အမတမှော်ဝင်ပစ္စည်း ‘ထျန်းရှင်းပေတံ’
Vol. 79 Ch. 1104
အခန်း (၁၁၀၄) အမတမှော်ဝင်ပစ္စည်း ‘ထျန်းရှင်းပေတံ’
မည်သို့သောအရာက အစ်ကိုဖြစ်သူကို စိတ်ကသိကအောက်ဖြစ်အောင် လုပ်လိုက်ပါသနည်း။
မြေပြင်သခင်လေး ‘ချန်ချန်းဟွာ’ အတော်လေး အံ့အားသင့်သွားမိသည်။
ချန်ချန်းဟွာက မည်သည့်ရှင်းလင်းချက်မှမပေးဘဲ ပေါ့ပါးစွာ လုပ်ခုပ်တစ်ချက် တီးလိုက်သည်။
ရုတ်တရက်...
ချန်းဟွာတောင်ထွတ်တစ်ခုလုံး တုန်လှုပ်သွားသည်။
ရောင်စုံအလင်းတန်းများက ကောင်းကင်ထိတိုင်မြင့်တက်လာပြီး တောင်ထွတ်ပတ်ဝန်းကျင်မိုးမြေတစ်ခွင်လုံး တောက်ပထိန်လင်းသွားသည်။
ကြီးမားကျယ်ပြန့်ပြီး ခမ်းနားသော ရောင်ဝါတစ်ခု မြင့်တက်ထွက်ပေါ်လာသည်။
ဒါကိုမြင်တော့ ချန်ခွန်းဟွာ အလွန်အမင်း အံ့အားသင့်သွားပြီး...
“အစ်ကိုကြီး... ထျန်းရှင်းပေတံကို ပြန်ယူနေတာလား”
အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ဆိုသည်က လောကပထမ သိုင်းသူတော်စင် ဖြစ်သည်။
အထက်ရပ်ထိပ်တန်းအရှင်သခင်ဖြစ်လာပြီးနောက်ပိုင်း သူက ပြင်ပအရာဝတ္ထုများကို အားမကိုးဘဲ ကိုယ်ပိုင်အစွမ်းအစဖြင့်သာ အခြားသော သိုင်းကျင့်ကြံသူများကို အနိုင်ယူခဲ့သည်။
နတ်ဘုရားတံခါးကို ဖွင့်လှစ်ထားသည့် အစစ်အမှန် နတ်ဘုရားများသည်ကို သူ့ကို အနိုင်ယူနိုင်မည်ဟု သေချာပေါက် ယုံကြည်ချက် မရှိကြပေ။
ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးက ချန်ချန်းဟွာအတွက် ဘယ်သောအခါမှ အခက်တွေ့စေမည် မဟုတ်ပေ။
ဤနှစ်များအတွင်း အထက်ရပ်ထိပ်တန်းအရှင်သခင် တန်ခိုးစွမ်းအားကြီးမားကြောင်း သိရှိကြသည့်တိုင် မည်မျှတန်ခိုးစွမ်းအားမြင့်မားကြောင့် အတိအကျ မသိနိုင်ကြပေ။
ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးသာ သူ့ကို မတိုက်ခိုက်ပါက အထက်ဘုံကမ္ဘာတစ်ခုလုံးက သူ၏ တန်ခိုးစွမ်းအားအစစ်အမှန်ကို သိရှိကြမည် မဟုတ်ပေ။
ထို့ကြောင့် ဤ အထက်ရပ်ထိပ်တန်းအရှင်သခင်တွင် ‘အမတမှော်ဝင်ပစ္စည်း’ တစ်ခု ပိုင်ဆိုင်ထားသည်ကိုလည်း မည်သူမှ မသိရှိခဲ့ကြပေ။
ချန်းဟွာတောင်ထွတ်အောက်မှ ရောင်စုံအလင်းတန်းများ လွှမ်းခြုံနေသည့် ရှည်လျားသောကြေးနီပေတံတစ်ချောင်း ချန်ချန်းဟွာရှေ့သို့ ရောက်ရှိလာသည်။
အမတမှော်ဝင်ပစ္စည်း “ထျန်းရှင်းပေတံ”။
အချို့သောဧကရာဇ်များသည်ပင် ပိုင်ဆိုင်ခွင့်မရှိသော ရတနာပစ္စည်းတစ်ခုက သိုင်းသူတော်စင်တစ်ယောက်၏လက်ထဲတွင် ထွက်ပေါ်လာသည်။
ချန်ချန်းဟွာက အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ကြေးနီပေတံကို သိမ်းဆည်းလိုက်သည်။
သူက...
“စစ်ထိုက်ရှန်းထျန်းအလံက ငါ့အတွက်အတားအဆီးဖြစ်သွားတယ် ၊ အဲဒီပစ္စည်းကြောင့်သာမဟုတ်ရင် ရန်ကျောက်ကဲက ပိုးသားဧကရာဇ်ကို ဘယ်လိုမျိုး နှစ်ပိုင်းခွဲလိုက်သလဲဆိုတာ ငါကိုယ်တိုင် တွေ့မြင်နိုင်မှာ”
သိုင်းကျင့်ကြံသူများ အသက်စွန့်ကာ တန်ဖိုးထားကြသည့် အမတမှော်ဝင်ပစ္စည်းတစ်ခုကို ချန်ချန်းဟွာကတော့ သိပ်ပြီး အရေးစိုက်ပုံမရပေ။
သူ၏စိတ်ပျော်ရွှင်စရာသာ မပျက်ဆီးခဲ့ဘူးဆိုလျှင် သူ့အတွင် ဤသို့သော အံ့ဖွယ်လက်နက်တစ်ခု ပိုင်ဆိုင်ထားကြောင်း သတိရမိမည်ပင် မဟုတ်ပေ။
ယခု ချန်ချန်းဟွာ အမတမှော်ဝင်ပစ္စည်းကို ပြန်လာယူသည်က လက်စားချေရန်လည်းမဟုတ်သလို ကျဆင်းသွားသော ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်ရန်လည်း မဟုတ်ပေ။
သူ ကြီးမားသည့်ဖျော်ဖြေပွဲကြီးများကြည့်ရှုရာတွင် ပွဲမပြီးခင် ကွင်းထဲမှထွက်သွားရသည့် အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားခြင်းအား တားဆီးရန် ဤပစ္စည်းကိုပြန်လာယူခြင်း ဖြစ်သည်။
အစ်ကိုဖြစ်သူ သိမ်းဆည်းလိုက်သော ကြေးနီပေတံရှည်အား ချန်ခွန်းဟွာ စူးစိုက်ကြည့်နေမိသည်။
သူက ချန်ချန်းဟွာ၏ ကျောက်ဂူအိမ်တော်တွင် နေထိုင်ခွင့်ရရှိပြီး ချန်ချန်းဟွာ၏ အခြားသောရတနာပစ္စည်းများစွာကိုလည်း အသုံးပြုနိုင်သလို ချန်ချန်းဟွာ၏ သြဇာလွှမ်းမိုးမှုနှင့် အဆက်အသွယ်များကိုလည်း အသုံးချပိုင်ခွင့် ရှိသည်။
သို့သော် သူ မပိုင်ဆိုင်နိုင်သော အချို့အရာများ ရှိနေဆဲပင်။
ကိုယ်တိုင်၏ တန်ခိုးစွမ်းအားမြင့်မားခြင်းဖြင့်လည်း ဤကိစ္စများက သက်ဆိုင်နေသည်။
စကြာဝဠာတစ်ခုလုံးမှ လောကများစွာကိုတိုင်းတာနိုင်သော ထိုကြေးနီပေတံက ဥပမာပင် ဖြစ်သည်။
ချန်ချန်းဟွာက သူ့ကို အသုံးမပြုရန် တားမြစ်ထားခြင်း မဟုတ်ပေ။ သူ၏ကျင့်ကြံခြင်းအဆင့်နိမ့်မားသည့်အတွက် ထျန်းရှင်းပေတံကို ထိန်းချုပ်ရန် စွမ်းအား မလုံလောက်သေးခြင်း ဖြစ်သည်။
ဤသည်က အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်လေရာ သေမျိုးလူသားကျင့်ကြံသူများတွင် ဘယ်နှစ်ယောက်က ထိန်းချုပ်နိုင်စွမ်း ရှိနိုင်ပါမည်နည်း။
ချန်ခွန်းဟွာ စိတ်ထဲမှသက်ပြင်းချရင်းပင် အစ်ကိုဖြစ်သူပြောသည့်စကားကို အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
“ပိုးသားဧကရာဇ် နှစ်ပိုင်းကွဲသွားတယ်... ဟုတ်လား”
ချန်ချန်းဟွာ မျက်ဝန်းများ တောက်ပသွားပြီး...
“အမှန်ပဲ...”
သူက ဆက်ပြောသည်။
“အဲဒါ ရန်ကျောက်ကဲ လက်ချက်ပဲ ၊ သူလုပ်လို့ ပိုးသားဧကရာဇ်ရဲ့ ဝိညာဉ်က လုံးဝ နှစ်ပိုင်းကွဲထွက်သွားတာ ၊ ပြီးတော့ ငရဲကိုးထပ်က နတ်ဆိုးချီစွမ်းအားတွေကို သန့်စင်ပြီး ရုပ်ခန္ဓာအသစ် (၂)ခု ပြန်လည်ဖြစ်တည်လာတယ် ၊ အခု ပိုးသားဧကရာဇ် (၂)ယောက် ဖြစ်နေပြီ ၊ တစ်ယောက်က ခံစားချက်ရှိတဲ့လမ်းစဉ်ကိုလိုက်ပြီး တစ်ယောက်က ခံစားချက်ကင်းမဲ့တဲ့လမ်းစဉ်ကို လိုက်တယ်”
“ဒီကိစ္စက ငါ့ခန့်မှန်းချက်နဲ့ လုံးဝ လွဲသွားတာပဲ ၊ ရန်ကျောက်ကဲဆိုတဲ့ကောင်က တကယ် စိတ်ဝင်စားစရာကောင်းတယ် ၊ ပိုးသားဧကရာဇ် ရူးသွားတာတောင်မှ သူနဲ့မယှဉ်နိုင်ခဲ့ဘူး”
ပြောပြီးသည်နှင့် အထက်ရပ်ထိပ်တန်းအရှင်သခင်က အလွန်စိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ဖြင့်...
“ကျစ်... ငါကိုယ်တိုင် အဲဒါကိုမမြင်လိုက်ရတာ နာတာပဲ ၊ နောက်ပိုင်းကိစ္စတွေကို ခန့်မှန်းကြည့်ရုံပဲ တတ်နိုင်ခဲ့တယ် ၊ တွေးမိတာနဲ့ စိတ်ထဲအောင့်သက်သက် ဖြစ်ရတယ်”
မြေပြင်သခင်လေး’ချန်ခွန်းဟွာ’ က...
“အဲဒီ ‘ရန်ကျောက်ကဲ’ က ထူးဆန်းပြီး ပုံမှန်မဟုတ်တာတော့ အမှန်ပဲ”
သူက ဆက်ပြောသည်။
“သူ့နောက်ခံကို ဒီ့ထက်ပိုပြီး အသေးစိတ်သိရအောင် စုံစမ်းလို့မရဘူးလား အစ်ကိုကြီး...”
ချန်ချန်းဟွာက ရိုးရှင်းစွာဖြင့်...
“ငါ ရှာလို့မရဘူး...”
ထိုစကားကိုကြားတော့ ချန်ခွန်းဟွာမှာ ပိုးသားဧကရာဇ်နှစ်ပိုင်းကွဲသည့်ကိစ္စ ကြားရစဉ်ကထက်ပင် အံ့အားသင့်သွားရသည်။
အတန်ကြာတော့မှ ချန်ခွန်းဟွာ၏မျက်နှာအမူအရာက အရင်ကနှင့်မတူညီစွာ တည်ကြည်လေးနက်သွားပြီး အစ်ကိုဖြစ်သူကို လှမ်းကြည့်လိုက်သည်။
“အစ်ကိုကြီးက သူ့အကြောင်း အရမ်းမြန်မြန် မသိချင်သေးလို့ မလုပ်သေးတာလား ၊ ဒါမှမဟုတ် သူ့ရဲ့ နောက်ခံကို တကယ်မသိနိုင်တာလား”
ချန်ချန်းဟွာက ပျင်းရိပျင်းတွဲပုံစံဖြင့်...
“ငါ တကယ် အဖြေရှာလို့မရတာလို့ ပြောပြီးသွားပြီလေ...”
ထို့နောက် သူ၏မျက်ဝန်းများ တောက်ပသွားပြီး စိတ်လှုပ်ရှားမှုအပြည့်ဖြင့်...
“အဲဒါကြောင့် ဒီ ရန်ကျောက်ကဲက အရမ်းအံ့သြစရာကောင်းတယ်လို့ ပြောတာပေါ့ ၊ ငါ့စိတ်ထဲ ပျော်လွန်းလို့ ရင်တောင်ခုန်နေတယ်”
ထိုစကားကြားတော့ ချန်ခွန်းဟွာ ထပ်ပြီး အံ့အားသင့်သွားရပြန်သည်။
ဤ ခရမ်းရောင်ဝတ်လူငယ်က သူ၏အစ်ကိုရင်း ဖြစ်သည်။ ထူးဆန်းပြီး သိမ်မွေ့ဟန်ရှိသည့်တိုင် အလွန်တရာ ကြောက်စရာကောင်းသူလည်း ဖြစ်၏။
ထိုလူငယ်အကြောင်း ချန်ခွန်းဟွာက အခြားသူများထက်ပိုပြီး သိရှိထားသည်ပင်။
ဤ ခရမ်းရောင်ဝတ်လူငယ်က အကြောင်းအရာများစွာကို လုံးဝ အရေးစိုက်တတ်သူ မဟုတ်ပေ။
အကြောင်းမှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သို့ဖြစ်လာမည်ကို နားလည်သဘောပေါက်နေသောကြောင့် ဖြစ်၏။
ရှေးယခင် ချန်ချန်းဟွာ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးစဉ်အချိန်များတုန်းက သူ၏ခန့်မှန်းချက်များတွင် သွေဖယ်မှု အနည်းငယ် ရှိခဲ့ဖူးသည်။ သို့တိုင် နောင်တစ်ချိန်တွင်ဖြစ်လာမည့်အရာများကို အကြောင်းတရားနှင့် အကျိုးတရားထင်ရှားစွာ အနီးစပ်ဆုံး ခန့်မှန်းနိုင်ခဲ့သည်ပင်။
အထူးသဖြင့် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများအပေါ် ခန့်မှန်းရာတွင် ချန်ချန်းဟွာ မသိသော လျှို့ဝှက်ချက်ဆို၍ မရှိသလောက် နည်းပါးသည်။
ဟုတ်ပေ၏။
ဤသို့ ပြုလုပ်ရသည့်ကိစ္စများက တက်ကြွစွာ သတင်းရယူရန် လိုအပ်ပြီး အေးအေးဆေးဆေး ပြုလုပ်ရသည့်ကိစ္စမျိုး မဟုတ်ပေ။
အထက်ရပ်ထိပ်တန်းအရှင်သခင်က ကျယ်ပြန့်သောအသိပညာရှိပြီး မရေမတွက်နိုင်သော ရတနာပစ္စည်းများနှင့် သိုင်းကျမ်းများကို ပိုင်ဆိုင်ထားသည်။
‘ထျန်းရှင်းပေတံ’ ကဲ့သို့ အမတမှော်ဝင်ပစ္စည်းတစ်ခုကိုပင် ပိုင်ဆိုင်ထားသည်မှာ အကြောင်းပြချက်မရှိသည့် ကိစ္စတစ်ခု မဟုတ်ပေ။
ဤသို့ဖြစ်ရသည့် အဓိကအကြောင်းရင်းကတော့ ချန်ချန်းဟွာက သူစိတ်ဝင်စားသည်များကိုရှာဖွေရင်း အခြားသူများမသိသော လျှို့ဝှက်ချက်များကိုပါ ဖမ်းဆုပ်နိုင်ခဲ့သောကြောင့် ဖြစ်၏။
တခါတရံ မျှော်လင့်မထားသော အဖြစ်အပျက်များရှိသော်လည်း အလွန်ရှားပါးသောကိစ္စများ ဖြစ်သည်။
အထက်ရပ်ထိပ်တန်းအရှင်သခင်က သူ၏လှုပ်ရှားမှုများကို ကျဘမ်းလှုပ်ရှားခဲ့သဖြင့် အခြားသူများ ရိပ်မိသိရှိရန် ခက်ခဲသည်။
သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ ပိုမိုမြင့်မားသောအဆင့်ရှိသည့် အကြောင်းအရာများနှင့် ထိတွေ့ဆက်ဆံနိုင်ခဲ့သည်။
ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် ရန်ကျောက်ကဲအား ကိုယ်တိုင်တွေ့ဆုံခဲ့သော မြေပြင်သခင်လေး ‘ချန်ခွန်းဟွာ’ အနေဖြင့် ထိုလူငယ်၏တန်ခိုးစွမ်းအားကို လုံးဝ သံသယမရှိခဲ့ပေ။
သို့သော် ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်က ချန်ချန်းဟွာထက် များစွာ နိမ့်ပါးလေသည်။
ယခု ချန်ချန်းဟွာက ရန်ကျောက်ကဲ၏ဇာစ်မြစ်ကို မသိမြင်နိုင်ဟု ဝန်ခံခဲ့လေရာ ချန်ခွန်းဟွာ မည်သို့ မထိတ်လန့်ဘဲ နေပါမည်နည်း။
ချန်ချန်းဟွာက သူ့ထက်ကျင့်ကြံခြင်းအဆင့်မြင့်မားသော အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သည့် ပိုးသားဧကရာဇ်နှင့်ပတ်သက်သောကိစ္စများကိုပင် ကြည့်မြင်နိုင်ခဲ့သည်။ သို့သော် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ရန်ကျောက်ကဲကိုတော့ ကြည့်မြင်နိုင်ခြင်း မရှိခဲ့ပေ။
ချန်ချန်းဟွာက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း...
“ဝါဒတောင်ဖွင့်ပွဲအခမ်းအနားမှာကတည်းက အဲဒီ ရန်ကျောက်ကဲက ထူးဆန်းတယ်လို့ ခံစားမိတာ ၊ ရန်တိမှာလည်း ထိုက်ယိဟွာတိမ်တိုက်ရှိနေတော့ သူတို့နှစ်ယောက်လုံးကို ပစ်မှတ်ထားလို့ မရခဲ့ဘူး”
သူက ဆက်ပြောသည်။
“အဲဒါကြောင့် ရန်တိရဲ့ဆရာ ယွမ်ကျန်းဖုန်းကိုပဲ စိတ်စေရာစည်းတံဆိပ်အသုံးပြုပြီး ကိစ္စတချို့သိအောင် ကြိုးစားခဲ့ရတယ်”
ချန်ခွန်းဟွာက အစ်ကိုဖြစ်သူ အထက်ရပ်ထိပ်တန်းအရှင်သခင်လောက် သိုင်းပညာရပ်များ ကျယ်ကျယ်ပြန့်ပြန့် မကျွမ်းကျင်သော်လည်း ထိပ်တန်းသိုင်းပညာအတော်များများကို တတ်မြောက်သူ ဖြစ်၏။
သူ ယခုကဲ့သို့ သိုင်းပညာများစွာ တတ်မြောက်ရသည်မှာလည်း အစ်ကိုဖြစ်သူ၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။
သို့သော် မြေပြင်သခင်လေး ‘ချန်ခွန်းဟွာ’ အကျွမ်းကျင်ဆုံး သိုင်းပညာမှာ ယွိချင်အဆက်အနွယ် ၊ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်မှ “စိတ်စေရာကောင်းကင်ကျမ်းစာ’ ဖြစ်သည်ကိုတော့ လူအနည်းငယ်သာလျှင် သိရှိကြသည်။
နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်တွင် ‘စိတ်စေရာကောင်းကင်ကျမ်းစာ’ က စွမ်းအားအကြီးမားဆုံးဖြစ်ကြောင်း ချန်ခွန်းဟွာက နားလည်ခဲ့သည်။ ထို့ကြောင့် ထိုပညာရပ်ကိုကျင့်ကြံရန် သူက လုံ့လစိုက်ထုတ်ပြီး အားထုတ်မှုများစွာ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် ချန်ခွန်းဟွာက စိတ်စေရာ စည်းတံဆိပ်ကိုအသုံးပြုကာ တစ်ဖက်သား၏ စိတ်ဝိညာဉ်အတက်အကျများကို ဆုပ်ကိုင်နိုင်စွမ်း ရှိခဲ့သည်။
လူတို့၏ အတိတ်အမှတ်တရများကို ကြည့်ရှုနိုင်ခြင်းမရှိသော်လည်း သူနှင့် ကျင့်ကြံခြင်းအဆင့်တူသူ ၊ သို့မဟုတ် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများကို လုံးဝ သတိမထားမိခင်မှာပင် ရာနှုန်းပြည့် သူတို့စိတ်ထဲမှ အကြောင်းအရာများကို ဖတ်နိုင်မည် ဖြစ်၏။
ချန်ခွန်းဟွာက...
“အဲဒီမှာ ကျွန်တော် သတိထားမိတာတစ်ခုက... သူတို့ဂိုဏ်းထဲမှာ အရမ်းထူးခြားတဲ့ မိန်းကလေးတပည့်တစ်ယောက် ရှိနေတယ် ၊ သူနဲ့ ရုပ်ချင်းဆင်တဲ့သူတွေလည်း အများကြီးပဲ ၊ သွေးသားရင်းချာတွေ မဟုတ်ကြပေမယ့် သူတို့ရုပ်သွင်နဲ့ ပင်ကိုယ်စွမ်းအားတွေက သိပ်မကွာကြဘူး...”
သူ့စကားမဆုံးခင် ချန်ချန်းဟွာက ရွံလျှာဟန်ဖြင့် ကြားဖြတ်ပြောလိုက်သည်။
“ဖန်တရာတေနေတဲ့ကိစ္စတွေကို ငါ ဘယ်လောက်မုန်းတယ်ဆိုတာ မင်းသိသားနဲ့...”
ချန်ခွန်းဟွာ ခေါင်းညိတ်လိုက်ပြီး စကားဆက်မပြောတော့ပေ။
ချန်ချန်းဟွာက...
“အဲဒီကိစ္စမင်းစိတ်ဝင်စားတယ်ဆိုရင် မင်းကိုယ်တိုင်လှုပ်ရှားပေါ့”
ထို့နောက် ချန်ချန်းဟွာက ကျောက်ဂူအိမ်တော်အပြင်သို့ထွက်ရန် ဟန်ပြင်လိုက်တော့ ချန်ခွန်းဟွာက မေးမြန်းလိုက်သည်။
“အခု ဘယ်သွားမလို့လဲ အစ်ကိုကြီး...”
ခရမ်းရောင်ဝတ်ဆင်ထားသည့်လူငယ် ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ပျော်ရွှင်စွာ ပြုံးရယ်လိုက်ရင်း...
“အခုလို စိတ်ဝင်စားစရာကိစ္စတစ်ခုနဲ့ ကြုံတွေ့ဖို့က ဘဝမှာ ဘယ်လောက်တောင် ရှားပါးလိုက်သလဲ ၊ ငါ တတ်နိုင်သမျှ အပျော်ရှာရမှာပေါ့”