တိုက်ပွဲအစပျိုးခြင်း
Vol. 90 Ch. 1246
အချိန်က လျင်မြန်စွာ ကုန်လွန်လာပြီး နှစ်နာရီနီးပါး ကုန်ဆုံးသွားသည်။ ထန်ရှုက ပင်လယ်နားရှိ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်နေရင်း အဝေးမှ ချဉ်းကပ်လာနေသောသင်္ဘောများအား ကြည့်ရှုနေလေသည်။ အပြုံးတစ်ခုက သူ့မျက်နှာတွင် ထွက်ပေါ်လာပြီး သူက လက်ပြလိုက်၏၊ ပုံရိပ်များက လျင်မြန်စွာ ရွေ့လျားလာပြီး ကမ်းခြေပေါ်တွင် ထွက်ပေါ်လာသည်။
“မစ္စတာထန်…”
သင်္ဘောများက ကမ်းခြေသို့ ဆိုက်ကပ်လာကာ ဒဏ်ရာရထားသောဗာကန်က ထန်ရှုထံသို့ လျင်မြန်စွာ ရောက်ရှိလာ၏။
“ခင်ဗျားတို့ ရှုံးနိမ့်လာတာလား”ထန်ရှု၏မျက်နှာထားက စိတ်မဝင်စားမှုအပြည့်ဖြစ်ကာ သူ့လေသံက အလွန်အေးစက်၏။
ဗာကန်က လက်သီးဆုပ်ကာ ပြန်ပြောသည် “ငါတို့ ကျရှုံးသွားတယ်။ ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့ခွန်အားက ငါတို့ ခန့််မှန်းထားတာထက် ကျော်လွန်တယ်။ ငါတို့က အစွမ်းကုန်အားထုတ်ရင်တောင် သူတို့ရဲ့ပြိုင်ဘက်မဟုတ်သေးဘူး။ ဒါပေမယ့် ရန်သူရဲ့စစ်ကူတွေ ရောက်လာတဲ့အချိန်မှာ အမှောင်နတ်ဆရားကလန်က ငါတို့ကို မကူညီဘဲ ထွက်ပြေးသွားခဲ့တယ်၊ ဒါက ငါ့ကို အရမ်းဒေါသထွက်စေတယ်။ မဟုတ်ရင် ငါ့ရဲ့မြင့်မြတ်မီးလျှံအဖွဲ့က ဒီလောက်ကြီးမားတဲ့ဆုံးရှုံးမှုကို ခံစားရလိမ့်မှာမဟုတ်ဘူး”
ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ကျုပ်သိသလောက်ဆိုရင် စတုတ္ထကျွန်းဆီ အမှောင်နတ်ဆရာကလန်ခေါ်လာတဲ့ကျွမ်းကျင်သူအရေအတွက်က အနည်းငယ်ပဲ ရှိတယ်။ သူတို့က အကူအညီပေးရင်တောင် ဆုံးရှုံးမှုကို လျော့ချနိုင်လိမ့်မယ်လို့ ကျုပ် မထင်ဘူး၊ အဲအစား ပိုတောင် ဆိုးသွားနိုင်တယ်”
“ဘာလို့လဲ”ဗာကန်က အေးစက်သောမျက်နှာနှင့် ပြန်ပြောသည်။
“အမှောင်နတ်ဆရာကလန်တစ်ခုလုံးကို သုတ်သင်ဖို့အတွက် ကောင်းကင်ဘုံမှော်ဆရာကလန်က ဒီလောက်ကြီးမားတဲ့အင်အားကို စေလွှတ်ခဲ့တယ်။ ပထမကျွန်းကနေ တတိယကျွန်းအထိ သူတို့က အမှောင်နတ်ဆရာကလန်ဝင်တစ်ယောက်ယောက်ကို ရှာတွေ့ဖို့ ကျရှုံးခဲ့တယ်။ ဒါက အမှောင်နတ်ဆရာကလန်ရဲ့အဖွဲ့ငယ်တစ်ခုက ထွက်ပေါ်လာပြီး သူတို့ကို ချက်ချင်းစနက်ပျိုးပေးခဲ့ရတဲ့အကြောင်းရင်းပဲ။ ဒါပြီးရင် ခင်ဗျားတို့နောက် လိုက်လံသတ်ဖြတ်တာကို သူတို့က လက်လျော့လိမ့်မယ်လို့ ခင်ဗျား ထင်လား”
ဗာကန်၏အကြည့်က ကျဉ်းမြောင်းသွားပြီး သူ့ထံမှ ထုတ်လွှတ်နေသော အေးစက်မှုက အမြောက်အများလျော့ပါးသွားသည်။ ဒါက ဒီမတိုင်ခင်တုန်းက သူ ဘယ်တော့မှ မတွေးခဲ့ဖူးသောကိန်းရှင်တစ်ခုပင်၊ သူ့နောက်လိုက်ထောင်ချီဆုံးရှုံးမှုကြောင့် သူ့အား ဒေါသထွက်စေခဲ့သည်။ ထန်ရှုထံမှ မှတ်ချက်များက ဤကိစ္စအား အဓိပ္ပါယ်ရှိစေခဲ့သည်။
“ဒါ့အပြင် အစကတည်းက ခင်ဗျားက အဆင့်ကိုးမြင့်မြတ်မီးလျှံမစ်ရှင်ကို လက်ခံပြီးဆိုမှတော့ မြင့်မြတ်မီးလျှံက ဒီတိုက်ပွဲမှာ ပါဝင်ရမှာပဲ”ထန်ရှုက ဆက်ပြော၏ “ကျုပ် သိသလောက်ဆိုရင် ဒီမတိုင်ခင်တုန်းက ခင်ဗျားတို့ရဲ့အဖွဲ့အစည်းက ဒီမစ်ရှင်ကို နှစ်ကြိမ်တိတိရရှိထားပြီးပြီ။ ယခင်အဖြစ်အပျက်နှစ်ခုရဲ့ဆုံးရှုံးမှုက ဒီတစ်ခုထက် သေချာပေါက်ပိုသေးငယ်မှာ မဟုတ်ဘူးလို့ ကျုပ် ယူဆတယ်”
ဗာကန်က ခဏစဉ်းစားလိုက်ပြီးနောက် စိတ်ဓာတ်ကျသောအမူအရာနှင့် ခေါင်းညိတ်လိုက်သည် “ဆုံးရှုံးမှုတွေက ဒီတစ်ခုထက် တကယ်ကို ပိုကြီးမားတယ်၊ အထူးသဖြင့် ဒုတိယတစ်ခုပဲ၊ အဲဒါက ငါ့ရဲ့မြင့်မြတ်မီးလျှံအဖွဲ့ကို ဖျက်ဆီးလုနီးပါးပဲ”
“ဒီလိုဆိုရင် အဆင့်ကိုးမြင့်မြတ်မီးလျှံမစ်ရှင်ကို ထမ်းဆောင်ဖို့ အလုပ်အပ်တာကို ခင်ဗျားက လက်ခံပြီးပြီ၊ ဒီအတွက် ပြင်းထန်တဲ့ဆုံးရှုံးမှုကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်”ထန်ရှုက ပြောလိုက်သည် “ဒါပေမယ့် ခင်ဗျားရရှိခဲ့တာကလဲ အသေးအဖွဲ့မှ မဟုတ်တာပဲ။ တကယ်တော့ ခင်ဗျားက ဆယ့်ငါးဘီလီယံဒေါ်လာကို လက်ခံခဲ့ပြီးပြီလေ။ ပမာဏက သေးငယ်မယ်လို့ ကျုပ် မထင်ဘူး”
တကယ်ပါပဲ…ဗာကန်က စိတ်ထဲ၌ ရေရွတ်လိုက်သည်။
ထို့နောက် ထန်ရှုအား ခေါင်းမော့ကြည့်လျက် ဗာကန်က အလေးအနက်ထားကာ ပြောလိုက်သည် “ဒါပေမယ့် ငါ့ရဲ့မြင့်မြတ်မီးလျှံအဖွဲ့က စတုတ္ထကျွန်းပေါ်မှာ ဆုံးရှုံးမှုကြီးမားခဲ့တယ်၊ ပြီးတော့ ငါတို့က နောက်လာမယ့်တိုက်ပွဲတွေမှာ ပါဝင်နိုင်မယ်လို့ ငါ မထင်ဘူး။ ဒါပေမယ့် မင်းတို့က ကောင်းကင်ဘုံမှော်ဆရာကလန်ကို ရှုံးနိမ့်ခဲ့ရင် ငါတို့လဲ ဝင်ကူညီမှာပါ”
“ဒီနေရာမှာ ပျော်ပွဲပြပွဲတွေကြည့်ဖို့ ကျုပ် ခင်ဗျားတို့ကို ငှားထားတာ မဟုတ်ဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “စတုတ္ထကျွန်းပေါ်က တိုက်ပွဲမတိုင်ခင် ခင်ဗျားတို့နဲ့အတူ ပါဝင်တိုက်ခိုက်ဖို့ ငါ့လူတွေကို စေလွှတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ခင်ဗျားကပဲ ကျုပ်တို့ရဲ့ရည်ရွယ်ချက်ကောင်းကို ငြင်းပယ်ခဲ့တာလေ။ ခင်ဗျားတို့က ဒီနေရာကို ရောက်နေမှတော့ ကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့အဖွဲ့ဝင်တွေအားလုံးကို သတ်ဖြတ်ဖို့ ကူညီတာက ခင်ဗျားတို့ရဲ့တာဝန်ပဲ။ လာမယ့်တိုက်ပွဲမှာ ခင်ဗျားတို့ရဲ့မြင့်မြတ်မီးလျှံအဖွဲ့က ဆုံးရှုံးမှုကြီးမားလိမ့်မှာမဟုတ်ဘူးလို့ ကျုပ် အာမခံတယ်”
“ဒါပေမယ့် ငါတို့က အမှတ်ခြောက်ကျွန်းကို ရောက်သွားရင် တိုက်ပွဲထဲမှာ ပါဝင်ဖို့ မလိုဘူးမလား”ဗာကန်က မျက်မှောင်ကြုတ်လိုက်သည်။
“ကောင်းကင်ဘုံမှော်ဆရာကလန်က ခင်ဗျားတို့ကို အမှတ်ခြောက်ကျွန်းအထိ လိုက်လံသတ်ဖြတ်မှာပေါ့”ထန်ရှုက ပြန်ပြောသည် “ဒီနေရာကို ထွက်ပြေးလာတော့ ကျုပ်တို့နဲ့အတူ တိုက်ခိုက်နိုင်တာပေါ့။ ကျုပ်ကို ကူညီတာက ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ ကူညီတာပဲပေါ့”
“ဒေါ်လာနှစ်ဆယ်ဘီလီယံ။ မင်းက ဒေါ်လာနှစ်ဆယ်ဘီလီယံပေးရင် ငါက ငါ့ရဲ့အဖွဲ့ဝင်တွေအားလုံးနဲ့အတူ ကောင်းကင်ဘုံမှော်ဆရာကလန်ကျွမ်းကျင်သူတွေကို သတ်ဖြတ်ပေးမယ်”ဗာကန်က တန်းမငြင်းပယ်ဘဲ နောက်ထပ်ပိုပေးရန် တောင်းဆိုလိုက်၏။
ထန်ရှုက မျက်မှောင်ကြုတ်ကာ မိနစ်အနည်းငယ်ကြာ တွေးလိုက်သည် “ဒေါ်လာနှစ်ဆယ်ဘီလီယံက အရမ်းကြီးမားတဲ့ပမာဏတစ်ခုဆိုပေမယ့် လက်ရှိမှာ ခင်ဗျားဆီ လွှဲပေးဖို့က မသင့်တော်ဘူး။ တိုက်ပွဲပြီးမှ ကျန်တဲ့ဒေါ်လာဆယ့်ငါ့းဘီလီယံကို ခင်ဗျားရဲ့အကောင့်ဆီ လွှဲပေးလိုက်မယ်။ ခင်ဗျား လက်ခံလား”
“ကောင်းပြီလေ…”
ဗာကန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ကျယ်ပြောသောပင်လယ်ပြင်တွင်။
သင်္ဘောအနည်းငယ်က ပဉ္မကျွန်း၏ဉီးတည်ဘက်အတိုင်း ချဉ်းကပ်လာသည်။ အရှေ့ဆုံးသင်္ဘောကုန်းပတ်ပေါ်တွင် အနက်ဝတ်လူအိုကြီးက သူ့အဖော်နှင့်အတူ တင်ပျဉ်ခွေထိုင်လျက် ရှိနေသည်။
“အကို၊ ငါ ဘာလို့ ကြောက်ရွံ့မှုကို ခံစားနေရသလဲဆိုတာ မဖော်ထုတ်နိုင်ဘူး။ ကြည့်ရတာ ငါတို့က သေရေးရှင်ရေးအခြေအနေတစ်ခုကို ရင်ဆိုင်ရတော့မယ့်ပုံပဲ”ငယ်ရွယ်သောအသွင်အပြင်နှင့်ကျွမ်းကျင်သူတစ်ယောက်က မျက်မှောင်ကြုတ်ကာ မှော်ဆရာဘိုးဘေးအား ပြောလိုက်သည်။
မှော်ဆရာဘိုးဘေးက မိနစ်အနည်းငယ်ကြာ နှုတ်ဆိတ်သွားကာ ဖြည်းဖြည်းချင်း ပြန်ဖြေသည် “စတုတ္ထကျွန်းပေါ်က တိုက်ပွဲမတိုက်ခင် ငါတို့အားလုံးထွက်သွားလို့ရတယ်။ ဒါပေမယ့် စတုတ္ထကျွန်းပေါ်မှာ ငါတို့ကလန်က လူတွေအများကြီးဆုံးရှုံးခဲ့တယ်။ ငါတို့က အဲဒီရန်သူတွေကို လိုက်မသတ်ရင် ကလန်သားတွေအားလုံးက ထွက်ပေါက်ရှာနိုင်လိမ့်မှာ မဟုတ်ဘူး”
“မှန်တယ်။ ငါတို့လိုမှော်ဆရာတွေရဲ့ကျင့်ကြံခြင်းစနစ်က စိတ်ခံစားချက်ပေါ်မှာ မူတည်တယ်။ ဒေါသကို ဖိနှိပ်ထားရင် ငါတို့ရဲ့ကျင့်ကြံခြင်းကို တစ်ဆို့သွားစေလိမ့်မယ်။ ဒါကြောင့် ငါတို့က အမှော်နတ်ဆရာကလန်သားတွေကို ဆက်လက်အမဲလိုက်ရလိမ့်မယ်”ငယ်ရွယ်ပုံပေါက်သောလူကြီးက ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
မှော်ဆရာဘိုးဘေးက ခေါင်းစဉ်ရုတ်တရက် ပြောင်းလိုက်သည် “ဒါနဲ့ ဟီလီယိုဆီကနေလာတဲ့စကားအရ သူက ပဉ္ဓမကျွန်းမှာ ရှိတယ်လို့ ပြောခဲ့တယ်မလား။ ဘာလို့ အဲဒီရန်သူတွေက ပဉ္ဓမကျွန်းကို ထွက်ပြေးသွားရတာလဲ။ ဟီလီယိုက ဘာဖြစ်သွားတာလဲ။ သူက မတော်တဆတစ်ခုခုဖြစ်သွားတာလား”
“အဲဒါတော့ ငါလဲ မသိဘူး”
သူတို့နှစ်ယောက်လုံးက ခဏနှုတ်ဆိတ်သွားသည်။ သူတို့က မလွယ်ကူဟု အနည်းငယ်ခံစားမိသော်လည်း ရန်သူအား လိုက်ခြင်းကို လက်မလျော့ပေ။ စတုတ္ထကျွန်းပေါ်က တိုက်ပွဲအတွင်းတွင် အမှော်နတ်ဆရာကလန်ထွက်ပေါ်လာသည်ကို သူတို့က သတိပြုမိခဲ့သည်၊ ထို့ကြောင့် သူတို့က ပဉ္ဓမကျွန်းပေါ်တွင် ဒင်းတို့အား သတ်ဖြတ်ရန် အခိုင်အမာဆုံးဖြတ်ထားသည်။
ပဉ္ဓမကျွန်းက ရှေ့တွင် ဘွားခနဲပေါ်လာသည်။ ကျွန်းက အနည်းငယ်ဝေဝေဝါးဝါးဖြစ်သော်လည်း နှစ်ဖက်လုံးက သူတို့၏ပန်းတိုင်အား မြင်တွေ့ခဲ့သည်။
“အားလုံးပဲ..ကမ်းခြေပေါ် တက်ကြ…”
မှော်ဆရာဘိုးဘေးက ကုန်းပတ်ပေါ်မှ ထရပ်လိုက်သည်။ သူ အမိန့်ပေးလိုက်သည်နှင့် ပုံရိပ်များက မျက်စိတစ်မှိတ်အတွင်း ကမ်းခြေပေါ်သို့ ရောက်ရှိသွားကြ၏။
“ကျွန်းတစ်ကျွန်းလုံးကို မီးရှို့လိုက်…”
သူ့လက်ထဲရှိ တောင်ဝှေးကို ဝှေ့ယမ်းလျက် မှော်ဆရာဘိုးဘေးက အမိန့်ပေးလိုက်သည်၊ မီးလျှံတိုင်များက ကောင်းကင်သို့ မြင့်တက်သွား၏။ ထို့နောက် ကောင်းကင်ဘုံမှော်ဆရာကလန်မှကျွမ်းကျင်သူနှစ်ထောင်ကျော်က သင်္ဘောပေါ်မှ ဆင်းကာ ကမ်းခြေပေါ် တက်သွားကြသည်။ ဤတစ်ကြိမ်တွင် သူတို့၏အပြုအမူများက ယခင်ကျွန်းလေးကျွန်းနှင့် မတူတော့ပေ၊ ဤနေရာတွင် အဆုံးအဖြတ်တိုက်ပွဲတစ်ခုစရန် သူတို့၏ပြတ်သားမှုကို ရှင်းရှင်းလင်းလင်းပြသနေ၏။
စတုတ္ထကျွန်းပေါ်တွင် သူတို့က လူတစ်ထောင်အောက်သာ စေလွှတ်ခဲ့သည်။ သို့သော် ယခုတွင် သူတို့ကလန်သားသုံးရာနီးပါးအသတ်ခံရသော်လည်း အရေအတွက်က နှစ်ထောင်ကျော်သည်၊ ဒါက ကောင်းကင်ဘုံမှော်ဆရာကလန်၏စွမ်းအားရှင်အားလုံးနီးပါးက ဤနေရာသို့ ရောက်လာသည်ကို သက်သေပြခဲ့ပေသည်။
မီးက ကျွန်းတစ်ကျွန်းလုံး၏လေးပုံသုံးပုံအား ဖုံးလွှမ်းထားသည့် တောအုပ်အား လောင်ကျွမ်းခဲ့ပြီး ကောင်းကင်က မီးလျှံများနှင့် ရဲရဲနီနေပေသည်။
“သတ်ကြ…”
ရန်သူများထွက်ပေါ်လာသည့်အခိုက်အတန့်တွင် ကောင်းကင်ဘုံမှော်ဆရာကလန်ကျွမ်းကျင်သူများက မီးများကို ရှောင်ကွင်းလျက် ရန်သူများထံ ပြေးဝင်တိုက်ခိုက်ခဲ့ကြသည်။
ဤအချိန်တွင် ကျွန်းအလယ်ရှိ နှစ်ထပ်တိုက်အိမ်ထိပ်တွင် ရပ်နေရင်း ကောင်းကင်ရှိ ချဉ်းကပ်လာသောမီးလျှံအား ထန်ရှုက ကြည့်နေ၏။ အထင်သေးမှုက သူ့မျက်လုံးထဲတွင် သိသိသာသာမြင်နိုင်ပေသည်။ သူရပ်နေသည့်နေရာ၏နှစ်ကီလိုမီတာအတွင်းအား ဘိလပ်မြေဖြင့် တည်ဆောက်ထားသည်။ မီးက ဘယ်လောက်ပင် ကြီးကြီး၊ သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခုမှ မဖြစ်စေနိုင်ပေ။
သို့သော် မြင့်မြတ်မီးလျှံအဖွဲ့ဝင်များ၏ခြောက်ဆယ်ရာခိုင်နှုန်းက တောအုပ်ထဲတွင် ပုန်းနေသောကြောင့် ထိုလူများအတွက် သူက သနားမိသည်။ မီးက သူတို့အား ပြင်းပြင်းထန်ထန်မထိခိုက်စေသော်လည်း သူတို့အား ထွက်လာရန် ဖိအားပေးကာ ရန်သူနှင့် ရင်ဆိုင်ရစေသည်။
“သူတို့အားလုံးကို သွားသတ်ကြ...”ထန်ရှုက ပြတ်ပြတ်သားသားအမိန့်ပေးလိုက်သည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် ဗာကန်က သူ့ထံ ပြေးလာနေသည်ကို ထန်ရှုက မြင်လိုက်ရသည်။ သူက ချက်ချင်းကျယ်လောင်စွာ အော်လိုက်၏ “မင်းတို့အားလုံး၊ ငါ့အမိန့်ကို နာခံပြီး ကောင်းကင်ဘုံမှော်ဆရာကလန်ကို သတ်ဖြတ်ဖို့ အသင့်ပြင်။ ချန်ကျီကျုံး၊ မင်းက လူအချို့ကို ခေါ်ပြီး သူတို့ထဲက စွမ်းအားရှင်နှစ်ယောက်ကို ခေါ်ထုတ်လာခဲ့။ သူတို့ကို မသတ်ဘဲ ဝိုင်းရုံပဲ ဝိုင်းထား”
“ကောင်းပါပြီ…”
ချန်ကျီကျုံးက ပြန်ဖြေကာ ထန်ဂိုဏ်းသားနှစ်ဆယ်ကျော်နှင့်အတူ ချက်ချင်း ပြေးသွား၏။
ထန်ရှုက ထပ်အော်လိုက်သည် “ထန်ကွမ်း၊ ထန်အန်း။ မင်းတို့နှစ်ယောက်က နောက်ထပ်စွမ်းအားရှင်နှစ်ယောက်နဲ့ ရင်ဆိုင်။ သူတို့ကို သတ်နိုင်လေ ပိုကောင်းလေပဲ”
“နားလည်ပါပြီ…”
လေထုက မတည်မငြိမ်ဖြစ်သွားကာ ထိုနှစ်ယောက်က ချက်ချင်းပျောက်ကွယ်သွားသည်။
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ဗာကန်က သူ့ရှေ့သို့ အပြေးအလွှားရောက်လာသောကြောင့် သူက ကောင်းကင်ပေါ်သို့ တက်ကာ စစ်မြေပြင်ရှိ ဖရိုဖရဲအဖြစ်ဆုံးနေရာသို့ ချက်ချင်း ပျံသန်းသွားလျက် အော်လိုက်၏ “ဗာကန်၊ ခင်ဗျားရဲ့လူတွေအားလုံးကို ရန်သူတွေကို သတ်ဖြတ်ဖို့ ပြောလိုက်…”