← Chapters

စန့်ချင်အဆက်အနွယ်မှအကြီးအကဲများနှင့်ပထမဆုံးအကြိမ်တွေ့ဆုံခြင်း

Vol. 79 Ch. 1105

စန့်ချင်အဆက်အနွယ်မှအကြီးအကဲများနှင့်ပထမဆုံးအကြိမ်တွေ့ဆုံခြင်း

Vol. 79 Ch. 1105

အခန်း (၁၁၀၅) စန့်ချင်အဆက်အနွယ်မှအကြီးအကဲများနှင့်ပထမဆုံးအကြိမ်တွေ့ဆုံခြင်း

ရန်ကျောက်ကဲကတော့ အထက်ရပ်ထိပ်တန်းအရှင်သခင်ကို ခန့်မှန်းနေရန် အချိန်မရှိပေ။

ယခုပင် ချန်ချန်းဟွာနှင့် တန်းတူကျော်ကြားပြီး ချန်ချန်းဟွာထက်ပင် သာလွန်သူတစ်ယောက်ဖြစ်နိုင်သော လူတစ်ယောက်နှင့် တွေ့ဆုံရတော့မည် မဟုတ်ပါလား။

“လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာက ရှောင်ကျန့်နတ်ဓားရှင် ၊ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ကောင်းကင်သခင်လေး”

ကောင်းကင်သခင်လေးက ယခု အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ဖြစ်လာပြီး ရှောင်ကျန့်နတ်ဓားရှင်ကတော့ ယခု ရန်ကျောက်ကဲနှင့် တွေ့ဆုံရတော့မည် ဖြစ်သည်။

‘လုန်ရွှယ်ကျီး’ က ‘ချန်ရွှယ်ကျီး’ အမည်ဖြင့် အထက်ဘုံကမ္ဘာတွင် တစ်ချိန်က ထင်ရှားကျော်ကြားခဲ့သူ ဖြစ်သည်။

သူက အထက်ဘုံကမ္ဘာတွင် ခဏမျှသာထွက်ပေါ်လာခဲ့ပြီး လျှင်မြန်စွာပျောက်ကွယ်သွားခဲ့သော်လည်း သူ၏ တန်ခိုးစွမ်းအားကို အားလုံးက အသိအမှတ်ပြုနေကြဆဲပင်။

အမှန်တော့ သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့၏ တတိယမြောက်သားလည်းဖြစ် ၊ အငယ်ဆုံးသားလည်းဖြစ်ပြီး အထက်ဘုံကမ္ဘာတွင် စံပြသတ်မှတ်ခံရသူတစ်ယောက် ဖြစ်၏။

လုန်ရွှယ်ကျီးပြီးသည့်နောက် ချန်ချန်းဟွာနှင့် နျဲ့ကျင်းရှန်တို့ကဲ့သို့ လူငယ် ပါရမီရှင်များ ထွက်ပေါ်လာခဲ့ပြီး ယခု ရန်ကျောက်ကဲနှင့် ရန်တိတို့သည်လည်း ပါရမီရှင်များကြားမှ ပါရမီရှင်အဖြစ် ချီးကျူးခံကြရသည်။

သူတို့အားလုံးက မျက်ဆက်တစ်ခုအထိ ဒဏ္ဍာရီပမာဖြစ်လာမည်မှာ သေချာသည်။

သူတို့နောက်မှာတော့ အရည်အချင်းရှိပြီး ထက်မြက်လှပသော ‘ဖုထင်’ တို့ကဲ့သို့ ကျင့်ကြံသူများ ရှိနေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အမတခုံရုံးနယ်မြေတွင် ရန်ကျောက်ကဲက လုန်ရွှယ်ကျီးနှင့် တွေ့ဆုံခဲ့သော်လည်း အမြန်လမ်းခွဲခဲ့ကြသည်ဖြစ်ရာ နှုတ်ဆက်ချိန်ပင် မရှိခဲ့ပေ။

ယခု လုန်ရွှယ်ကျီးက အရင်ကအတိုင်းပင် နှင်းပွင့်ပမာဖြူစင်သောဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် ကျောက်စိမ်းသရဖူဆောင်းနှင်းထားသည်။ သူ့ရုပ်သွင်က (၁၆)နှစ်ခန့်မျှသာရှိသော လူငယ်လေးပမာပင်။

သူ၏ စွမ်းအားရောင်ဝါက လုန်ဟန့်ဟွာထက် များစွာပိုမိုပြီး စူးရှထက်မြက်သည်။ သူ့ရုပ်သွင်မှာလည်း ရန်ကျောက်ကဲဘေးနားမှ လုန်ဟန့်ဟွာထက်ပင် များစွာ ငယ်ရွယ်နေသည်။

သို့သော် အသက်အရွယ်အမှန်အရဆိုလျှင် လုန်ရွှယ်ကျီးက အသက် (၂၀၀)ကျော်နေပြီ ဖြစ်၏။

ဟိုစဉ်အချိန်က သူ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားသည့်အခါ အထက်ဘုံကမ္ဘာမှ ထွက်ခွာလာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ပြန်ခဲ့သည်။

ထို့နောက် အိမ်ထောင်ပြု သားသမီးယူခဲ့ပြီး လုန်ဟန့်ဟွာ အရွယ်ရောက်သည့်အခါ ‘လင်ဟန့်ဟွာ’ ဟု အမည်ပြောင်းလဲပြီး သူ့နေရာတွင် အစားထိုးကာ အထက်ဘုံကမ္ဘာသို့ သွားရောက်နေထိုင်ခဲ့၏။

လုန်ရွှယ်ကျီးအပြင် သူနှင့် ဘေးချင်းယှဉ်ရပ်နေသည့် ဆံပင်ဖြူဖြူအဘိုးအိုတစ်ယောက်လည်း ရှိနေသည်။

အပြင်ပန်း အသွင်အပြင်အရ လူအိုကြီးတစ်ယောက်နှင့် လူငယ်လေးတစ်ယောက်ဟု ထင်မှတ်ရသော်လည်း အမှန်တော့ ညီအစ်ကိုရင်းများ ဖြစ်ကြသည်။

ဆံပင်ဖြူအဘိုးအိုမှာ ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့၏ အကြီးဆုံးသားတော် ၊ လုန်ရွှယ်ကျီး၏ အစ်ကိုကြီး ‘ကောင်းရွှယ်ပေါ်’ ပင် ဖြစ်သည်။

သူ ကောင်းချင်၏အဘိုးဖြစ်ပြီး ချင်းဖိန်တောင် ၊ ရှောက်ပိုင်တောင်ထွတ်၏ အရှင်သခင်လည်း ဖြစ်၏။ စွန်းကျုန်းတာ့နှင့် အခြားသူများက သူ၏အဆက်အနွယ်မှ ဒုတိယမျိုးဆက် တပည့်များ ဖြစ်ကြသည်။

ရန်ကျောက်ကဲ ပြုံးလျှက်နှုတ်ဆက်ရင်း သူတို့နှစ်ယောက်အား ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ဆရာဦးလေး’ကောင်း’ ၊ ဆရာဦးလေး’လုန်’...”

သူ့ကိုကြည့်ပြီး ကောင်းရွှယ်ပေါ်ရော လုန်ရွှယ်ကျီးပါ နှုတ်ခမ်းများထက် ပြုံးရိပ်သမ်းသွားကြသည်။

နှစ်ယောက်လုံးက ခေါင်းညိတ်ရင်း...

“ရပါတယ်... ဒီလောက်မလိုပါဘူး...”

ရန်ကျောက်ကဲက လုန်ရွှယ်ကျီးကို ထပ်မံဂါရဝပြုရင်း...

“ဆရာဦးလေး’လုန်’... ၊ အရင်တစ်ခေါက် ဆုံလိုက်ရပေမယ့် စကားကောင်းကောင်း မပြောလိုက်ရဘူး ၊ ဒီနေ့မှ တရားဝင် လာရောက်လည်ပတ်နိုင်တဲ့အတွက် အားနာမိပါတယ်”

အတန်ကြာတိတ်ဆိတ်နေပြီးမှ သူက ဂုဏ်ပြုစကားဆိုလိုက်သည်။

“ပြီးတော့နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီး အစစ်အမှန်နတ်ဘုရားအဆင့်ကို တက်ရောက်သွားတဲ့အတွက် ဆရာဦးလေး’လုန်’ကို ဂုဏ်ပြုပါတယ်”

သူ့အရှေ့မှ လုန်ရွှယ်ကျီးက နတ်ဘုရားလူသားကပ်ဘေးကို အံ့အားသင့်ဖွယ် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။

လွန်ခဲ့သောနှစ်အနည်းငယ်က လူသားအထွတ်ထိပ်အဆင့် ဖြစ်သော်လည်း ယခုတော့ ချောက်နက်ကြီးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပေပြီ။

အသက်အရွယ်အရ ကြည့်မည်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)အတွင်း အသက်အငယ်ဆုံး အစစ်အမှန်နတ်ဘုရားဟု ဆိုနိုင်သည်။

လုန်ရွှယ်ကျီးက သူ့အစ်ကို ကောင်းရွှယ်ပေါ်ထက် အသက်များစွာငယ်ရွယ်သည့်တိုင် ယခု နတ်ဘုရားအဆင့်သို့ အောင်မြင်စွာ ခြေလှမ်းနိုင်ခဲ့ကာ လုံးဝ မတူခြားနားသည့် ကမ္ဘာသစ်တစ်ခုဆီသို့ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့ ညီအစ်ကိုနှစ်ယောက်ကိုကြည့်ရင်း ရန်ကျောက်ကဲ စိတ်ထဲမှ တွေးလိုက်မိသည်။

“ဆရာဦးလေး’ကောင်း’ က မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်လောက် အသက်မကြီးသေးဘူး ၊ ဒါပေမဲ့ ငါ သိသလောက် သူက အရမ်းလည်း မငယ်တော့ဘူး ၊ ဘာလို့ နတ်ဘုရားအဆင့် မတက်လှမ်းနိုင်သေးတာလဲ ၊ သူလည်း မြေကမ္ဘာထိပ်တန်းအရှင်သခင်လိုပဲ ဖြစ်သွားတာလား မသိဘူး”

စိတ်ထဲက ထိုသို့တွေးပြီး အပြင်မှာတော့ ရန်ကျောက်ကဲက...

“ကျွန်တော် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို လာလည်ဖို့ ရည်ရွယ်ထားပေမယ့် တစ်ခါမှ အထမမြောက်ခဲ့ဘူး ၊ ဒီတစ်ခေါက်တော့ တိုက်ဆိုင်တာရော ကံကောင်းတာရောကြောင့် အခုလို ရောက်လာနိုင်တာ ဝမ်းသာမိပါတယ်”

သူက ဆက်ပြောသည်။

“အဖေကလည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုလာဖို့ အမြဲတွေးနေတာ ၊ အခု လမ်းသိသွားပြီဆိုတော့ ပြန်ရောက်တာနဲ့ အဖေ့ကိုလည်း အမြန်ဆုံးလာဖို့ ပြောလိုက်ပါ့မယ်”

ရန်ကျောက်ကဲ စကားကိုနားထောင်ပြီးနောက် ကောင်းရွှယ်ပေါ်က သိမ်မွေ့စွာ ခေါင်းခါယမ်းလိုက်သည်။

“မင်းအဖေကို မတွေ့ဖူးပေမယ့် သိနေတာကြာပါပြီ ၊ မကြာခင် ပြန်ဆုံဖို့ မျှော်လင့်မိပါတယ် ၊ ဒါပေမဲ့ အလျင်စလိုတော့မလုပ်နဲ့ ၊ အခု အထက်ဘုံကမ္ဘာနဲ့ ငါတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဆက်ဆံရေး သိပ်မကောင်းတော့ မင်းတို့တွေလည်း သတိထားရမယ့်အရာတွေ ရှိတယ်”

ရန်ကျောက်ကဲက...

“ဆရာဦးလေးနှစ်ယောက်... နားလည်ပေးတာ ကျေးဇူးတင်ပါတယ်”

“ဒါနဲ့ စောစောက ဂိုဏ်းတူအစ်ကို’လုန်’ ပြောတာ... ဆရာဘိုးဘိုးလုန်ချွမ်ဧကရာဇ်ရော ၊ ဆရာဘွားဘွား ရွှမ်ဟွမ်ဧကရီရော နှစ်ယောက်လုံး တံခါးပိတ်ကျင့်ကြံနေကြတယ်ဆို...”

ကောင်းရွှယ်ပေါ်က...

“အမှန်ပဲ”

သူက ဆက်ပြောသည်။

“မင်းလာတာ ကံမစပ်ဘူးဖြစ်သွားတယ် ၊ အဖေက မကြာသေးခင်ကပဲ တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်လိုက်တာ ၊ အမေကတော့ နှစ်တွေအရမ်းကြာနေပြီ”

ရန်ကျောက်ကဲက ပြုံးရင်း...

“ကိစ္စမရှိပါဘူး ၊ နောက်တစ်ခေါက်မှ အဖေနဲ့အတူ ထပ်လာခဲ့တော့မယ် ၊ အဲဒီကျရင်တော့ ဧကရာဇ်မင်းတို့နှစ်ပါးလုံး တံခါးပိတ်ကျင့်ကြံရာက ထွက်လာလောက်ပါပြီ”

သူတို့အားလုံး ပျော်ရွှင်စွာပင် စကားစမြည် ပြောဆိုလိုက်ကြသည်။

ကောင်းရွှယ်ပေါ်က တိကျပြီး တည်ကြည်သူ ဖြစ်သည်။ လုန်ရွှယ်ကျီးကတော့ အေးစက်တည်ကြည်ပြီး လွတ်လပ်ပေါ့ပါးသည်။

သို့သော် ရန်ကျောက်ကဲနှင့် စကားပြောကြသည့်အခါ သူတို့အားလုံးက အလွန်နူးညံ့သိမ်မွေ့လှသည်။ ကောင်းရွှယ်ပေါ်က စကားပြောကောင်းသူဖြစ်ပြီး စကားနည်းသည့် လုန်ရွှယ်ကျီးသည်လည်း စိတ်မရှည်သည့် အရိပ်အယောင် အနည်းငယ်ပင် မပြသခဲ့ပေ။

အတိအကျပြောရလျှင် ရှေးလူကြီးများကြား ဆက်ဆံရေးကြောင့်သာ သူတို့၏ ယခုဆက်ဆံရေး ဖြစ်‌ပေါ်လာခြင်း ဖြစ်သည်။

သို့သော် ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့က ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ နှင့် သူ၏ ဇနီး ‘တိချင်းလျန်’ တို့နှင့် ယခင်က သိကျွမ်းဖူးကြသည် မဟုတ်ပေ။

သို့တိုင် သူတို့နှစ်ယောက်လုံးက ရန်ရှင်းထန်နှင့် တိချင်းလျန်ကို လေးစားကြသည်ဖြစ်ရာ ရန်ကျောက်ကဲနှင့် ရန်တိကိုလည်း အလွန်လေးစားကြသည်ပင်။

ရန်ကျောက်ကဲကလည်း စကားပြောကောင်းသူတစ်ယောက်ဖြစ်ပြီး အကြောင်းအရာမျိုးစုံကို ဦးဆောင်ပြောနိုင်သလို သူ့ဘေးတွင်လည်း လုန်ဟန့်ဟွာရှိနေသဖြင့် သက်သောင့်သက်သာ ရှိလှသည်။

ယခု သူနှင့် လုန်ဟန့်ဟွာတို့မှာလည်း ခင်မင်းရင်းစွဲရှိရာမှ ပိုမိုခိုင်မာသော ဆက်ဆံရေးကို လျှင်မြန်စွာ ထူထောင်နိုင်လာကြသည်။

ကောင်းရွှယ်ပေါ်က သူ့မုတ်ဆိတ်မွှေးများကိုသပ်ရင်း ပြုံးလျှက်...

“ဆိုတော့... မင်း နာမည်က အောက်ဘုံကမ္ဘာက ဆိုရိုးစကားတစ်ခုကနေ ဆင်းသက်လာတာပေါ့”

သူက ဆက်ပြောသည်။

“’ရန်ကျောက်’ ပြည်နယ်က ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ ကြေကွဲဖွယ်ကဗျာ... ၊ ရန်ကျောက်ကဲ... ရန်ကျောက်ကဲ... ၊ စိတ်ဝင်စားစရာကောင်းတဲ့ နာမည်ပဲ”

ရန်ကျောက်ကဲက လုန်ရွှယ်ကျီးနှင့် လုန်ဟန့်ဟွာကို လှည့်ကြည့်ရင်း...

“ပြောရရင်... ဂိုဏ်းတူအစ်ကို’လုန်’ ရဲ့ ‘ဟန့်ဟွာ’ ဆိုတဲ့နာမည်မှာလည်း အဓိပ္ပါယ် တစ်ခုခုတော့ ရှိရမယ်”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“အဲဒါက ခေတ်သစ်ဂန္ထဝင်ကျမ်းစာ (၅)စောင်ရဲ့ ကပ်ဘေး (၅)ခုက ‘လုန်ဟန့်’ ကို ရည်ရွယ်တာများလား”

စန့်ချင်အဆက်အနွယ်များက သူတို့၏ ဓားသိုင်းလမ်းစဉ်ကြောင့် နာမည်ကြီးကြသည်။

ယနေ့ခေတ်မှာတော့ လင်ပေါင်ဓားသိုင်း (၄)မျိုးဟုခေါ်သော နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးကိုသာ လူသိများကြတော့သည်။

သို့တိုင် စန့်ချင်အဆက်အနွယ်မျိုးရိုးတွင် ဓားသိုင်းမှတပါး အခြားသော ထိပ်တန်းသိုင်းပညာရပ်များ ရှိနေသေး၏။

လင်ပေါင်ဓားသိုင်း (၄)မျိုးအပြင် ခေတ်သစ်ကပ်ဘေး (၅)မျိုးမှ ဆင်းသက်လာသည့် ခေတ်သစ်ဂန္ထဝင်ကျမ်းစာ (၅)စောင်လည်း ရှိသေးသည်။

ထိုကပ်ဘေး (၅)ခုမှာ လုန်ဟန့် ၊ ချိမင် (သွေးနီရောင်ကပ်ဘေး) ၊ ခိုင်းဟွမ် ၊ စန့်ဟွမ်နှင့် ယန်ခန်း တို့ ဖြစ်သည်။

၎င်းတို့ကို တာအိုဝါဒ၏ ကပ်ဘေး (၅)မျိုး (သို့မဟုတ်) လုန်ဟန့် ကပ်ဘေး (၅)မျိုးဟုလည်း ခေါ်ဆိုသည်။

လုန်ရွှယ်ကျီးက သူ့သားကိုကြည့်ရင်း ပြုံးလျှက်...

“ကောင်းကင်ကိုးထပ်ဖွင့်လှစ်တယ် ၊ လုန်ဟန့်က ကြီးကျယ်ခမ်းနားမှုကို ထုတ်လွှတ်တယ်”

သူက ဆက်ပြောသည်။

“အဲဒီအချိန်တုန်းက အများကြီးစဉ်းစားမိတာ မရှိပါဘူး ၊ စိတ်ထဲပေါ်လာတာနဲ့ပဲ အဲဒီနာမည်ကိုပေးဖို့ ဆုံးဖြတ်လိုက်တာ”

ရန်ကျောက်ကဲ ပြုံးလိုက်စဉ် လုန်ဟန့်ဟွာကလည်း ပြုံးလိုက်ပြီး...

“မင်း ငါ့နာမည်ကို မရယ်ဘူးမဟုတ်လား ဂိုဏ်းတူညီလေး’ရန်’”

ရန်ကျောက်ကဲက ခေါင်းတွင်တွင်ခါယမ်းရင်း...

“မရယ်ပါဘူးဗျာ မရယ်ပါဘူး...”

သူတို့ ပျော်ပျော်ရွှင်ရွှင် စကားလက်ဆုံကျနေစဉ် ရန်ကျောက်ကဲက တစ်စုံတစ်ခု တွေးလိုက်မိပြီး...

“ဒါနဲ့... ကျွန်တော် မေးချင်တာလေး တစ်ခုရှိတယ် ၊ စိတ်မရှိဘူးဆိုရင်ပေါ့...”

လုန်ရွှယ်ကျီးက...

“မေးမှသာမေးပါ...”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ချက်ချင်းပင် မေးမြန်းလိုက်၏။

“အထက်ဘုံကမ္ဘာက ထိပ်တန်းအရှင်သခင်တွေရဲ့ ခေါင်းဆောင် ၊ အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ က အပြာရောင်ခရီးရှကောင်းကင်ဘုံနဲ့ တစ်ခုခုများပတ်သက်နေသလား”

ကောင်းရွှယ်ပေါ်က တည်ကြည်လေးနက်စွာဖြင့်...

“အထက်ရပ်ထိပ်တန်း ‘ချန်’ ရဲ့သတင်းကိုကြားဖူးနေတာ ကြာပါပြီ ၊ ဒါပေမဲ့ သူက ငါတို့ စန့်ချင်အဆက်အနွယ်တွေနဲ့ ဘာမှမပတ်သက်ပါဘူး”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဒါဖြင့် သူ အသုံးပြုတဲ့ ချိမင် (သွေးနီရောင်ကပ်ဘေးကျမ်းစာ) က မဟာကပ်ဘေးမတိုင်ခင်က စန့်ချင်အဆက်အနွယ်တွေရဲ့ အမွေအနှစ်နယ်မြေတွေကနေ ရရှိထားတာ ဖြစ်ရမယ်”

ထိုစကားကြားတော့ ကောင်းရွှယ်ပေါ်တို့အားလုံး အံ့အားသင့်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

“ဒီအကြောင်းကို ငါတို့တွေ ဒီနေ့မှ သိကြရတာ...”

ရန်ကျောက်ကဲက တွေးတွေးဆဆဖြင့်...

“ကျွန်တော်နဲ့ ကျွန်တော့်အဖေရဲ့ အခြေအနေက ထူးခြားမှုရှိလို့ ထားလိုက်ပါတော့ ၊ ဒီလူကတော့ စန့်ချင်အဆက်အနွယ် သိုင်းပညာရပ်ကို တတ်ကျွမ်းနေပါလျှက် အထက်ဘုံကမ္ဘာမှာ ပွင့်ပွင့်လင်းလင်း ရပ်တည်နေတဲ့ လူတစ်ယောက်ပဲ”

ထိုစကားကြားတော့ လုန်ဟန့်ဟွာက မျက်ခုံးတစ်ချက်ပင့်ရင်း...

“ဘာလို့ ဒီလိုဖြစ်ရတာလဲ...”

All Chapters