← Chapters

စွမ်းအား ဆယ်ရာခိုင်နှုန်းနဲ့ မင်းကို ဖိနှိပ်ချုပ်တည်းပြမယ်

Vol. 81 Ch. 1117

စွမ်းအား ဆယ်ရာခိုင်နှုန်းနဲ့ မင်းကို ဖိနှိပ်ချုပ်တည်းပြမယ်

Vol. 81 Ch. 1117

" ဒါကြီးက... "

ချုံးရိကျစ်မှာ အသက်အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အလား ခံစားလိုက်ရပြီး အမူအရာ ချက်ချင်းပြောင်းလဲသွား၏။ သူ၏ လျှို့ဝှက်ပညာရပ်ဖြင့် ဖန်တီးထားသော ကိုယ်ပွားများပင်လျှင် အလားတူ ခံစားလိုက်ရသဖြင့် စတင်တုန်ရီလာကြတော့သည်။

ထိုအခိုက်အတန့်တွင် ချုံးရိကျစ်၏ အသိစိတ်ထဲ၌ ထိုတိုက်ကွက်ကြီးအား ရှောင်တိမ်းလိုသည့် အတွေးတစ်ခုသာ ရှိနေသည်။ သို့သော် သူသည် နှောင်းပိုင်း ထာဝရကြယ််အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ရာ လက်မခံနိုင်ဘဲ ဖြစ်နေရ၏။ မည်သို့ပင်ဆိုစေကာမူ သူ ရင်ဆိုင်ကြုံတွေ့နေရသည့် အန္တရာယ်ကြီးကြောင့် သူ၏ မသိစိတ်မှာ သူ့အား ထိန်းချုပ်ကာ နောက်သို့ထွက်ပြေးဆုတ်ခွာသွားရန် အမိန့်ပေးလိုက်ဆဲပင်။

သူသည် ထိုသို့ ထွက်ပြေးဆုတ်ခွာသွားနေရင်း သူ၏ ညာဘက်လက်ထဲမှ ရွှေရောင်လှံကြီးအား ဝမ်ပေါင်လဲ့ဆီသို့ အားအကုန်ထုတ်၍ လှမ်းပစ်လိုက်၏။ ထိုအခါ ထိုလှံကြီးမှာ ရွှေရောင် လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ တိုက်ကွက်အား ဟန့်တားနိုင်ရန်အလို့ငှာ သူ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

သို့သော် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း လုံးဝမရှိဘဲ ထိုကဲ့သို့ အလျင်အမြန် တုံ့ပြန်ခဲ့သည့်တိုင်အောင် နောက်ကျသွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့၏ နတ်ဆိုးဓားမှာ ပေါ်ပေါက်လာပြီးနောက် ကံကြမ္မာစွမ်းအားဖြင့် လှမ်းခုတ်လိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းအား ရှောင်တိမ်းနိုင်ရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲသွားသည့် ရွှေရောင်လှံကြီးမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ပေါ်ပေါက်လာသည်နှင့် အုန်းခနဲမြည်အောင် ပေါက်ကွဲပျက်စီးသွား၏။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ ရွှေရောင်အပိုင်းအစများဖြင့် အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။

" ငါက အခုမှ အစောပိုင်း ထာဝရကြယ််အဆင့်ကို ဖောက်ထွက်နိုင်ခဲ့တဲ့အပြင် ငါ့ တိုက်ရည်ခိုက်ရည်စွမ်းအား စုစုပေါင်းရဲ့ သုံးဆယ်ရာခိုင်နှုန်းကိုပဲ ထုတ်သုံးရသေးတာလေ... ချုံးရိကျစ်။ မင်းရဲ့အစွမ်းက ဒါအကုန်ပဲ ဆိုရင်တော့ ငါ အရမ်းကိုစိတ်ပျက်သွားပြီ " ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကျေနပ်အားရနေ၏။ ဤ တိုက်ပွဲကြီးထဲတွင် သူ ထုတ်မသုံးရသေးသည့် ဝှက်ဖဲအနည်းငယ်မှလွဲ၍ သူသည် အစွမ်းကုန်ထုတ်၍ တိုက်ခိုက်ခဲ့ပြီးသားဖြစ်သည်။

သို့သော်လည်း သူသည် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်ပုံစံ ဟန်ဆောင်ထားသောကြောင့် သူ၏ စကားသံ ထွက်ပေါ်လာချိန်တွင် သူ၏ မျက်နှာပေါ်၌ စိတ်ပျက်နေသည့် အရိပ်အယောင်များ အထင်အရှား ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။

သို့သော် အမှန်တွင်မူ ထိုအခိုက်အတန့်တွင် သူ၏ အတွင်းကလီစာများမှာ ဗြောင်းဆန်နေပြီ ဖြစ်သည်။ ထာဝရကြယ်၏ စွမ်းအားများမှာလည်း ရွှေရောင်လှံကြီးအား ဖျက်ဆီးပစ်နိုင်ရန်အလို့ငှာ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာနေ၏။ ဝမ်ပေါင်လဲ့၏ နတ်ဆိုးဓားမှာ ဖျက်ဆီး၍မရနိုင်သော အကာအရံတစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် ယခုလို အကောင်းပတိအတိုင်း ရှိနေခြင်းတော့ မဟုတ်ပေ။ ၎င်းမှာ ရွှေရောင်လှံကြီးအား မျက်လုံးဖြင့် မမြင်နိုင်သည့် အမြန်နှုန်းမျိုးဖြင့် ကျော်ဖြတ်သွားသောကြောင့်သာ ဖြစ်သည်။

၎င်း၏ အတိတ်ဘဝမှ မကျေနပ်ချက်များနှင့် တာအိုထာဝရကြယ်၏ ကူညီထောက်ပံ့မှုများ ပေါင်းစည်းသွားသောကြောင့်သာ ၎င်းမှာ ဖျက်ဆီး၍မရနိုင်သည့်ပုံ ပေါက်နေခြင်းဖြစ်သည်။

ထိုသို့ဖြင့် တစ်အောင့်ခန့်အကြာတွင် နတ်ဆိုးဓားမှာ အဝေးသို့ ထွက်ပြေးဆွတ်ခွာသွားနေသည့် ချုံးရိကျစ်၏ ရှေ့၌ ပေါ်ပေါက်လာ၏။ ထို့ကြောင့် ချုံးရိကျစ်တစ်ယောက် မျက်နှာအမူအရာများ ပြောင်းလဲသွားစဉ်မှာပင် နတ်ဆိုးဓားမှာ တောင်တစ်လုံးအား ထက်ခြမ်းပိုင်းလိုက်သည့်အလား သူ၏ ဧရာမခန္ဓာကိုယ်ကြီးပေါ်သို့ ပြုတ်ကျလာတော့သည်။

ထိုအချိန်တွင် အာကာသကောင်းကင်ကြီးမှာ ပြိုလဲပျက်စီးသွားပြီး ထစ်ချုန်းသံများမှာ အရပ်မျက်နှာအနှံတွင် ပဲ့တင်ထပ်သွား၏။ ထို့နောက် ထိုနေရာတစ်ဝိုက်တွင် ရှိနေကြသည့် လူတိုင်း၏ ရှေ့တွင် ချုံးရိကျစ်၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ထက်ခြမ်းပိုင်းခံလိုက်ရတော့သည်။ ထိုအခါ တစ်ခြမ်းမှာ ပြာကျသွားပြီး တခြားတစ်ခြမ်းမှာ ခြောက်သွေ့သွား၏။ သို့သော် ၎င်းမှာ စကြဝဠာကြီးထဲ၌ လွင့်ပါးပျောက်ကွယ်သွားခြင်းမရှိဘဲ လူရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သို့သော် ထို လူရိပ်မှာ ပေါ်ပေါက်လာသည်နှင့် သွေးပွက်သုံးပွက်အား ထွေးထုတ်လိုက်ပြီး နောက်သို့ အလျင်အမြန်ဆုတ်ခွာသွား၏။ တစ်ချိန်တည်းမှာပင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားကိုးခုမှာလည်း ၎င်းတို့၏ စွမ်းအားများကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ကြသည်။ တစ်ဝက်တစ်ပျက်တာအိုဂြိုဟ် ကိုးလုံးမှာလည်း အမြင့်ဆုံးအဆင့်အထိ ထပ်တူကျနိုင်စွမ်းရှိနေသော သဘာဝစည်းမျဉ်းဥပဒေ တစ်ခုချင်းစီကို ထုတ်လွှတ်လိုက်ကြသည်။

အဝေးမှကြည့်လိုက်ပါက ကောင်းကင်ယံထဲ၌ တလက်လက်တောက်ပနေသည့် အနီရောင်သွေးများ၊ ပဲ့တင်ထပ်နေသည့် လိမ္မော်ရောင်တေးဂီတသံများ၊ တဟုန်းဟုန်းတောက်လောက်နေသည့် အဝါရောင်မီးလျှံများ၊ မျက်စိတစ်ဆုံး ပြည့်နှက်နေသည့် အစိမ်းရောင် သစ်ပင်ပန်းမန်များ၊ ကြယ်တာရာများကို တုန်ရီသွားစေနိုင်သည့် မိုးပြာရောင် တိမ်တိုက်များ၊ မုန်တိုင်းတစ်ခုကဲ့သို့ တိုက်ခတ်နေသည့် အပြာရောင် လေပြင်းများနှင့် ခရမ်းရောင် ဝါးမျိုခြင်းစွမ်းအားများ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရမည်ဖြစ်သည်။

ထို့အပြင် အနက်ရောင် မြူခိုးများဖြစ်သည့် သေမင်း အငွေ့အသက်များနှင့် မျက်စိကျိန်းစရာကောင်းသော အလင်းရောင်များလည်း ရှိနေသေးသည်။

တစ်ဝက်တစ်ပျက် တာအိုဂြိုဟ်ကိုးလုံးဆီမှ ထိုကဲ့သို့ ထွက်ပေါ်လာသည့် စွမ်းအားများကြောင့် ချုံးရိကျစ်၏ ကိုယ်ပွားများမှာ ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး နောက်သို့ ထွက်ပြေးဆုတ်ခွာသွားကြ၏။ ထို့နောက် ၎င်းတို့မှာ ပါးစပ်ထဲမှ သွေးများအန်ထွက်လာပြီး တစ်စစီ ကြေမွပျက်စီးသွားတော့သည်။ သို့သော် ချုံးရိကျစ်၏ ကျင့်ကြံခြင်းစွမ်းအားများမှာ နက်နဲသောကြောင့် သူ၏ နတ်ဘုရားစွမ်းရည် ပျက်စီးသွားလျှင်တောင် သူ၏ အသက်စွမ်းအားများမှာ အလွယ်တကူ ထိခိုက်သွားမည်မဟုတ်ပေ။ ထို့ကြောင့် သူ၏ ကိုယ်ပွားများ ပျက်စီးသွားသည်နှင့် ၎င်းတို့ထဲမှ သူ၏ အသက်စွမ်းအားများမှာ နောက်သို့ ဆုတ်ခွာသွားကြ၏။ ထို့နောက် ၎င်းတို့မှာ အဝေးသို့ ထွက်ပြေးဆုတ်ခွာသွားနေသည့် ချုံးရိကျစ်၏ ခန္ဓာကိုယ်အစစ်ဖြစ်သော ထက်ခြမ်းပိုင်းခံလိုက်ရသည့် ဘီလူးကြီးနှင့် တစ်သားတည်း ပြန်လည်ပေါင်းစည်းသွားတော့သည်။

ထို အသက်စွမ်းအားများ သူ၏ ခန္ဓာကိုယ်အစစ်နှင့် ပြန်လည်ပေါင်းစည်းသွားသည်နှင့် ဗြောင်းဆန်နေခဲ့သည့် သူ၏ အငွေ့အသက်များမှာ ချက်ချင်း ပြန်လည်တည်ငြိမ်သွား၏။ သို့သော် သူ၏ အငွေ့အသက်များမှာ အနည်းငယ် ဒဏ်ရာသွားခဲ့ဆဲပင်။ သူသည် နတ်ဆိုးဓား၏ လွတ်ကင်းရာသို့ ရောက်သွားသောအခါမှ အံ့ဩတုန်လှုပ်နေသည့် မျက်နှာအမူအရာဖြင့် ရပ်တန့်သွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ စိတ်ထဲတွင် ကျိတ်၍ ကျိန်ဆဲလိုက်သည်။

" ဘာမှ အစောပိုင်း ထာဝရကြယ်အဆင့် မဟုတ်ဘူး။ ပြီးတော့ သူက သုံးဆယ်ရာခိုင်နှုန်းပဲ ထုတ်သုံးထားရသေးတာလို့က ပြောသေးတယ်။ ခွေးမျိုး။ ငါ့ကို လာလိမ်နေတာပဲ "

ချုံးရိကျစ်မှာ စိတ်ထဲတွင် ကျိန်ဆဲနေပါသော်လည်း သူ၏ အမူအရာမှာမူ ချက်ချင်းဆိုသလိုပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ထို့အပြင် သူသည် မသိမသာပင် ပြုံးလိုက်သေးသည်။ သို့ဖြစ်ရာ သူ ယခုလို ပုံပျက်ဆင်းပျက်ဖြစ်နေရသည့် အနေအထားနှင့် သူ၏ ခန္ဓာကိုယ်အစစ်နှင့် ကိုယ်ပွားများ ပျက်စီးသွားရခြင်းမှာ သူ၏ စမ်းသပ်မှုတစ်ခုသာ ဖြစ်နေသည့် အလားပင်။

" စိတ်ဝင်စားစရာပဲ ဝမ်ပေါင်လဲ့။ မင်းက ငါ့ရဲ့ သွေးပူလေ့ကျင့်ခန်းကို ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုမှတော့ ငါ့ တိုက်ရည်ခိုက်ရည်စွမ်းအားရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို ထုတ်သုံးပြီး တကယ့် စွမ်းအားအစစ်အမှန်က ဘာလဲဆိုတာ ပြရတော့မှာပေါ့ "

" ချီးကို နှစ်ဆယ်ရာခိုင်နှုန်း။ ချီးကို သွေးပူလေ့ကျင့်ခန်းပါလား။ ပါးစပ်ထဲကနေတောင် သွေးတွေ တစ်ပွက်ပြီးတစ်ပွက် အန်ထွက်ပြီးသွားတာကို လေကျယ်နေသေးတယ် " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ လှောင်ပြောင်ရယ်မောလိုက်ပါသော်လည်း အပေါ်ယံတွင်မူ ဣန္ဒြေမပျက် ရှိနေဆဲပင်။

" ငါ မင်းကို အနိုင်မကျင့်တော့ပါဘူး။ အခု ငါ ထုတ်သုံးထားတဲ့ စွမ်းအား သုံးဆယ်ရာခိုင်နှုန်းထဲက နှစ်ဆယ်ရာခိုင်နှုန်းကို ပြန်သိမ်းပြီးတော့ ဆယ်ရာခိုင်နှုန်းနဲ့ပဲ မင်းကို ဖိနှိပ်ချုပ်တည်းပြမယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်လွှတ်လိုက်၏။

" အရှက်မရှိလိုက်တဲ့ကောင်။ ကြယ်မြေပုံကြီး တစ်ခုလုံး ပေါ်လာတာတောင်မှ သုံးဆယ်ရာခိုင်နှုန်းပဲ ထုတ်သုံးထားတာလို့က ပြောရဲသေးတယ်။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က မျက်နှာပြောင်လှပါလား " ချုံးရိကျစ်မှာမူ ဝမ်ပေါင်လဲ့အား စက်ဆုပ်ရွံရှာသွား၏။ ကြွားဝါပြောဆိုရသည့်အလုပ်မှာ မခက်ပေ။ ထို့ကြောင့်လည်း သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်လွှတ်ကာ တည်ကြည်စွာဆိုလိုက်ပြန်သည်။

" ဆယ်ရာခိုင်နှုန်း ဟုတ်လား။ ကောင်းပြီလေ။ ငါ မင်းရဲ့ နတိဘုရားစွမ်းရည်ကို ဖျက်ဆီးနိုင်ဖို့ ငါ့ စွမ်းအားတွေရဲ့ ငါးရာခိုင်နှုန်းကိုပဲ အသုံးပြုပါ့မယ် "

သတို့နှစ်ယောက်၏ အပြန်အလှန်ပြောစကားများကို ရှဲ့ဟေးရန်၊ ချန်ဟန်းနှင့် အခြားသူများအားလုံးမှာ အစအဆုံးကြားလိုက်ရ၏။ ထို့ကြောင့် သူတို့မှာ တုန်လှုပ်ချောက်ချားနေကြရသည့်တိုင်အောင် သူတို့နှစ်ယောက်၏ ပြောစကားများကြောင့် မျက်နှာအမူအရာများ အထူးအဆန်း ဖြစ်သွားကြဆဲပင်။

မြှောက်လုံးပင့်လုံးများ ပြောရသည်ကို အကျင့်ပါနေသည့် ချန်ဟန်းပင်လျှင် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားရ၏။ သူသည် ဘာပြောရမှန်း မသိတော့ပေ။ ရှဲ့ဟေးရန်မှာမူ ကြံရာမရဖြစ်နေသည့် အမူအရာဖြင့်သာ မျက်တောင် တဖျပ်ဖျပ် ခတ်နေသည်။

အခြား ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များမှာမူ နှုတ်ဆိတ်နေကြပါသော်လည်း နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ရောယှက်နေကြ၏။

" ဒီနှစ်ယောက်က... တိုက်ခိုက်နေတာမဟုတ်ဘဲ ဘယ်သူက ပိုပြီးတော့ မျက်နှာပြောင်လဲဆိုတာ ပြိုင်နေကြတာပဲ "

သူတို့အားလုံး ခံစားချက်မျိုးစုံရှုပ်ထွေးနေကြစဉ် ချုံးရိကျစ်မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သဖြင့် သူ၏ နောက်ရှိ ထာဝရကြယ်ကြီးမှာ နောက်ထပ်တစ်ကြိမ်ပြန်လည် ပေါ်ပေါက်လာသည်။ ယခုအကြိမ်တွင်မူ ၎င်းမှာ ပို၍ပင် ခံ့ညားထည်ဝါနေ၏။ ထို့အပြင် ၎င်းထဲတွင် ကမ္ဗည်းစာလုံးများ မရေမတွက်နိုင်လောက်အောင် ပေါ်ပေါက်လာသည်ကို မြင်နိုင်ပေသည်။ ထို ကမ္ဗည်းစာလုံးများမှာ မန္တန်အစီအရင်များ၏ စွမ်းအားများ ဖြစ်ကြ၏။

ကမ္ဗည်းစာလုံး တစ်လုံးချင်းစီတိုင်းတွင် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်အား ထိမိလိုက်ရုံနှင့် ချက်ချင်း ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်းရှိသော တမူထူးခြားသည့် စွမ်းအားများ ကိန်းအောင်းနေသည်။ ချုံးရိကျစ်မှာ ဝမ်ပေါင်လဲ့သည် စည်းမျဉ်းဥပဒေသ အမြောက်အမြား ပိုင်ဆိုင်ထားကြောင်း သိထားသလို ထို စည်းမျဉ်းဥပဒေသများမှာ မည်မျှအထိ အစွမ်းထက်ကာ ကြောက်စရာကောင်းကြောင်းကိုလည်း အာရုံခံမိနေ၏။ ထို့ကြောင့်လည်း သူသည် ဝမ်ပေါင်လဲ့ အကျွမ်းတဝင် ရှိနေသည့် စည်းမျဉ်းဥပဒေသများအား ရင်မဆိုင်လိုပေ။ သို့ဖြစ်ရာ သူသည် အဆုံးမရှိသော မန္တန်အစီအရင်များ၏ စွမ်းအားများကို အသုံးပြုကာ သူ၏ ပြိုင်ဘက်အား ဖိနှိပ်ချုပ်တည်းတော့မည် ဖြစ်သည်။

ထိုသို့ဖြင့် သူ သူ၏ လက်နှစ်ဖက်အား ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ နောက်တွင် ရှိနေသည့် ထာဝရကြယ်ကြီးထဲမှ မရေမတွက်နိုင်လောက်အောင်များပြားသော မန္တန်အစီအရင်များနှင့် ကမ္ဗည်းစာလုံးများ ပေါက်ကွဲထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့မှာ အာကာသကောင်းကင်ကြီးထဲ၌ ပြည့်နှက်သွားသည်။ ၎င်းတို့မှာ မန္တန်အစီအရင်ပင်လယ်ကြီးတစ်စင်းနှင့် တူပြီး ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့နှင့် သူ၏ ကိုယ်ပွားများကို ဝန်းရံကာ တိုက်ခိုက်လိုက်ကြတော့သည်။

" အသေးစားပညာရပ်၊ မန္တန်အစီအရင် သတ်ဖြတ်ခြင်း " မန္တန်အစီအရင်ပင်လယ်ကြီး အာကာသကောင်းကင်ကြီးထဲ၌ ပြည့်နှက်သွားပြီး ထစ်ချုန်းသံများနှင့်အတူ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်သွားနေစဉ် ချုံးရိကျစ်မှာ ဝမ်ပေါင်လဲ့ ကြားရအောင် ရေရွတ်လိုက်၏။ သို့ဖြစ်ရာ သူ အသုံးပြုလိုက်သည့် မန္တန်အစီအရင်ကြီးမှာ သူပိုင်ဆိုင်ထားသော ဝှက်ဖဲပေါင်း မြောက်မြားစွာထဲမှ အသေးစားတစ်ခုသာ ဖြစ်နေသည့်အလားပင်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွား၏။ သူသည် ချုံးရိကျစ်အား ရင်ထဲအသည်းထဲမှ ရွံရှာစက်ဆုပ်သွားရပါသော်လည်း မျက်လုံးများမှေးကာ တည်ကြည်မှုအပြည့်ဖြင့် ဆိုလိုက်ဆဲပင် " မင်း အရှက်ရော ရှိသေးရဲ့လားကွ "

" မန္တန်အစီအရင်တွေ ဟုတ်လား " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ခေါင်းယမ်းလိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်၍ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို လည်ပတ်သွားစေလိုက်သည်။ ထို့နောက် သူ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ နောက်တွင် ရှိနေသည့် ကြယ်မြေပုံကြီးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသွား၏။ သို့သော် ထိုအလင်းရောင်များအားလုံးမှာ ကြယ်မြေပုံကြီးထဲတွင် ရှိနေသည့် တာအိုထာဝရကြယ်အား ကူညီအားဖြည့်ပေးရန်သာ ဖြစ်သည်။

အလင်းရောင်များ ပို၍တောက်ပလာလေလေ အလယ်တွင်ရှိနေသည့် အာကာသတွင်းနက်ကြီးတစ်ခုနှင့် တူသော တာအိုထာဝရကြယ်ကြီးမှာ ပို၍ သိသာထင်ရှားလာလေလေ ဖြစ်သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲသွားပြီး တာအိုထာဝရကြယ်ထဲတွင် ရှိနေသည့် စည်းမျဉ်းဥပဒေသများမှာလည်း အသံအကျယ်ကြီးမြည်အောင် ထွက်ပေါ်လာတော့သည်။

" ငါ့ရဲ့ အသေးစားပညာရပ် သုံးထောင်ထဲက တစ်ခုဖြစ်တဲ့ စက္ကူအသွင်ပြောင်းလဲခြင်းပညာရပ် တစ်ခုတည်းနဲ့တင် မင်းကို ဖိနှိပ်ချုပ်တည်းပစ်လို့ရတယ် "

ရှဲ့ဟေးရန်၊ ချန်ဟန်းနှင့် တာအိုအစောင့်အရှောက်များမှာမူ နှုတ်ခမ်းများ တွန့်သွားကြပြန်သည်။ သူတို့မှာ ဟန်ဆောင်စကားများကို ဆက်မကြားလိုတော့ပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ စက္ကူစည်းမျဉ်းဥပဒေသမှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထိုအခါ တာအိုထာဝရကြယ် အပြင်ဘက်ရှိ ကြယ်အလင်းရောင်များအားလုံးမှာ အရင်ဆုံး ပြောင်းလဲသွား၏။ ၎င်းတို့မှာ စက္ကူရွက်များအဖြစ် ပြောင်းလဲသွားကြခြင်း ဖြစ်သည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ စွမ်းအားများကြောင့် ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြပြီး ချုံးရိကျစ်၏ မန္တန်အစီအရင်ပင်လယ်ကြီးအား ဝင်တိုက်သွားကြတော့သည်။

ထို့ကြောင့် ထစ်ချုန်းသံများမှာ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွား၏။ မန္တန်အစီအရင်ပင်လယ်ကြီးထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားသော ကမ္ဗည်းစာလုံးများမှာ စက္ကူစည်းမျဉ်းဥပဒေသ၏ လွှမ်းမိုးမှုအောက်သို့ ရောက်သွားသည့်ပုံပင်။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့မှာ စက္ကူအဆောင်လက်ဖွဲ့များအဖြစ် ပြောင်းလဲသွားကြ၏။

ထို့ကြောင့် အာကာသကောင်းကင်ကြီး တစ်ခုလုံးထဲတွင် မျက်စိတစ်ဆုံး ကျယ်ပြောနေသော စက္ကူပင်လယ်ကြီးတစ်စင်း ပေါ်ပေါက်လာတော့သည်။

ထို စက္ကူပင်လယ်ကြီး၏ အလယ်တွင် ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ရပ်နေ၏။ သူသည် ကတုန်ကယင်ဖြစ်နေသည့် သူ၏ ခန္ဓာကိုယ်အား အစွမ်းကုန်ကြိုးစား၍ ထိန်းချုပ်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်၏။ ထို့နောက် သူသည် အပေါ်ယံတွင် တည်ကြည်မှုအပြည့် ရှိနေပါသော်လည်း နှလုံးသားတစ်ခုလုံး ဗြောင်းဆန်နေပြီဖြစ်သည့် ချုံးရိကျစ်အား လက်ညှိုးထိုးကာ ဆိုလိုက်တော့သည်။

" ဖိနှိပ်ချုပ်တည်းစေ “

All Chapters