← Chapters

ထိုလူသား

Vol. 8 Ch. 30

ထိုလူသား

Vol. 8 Ch. 30

ဒါပေမဲ့ နောက်ဖြစ်လာတဲ့ မြင်ကွင်းကမှ လူတိုင်းကို အမှန်အံ့ဩသွားစေတယ်။ ဖရက်ရဲ့စွမ်းအားက ရူးလောက်အောင် အင်အားကြီးတယ်လို့ ပြောလို့ရနေပါပြီ။ ဒါပေမဲ့ သူ့ရဲ့လက်တွေခြေတွေနဲ့ မိုးကြိုးဘီလူးကို ဖမ်းဆုပ်လိုက်ပြီး အဆိပ်ဆူးနဲ့ထိုးချလိုက်တယ်။

“သူဘယ်လိုလုပ်ပြီး ဒီလောက်လောက်စွမ်းအားကြီးနေရတာလဲ။” ဖရက်လည်း မိုးကြိုးဘီလူးကြီးရဲ့ကိုယ်ကို ထိုးဖောက်ပြီးဝင်လာနေတဲ့ အဆိပ်ဆူးကြီးကို မော့ကြည့်လိုက်တယ်။ မိုးကြိုးဘီလူးကြီးရဲ့သံလိုက်စက်ကွင်းတွေက အပြင်းအထန်ခုခံနေပေမဲ့ အချည်းအနှီးပါပဲ။ အဆိပ်ဆူးက ခပ်မြန်မြန်ပဲတိုးဝင်လာနေတာ။

“ပြေးမှဖြစ်မယ်။” ဖရက်က ဆုံးဖြတ်ချက်ချလိုက်ပြီး မိုးကြိုးဘီလူးကြီးကိုဖောက်ခွဲကာ နောက်ကိုခုန်ဆုတ်ဖို့ပြင်တယ်။ ဒါပေမဲ့ နောက်ဖြစ်လာတဲ့အရာကြောင့် သူမျက်လုံးပြူးသွားတယ်။ သူ့နောက်ကနေပြီး ဘာရွန်ရဲ့အသံကို ကြားလိုက်ရလို့ပါ။

“ငါ့ကို တစ်ခါပဲလှည့်စားလို့ရမယ်။” ဘာရွန်ရဲ့စကားသံကြောင့် သူရှေ့ကိုလှည့်ကြည့်လိုက်တော့ တိုးဝင်လာနေတဲ့ အဆိပ်ဆူးကြီး ရှိမနေတော့ဘူး။ အဲဒီအစား အဆိပ်ဆူးက သူဆုတ်ပြေးသွားတဲ့နေရာတည့်တည့်မှာရှိနေပါတယ်။ ပြီးတော့ ဒီဖြစ်စဥ်က စက္ကန့်မခြား ဖြစ်ခဲ့တာဖြစ်ပြီးတော့ ဖရက်ဖောက်ခွဲပစ်လိုက်တဲ့ မိုးကြိုးဘီလူးကြီးတောင်မှ ပေါက်ကွဲစပဲရှိသေးတာပါ။

“အား.....” ဖရက်ရဲ့အော်သံနဲ့အတူ တိုက်ပွဲကိုကြည့်နေသူတွေအားလုံး ကောင်းကင်ကြီးနောက်တစ်ဖန် ခရမ်းရောင်ပြောင်းသွားတာကို မြင်လိုက်ရပြန်ပါပြီ။

....

မက်ဒါနာက တိုက်ပွဲဖြစ်နေတဲ့နေရာကို ကြိုးစားပြီး ကြည့်နေပေမဲ့ ဝေးကွာလွန်းတာကြောင့် ဘာမှမမြင်ရဘူး။ အေမီကတော့ သူ့ရဲ့မှန်ဘီလူးတွေနဲ့ချိန်ညှိရင်း ပြောလိုက်ပါတယ်။

“မမလေး၊ ဘာရွန်က အသာစီးရထားပြီး ဖရက်ရဲ့လက်မောင်းကို အဆိပ်ဆူးနဲ့ထိုးနိုင်သွားပါပြီ။ နကျယ်ကောင်တွေမှာ အာရုံကြောကိုထိခိုက်စေတဲ့အတွက် ဆက်ပြီးမတိုက်ခိုက်နိုင်မှာကို စိုးရိမ်မိပါတယ်။”

မက်ဒါနာက ဒီသတင်းကိုကြားလိုက်ရပြီးတဲ့နောက် တစ်ကိုယ်လုံး စိုးရိမ်မှုကြောင့် တုန်ခါသွားတယ်။ သူချက်ချင်းထပြီး ပြေးကူချင်ပေမဲ့ ဆိုဖီယာက မက်ဒါနာရဲ့လက်ကိုဆွဲပြီး ခေါင်းခါပြလိုက်တယ်။ မက်ဒါနာကတော့ ဆိုဖီယာကို နားမလည်နိုင်စွာကြည့်လိုက်ပြီး

“ဆိုဖီယာ၊ ငါတို့ဝင်မပါဘဲနေရင် ဖရက်သေသွားနိုင်တယ်မဟုတ်လား။”

ဆိုဖီယာက ခေါင်းညိတ်ပြလိုက်ပြီး “အခုအချိန်နင်ဝင်ပါရင် ဘာရွန်က ဖရက်ကိုသေချာပေါက်သတ်ပြီး နင့်ကိုရင်ဆိုင်မှာမလို့ တိုက်ပွဲဖြစ်လိမ့်မယ်။ ငါတို့အားလုံးဝိုင်းတိုက်ရင်တောင် သူ့ကိုသတ်နိုင်ဖို့မသေချာဘူး။ နင့်ရဲ့ဖီးနစ်နဲ့စမ်းကြည့်လို့ရပေမဲ့ မသေချာဘူးလေ။”

တစ်နည်းအားဖြင့် ဖရက်ကိုသူကယ်ဖို့လုပ်ရင် ဖရက်တကယ်သေသွားနိုင်တယ်ပေါ့။ မက်ဒါနာက တိုက်ပွဲဖြစ်နေတဲ့နေရာကို ထပ်အကဲခတ်ကြည့်လိုက်ပြန်ပါတယ်။ တကယ်လည်း သူရှိနေတဲ့နေရာနဲ့ ဝေးကွာလွန်းပြီး ဘာရွန်သာတကယ်သတ်ချင်ရင် ဖရက်ကို ကယ်နိုင်မှာမဟုတ်ဘူး။ ဒါဆိုရင် သက်တမ်းဖြုန်းတီးသလိုပဲ ဖြစ်သွားတော့မှာ။

“ဒါပေမဲ့...” မက်ဒါနာက ဆို့နင့်နေတဲ့ မျက်လုံးတွေနဲ့ လင်ဒါကို ကြည့်လိုက်တယ်။ အဲဒီတုန်းက ခံစားချက်ကို သူသတိရနေတုန်းပဲ။ သူနောက်တစ်ခါ မခံစားချင်တော့တဲ့ ခံစားချက်မျိုးပါ။

“ငါနင်တို့ထဲကတစ်နောက်ကို နောက်တစ်ခါမဆုံးရှုံးချင်တော့ဘူး။ ခဏတာလေးဆိုရင်တောင်မှ ငါမခံစားနိုင်ဘူး။”

မက်ဒါနာက သူ့စကားကို အဆုံးသတ်ပြီးတာနဲ့ ဥစာကီကို အသနားခံတဲ့မျက်နှာနဲ့ ကြည့်လိုက်ပါတယ်။ ဥစာကီကလည်း သူ့ကိုပြန်ကြည့်လိုက်ပြီး သက်ပြင်းချပါတယ်။

“အခုနေငါလုပ်ပေးနိုင်တာ တစ်ခုပဲရှိတယ်။ ဘာရွန်ကို သူဆက်မတိုက်နိုင်တော့ရင် သူ့ကိုငါဝင်ကယ်ပေးမယ်။ ဒါပေမဲ့ လောလောဆယ် သူက....”

ဥစာကီက တိုက်ပွဲဆီကို လှမ်းမျှော်ကြည့်ရင်း မေးငေါ့ပြလိုက်တယ်။ ခရမ်းရောင်အလင်းတန်းတွေက အများကြီးမှေးမှိန်သွားပေမဲ့ တိုက်ပွဲထဲမှာ လှုပ်ရှားမှုတွေကို မြင်နေရသေးတယ်။

...

ဖရက်က အံ့ကိုကြိတ်လိုက်တယ်။ နာကျင်မှုက တစ်ကိုယ်လုံးကို ပြန့်နှံနေပြီးတော့ သူ့လက်မောင်းကနေ သွေးတွေစီးကျနေတယ်။ အဆိပ်ဆူးက ကြီးမားလွန်းတဲ့အတွက် သူ့လက်မောင်းကို ထုတ်ချင်းဖောက်ပစ်သွားပြီး လက်မောင်းရိုးပါ တစ်စစီကြေကွဲသွားမှန်း သူခံစားမိတယ်။ အစပိုင်းတော့ နာကျင်ပေမဲ့ မကြာခင်မှာပဲ ထုံကျင်လာတယ်။ အာရုံကြောတွေထုံလာတဲ့အတွက် သူ့ပါးစပ်ထဲကနေ သွားရည်တွေပါ စီးကျလာတယ်။ မျက်နှာကြီးတစ်ခုလုံး ထုံကျင်နေပြီး အချိန်မရွေး သတိလစ်သွားတော့မလိုပါ။

ဒါပေမဲ့ သူ့မျက်လုံးတွေကတော့ ကြယ်တစ်စင်းလို တောက်ပနေပြီးတော့ အကောင်းအတိုင်းရှိနေသေးတဲ့ လက်တစ်ဖက်နဲ့ မိုးကြိုးဓားကိုဖွဲ့စည်းလိုက်ပါတယ်။ အဲဒီနောက် အဆိပ်ဆူးစိုက်ဝင်နေတဲ့လက်ကို ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ ဖြတ်ချလိုက်တယ်။

“.......” ဘာရွန်က သူ့ရှေ့က လူငယ်လေးကို ကြောင်ပြီးကြည့်နေမိတယ်။ လူငယ်လေးရဲ့လက်က တိခနဲ ပြတ်ကျသွားပြီး ဘာရွန်ရဲ့အဆိပ်ဆူးပေါ်မှာတင်ကျန်ရစ်တယ်။ ဒါပေမဲ့ ဖရက်ကတော့ တောင်ပံကိုခတ်ပြီး သူနဲ့ဆန့်ကျင်ဘက်မှာ ရပ်နေပါပြီ။ သူ့လက်တစ်ဖက်မရှိတော့ပေမဲ့ သွေးတွေတော့စီးကျမလာပါဘူး။ မိုးကြိုးဓားရဲ့အပူရှိန်ကိုသုံးပြီး သွေးကြောတွေကို ပိတ်ပစ်ခဲ့လို့ပါ။ ဒီလိုလုပ်ဖို့အတွက် မိုးကြိုးဓားရဲ့စွမ်းအားကို တိတိကျကျထိန်းချုပ်ဖို့လိုအပ်ပေမဲ့ ဖရက်က လုပ်နိုင်ခဲ့တယ်။

“သတ္တိကတော့ မဆိုးဘူးပဲ။ ဒါပေမဲ့ အခုမင်းရဲ့တိုက်နိုင်စွမ်းအားတစ်ဝက်ကို ဆုံးရှုံးသွားပြီမဟုတ်လား။” ဘာရွန်က ပြောလိုက်ရင်း နကျယ်ကောင်ပုံစံနဲ့ လေထုထဲမှာ ဆက်ရပ်နေတယ်။

ဖရက်ကတော့ ဘာရွန်ဘာလုပ်လုပ် ဂရုမစိုက်ပါဘူး။

လက်ထဲက မိုးကြိုးဓားကိုကိုင်ထားရင်း အားပိုစိုက်လိုက်ပါတယ်။ မိုးကြိုးဓားက လက်နှစ်ဖက်ကိုင်ဓားပြားကြီးအဖြစ်ပြောင်းသွားပြီး အလေးချိန်နဲ့စွမ်းအားကြောင့် ဖရက်ကိုင်ထားလျက်နဲ့ မြေပေါ်ကိုညွှတ်ကျသွားတယ်။ တကယ်လို့ အနီးကပ်သေချာကြည့်မယ်ဆိုရင် ဓားက ငွေရောင်စစ်သည်ရဲ့မြေဆွံအားဓားနဲ့တူနေတာ တွေ့ရပါလိမ့်မယ်။

“ဆယ်မိနစ်ရှိသွားပြီ၊ နောက်မိနစ်နှစ်ဆယ်မှာလည်း ခင်ဗျားကျုပ်ကို သတ်လို့ရမှာမဟုတ်ဘူး။” ဖရက်က တည်ငြိမ်တဲ့လေသံနဲ့ ပြောလိုက်တယ်။

“လာခဲ့။” ဘာရွန်ကလည်း ရယ်သံပါပါနဲ့ ဖရက်ကို ဖိတ်ခေါ်လိုက်တယ်။

“ဟား....” ဖရက်က မိုးကြိုးဓားပြားကြီးကိုဆွဲပြီး ရှိသမျှအားနဲ့ လွှဲယမ်းပစ်လိုက်တယ်။ မိုးကြိုးစွမ်းအင်လှိုင်းတွေက နေရာတိုင်းကို ဖြာထွက်နေပြီး တိုက်ပွဲဝင်ပုံစံကလည်း ပြောင်းလဲသွားတယ်။ သေခါနီးလူတစ်ယောက် နောက်ဆုံးထွက်သက်မှာ ကမူးရှုးထိုး တိုက်ခိုက်နေသလိုပဲ။

....

ကလင်း....

မက်ဒါနာရဲ့ဖုန်းထဲကို မက်ဆေ့တစ်စောင်ဝင်လာပါတယ်။ မဟာမိတ်စခန်းမှာရှိနေတဲ့ နယူးယောက်ဟီးရိုးဌာနမှူးဟယ်ရီဆီကပါ။

“ဆာSilverknight၊ မစ်ရှင်အဖွဲ့တစ်ခုလုံး ဘယ်ရောက်နေတာလဲ။ နယူးဂျာစီနဲ့ပန်ဆာဗေးနီးယားကို ပိုးဖလံဗိုလ်ချုပ်နဲ့တပ်ဖွဲ့တွေ ဝင်တိုက်နေပြီ။ ဆရာကြောင်နက်က ဝင်ကာကွယ်ပေးနေပေမဲ့ မြေပြင်က ပိုးဖလံတွေကိုအနိုင်ယူဖို့ မဟာမိတ်တပ်တွေက အများကြီးကြိုးစားနေရတယ်။ ယင်ကောင်တပ်တွေကလည်း နယူးမက္ကဆီကိုအထိရောက်နေပြီ။ သူတို့ကိုတားဖို့လူရှိမနေဘူး။ ခင်ဗျားတို့အမြန်ပြန်လာဖို့လိုတယ်။”

မက်ဒါနာက ဖရာလီတာကို ကြည့်လိုက်တယ်။ ဖရာလီတာကလည်း မက်ဒါနာရဲ့အကြည့်ကို နားလည်တဲ့ ပုံစံနဲ့ သက်ပြင်းချလိုက်ပါတယ်။ “ဒါတောင် သူတို့စတိုက်တာ ဆယ်မိနစ်ပဲရှိသေးတယ်မဟုတ်လား။ ဒီဆုံးဖြတ်ချက်အတွက် နင်နောင်တမရဖို့ မျှော်လင့်ရတာပဲ။”

မက်ဒါနာက ကလေးမလေးတစ်ယောက်ရဲ့အိပ်မက်အတွက် နိုင်ငံတစ်ခုလုံးရဲ့လုံခြုံရေးကို စတေးပစ်ခဲ့မိပါပြီ။ ဒါတောင်မှ သေချာတဲ့အပေးအယူတစ်ခုမဟုတ်ဘဲ လူတစ်ယောက်တည်းအပေါ်မှာပဲ မူတည်နေပါတယ်။

......

“မင်းသမီးလေးက ငါ့ကိုယုံကြည်လွန်းလို့ ဒီတာဝန်ကို ပေးခဲ့တာကွ။ သူ့ရဲ့ယုံကြည်မှုတွေပျက်စီးအောင် ငါဘယ်တော့မှမလုပ်ဘူး။”

ဖရက်က မိုးကြိုးဓားကို ပခုံးပေါ်မြှောက်ပြီး ကောင်းကင်ပေါ်ခုန်တက်ကာ လေထုထဲမှာရပ်နေတဲ့ နကျယ်ကောင်ကို တက်ခုတ်တယ်။ မြေပြင်မှာရှိနေတဲ့ သဲတွေဖုန်တွေနဲ့ကျောက်စကျောက်နတွေမြောက်တက်လာပြီး ဖုန်လုံးကြီးကျန်နေရစ်တယ်။

“သေစမ်း။” ဖရက်က မိုးကြိုးဓားနဲ့ နကျယ်ကောင်ရဲ့ကိုယ်လုံးကို ရိုက်ချလိုက်တယ်။ ရုတ်တရက်ဓားက နကျယ်ကောင်ကိုထိတာနဲ့ ရှစ်ဆတိတိသိပ်သည်းသွားပြီး သက်ရောက်အားက အလွန်ကြီးတာကြောင့် ဘာရွန်မြေပေါ်ကို ပြုတ်ကျလာတယ်။ ဖရက်ကတော့

ဘာရွန်တန်ပြန်တိုက်မှာဆိုးတဲ့အတွက်အတောင်ပံကိုအသုံးပြုပြီး ကိုယ်ပေါ်ကနေဖယ်ကာ အနီးအနားက မြေပြင်မှာ ကြောင်ဆင်းဆင်းလိုက်တယ်။

“ဘာ၊ ဒီကောင်လေးက သူ့ရဲ့အစွမ်းဆုံးတိုက်ကွက်ကို ဖော်ထုတ်ပြီးသွားတာတောင်မှ ငါ့ကိုအံ့အားသင့်စေမယ့် တိုက်ကွက်တွေကိုထုတ်သုံးနိုင်နေသေးတာလား။” မြေပေါ်မှာလဲကျနေတဲ့ နားကျယ်ကောင်မျက်လုံးပြူးသွားတယ်။

ဖရက်ကတော့ ဓားပြားကြီးကို ဘေးလွှဲရွယ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေသမျှ စွမ်းအားတွေကို ထပ်မံထည့်သွင်းလိုက်တယ်။ ဓားက ခရမ်းရောင် မိုးကြိုးစွမ်းအားတွေနဲ့ပြည့်နှက်လာပြီး ညကောင်းကင်အောက်မှာ တလက်လက်တောက်ပလာနေပါပြီ။

“ဟား....” ဖရက်က ဓားကိုမြောက်လိုက်ပြီး လဲကျရာကနေ ပြန်မထနိုင်သေးတဲ့ နကျယ်ကောင်ရဲ့ခေါင်းကို ဦးတည်ဖြတ်ချဖို့ အပေါ်မိုးဓားချက်ကို ထုတ်ဖော်ပါတယ်။ မိုးကောင်းကင်ပေါ်မှာ တိမ်တိုက်တွေလည်း ပြန်စုစည်းလာပြီး ဓားချက်ကိုမိုးကြိုးလျှပ်စီးတွေနဲ့ အားပိုဖြည့်ပေးတယ်။

“စိတ်ဝင်စားစရာပဲ။” ရုတ်တရက် ဖရက်က နားနားကနေ ရေရွတ်သံကို ကြားလိုက်ရတယ်။ သူခေါင်းနပန်းကြီးသွားပြီး လှည့်ကြည့်တော့ လူတစ်ဝက်ပုံစံ

ဖြစ်နေပြီဖြစ်တဲ့ နကျယ်ကောင်က သူ့ကိုလက်သီးနဲ့ ရွယ်ပြီးနေပြီ။ နကျယ်ကောင်အကြီးကြီးက သူဓားချက်ထုတ်နေတဲ့ အချိန်အတွင်းမှာပဲ နေရာကနေ ပျောက်ကွယ်သွားပြီး သူ့ဘေးမှာရောက်နေတာပါ။

“လူသားတစ်ယောက်က တော်ဝင်ပိုးကောင်တွေကိုဘယ်နည်းနဲ့မှ မယှဥ်နိုင်ဘူး။”

နကျယ်ကောင်က ဖရက်ကိုလက်သီးနဲ့တိုက်ရိုက်ထိုးမယ့်အစား လေထုထဲမှာတင် လက်သီးကိုလက်ဝါးအဖြစ်ပြောင်းလိုက်ပြီး ဖရက်ရဲ့မျက်နှာကို မထိုးခင်မှာပဲရပ်လိုက်တယ်။ ဖရက်ရဲ့ခန္ဓာကိုယ်ကို တိုက်ကွက်က တိုက်ရိုက်ထိမသွားပေမဲ့ သက်ရောက်အားလှိုင်းက သိပ်ကိုပြင်းထန်တာကြောင့် ဓားပြာကြီးနဲ့အတူ လွင့်ထွက်သွားပြီး ခပ်လှမ်းလှမ်းမှာ ထပ်ရှိနေတဲ့ ကျောက်တောင်ကြီးတစ်ခုဆီလွင့်သွားပြီး ခန္ဓာကိုယ်က တောင်တစ်တောင်ကို ဝင်ဆောင့်မိကာ ကျောက်တောင်တစ်ခုလုံးကို အက်ကြောင်းတွေနဲ့ပြည့်နှက်သွားစေတယ်။

အဟွက်.... အဟွက်....

ဖရက်သွေးချောင်းဆိုးလိုက်တယ်။ သူ့ခန္ဓာကိုယ်ထဲက အရိုးတွေကျိုးကြေနေတာကို သူခံစားမိတယ်။ ဘာရွန်ကတော့ သူ့ကိုဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ သူ့ရှေ့ကို ရောက်လာပြီး လေထုထဲကနေ ဖြည်းဖြည်းချင်း ပျံသန်းဆင်းသက်လာပါတယ်။

“မင်းက တော်တော်ပျော့တာပဲ။” ဘာရွန်က ကျောက်တောင်ထဲမှာ စိုက်ဝင်နေတဲ့ ဖရက်ကိုစိုက်ကြည့်နေတယ်။ ဖရက်က ခေါင်းငိုက်စိုက်ကျနေပြီး အချိန်မရွေးအသက်ပျောက်သွားသလိုပဲ။ ဒါပေမဲ့ ပျော့ညံ့တယ်ဆိုတဲ့စကားကြောင့် ဖြည်းဖြည်းချင်းဘာရွန်ကို မော့ကြည့်လိုက်တယ်။ သူ့နဖူးကနေ သွေးတွေစီးကျနေပြီး တစ်ကိုယ်လုံးမှာ အညိုအမည်းတွေနဲ့ပြည့်နေပေမဲ့ ဖရက်ရဲ့အကြည့်တွေက မာကျောနေပြီးအားယူပြုံးလိုက်တယ်။

“ဘာ....” ဖရက်ရဲ့လက်ထဲက မိုးကြိုးဓားက ပျံထွက်လာပြီး ဘာရွန်က သူ့ကိုမထိအောင်လို့ ကန်ထုတ်ပြီး လမ်းကြောင်းလွှဲလိုက်ရတယ်။

ဘုန်း....

မိုးကြိုးဓားက ပေါက်ကွဲသွားပြီး အနီးအနားမှာရှိနေတဲ့ တောင်တန်းတွေနဲ့တောအုပ်တွေကို လှုပ်ခါသွားစေတယ်။ မဟုတ်ဘူး၊ မိုင်ယာမီမြို့ကြီးရှိနေတဲ့ မြေပြင်တစ်ခုလုံး လှုပ်ခါသွားပြီး ဖလော်ရီဒါကျွန်းဆွယ်တစ်ခုလုံးပါ တုန်ခါမှုကို ခံစားလိုက်ရတာ။

“ပျော့ညံ့တယ်.... ဟုတ်လား.....” ဖရက်က နစ်ဝင်နေတဲ့ ကျောက်ဖျာချက်ထဲကနေ ရုန်းထွက်လိုက်တယ်။ သူ့တစ်ကိုယ်လုံးက ဒဏ်ရာတွေကနေ သွေးတွေစီးကျနေပြီး လမ်းကိုကောင်းကောင်းမလျှောက်နိုင်တော့ပေမဲ့ လေသံက မာကျောနေဆဲဲပဲ။

ဘာရွန်က နာကျင်မှုကြောင့် သူ့ခြေထောက်ကိုငုံကြည့်လိုက်တယ်။ မိုးကြိုးဓားရဲ့စွမ်းအားကြောင့် သူ့ခြေဖဝါးမှာ ဒဏ်ရာတစ်ခုရှိနေပြီး သွေးရည်ကြည်တွေ စီးကျနေတယ်။

“အဲဒီပျော့ညံ့တဲ့လူသားရဲ့ကိုယ်ထဲမှာ မင်းတို့မမြင်ဖူးတဲ့ သတ္တိသွေးတွေနဲ့ ပြည့်နှက်နေတာကွ။” ဖရက်က နောက်ထပ်မိုးကြိုးဓားတစ်ချောင်းကို ထပ်မံဖွဲ့စည်းလိုက်ပြန်တယ်။ ဒီတစ်ခါတော့ ဘာရွန်ရဲ့မျက်လုံးထဲမှာ တုန်လှုပ်ချောက်ချားနေတဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီ။ ဒါပေမဲ့ သူကလည်း အံ့ကြိတ်လိုက်ပြီး

“သေလိုက်တော့။” သူက ဖရက်ကိုထိုးချလိုက်တယ်။ဖရက်ကလည်း ဓားကိုမြှောက်ပြီး ရှစ်ဆစွမ်းအားမြှင့်လိုက်တယ်။ ဒီတစ်ခါတော့ ဖရက်ရဲ့ဓားက ဘာရွန်ရဲ့လက်သီးကို ပက်ထုတ်နိုင်သွားပြီး ဘာရွန်ကိုနောက် ဆယ်မီတာလောက်အထိ ဆုတ်သွားနိုင်စေခဲ့တယ်။ ပြီးတော့

“ဘာမဟုတ်တဲ့ စွမ်းအင်ဓားလေးတစ်ခုက ငါ့ကိုသွေးထွက်စေတာလား။” ဘာရွန်က သူ့လက်မောင်းသူ ကြည့်ပြီးအံ့ဩသွားတယ်။ ဖရက်ရဲ့မိုးကြိုးဓားက သူ့လက်ပေါ်မှာ အခြစ်ရာတစ်ခုကို ချန်ထားခဲ့တယ်။

“မင်းသမီးလေးအတွက် ဒီလူသားက အရှုံးမပေးနိုင်ဘူး။” ဖရက်က ပြောလိုက်တယ်။ တိုက်ပွဲက ပြင်းလွန်းလို့ သူဝတ်ထားတဲ့ ကိုယ်ရံတော်အဝတ်အစားတွေတောင် ပျက်စီးသွားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းသွားတယ်။ သူ့ရင်ဘတ်မှာတော့ သစ်စေ့ပုံစံ မိုးကြိုးစွမ်းအင်အမှတ်အသားလေးရှိနေပြီး ဖြည်းဖြည်းချင်းအညှောင့်ပေါက်လာကာ သစ်ပင်ကြီးတစ်ပင်အဖြစ်ကို ကြီးထွားလာပါတော့တယ်။

“ဟား....” ဖရက်က ဓားကိုကိုင်ပြီး ဘာရွန်ကိုအနီးကပ်ဝင်လုံးတယ်။ ဘာရွန်ကလည်း သူ့ရဲ့နောက်ထပ် ကျောပေါ်က လက်ချောင်းကိုဖြုတ်ပြီး ဓားလိုကိုင်တယ်။ ဖရက်ရဲ့သွက်လတ်တဲ့တိုက်ခိုက်မှုတွေကြောင့် သူ့ခန္ဓာကိုယ်ကို အကြီးပြန်မပြောင်းရဲတော့ပါဘူး။ ခန္ဓာကိုယ်ကြီးလေ ဖရက်အတွက်တိုက်လို့ရမယ့်နေရာ ပိုများလေပါ။ ဒါကြောင့်မလို့ လူတစ်ဝက်ခန္ဓာကိုယ်နဲ့ယှဥ်ချနေတာ။

လူသားနဲ့ပိုးကောင်က ဘီလူးသရဲစွဲကပ်နေသလိုမျိုး အော်ဟစ်တိုက်ခိုက်နေကြတယ်။ သူတို့ကိုင်ထားတဲ့ ဓားတွေက အချင်းချင်းခတ်မိပြီး စွမ်းအင်လှိုင်းတွေ ဖြစ်ပေါ်လာတယ်။ ဖရက်က လုံးဝကိုအောက်စည်းရောက်နေပေမဲ့၊ ဒဏ်ရာတွေတစ်ခုပြီးတစ်ခုတိုးလာနေပေမဲ့ ရှေ့ကိုတိုးပြီးတိုက်ခိုက်နေဆဲပါ။ ဘာရွန်က ဖရက်ထက်ပိုပြီး စွမ်းအားကြီးပါတယ်။ ဒါပေမဲ့ မိုက်ရူးရဲတစ်ယောက်ရဲ့စိတ်ဓာတ်ပြတ်သားမှုကြောင့် ငေးငိုင်နေမိပြီး အနိုင်ယူသင့်ရဲ့သားနဲ့ အနိုင်မယူနိုင်ဖြစ်နေတယ်။ သူ့အနေနဲ့ ဖရက်ကိုဖိအားတွေအများကြီးပေးနေပေမဲ့ ဖရက်ကတော့ လုံးဝအရှုံးမပေးဘူးဖြစ်နေတယ်။ တစ်ခါတည်းသတ်ဖို့ကျတော့လည်း ဖရက်က အားကောင်းလွန်းနေပြန်တယ်။

တစ်နည်းအားဖြင့် ဖရက်က ဘာရွန်ကို အသာစီးရနေပေမဲ့ အနိုင်မယူနိုင်တဲ့အခြေအနေမှာ ပိတ်မိသွားအောင် လုပ်နိုင်နေပါတယ်။

....

ဂျိန်း...

ဖရက်လက်ထဲက ဓားက စွမ်းအင်ကုန်ပြီး ပျောက်ကွယ်သွားတယ်။ ဘာရွန်လက်ထဲက ပိုးကောင်လက်တံကတော့ အကောင်းအတိုင်းရှိနေဆဲပါ။ ဒါပေမဲ့ ဖရက်က ဘာရွန်ရဲ့မျက်နှာကို ဆောင့်ကန်ပြီး လက်ထဲကဓား လွတ်ကျသွားအောင် လုပ်လိုက်နိုင်ပါတယ်။ ဘာရွန်ကလည်း ဒေါသထွက်လာပြီး ဖရက်ကို နဖူးနဲ့တိုက်တယ်။

“အား...” ဖရက်က နာကျင်စွာနဲ့နောက်ဆုတ်လိုက်ရတယ်။ ဘာရွန်က ဖရက်ရင်ဝကို ဆောင့်ကန်တယ်။ ဖရက်ကလည်း လက်နှစ်ဖက်ကိုမြှောက်ပြီး ဘာရွန်ရဲ့ခြေထောက်ကို လမ်းလွဲပစ်ကာ ဘာရွန်ကိုတန်ပြန် ခြေနဲ့ကန်တယ်။ ဘာရွန်နောက်ပြန်ဆုတ်သွားရတယ်။

သူတို့ရဲ့တိုက်ကွက်တွေက အားပါနေသေးပေမဲ့ လေးလံနေမှန်း မြင်နိုင်ပါတယ်။ နှစ်ယောက်လုံး အတွက်လည်း အန္တရာယ်များနေဆဲပဲ။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲက အယ်ဖာအဆင့်က တိုက်ပွဲနဲ့မတူတော့ဘဲ လမ်းပေါ်က လူရမ်းကားနှစ်ယောက် ရန်ဖြစ်နေတာနဲ့ ပိုဆင်နေတယ်။

နောက်ဆုံးတော့ သူတို့နှစ်ယောက်ရဲ့ခြေထောက်တွေက လေထုထဲမှာ ဆုံမိသွားပြီး အားလှိုင်းတွေက ပတ်ဝန်းကျင်ကို ပြန့်နှံသွားတယ်။ မြေပြင်လည်း အက်ကွဲသွားပေမဲ့ သူတို့နှစ်ယောက်မှာ တိုက်ခိုက်နိုင်တဲ့ အားမကျန်တော့ဘူး။ သူတို့နှစ်ယောက်လုံး မြေပေါ်ကို လဲကျသွားကြတယ်။

.....

“သခင်မလေး၊ အချိန်ပြည့်သွားပါပြီ။ ဖရက်အသက်ရှင်နေပါသေးတယ်။”

အခုမှပဲ မက်ဒါနာလည်း သက်ပြင်းချနိုင်ပါတော့တယ်။ ဥစာကီလည်း ခေါင်းခါလိုက်ပြီး အတောင်ပံကိုဖွင့်ကာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဆီ သွားပါတယ်။ မက်ဒါနာလည်း ခုံကနေထရပ်လိုက်ပြီးတော့ ဥစာကီနောက်ကနေလိုက်တယ်။ မက်ဒါနာနဲ့အတူ ကျန်တဲ့သူတွေလည်းပါလာပါတယ်။

ပိုးကောင်တွေနဲ့စစ်နတ်သမီးတွေက အချင်းချင်း မျက်နှာချင်းဆိုင်ပြီး တိုက်ခိုက်ဖို့ ပြင်နေကြဆဲဆိုပေမဲ့ပေါ့။

.....

“အရှင်မ၊ ကျုပ်မရှုံးသေးဘူး။ ကျုပ် သူ့ကိုသေချာပေါက် အနိုင်ယူမယ်။” ဘာရွန်က ဥစာကီရောက်လာတာကိုမြင်တော့ အော်ကြီးဟစ်ကျယ်နဲ့ပြောတယ်။ ဒါပေမဲ့ အားနည်းနေပြီမလို့ မာမာထန်ထန် မတုံ့ပြန်နိုင်တော့ဘူး။

“ဘာရွန်၊ အချိန်ပြည့်သွားပြီ။ အပေးအယူကို နင်လေးစားရမယ်။”

ဥစာကီက ပြတ်ပြတ်သားသားပြောလိုက်မှပဲ ဘာရွန်က ဥစာကီနောက်မှာ ရိုရိုကျိုးကျိုးပြန်ရပ်နေလိုက်ပါတယ်။ ဖရက်ကတော့ မက်ဒါနာရောက်လာတာကိုတွေ့ပြီး ပြုံးလိုက်ပါတယ်။

“သခင်မလေး၊ ကျွန်တော်အောင်မြင်ခဲ့ပြီ။” အဲဒီလိုပြောလိုက်ပြီးတော့ မျက်ဖြူဆိုက်ပြီး သတိလစ်သွားရော။

ဆိုဖီယာကတော့ ရန်ပြုတော့မယ့်ပုံစံမရှိတဲ့ ဘာရွန်ကိုကြည့်ပြီး ပြုံးလိုက်ပါတယ်။ “ကြည့်ရတာ နင့်ရဲ့ထောင်ချောက်အစီအစဥ်ကလည်း အသုံးမဝင်တော့တဲ့ပုံပဲ။ မဟာမိတ်တွေကို သွားကူကြစို့။”

ဆိုဖီယာက ပြောတော့ ဖရာလီတာက ခေါင်းညိတ်လိုက်ပြီး ဝါးဖရိန်ကြီးကိုထုတ်ဝင်လိုက်တယ်။ ဆိုဖီယာကလည်း လေပေါ်ပျံတက်လိုက်ပြီး သူတို့နှစ်ဦးထွက်ခွာသွားတယ်။ ကျန်တဲ့သူတွေနဲ့ မက်ဒါနာကတော့ ကျန်နေခဲ့ပါတယ်။ ဥစာကီကတော့ မက်ဒါနာတို့ထဲကတချို့ သာမန်လူတွေကို ကူညီဖို့သွားတာကို တားဖို့စိတ်ရှိပုံမပေါ်ဘူး။ အဲဒီအစား....

“နောက်သုံးနှစ်... မဟုတ်ဘူး၊ နှစ်နှစ်ကြာတဲ့အခါကျရင် နင်ရောငါရော အသင့်ဖြစ်ပြီလို့ထင်တယ်။ အဲဒီကျရင် နှစ်ယောက်ချင်းစိန်ခေါ်ပြီး ဒီကိစ္စတွေအားလုံးကို အဆုံးသတ်ကြတာပေါ့။” ဥစာကီက ပြောလိုက်တော့ မက်ဒါနာက ခေါင်းညိတ်လိုက်တယ်။

ဥစာကီကတော့ တခြားဘာကိုမှဂရုမစိုက်တော့ဘဲ မိရိုင်ကိုသာ ကြည့်လိုက်ပါတော့တယ်။

All Chapters