”
သူ့အား ငွေရောင် ဆေဘာဓား ပေးအပ်ခဲ့သည့် ပန်းပဲဆရာ လူအိုကြီးကို ဝေ့ဝူယင် အမှတ်ရနေသေးသည်။ ထိုလူအိုကြီးသည် ကျောက်စိမ်းကြာပန်းဂိုဏ်းတွင် နေခဲ့ဖူးကာ သူတို့၏ တပည့်ပင် ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်း ပါရမီက နိမ့်ကျလှရာ ပန်းပဲလမ်းစဥ်ကိုသာ အားစိုက် လျှောက်လှမ်းခဲ့သည်။ သူသည် ကျောက်စိမ်းကြာပန်းဂိုဏ်း အတွက် ဆယ်စုနှစ်များစွာ လက်နက်များ သွန်းလုပ်ပေးခဲ့ဖူးသည်။
ထိုလူအိုကြီးသည် သူ့ထံမှ မည်သည့် အကူအညီကိုမျှ ပြန်မတောင်းခဲ့သော်လည်း သူ၏ ဂိုဏ်းအပေါ် မည်မျှ ချစ်ကြောင်း ဝေ့ဝူယင် သိရှိပေသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် ထိုသုံးယောက်ကို အသက်ချမ်းသာပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဝှစ်...
ဝေ့ဝူယင်က လက်တစ်ဖက် ဝှေ့ယမ်းကာ မြေပြင်၌ ကျနေသော တပ်မှူး၏ လှံကို ဆွဲယူလိုက်၏။ ထို့နောက် သူက သေချာစွာ စစ်ဆေး ကြည့်ရှုလိုက်သည်။
“တကယ် အရည်အသွေးမြင့်တာပဲ... အတွင်းပိုင်းမှာ ချော်ရည်ပူချီ အပါအဝင် ယင်နဲ့ယန် စွမ်းအင်ကို ထည့်ပြီး တည်ဆောက်ထားတယ်... ငါ့ဆေဘာဓားနဲ့ ယှဥ်ရင် ကျောက်ခဲနဲ့ သံမဏိပဲ”
ဝေ့ဝူယင်က ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။ ထိုလှံသည် အဆင့်လေး ကျင့်ကြံသူများ မဆိုထားနှင့် အဆင့်ငါး ကျင့်ကြံသူများ အတွက်ပင် အသုံးဝင်ပေသည်။ သို့သော်လည်း သူ၏ ဆေဘာဓားမှာမူ နောက်တွင် ကျန်ခဲ့ပြီ ဖြစ်သည်။ သူ၏ ချီစွမ်းအင် သီးသန့်ကိုပင် ခုခံနိုင်စွမ်း မရှိတော့ချေ။ ထို့ကြောင့်ပင် ချီပျစ်ခဲခြင်း အဆင့်ငါးကို ရောက်ပြီးသည့် အချိန်မှ စ၍ ဝေ့ဝူယင် ထုတ်မသုံးတော့ခြင်း ဖြစ်သည်။
အနည်းငယ် ထပ်မံ ကြည့်ရှုစစ်ဆေးပြီးနောက် ဝေ့ဝူယင် ထိုလှံကို ဟင်းလင်းပြင် လက်စွပ်အတွင်း ထည့်သွင်း သိမ်းဆည်းလိုက်သည်။
ထို့နောက်… သူက လူငယ် နှစ်ယောက်၏ ဟင်းလင်းပြင် လက်စွပ်များကိုပါ တောင်းယူလိုက်၏။ လက်စွပ် သုံးကွင်းလုံးထဲ၌ ရှိသမျှ ဆေးပင်များ၊ ဆေးဝါးများနှင့် အခြား ပစ္စည်းများကို ထုတ်ယူပြီးနောက် သူက ၎င်းတို့ကို ပြန်ပေးလိုက်သည်။ လက်စွပ်များသည် ဂိုဏ်း၏ သီးသန့် သိုလှောင်ခန်းများနှင့် ချိတ်ဆက်နေရာ သူ့အတွက် အသုံးမဝင်လှချေ။
သူက နောက်သို့ လှည့်ကာ ထွက်ခွာရန် ပြင်လိုက်၏။
“နေ... နေပါဦးရှင်..”
အကြီးအကဲကျိုး အမည်ရသည့် မိန်းကလေးက အော်ဟစ်လိုက်သည်။
“ကျွန်မ နာမည်က ကျိုးနင်ပါ...”
ကျိုးနင်... ဝေ့ဝူယင်က သူမအား လှည့်ကြည့်ကာ ပြုံးပြလိုက်၏။
“ကောင်းပြီ...”
နောက်တစ်ကြိမ် ထွက်ခွာရန် ဟန်ပြင်လိုက်စဥ်တွင်ပင် သူ၏ ဝိညာဥ် အာရုံက စစ်သည် အချို့ ချဥ်းကပ်လာသည်ကို သတိပြုမိလိုက်၏။ သူ မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရသည်က ထိုစစ်သည်များမှာ တပ်မှူး ချန်ရစ်သည့် လမ်းကြောင်းအတိုင်း ဤနေရာအထိ ရောက်အောင် လိုက်လာခဲ့ပုံပင်။
ကျိုးနင်နှင့် အခြားနှစ်ယောက်မှာလည်း ဝေ့ဝူယင်၏ အမူအရာကို ကြည့်ကာ စစ်သည်များ ရောက်ရှိလာပြီ ဖြစ်ကြောင်း ခန့်မှန်းလိုက်နိုင်သည်။ လူငယ်၏ မျက်နှာက သွေးမရှိသကဲ့သို့ ဖြူရော်သွား၏။ ဝေ့ဝူယင်က သူတို့အား အသက်ချမ်းသာပေးလျှင်ပင် ထိုစစ်သည်များမှာ သူတို့ကို ကျိန်းသေ ဖမ်းမိတော့မည် ဖြစ်သည်။ ဒဏ်ရာ အကြီးအကျယ် ရနေရာ ထွက်ပြေးလွတ်မြောက်ရန်မှာလည်း မဖြစ်နိုင်တော့ချေ။ သူတို့၏ ကံကြမ္မာများကား ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ ဝေ့ဝူယင်၏ မျက်လုံးများမှာ ဖျပ်ခနဲ လင်းလက်သွား၏။
“ငါတော့ ထပ်ပြီး ချမ်းသာဦးမယ် ထင်တယ်...”
ချမ်းသာ ကြွယ်ဝမှု ဟူသော စကားလုံးကို အဓိပ္ပာယ် ဖွင့်ရလျှင် ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများမှာ အမှန်တကယ် ပိုက်ဆံအိတ်ကြီးများ ဖြစ်သည်။ ပထမ အဆင့် ကျင့်ကြံသူပင်လျှင် အနည်းဆုံး အမတေ ကျောက်တုံး တစ်ခုကို ပိုင်ဆိုင်သည်။ သို့သော်လည်း... သူတို့မှာ သာမန် ချီပျစ်ခဲခြင်း ကျင့်ကြံသူများ မဟုတ်ကြချေ။ လက်ရွေးစင် စစ်သည်များ ဖြစ်ကြသည်။ သူတို့ထံတွင် အမတေ ကျောက်တုံး နှစ်သုံး၊ သုံးတုံး အထိပင် ရှိနိုင်သည်။ ထို့အပြင် သူတို့၏ ချီသံချပ် ဝတ်စုံများ၊ ချီလက်နက်များမှာလည်း အဖိုးထိုက်တန်လှသည်။
ထိုအကြောင်းတွေးရင်း မေ့လုဆဲဆဲ ဖြစ်နေသည့် တပ်မှူး၏ သံချပ်ကာ ဝတ်စုံကို ဝေ့ဝူယင် သတိရလာသည်။ အကယ်၍ သူတို့၏ သံချပ်ကာ ဝတ်စုံများကိုသာ မြေအောက်စျေးတွင် ပြန်လည်ရောင်းပါက သူ့အနေဖြင့် အမတေ ကျောက်တုံး ဆယ်ချီ ရရှိနိုင်သည်။ ချီပျစ်ခဲခြင်း အဆင့်ခုနစ် “မြင့်မြင်သောချီ” အဆင့်ကို ရောက်ရှိရန် အမတေ ကျောက်တုံး မည်မျှ လိုအပ်မည်ကို သူ မသိသေးချေ။
ယခုတွင်မူ... ပိုက်ဆံအိတ်ကြီးများမှာ သူ၏ ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ချေပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
သို့သော်လည်း... ကျိုးနင်တို့မှာမူ ဝေ့ဝူယင်၏ အပြုံးကို ကြည့်ကာ သူတို့အား စွန့်ပစ်သွားတော့မည်ဟု ထင်လိုက်ကြသည်။ ယခုအချိန်၌ သူတို့အား ကယ်တင်နိုင်သူက ဝေ့ဝူယင် တစ်ယောက်သာ ရှိပေသည်။ အကယ်၍ သူသာ မကူညီပါက သူတို့၏ ဘဝမှာ စစ်သည်များ၏ လက်အတွင်း အဆုံးသတ် သွားရတော့မည် ဖြစ်သည်။
ကျိုးနင်က အံကို တင်းတင်းကြိတ်လိုက်၏။ တပ်မှူးထံမှ ပစ္စည်းများ ရှာဖွေယူခြင်းကို ကြည့်ပါက ဝေ့ဝူယင်မှာ တစ်ကိုယ်ကောင်း လောဘသမား တစ်ယောက် ဖြစ်ကြောင်း သိရှိပေသည်။ သူ့အား ကူညီစေလိုလျှင် လုံလောက်သည့် အကျိုးအမြတ် တစ်ခု ပေးမှ ရပေလိမ့်မည်။
စစ်သည်များအား သွားရောက် သတ်ဖြတ်ရန် ဝေ့ဝူယင် ခြေလှမ်းလိုက်စဥ်မှာပင် ကျိုးနင်က ခပ်ကျယ်ကျယ် အော်ပြောလိုက်၏။
“ရှင် ကျွန်မတို့ကို ကယ်ရင် အရေးကြီးတဲ့ လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်”
လျှို့ဝှက်ချက်...
ဝေ့ဝူယင်က သူမအား ကြည့်ကာ မေးလိုက်၏။
“ဘာလျှို့ဝှက်ချက်လဲ...”
“အဲဒါက မြို့တော်အရှင်ရဲ့ ရတနာ ဆိုတာနဲ့ ဆက်စပ်နေတယ်... နောက်ပြီး တပ်မှူး ကျွန်မနောက်ကို လိုက်နေတဲ့ အကြောင်းရင်းကလည်း ကျွန်မ အဲဒီ လျှို့ဝှက်ချက်ကို သိသွားလို့ပဲ”
သူမက ပြောလိုက်သည်။ တစ်ချိန်တည်း၌ စစ်သည်များမှာလည်း တဖြည်းဖြည်း နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။ သူတို့၏ ခြေသံများကို သာမန်နားများဖြင့်ပင် ကြားနေရ၏။
“သူတို့ ဟိုမှာဟေ့... တိုက်ကြ...”
ကျိုးနင်တို့အား အဝေးမှ တွေ့သည်နှင့်ပင် စစ်သည်များမှာ ရှေ့သို့ တစ်ဟုန်ထိုး ပြေးတက်လာကြ၏။
“ပြောကြည့်လေ... ထိုက်တန်တယ် ထင်ရင် ကယ်မယ်”
ဝေ့ဝူယင်က အေးဆေးစွာပင် မေးလိုက်သည်။
“ကျွန်မ...”
ကျိုးနင်က တဖြည်းဖြည်း နီးကပ်လာသည့် စစ်သားများကို တစ်ချက်ကြည့်ကာ လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်၏။ လျှို့ဝှက်ချက်မှာ အရေးကြီးသည် ဆိုသော်လည်း သူတို့၏ အသက်များမှာ ပိုမို တန်ဖိုးရှိပေသည်။
“မြို့တော်အရှင်က အင်ဖာနို နှလုံးအမတေ အပိုင်းအစ တစ်ခုကို ရထားတယ်... သူက အဲဒါကို သန့်စင်ပြီး အင်ဖာနို ချော်ရည်ပူချိကို မွေးဖွားဖို့ ကြိုးစားနေတာ...”
သူမက လျှင်လျှင်မြန်မြန်ပင် ပြောပြလိုက်၏။
“ဟုတ်လား...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ တဝင်းလက်လက် တောက်ပသွားလေ၏။ ကောင်းကင်တာအို သူ့အား နဂါးအရိုးပြာမြို့သို့ ခေါင်ဆောင်လာခြင်းမှာ မထူးဆန်းတော့ချေ။
ဝှစ်...
သူက လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်၏။ ဆေဘာဓား ပုံရိပ်များသည် သူ၏ သတ္တုချီမှ ဖွဲ့စည်းလာကာ စစ်သည်များထံ တိုးဝင်သွားသည်။ မည်သည့် အတားအဆီးမှ မရှိပါပဲ စစ်သည် အားလုံး၏ ခေါင်းများမှာ ပခုံးထက်မှ လွင့်စဥ် သွားကြ၏။ မကြာခင်မှာပင်... သူတို့ အားလုံးမှာ တအိအိ လဲပြို သွားကြလေတော့သည်။
“မင်းတို့ သုံးယောက် ဒီမှာနေပြီး သူတို့ရဲ့ သံချပ်ကာတွေ လက်နက်တွေနဲ့ ဟင်းလင်းပြင် လက်စွပ်တွေကို ချွတ်ထားလိုက်ကြ... ငါ ပြန်လာခဲ့မယ်”
စကားဆုံးသည်နှင့် ဝေ့ဝူယင်မှာ မိုးကြိုးခြေလှမ်း ဒြပ်စင်ချီ ကျင့်စဥ်ကို သုံးကာ ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။
ကျိုးနင်တို့ သုံးယောက်စလုံးမှာ ပြူးကြောင်ကြောင်ဖြင့် ကျန်ရစ်ခဲ့ကြ၏။ သူတို့၏ အတွေးများကိုမူ တူညီသော မေးခွန်းတစ်ခုက စိုးမိုးထားသည်။
“စစ်သည်တွေက ဒီလောက် လွယ်လွယ်နဲ့ သေသွားကြတာလား...”
...
နဂါးအရိုးပြာ မြို့တော်၊ မြို့တော်အရှင်၏ စံအိမ်ထဲ၌ ကျင့်ကြံခြင်း အတွက် အလွန် သင့်လျော်သော ချိတ်ပိတ်အခန်းတစ်ခု ရှိ၏။ ထိုနေရာ၌ အမျိုးမျိုးသော ဝိညာဥ် ဝင်္ကပါနှင့် ချီဝင်္ကပါများ ရှိကာ ယင်၊ ယန်၊ ချော်ရည်ပူ၊ မီးနှင့် မြေကြီး စွမ်းအင်များကို စုစည်းပေးနေ၏။ အခန်း၏ နံရံများမှာ အလွန် ခိုင်ခံ့လှကာ ချီပျစ်ခဲခြင်း အဆင့်ငါး ကျင့်ကြံသူ တစ်ယောက်ပင် ထွင်းဖောက် ဝင်ရောက်ရန် ခက်ခဲပေလိမ့်မည် ဖြစ်သည်။
ထိုအခန်းထဲ၌... နက်မှောင်သော ဆံပင်နှင့် ဖန်သား မျက်လုံးပိုင်ရှင် လူတစ်ဦး ရှိ၏။ သူ၏ မုတ်ဆိတ်များက ရှည်လျားနေကာ မျက်ခုံးမွေးများမှာ ထူထပ်လှသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ကြွက်သားများဖြင့် ကြံ့ခိုင်နေ၏။ သူကား ယေဘုယျအားဖြင့် အသက်လတ် အရွယ်ခန့် ရှိပေသည်။
သူ၏ အရှေ့တည့်တည့်တွင်မူ...
အင်ဖာနို ချော်ရည်ပူ အမတေ ရှိပေသည်။ ၎င်းသည် သွေးရောင်ရင့်ရင့် ကျောက်တုံး တစ်ခု ဖြစ်ကာ အပူဓာတ်များကို ထုတ်လွှတ်နေ၏။ ချော်ရည်ပူ စွမ်းအင်များမှာ ထိုအတွင်း၌ အဆုံးမရှိအောင် စီးဆင်းနေသည်။ ၎င်းသည် ဘောလုံးတစ်လုံး အရွယ်အစားခန့် ဖြစ်ကာ ပုံသဏ္ဌာန်အားဖြင့် ဖော်ပြရန် ခက်ခဲသည်။ ကျောက်တုံးကြီး တစ်ခုမှ ပဲ့ထွက်လာသည့် ကျောက်အပိုင်းအစ တစ်ခုနှင့် တူသည်ဟုသာ အကြမ်းဖျည်း ဆိုနိုင်ပေသည်။
အသက်လတ်လူသည် ချီနှလုံးသားကို သုံး၍ ကျောက်တုံးမှ ချော်ရည်ပူ အမတေများကို စုပ်ယူနေခဲ့ခြင်း ဖြစ်သည်။ ဖြည်းဖြည်းနှေးနှေးပင် သူသည် အမတေများကို သွေးကြောများမှ တစ်ဆင့် ထျန်းတျန် အတွင်း ပို့လွှတ်ရန် ကြိုးစားနေ၏။
အခန်း၏ အပြင်ဘက်တွင်မူ... ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော လူငယ်လေး တစ်ယောက်သည် စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေခဲ့၏။ မြို့တော်၏ ဘဏ္ဍာတိုက်သည် ဖောက်ထွင်းခံခဲ့ရကာ မည်သည့် အရာများ ပျောက်ဆုံးသွားသည်ကို သူ ယခုထိ မသိရသေးချေ။ သူ၏ သူ့အဖေ၏ ဒေါသကို ကောင်းစွာ သိသည်။ ထို့ကြောင့်ပင် ဖအေဖြစ်သူ ကျင့်ကြံရာမှ ထွက်ခွာလာသည်နှင့် အဆင်သင့် တောင်းပန်ရန် စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။
ဝှစ်...
အရိပ်တစ်ခုသည် ထောင့်တစ်နေရာမှ ထွက်ပေါ်လာ၏။ ဝေ့ဝူယင် ထိုနေရာသို့ ရောက်ရှိသည်မှာ အချိန် အတော်ကြာခဲ့ပြီ ဖြစ်သည်။ သူသည် အခန်းကို စေ့စေ့စပ်စပ် အကဲခတ်ခဲ့ပြီး ဖြစ်၏။ အခန်းအား ဝင်္ကပါ သုံးခုဖြင့် ကာကွယ်သွားသည်။ ထိုဝင်္ကပါကို သူ ချိုးဖျက်နိုင်သည့်တိုင် မြို့တော်အရှင် ချက်ချင်းပင် သတိထားမိသွားလိမ့်မည် ဖြစ်သည်။
သူ့အနေဖြင့် အခန်းအတွင်းသို့ တိတ်ဆိတ် အေးချမ်းစွာ ဝင်ရောက်ရန် ဝင်္ကပါသော့ကို လိုအပ်သည်။
***