← Chapters

အချိန်ဝယ်ယူခြင်း

Vol. 90 Ch. 1240

အချိန်ဝယ်ယူခြင်း

Vol. 90 Ch. 1240

သို့သော် အနက်ဝတ်ထိပ်ပြောင်လူကြီးက အစကနေအဆုံးထိ မတုန်လှုပ်မချောက်ခြားခဲ့ပေ။ သူပြောင်းလဲထားသည့်အနက်ရောင်နဂါးက ဖျက်ဆီးခံလိုက်ရသည်သို့မဟုတ်ထန်ရှု၏ဓားချက်ကြောင့် သူက လွင့်ထွက်သွားခဲ့တာတောင် သူ့အမူအရာက မပြောင်းမလဲပေ။

“မင်းက ငါ့ကို မသတ်ရဲပါဘူး”

သူက ပြန်ဆုတ်ရင်း ပြောလိုက်သည်။

ထန်ရှုက မျက်မှောင်ကြုတ်ကာ ရှေ့သို့ ခုတ်ပိုင်းချလိုက်သည်၊ သို့သော် သူက ဓားလမ်းကြောင်းအား အနည်းငယ်ပြောင်းလဲလိုက်၏။ လူကြီး၏ညာပခုံးအား ဖြတ်ရန် ရည်ရွယ်ထားသည့် ဓားအလင်းက လမ်းကြောင်းပြောင်းကာ သူ့ညာလက်ကိုသာ ထိခိုက်သွားစေခဲ့၏။

“ကျုပ်က ဘာလို့ မလုပ်ရဲရမှာလဲ”ထန်ရှုက ခြေလှမ်းရပ်ကာ ထိပ်ပြောင်လူကြီးအား စိုက်ကြည့်ရင်း အေးစက်စွာ မေးလိုက်သည်။

ထိပ်ပြောင်းလူကြီး၏မျက်ခုံးများက တင်းကြပ်သွားပြီး သူက ညာလက်အား ကမန်းကတန်း ဆုပ်ကိုင်ကာ ဖိနှိပ်လိုက်သည်။ အမည်းရောင်မီးခိုးတစ်ခုက သူ့လက်တွင် လိမ့်တက်လာပြီး သူက ညာလက်အောက်ပိုင်းအား ညင်သာစွာ ပွတ်သပ်လိုက်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းက ပြန်ဆက်သွားမှန်း သိသာ၏။

“ငါ မမှားရင် ချန်ကျီကျုံးက မင်းရဲ့တပည့်ပဲ။ သူ့ရဲ့သေခြင်းရှင်ခြင်းကို ငါနဲ့ ချိတ်ဆက်စေဖို့ ချိတ်ဆက်ခြောက်သွယ်မန္တန်ကို သူ့ဆီမှာ ငါ ထုတ်ဖော်ထားတယ်။ ထန်ရှု၊ မင်းရဲ့တပည့်ကို မင်း သတ်မယ်လို့ ငါ မထင်ဘူး”ထိပ်ပြောင်လူကြီးက ပေါ့ပေါ့ပါးပါးဆိုလိုက်၏။

ချိတ်ဆက်မန္တန်လား။

ဤချိတ်ဆက်မန္တန်နှင့် ပတ်သက်၍ ထန်ရှုက မသိပေ။ သို့သော် ထိုမန္တန်က သူသိသည့်အသက်မျှဝေမန္တန်နှင့် ဆင်တူမည်ကို သူ့မသိစိတ်က ပြောပြခဲ့သည်။ ဖော်ထုတ်သူက ဤမန္တန်အား တစ်စုံတစ်ယောက်ပေါ်တွင် အသုံးပြုလိုက်သည်နှင့် ပစ်မှတ်နှင့်ဖော်ထုတ်သူက သူတို့၏သေခြင်းနှင့်ရှင်ခြင်းအား အတူတကွ မျှဝေထားပေလိမ့်မည်။ တစ်ယောက်သေလျှင် အခြားတစ်ယောက်ပါ သေပေလိမ့်မည်။

“ခင်ဗျားက အတိအကျ ဘာလိုချင်တာလဲ”ထန်ရှုက မေးလိုက်၏။

အနက်ဝတ်ထိပ်ပြောင်လူကြီးက ပြန်ဖြေ၏ “ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ။ ငါက ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့အနားယူသွားတဲ့အကြီးအကဲဟီလီယိုလူနာပဲ”

“ဟမ့်၊ ကောင်းကင်ဘုံမှော်ဆရာကလန်က တစ်စုံတစ်ယောက်က အပြင်ကို ထွက်လာပြီး အရှုပ်အထွေးတွေ ဖန်တီးရဲမယ်လို့ ကျုပ် မမျှော်လင့်ထားဘူး”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ကမ္ဘာတစ်ဝှမ်းက လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းတွေက ခင်ဗျားတို့ရဲ့ကလန်ဆီ ကပ်ဘေးတွေ သယ်ဆောင်လာခဲ့တာ မဟုတ်လား”

“ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့အခြေခံအုတ်မြစ်နဲ့အမွေအနှစ်ကို မင်းတောင် မြင်နိုင်လို့လား”ဟီလီယိုလူနာက ခေါင်းခါယမ်းကာ ပြုံးလျက် ပြော၏ “ငါ ထွက်လာရတဲ့အကြောင်းရင်းက မင်း ဆုကြေးငွေထုတ်ထားတာကို တားဆီးဖို့ပဲ။ ငါ့ရဲ့ကောင်းကင်ဘုံမှော်ဆရာကလန်က ပြဿနာတွေကို ကြောက်ရွံ့တာ မဟုတ်ဘူး။ ငါတို့က အသေးအဖွဲ့ကိစ္စတွေကို ဂရုမစိုက်ချင်ရုံပဲ”

“ဒါနဲ့ ကျုပ်က ချန်ကျီကျုံးရဲ့အသက်ကို ဂရုစိုက်မယ်လို့ ခင်ဗျားက ဘာလို့ ဒီလောက်သေချာနေရတာလဲ”ထန်ရှုက မေးလိုက်၏ “သူက ကျုပ်ရဲ့အမည်ခံတပည့်မျှပဲ”

“အပြင်ထွက်လာပြီးကတည်းက ငါ မင်းအကြောင်း စုံစမ်းပြီးသွားပြီ”ဟီလီယိုလုနာက ပြောလိုက်၏ “မင်းက ငါ့ရဲ့သိလိုစိတ်ကို နှိုးဆွပေးခဲ့တယ်။ ငါတောင် မင်းကို နည်းနည်းလေးစားမိတယ်။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းက တရားမျှတပြီး ကျေးဇူးသိတတ်တဲ့စရိုက်လက္ခဏာကို ပိုင်ဆိုင်ထားတယ်။ မင်းက အရမ်းအားကောင်းပေမယ့် တရုတ်နဲ့တရုတ်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေတုန်းပဲ။ မင်းရဲ့မိတ်ဆွေတွေအတွက်လဲ မင်းက အများကြီး လုပ်ဆောင်ပေးခဲ့တယ်။ အခြားသူတွေကို ဂရုစိုက်တဲ့မင်းလိုလူတစ်ယောက်က သူ့တပည့်ရဲ့အသက်ကို စွန့်ပစ်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ထန်ရှုက လှောင်ပြုံးပြုံးကာ ပြောလိုက်၏ “ခင်ဗျားက ကျုပ်နဲ့ပတ်သက်ပြီး တကယ်သိတယ်လို့ ထင်တာလား”

“ငါက မင်းကို ကောင်းကောင်းသိတယ်လို့ မပြောရဲပါဘူး”ဟီလီယိုက ပြန်ပြော၏ “ဒါပေမယ့် မင်းရဲ့စရိုက်ကို မြင်နိုင်တယ်လို့ ငါ ထင်တယ်။ မင်းရဲ့ကျင့်ကြံခြင်းနဲ့မင်းနောက်ကဂိုဏ်းကို ငါ အရမ်းစိတ်ဝင်စားတယ်။ မင်းက ငါ့ကို ပြောရဲရင် ငါ ကြားချင်ပါတယ်”

“ကျုပ်ရဲ့အမွေအနှစ်နဲ့ ပတ်သက်ပြီး သိဖို့ ခင်ဗျားက အရည်အချင်းမရှိပါဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။

ထိုသို့ပြောပြီးနောက် သူက ဟီလီယိုလုနာအား ထပ်ဂရုမစိုက်တော့ဘဲ ယဇ်ပလ္လင်သို့ ပျံသန်းသွား၏။ ထို့နောက် သူက ခန္ဓာကိုယ်တွင် ဓားဆယ့်သုံးချောင်းစိုက်ဝင်နေသော ချန်ကျီကျုံးအား ကြည့်လိုက်သည်။

“ဆရာ…ဆရာသခင်…”

ချန်ကျီကျုံးက ခက်ခက်ခဲခဲနှင့် ခေါင်းမော့လိုက်သည်၊ သူ၏ဝေဝါးသောမျက်လုံးများကြောင့် သူက ထန်ရှု၏မျက်နှာအား မြင်နိုင်ရုံသာရှိ၏။

ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်ပြီး သူ့စိတ်ဝိညာဉ်အာရုံက ယဇ်ပလ္လင်ပေါ်ရှိ အစီအရင်အား ထိုးဖောက်သွားသည်။ သူ တွေ့ရှိခဲ့သည်ကား သူ့နှလုံးသားထဲရှိ သတ်ဖြတ်ခြင်းဆန္ဒအား ပိုပြင်းထန်သွားစေသည်။ ထို့နောက် သူ့နောက်ရှိ ဟီလီယိုလုနာထံ အာရုံပြောင်းလိုက်၏။

ဤအစီအရင်အား နတ်ဆိုးကျင့်ကြံသူများက ပုံမှန်အားဖြင့် အသုံးပြုကြပြီး ဝိညာဉ်များအား ယဇ်ပူဇော်ရန်နှင့်သန့်စင်ရန်အတွက် ဖြစ်၏။ ယဇ်ကောင်အဖြစ် အသုံးပြုထားသော လူက သူ့သွေးအားလုံးအား အစီအရင်ထဲသို့ ဆုံးရှုံးသွားသည်နှင့် ဝိညာဉ်သုံးခုနှင့်စိတ်ဝိညာဉ်ခုနှစ်က သူ့ခန္ဓာကိုယ်မှ ထွက်လာပေလိမ့်မည်။ ပြုလုပ်သူက ထိုယဇ်ပူဇော်ထားသောဝိညာဉ်များအား ဝါးမျိုပြီးနောက် ထိုလူက ပြုလုပ်ခံရသူ၏ကျင့်ကြံခြင်းနှင့်မှတ်ဉာဏ်အားလုံးအား ရိတ်သိမ်းနိုင်ပေလိမ့်မည်။

ဒါက လုံးဝရက်စက်ကြမ်းကြုတ်သောနည်းလမ်းတစ်ခုပင်။

“ငါ မင်းကို သင်ကြားပေးမယ့်လျှို့ဝှက်ပညာရပ်နဲ့ ပတ်သက်ပြီး ဂရုတစိုက်နားထောင်။ ပြီးရင် အဲဒါကို သေချာကျင့်ကြံ။ မင်းရဲ့ဆုံးရှုံးသွားသောအသက်အားကို ပြန်ရလာလိမ့်မယ်”ထန်ရှုက ချန်ကျီကျုံး၏နားထဲသို့ အသံပို့လိုက်သည်။

ထို့နောက် ထန်ရှုက ဟီလီယိုလုနာထံ အကြည့်ပြောင်းကာ ပြောလိုက်၏ “ကျုပ်ရဲ့စရိုက်နဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့လေ့လာခွဲခြမ်းစိတ်ဖြာမှုက အတော်လေးမှန်တယ်ဆိုတာ ကျုပ် ပြောရမှာပဲ။ ကောင်းပြီလေ၊ အခု ကျုပ်တို့တွေ အပေးအယူနဲ့ ပတ်သက်ပြီး ပြောကြတာပေါ့။ ကျုပ်တပည့်ကို လွှတ်ပေးဖို့ ကျုပ်ဆီကနေ ခင်ဗျားက ဘာလိုချင်တာလဲ”

ဟီလီယိုလုနာက ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည် “အခြေအနေသုံးခုရှိတယ်။ အဲဒါတွေဖြည့်ဆည်းပြီးရင် မင်းရဲ့တပည့်ကို လွှတ်ပေးမယ်၊ ငါ့ရဲ့ကောင်းကင်ဘုံမှော်ဆရာကလန်က မင်းကို ဘယ်တော့မှ ထပ်မဆန့်ကျင်တော့ဘူးဆိုတာ ငါ အာမခံတယ်”

“ပြောပါ…”ထန်ရှုက ခေါင်းညိတ်လိုက်သည်။

“ပထအခြေအနေက အမှောင်နတ်ဆရာကလန်နဲ့ ပတ်သက်ပြီးတော့ပဲ”ဟီလီယိုလုနာက ပြောလိုက်၏ “သူတို့က ငါတို့ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့သစ္စာဖောက်တွေ၊ သူတို့ရဲ့ကလန်တစ်ခုလုံးက အပြစ်ပေးခံရမယ်။ ငါ့ကလန်ရဲ့ကျွမ်းကျင်သူတွေက သူတို့ကို သုတ်သင်ဖို့ လှုပ်ရှားတဲ့အခါ မင်းက ငြိမ်ငြိမ်လေးနေပေးရမယ်”

“စင်းလုအန်က ကျုပ်မိတ်ဆွေပဲ၊ သူ့ကို အမှောင်နတ်ဆရာကလန်ရဲ့ခေါင်းဆောင်ဖြစ်အောင် ကျုပ်ပဲ ကူညီပေးခဲ့တာ”ထန်ရှုက နှာခေါင်းရှုံ့လိုက်၏ “မဟုတ်ဘူး၊ အခု ကျုပ် သိလိုက်ပြီ။ မြင့်မြတ်မီးလျှံအဖွဲ့က အမှောင်နတ်ဆရာကလန်ကို ရောက်လာပြီး ချန်ကျီကျုံးကို ဖမ်းဖို့ သူတို့ကို ဖိတ်ခေါ်ခိုင်းတာက ခင်ဗျားရဲ့အစီအစဉ်ပဲဖြစ်မယ်။ အမှောင်နတ်ဆရာကလန်က ပါဝင်လိုက်တာနဲ့ သူတို့က ကျုပ်ရဲ့ရန်သူဖြစ်လာမယ်၊ အမှောင်နတ်ဆရာကလန်ကို သုတ်သင်ဖို့ ခင်ဗျားက ကျုပ်ရဲ့လက်ကို အသုံးပြုချင်ခဲ့တာပဲ”

ဟီလီယိုလုနာက လက်မထောင်ကာ အံ့အားသင့်စွာ ပြောလိုက်၏ “မင်းနဲ့ပတ်သက်ပြီး စုဆောင်းခဲ့တဲ့သတင်းအချက်အလက်တွေက မှန်ပုံပဲ၊ ထန်ရှု။ မင်းက တကယ်ဉာဏ်ကောင်းတယ်၊ ငါ ထင်ထားတာထက် ပိုတော်တယ်။ မင်းရဲ့လက်ကို သုံးပြီး သူတို့ကို သုတ်သင်ချင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ သူတို့က မြင့်မြတ်မီးလျှံကလန်ကို သတိထားပြီး ပါဝင်ဖို့ ငြင်းပယ်ခဲ့တယ်”

“ဒါက တကယ်ကို ကောင်းတဲ့အကြံအစည်တစ်ခုပါပဲ”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။

ဟီလီယိုလုနာက ဆက်ပြော၏ “ဒါဆို မင်းက ပထမအခြေအနေကို လက်ခံမှာလားမလက်ခံဘူးလား”

မိနစ်အနည်းငယ်ကြာစဉ်းစားပြီးနောက် ထန်ရှုက အရုပ်ဆိုးသောအမူအရာနှင့် ပြန်ဖြေသည် “တွန့်ဆုတ်မိပေမယ့် ကျုပ် သဘောတူတယ်။ ဒါပေမယ့် ခင်ဗျားရဲ့နောက်လာမယ့်တောင်းဆိုချက်တွေက ကျုပ်အတွက် ဆုံးဖြတ်ရတာ ခက်ခဲစေမယ်ဆိုရင် ကျုပ်တပည့်ကို ဒီနေရာမှာပဲ သတ်ပြီး ခင်ဗျားရဲ့စိတ်ဝိညာဉ်ကိုလဲ စိတ်ဝိညာဉ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်အောင် သန့််စင်ပစ်ရလိမ့်မယ်။ ခင်ဗျားက အဆုံးမရှိတဲ့နာကျင်မှုတွေကို ထာဝရခံစားဖို့ မျှော်လင့်ထားနိုင်တယ်”

ဟီလီယိုလုနာ၏မျက်လုံးများက လင်းလက်သွားပြီး သူက ပြုံးကာ ပြောလိုက်၏ “ဒါဆို ဒုတိယအခြေအနေနဲ့ ပတ်သက်ပြီး ငါ ပြောမယ်။ မင်းက အဲဒါကို ပြုလုပ်နိုင်မှတော့ စိတ်ဝိညာဉ်လက်နက်သုံးခုကို ငါ လိုချင်တယ်”

“လက်ရှိအချိန်မှာ မှော်လက်နက်တစ်ခုမှ ကျုပ် မပြုလုပ်နိုင်ဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “သန့်စင်မှုတစ်ခုအတွက် ဝိညာဉ်တစ်ခုကို ထုတ်နှုတ်ရမယ်။ ကျုပ် အဲဒါကို မလုပ်နိုင်ဘူး”

ဟီလီယိုလုနာက လှည့်ပတ်ကြည့်လိုက်ပြီး ကမ်းစပ်သို့ လက်ညှိုးထိုးကာ ပြောလိုက်၏ “မင်းရဲ့စရိုက်ကို သိတာကြောင့် ဝိညာဉ်ကို ထုတ်ယူဖို့ ငါ မင်းကို ဖိအားမပေးပါဘူး။ ဒါပေမယ့် အဲဒါကို ထုတ်ယူတာက ငါဆိုရင် မင်းအတွက် ပြဿနာမရှိဘူးမလား။ ဒီနေရာမှာ ပင်လယ်ဓားပြတွေအများကြီးရှိတယ်၊ မြင့်မြတ်မီးလျှံရဲ့အဖွဲ့ဝင်တွေလဲ များစွာရှိတယ်။ မင်းရဲ့တပည့်ကို ဖမ်းခဲ့တာက အဲဒီမြင့်မြတ်မီးလျှံအဖွဲ့ဝင်တွေဆိုတာ မမေ့နဲ့၊ ဒါကြောင့် သူတို့ရဲ့ဝိညာဉ်ကို ငါ ယူရင် မင်းအတွက် ပြဿနာမရှိဘူးမလား”

“သူတို့က ပိုက်ဆံရဖို့ပဲ သိတဲ့ စက်ပစ္စည်းတွေပဲ”ထန်ရှုက ပြန်ဖြေ၏ “ဒီ အတွက် တာဝန်ရှိတဲ့သူက သူတို့မဟုတ်ဘူး၊ ခင်ဗျားတစ်ယောက်တည်းပဲ။ ကျုပ်က တစ်ယောက်ယောက်ကို သတ်ရမယ်ဆိုရင် ခင်ဗျားကို သတ်တာက ကျုပ်ရဲ့ဒေါသကို ဖြေဖျောက်ဖို့ အကောင်းဆုံးနည်းလမ်းပဲ”

“ဒါဆို ငါ့လူတွေကို အသုံးပြုပါ”ဟီလီယိုလုနာက နက်ရှိုင်းသောလေသံနှင့် ထပ်ပြော၏။

“ခင်ဗျားက ကျုပ်ကို ဝိညာဉ်သုံးခုပေးသရွေ့ စိတ်ဝိညာဉ်လက်နက်သုံးခုကို သန့်စင်ပေးဖို့ သဘောတူတယ်”ထန်ရှုက ပြောလိုက်၏ “ဒါပေမယ့် လိုအပ်တဲ့ပစ္စည်းတွေအားလုံးကို ခင်ဗျားက ထောက်ပံ့ပေးရမယ်”

ဘာပစ္စည်းများလိုအပ်သည်ကိုပင် မမေးဘဲ ဟီလီယိုလုနာက တန်းကာ ခေါင်းညိတ်လိုက်သည်။

“တတိယအခြေအနေကရော”ထန်ရှုက မေးလိုက်သည်။

“အင်မော်တယ်ဖြစ်တဲ့အထိ လေ့ကျင့်နိုင်တဲ့ ကျင့်ကြံခြင်းပညာရပ်တစ်ခု”ဟီလီယိုလုနာက ပြုံးကာ ပြောလိုက်၏ “တရုတ်တာအိုကျောင်းတွေက ဂိုဏ်းရဲ့အမွေအနှစ်တွေကို သေချာထိန်းသိမ်းစောင့်ရှောက်ကြတယ်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် အဲဒါကို ငါ ရရမယ်။ တကယ်တော့ မင်း ငါနဲ့ မလဲရင်တောင် ငါက ရနိုင်ပါတယ်၊ ဒါပေမယ့် ရဖို့အတွက် နည်းလမ်းတွေက ပိုပြီးတော့ရက်စက်ကြမ်းကြုတ်မှာပေါ့”

ထန်ရှု၏အမူအရာက အလွန်အရုပ်ဆိုးသွားသည်။ ခဏတုံ့ဆိုင်းသွားပြီးနောက် သူက ပြောလိုက်၏ “ဂိုဏ်းထဲက အကြီးအကဲတွေနဲ့ ဆွေးနွေးဖို့ လိုမယ်။ သူတို့က သဘောတူရင် အဲဒါက ပြဿနာမရှိဘူး။ ဒါပေမယ့် သူတို့က သဘောမတူရင်တော့ ကျုပ်တပည့်ကို စွန့်လွှတ်ပြီး သူ့အတွက် လက်စားချေပေးရုံပဲ ရှိတာပေါ့”

“မင်းသဘောအတိုင်းပဲ”ဟီလီယိုလုနာက လက်ခံလိုက်ပြီး ပြုံးကာ ပြောလိုက်၏ “ဒါပေမယ့် မင်းရဲ့အချိန်က အကန့်အသတ်ရှိတယ်ဆိုတာ ကြိုတင်သတိပေးချင်တယ်။ နှစ်ရက်အတွင်း ငါ့ကို အဖြေပြန်မပေးရင် ချန်ကျီကျုံးက အပြီးတိုင်သန့််စင်ခံရလိမ့်မယ်။ အဲအချိန်ကျမှ မင်းအတွက် နောင်တရဖို့ မရှိတော့ဘူး”

နှစ်ရက်လား၊ ဟမ့်။

ထန်ရှုက စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်သည်။ ချန်ကျီကျုံး၏ပါရမီက သာမန်မျှသာဖြစ်သော်လည်း လျှို့ဝှက်ပညာရပ်အား သင်ယူရန် နေ့တစ်ဝက်သာ လိုပေလိမ့်မည်။ ထိုအချိန်ကျလျှင် ဤအယုတ်တမာကောင်က မောက်မာလို့ရတော့မည်မဟုတ်ပေ။

အဝေးတွင် မြင့်မြတ်မီးလျှံနှင့်ထန်ဂိုဏ်းမှကျွမ်းကျင်သူများက အဆက်မပြတ်သတ်ဖြတ်နေကြသည်။ ကျွန်းတွင် နေထိုင်သူများစွာရှိပြီး အများစုက မှော်ဆရာများဖြစ်ကြသည်။ သို့သော် သူတို့၏ခွန်အားက သာမန်မျှသာဖြစ်ပြီး နှစ်ဖက်လုံးက သူတို့အား သတ်ဖြတ်ရန် လွယ်ကူလွန်းလှသည်။

ထိုပင်လယ်ဓားပြများ၏သေခြင်းရှင်ခြင်းအား ဟီလီယိုလုနာက ဂရုပင်မစိုက်သည်ကို ထန်ရှုက ပြောနိုင်သည်။

ဝှစ်…

ပုံရိပ်တစ်ခုက ရွေ့လျားလာပြီး ထန်ရှုအရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ချီနန်က သွေးများဖုံးလွှမ်းနေလျက် တင်ပြလိုက်၏ “ရန်သူတွေအားလုံးကို ဖယ်ရှားပြီပါပြီ၊ သူဌေး”

“ဒီနေရာမှာ ချန်ကျီကျုံးကို စောင့်ကြည့်နေပါ”ထန်ရှုက သူမအား ခေါင်းညိတ်ပြကာ ပြောလိုက်၏ “ငါ ဖုန်းခေါ်လိုက်အုံးမယ်”

“နားလည်ပါပြီ…”

ချီနန်က ခေါင်းညိတ်လိုက်သည်။ ထန်ရှုပေးသောသန့်စင်ဒဏ်ရာပျောက်ဆေးလုံးအား သောက်ပြီးနောက် သူမက ဟီလီယိုလုနာဘက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။

ထန်ရှုက အဝေးသို့ ပျံသန်းသွားပြီး ဖုန်းထုတ်ကာ စင်းလုအန်၏နံပါတ်အား ခေါ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “ကောင်ကင်ဘုံမှော်ဆရာကလန်ရဲ့အနားယူသွားတဲ့အကြီးအကဲဟီလီယိုလုနာမှာ မင်းတို့ရဲ့အမှောင်နတ်ဆရာကလန်ကို သုတ်သင်ဖို့ အစီအစဉ်တစ်ခုရှိတယ်။ ငါ သူနဲ့ အခုပဲ စကားပြောပြီးပြီ၊ အခြေအနေတွေထဲကတစ်ခုက ငါက မင်းတို့ကို မကူညီရဘူးဆိုတာပဲ”

All Chapters