← Chapters

ကျိန်စာများ အားပြိုင်ခြင်း

Vol. 81 Ch. 1119

ကျိန်စာများ အားပြိုင်ခြင်း

Vol. 81 Ch. 1119

ချုံးရိကျစ် ထိုသို့ ဆိုလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာကြီးကိုပင် တုန်ရီသွားစေနိုင်သည့် အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာသည်။ ထို့အပြင် သူသည် အာကာသကောင်းကင်ကြီးထဲ၌ ရပ်နေရင်း မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွားသည်။

သူ၏ ဆံပင်များမှာ ရှုပ်ပွနေပြီး သူသည် အပြင်းအထန် ဒဏ်ရာရထား၏။ သူ၏ အငွေ့အသက်များမှာ အားနည်းနေသလို သူ၏ မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေပြီဖြစ်သည်။ သူ၏ နောက်ရှိ ထာဝရကြယ်ကြီးပင်လျှင် မှုန်ဝါးဝါး ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ်မှာလည်း ထိုနည်းတူပင်။

သူ၏ အတွင်းကလီစာများမှာ ပေါက်ပြဲနေသလို သူ၏ အရိုးများမှာလည်း တဆတ်ဆတ် တုန်ရီနေ၏။ သူ၏ အသွေးအသားများမှာလည်း ဗြောင်းဆန်နေပြီ ဖြစ်သည်။

အကယ်၍ အခြားတစ်ယောက်ယောက်သာဆိုပါက ထိုကဲ့သို့သော ဒဏ်ရာများကို တောင့်ခံထားနိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့သော် ချုံးရိကျစ်မှာ အံကြိတ်ကာ တောင့်ခံနေဆဲပင်။ ထို့အပြင် သူသည် မပွင့်တပွင့်ပြုံးကာ ဆိုလိုက်သေးသည်။

" ငါ ငါ့ရဲ့ ဒဏ်ရာတွေကို ဂရုမစိုက်ဘဲ အစကတည်းက မင်းနဲ့ သူသေကိုယ်သေ တိုက်ခိုက်ခဲ့တာ ဘာကြောင့်လို့ မင်းထင်လဲ " ချုံးရိကျစ်မှာ ထိုသို့ ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ ခြေတစ်လှမ်း လှမ်းလာ၏။ သူ၏ ခြေထောက် အောက်သို့ ပြန်ကျသွားချိန်တွင် ခရမ်းရောင် အငွေ့အသက်တစ်မျိုးမှာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအားလုံးထဲမှ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ ကမ္ဗည်းစာလုံးများ တစ်လုံးပြီးတစ်လုံး ဖန်တီးပေးလိုက်ကြ၏။ ထို ကမ္ဗည်းစာလုံးများမှာ သူ၏ မျက်ဝန်းများကဲ့သို့ ထူးဆန်းစွာ တောက်ပနေကြသည်။

ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို မြင်လိုက်ရသောအခါ မျက်လုံးများ အနည်းငယ်မှေးသွား၏။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အများစုထဲတွင် တဆစ်ဆစ် နာကျင်ကိုက်ခဲနေသည့် ဝေဒနာများကို ချက်ချင်းခံစားလိုက်ရသည်။ သူသည် သေသေချာချာ အကဲခတ်ကြည့်ရှုရန်ပင် မလိုလိုက်ပေ။ သူ ထိုကဲ့သို့ တဆစ်ဆစ်နာကျင်ကိုက်ခဲနေရသည့် နေရာများမှာ ချုံးရိကျစ်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများ ရှိနေသည့်နေရာနှင့် အတူတူဖြစ်နေသည်ကို သာမန်မျက်လုံးများဖြင့် မြင်နေရသည် မဟုတ်ပါလော။

" ငါ ငါ့ရဲ့ နတ်ဘုရားစွမ်းရည် ပျက်စီးသွားတုန်းက ပိုပြင်းထန်တဲ့ ဒဏ်ရာတွေ အရခံပြီး တခြားပညာရပ်တွေ ဆက်ပြီးတော့ အသုံးပြုခဲ့တာ ဘာကြောင့်လို့ မင်းထင်လဲ " ချုံးရိကျစ်မှာ ရယ်မောကာ ဆိုလိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်း ထပ်လှမ်းလာပြန်သည်။ ယခုအကြိမ်တွင်မူ ခရမ်းရောင် အငွေ့အသက်များမှာ သူ၏ ဒဏ်ရာများထဲမှသာ ထွက်ပေါ်လာခြင်းမဟုတ်တော့ပေ။ ၎င်းတို့မှာ သူ၏ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်နှင့် ချွေးပေါက်များထဲမှပါ ထိုးထွက်လာကြ၏။ ၎င်းတို့မှာ သူ၏ အတွင်းကလီစာများ၊ အရိုးများနှင့် အသွေးအသားများထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းနှင့် အပြင်ပိုင်း နှစ်ခုစလုံးထဲမှ ထိုးထွက်လာကြသည့် ခရမ်းရောင် အငွေ့အသက်များမှာ သူ၏ ဘေးနားတစ်ဝိုက်တွင် ရစ်ဝဲနေကြ၏။ ထို့ကြောင့် သူ၏ ဘေးပတ်ပတ်လည်ရှိ အာကာသကောင်းကင်ကြီးထဲတွင် အံ့ဩတုန်လှုပ်ဖွယ်ရာ ခရမ်းရောင်အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။

တစ်ချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ တစ်ဆစ်ဆစ်နာကျင်ကိုက်ခဲနေသော ဝေဒနာများ ပို၍ ပြင်းထန်လာသည်ကို အာရုံခံမိလိုက်ရုံသာမက သူ၏ အတွင်းကလီစာများ၊ အရိုးများနှင့် အသွေးအသားများမှာလည်း ထိုကဲ့သို့ နာကျင်လာသည်ဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။

" မင်း အနိုင်ရသွားတော့မယ်လို့ တကယ်ထင်နေတာလား "

" မင်း ငါ့ကို ဖိနှိပ်ချုပ်တည်းနိုင်လိမ့်မယ်လို့ တကယ်ထင်နေတာလား " ချုံးရိကျစ်မှာ ထိုသို့မေးကာ အော်ဟစ်ရယ်မောလိုက်ပြီး တတိယခြေလှမ်းအား လှမ်းလိုက်၏။ သူ ထိုခြေလှမ်းအား လှမ်းပြီးသွားချိန်တွင် သူ၏ နောက်၌ မှုန်ဝါးဝါးဖြစ်နေသည့် ထာဝရကြယ်ကြီးမှာ ရုတ်တရက်ဆိုသလို အရောင်ပြောင်းသွားသည်။ ၎င်း၏ အစိတ်အပိုင်းအများစုမှာ ခရမ်းရောင် ပြောင်းသွားခြင်းဖြစ်ပြီး ထိုအရောင်များမှာ အရောင်ပြောင်းလဲသွားခြင်း မရှိသေးသည့် အစိတ်အပိုင်းများဆီသို့လည်း ဆက်လက် ပျံ့နှံ့သွားနေသေးသည်။

" ချုံးရိကျစ်... မင်းက တော်တော်ဉာဏ်များတာပဲ " ဝမ်ပေါင်လဲ့၏ အမူအရာမှာ တည်ကြည်နေ၏။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းနှင့်အတူ ကမ္ဘာဂြိုဟ်ပေါ်မှ ထွက်ခွာလာခဲ့ပြီးနောက် အဖြစ်အပျက်မျိုးစုံနှင့် တိုက်ပွဲမျိုးစုံအား ကြုံတွေ့ဖြတ်သန်းခဲ့ဖူးပြီးသား ဖြစ်သည်။

သို့သော် သူ့အား အံ့သြမှင်တက်သွားအောင် လုပ်နိုင်ခဲ့သည့် ကျင့်ကြံသူအရေအတွက်မှာ လက်ချိုးရေ၍ ရပေသည်။ ယခုတွင် ထိုကဲ့သို့သော ကျင့်ကြံသူ နောက်ထပ်တစ်ယောက် ပေါ်ပေါက်လာပြီ ဖြစ်သည်။

ထို ကျင့်ကြံသူမှာ ချုံးရိကျစ် ဖြစ်ပေသည်။

ချုံးရိကျစ်မှာ သူ့အား စတင်တိုက်ခိုက်ခဲ့သည့်အချိန်ကတည်းက ဉာဏ်နီဉာဏ်နက်များ သုံးခဲ့ခြင်း ဖြစ်၏။ အကယ်၍ သူသာ ပေါ့ဆမိခဲ့မည်ဆိုပါက ချုံးရိကျစ်၏ ထောင်ချောက်ထဲသို့ ရောက်သွားလောက်ပြီ ဖြစ်သည်။ ထို့အပြင် ချုံးရိကျစ်မှာ အလွန်အင်မတန်မှ ဟန်ဆောင်ကောင်း၏။ သူသည် မောက်မာဝင့်ကြွားသည့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ အမူအကျင့်များကို ပိုင်ဆိုင်ထားပါသော်လည်း သူ့ကိုယ်သူ နှိမ့်ချ၍ ပြောဆိုဆက်ဆံသည့် အချိန်များတွင်လည်း ဟန်ဆောင်နေသည်ဟုပင် မထင်ရပေ။

ချုံးရိကျစ်မှာ ထိုကဲ့သို့ ဉာဏ်နီဉာဏ်နက်များရုံသာမက အစွမ်းထက် တိုက်ရည်ခိုက်ရည်စွမ်းအားများကိုပါ ပိုင်ဆိုင်ထားသည်ဖြစ်ရာ တမူထူးခြားသည့် ကျင့်ကြံသူတစ်ယောက်ဟု ဆိုရပေမည်။ ဝမ်ပေါင်လဲ့ ပို၍ စိတ်ဝင်စားသွားရသည့်အချက်မှာ သူသည် သူ၏ ပထမအစီအစဉ် ပျက်ပြားသွားသည်နှင့် ဒုတိယအစီအစဉ်တစ်ခုအား ချက်ချင်း စဉ်းစားမိခဲ့သည့် အချက်ပင်။

ထို ဒုတိယအစီအစဉ်မှာ... ဘဝတူကျိန်စာ ဖြစ်ပေသည်။

ထိုကျိန်စာမှာ ကြေးမုံတစ်ချပ်ကဲ့သို့ပင်။ ၎င်းအား အသုံးပြုလိုက်သည်နှင့် ရန်သူအား မိမိ၏ လက်ရှိ အခြေအနေအတိုင်း ဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိပေသည်။ အခြားတစ်နည်းနှင့်ဆိုရလျှင် မိမိ၏ ဒဏ်ရာများ ပို၍ပြင်းထန်လေလေ ထို ကျိန်စာအား အသုံးပြုလိုက်သည့်အချိန်တွင် ရန်သူ၏ ဒဏ်ရာများမှာလည်း ပို၍ပြင်းထန်လေလေ ဖြစ်သွားမည်ဖြစ်သည်။

ထို့ကြောင့် ထိုကျိန်စာအား အသုံးပြုလိုပါက အလွန်အင်မတန်မှ အဖြစ်ဆိုးနေသည့် အခြေအနေသို့ ရောက်နေရန် လိုအပ်ပေသည်။ သို့မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ အပေါ်ယံကြည့်လိုက်ပါက ၎င်းမှာ နှစ်ဦးနှစ်ဖက်စလုံးအား ထိခိုက်စေသည့် ပညာရပ်တစ်ခုနှင့် တူပါသော်လည်း ထိုကျိန်စာမှာ အခြားဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားသေးသည်။ ထို ကျိန်စာအား အသုံးပြုပြီး အချိန်တိုလေးအတွင်းတွင် မိမိ၏ ဒဏ်ရာများကိုလည်း ပျောက်ကင်းအောင် ကုသနိုင်စွမ်းရှိနေသည်ဖြစ်ရာ တိုက်ပွဲ၏ အခြေအနေအား ချက်ချင်း ပြောင်းပြန်လှန်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

" အဲတော့ စောစောတုန်းက တိုက်ပွဲက တကယ်ဖြစ်ပွားခဲ့တာမှန်ပေမဲ့ ချုံးရိကျစ်က သေသေချာချာ အကွက်ကျကျ စီစဉ်ထားခဲ့တာပဲ။ တကယ်လို့ သူ အဲဒီတိုက်ပွဲထဲမှာ အနိုင်ရသွားခဲ့ရင် သူ့အတွက် အကောင်းဆုံးဆိုပေမယ့် အနိုင်မရဘူးဆိုရင်လည်း ဒီ ကျိန်စာကို သေရေးရှင်ရေးအခိုက်အတန့်မျိုးမှာ ထုတ်သုံးလိုက်ရုံပဲ။ သူက ငါ့ရဲ့ တာအိုထာဝရကြယ်ကို ကြောက်နေတာလား။ ဒါမှမဟုတ် ငါ့ရဲ့ စည်းမျဉ်းဥပဒေသတွေကို ကြောက်နေတာလား... "

ဝမ်ပေါင်လဲ့မှာ ထိုသို့စဉ်းစားတွေးတောကာ မျက်လုံးများ မှေးသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ထစ်ချုန်းသံများ ထွက်ပေါ်လာသလို ဒဏ်ရာများမှာလည်း ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာကြ၏။ ထို့နောက် သူ၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး သူ၏ အတွင်းကလီစာများမှာလည်း စတင် ပေါက်ပြဲပျက်စီးနေကြပြီဖြစ်သည်။ သူ၏ နောက်တွင်ရှိနေသည့် ကြယ်မြေပုံကြီးပင်လျှင် အရောင်မှေးမှိန်ကာ မှုန်ဝါးဝါးဖြစ်သွား၏။ ထို အခြင်းအရာများအားလုံးမှာ ချုံးရိကျစ်၏ လက်ရှိအနေအထားနှင့် တထေရာတည်းပင်။

" စိတ်ဝင်စားစရာပဲ။ မင်းက မီးတောက်မျိုးနွယ်စုက ကျိန်စာအပိုင်းမှာ အစွမ်းထက်တဲ့အချက်ကို သိထားသလို ငါတို့မျိုးနွယ်စုရဲ့ ကျိန်စာက အသက်စွမ်းအားတွေကို အသုံးပြုတဲ့ အချက်ကိုလည်း သိထားတာတောင်မှ ကျိန်စာပညာရပ်အပိုင်းမှာ ငါနဲ့ ယှဉ်ရဲသေးတယ်ပေါ့ "

" ကြည့်ရတာ ငါ့ဆီမှာ မင်းကို ကျိန်စာတိုက်နိုင်ဖို့ အသက်စွမ်းအား အလုံအလောက်ရှိမှာ မဟုတ်ဘူးလို့ မင်းက တထစ်ချ တွက်ထားတဲ့ပုံပဲကွ " ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ် အတွင်းပိုင်းနှင့် အပြင်ပိုင်းတွင် ပေါ်ပေါက်လာသည့် ဒဏ်ရာများကိုသာမက သူ၏ နောက်၌ အရောင်မှေးမှိန်သွားနေသည့် ကြယ်မြေပုံကြီးကိုပါ လျစ်လျူရှုလိုက်၏။ အမှန်အတိုင်းဆိုရလျှင် ဤ တိုက်ပွဲထဲ၌ သူ ထုတ်မသုံးရသေးသည့် ဝှက်ဖဲအမြောက်အမြား ကျန်ရှိနေသေးသည်။

သူ ထုတ်လွှတ်ခဲ့သည့် စွမ်းအားများမှာ သူ မကြာသေးမီတုန်းက ပြောခဲ့သည့်အတိုင်း နှစ်ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းအထိသာ ရှိနေခြင်း မဟုတ်ပါသော်လည်း သူ ပိုင်ဆိုင်ထားသည့် စွမ်းအားများအားလုံးတော့ မဟုတ်သေးပေ။

သူသည် နတ်နွားပုံရိပ်ယောင်၊ တာအိုဂါထာတော်နှင့် သူ၏ ဓားအိမ်လေးတို့အား ထုတ်မသုံးရသေးပေ။

ဝမ်ပေါင်လဲ့မှာ ယခုလေးတင် ထာဝရကြယ်အဆင့်သို့ ဖောက်ထွက်နိုင်ခဲ့သည်ဖြစ်ရာ သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားကို အတိအကျ အကဲဖြတ်နိုင်မည့် တိုက်ပွဲကောင်းတစ်ခု လိုအပ်ပေသည်။ ထို့အပြင် သူသည် သူ့ကိုယ်သူ ပို၍ အစွမ်းထက်လာအောင်လုပ်နိုင်ရန် ဓားသွေးကျောက်တုံးကောင်းကောင်း တစ်တုံးလည်း လိုအပ်သေးသည်။

သူ၏ အမြင်တွင် ချုံးရိကျစ်မှာ သူ့အတွက် အသင့်တော်ဆုံး ဓားသွေးကျောက် ဖြစ်ပေသည်။

ထို့အပြင် သူသည် သူ၏ ဆရာ မီးတောက်ခေါင်းဆောင်ကြီးမှာ ဤ တိုက်ပွဲကြီးအကြောင်း သိထားပြီးသား ဖြစ်လိမ့်မည်ဟု ခံစားနေရ၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့ သူ့ကိုယ်သူ တိုးတက်လာအောင် လုပ်နိုင်ရန် ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ မသိချင်ယောင် ဆောင်ပေးနေခြင်းသာဖြစ်သည်။

" ကောင်းပြီလေ.... ငါလည်း ကျိန်စာပညာရပ်တစ်ခုကို အသုံးမပြုတာ တော်တော်လေးကြာနေပြီမလို့ မီးတောက်မျိုးနွယ်စုထဲက တပည့်တစ်ယောက်နဲ့တောင် မတူချင်တော့ဘူး " ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ပြုံးကာ ထိုသို့ ရေရွတ်လိုက်၏။ မီးတောက်မျိုးနွယ်စု၏ ကျိန်စာမှာ မီးတောက်ဝိညာဉ်ကျိန်စာ ဖြစ်ပေသည်။

ထို ကျိန်စာ၏ အခြေခံအုတ်မြစ်မှာ အသက်စွမ်းအားဖြစ်၏။ ထို့အပြင် အသက်စွမ်းအားနည်းတူ မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုလည်း ရှိသေးသည်။ ၎င်းမှာ မပြေလည်နိုင်သော အာဃာတများ ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ပြုံးကာ သူ၏ ဘယ်ဘက်လက်အား မြှောက်လိုက်၏။ ထိုအခါ သူ၏ ဘယ်ဘက်လက် ပတ်ပတ်လည်တွင် အနက်ရောင် အမျှင်အတန်းများ ပေါ်ပေါက်လာသည်။ ၎င်းတို့မှာ မျက်စိတစ်မှိတ် အတွင်းတွင် သူ၏ လက်ဖဝါးတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ထို့နောက် ၎င်းတို့မှာ အရေးကြောင်းများနှင့် သွေးကြောများအဖြစ် ပြောင်းလဲသွားသဖြင့် သူ၏ ဘယ်ဘက်လက်တစ်ဖက်စလုံးမှာ အမှောင်ဖုံးသွားသည့်အလား အနက်ရောင်ပြောင်းသွားတော့သည်။

ထိုအချိန်တွင် အရပ်မျက်နှာအနှံ့မှ စုဝေးလာကြသည့် မပြေလည်နိုင်သော အာဃာတများမှာ ထိုအမှောင်ထုကြီးထဲသို့ အရှိန်အဟုန်ပြင်းစွာ စီးဆင်းဝင်ရောက်လာကြသဖြင့် ဘေးနားတစ်ဝိုက်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်လာ၏။ ထိုမြင်ကွင်းကြောင့် ခပ်လှမ်းလှမ်းတွင် ရှိနေကြသည့် ရှဲ့ဟေးရန်နှင့် အခြားသူများမှာ မျက်နှာအမူအရာများ သိသိသာသာပြောင်းလဲသွားကြသည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား မမြင်ရတော့ပေ။ သူ၏ ဘယ်ဘက်လက်ထဲ၌ မပြေလည်နိုင်သည့် အာဃာတများ အဆက်မပြတ် စုဝေးလာနေသည်ကိုသာ မြင်နေရ၏။

၎င်းမှာ နတ်ဆိုးဓားတစ်လက်တည်း၏ စွမ်းအားများမဟုတ်ပေ။ ၎င်းထဲ၌ ရှင်းဟော့နတ်ဘုရားမျိုးနွယ်စုဝင်၏ ရူးသွပ်မှုများ၊ ဖုတ်ကောင်ကြီး၏ ခေါင်းမာမှုများနှင့် ဟင်းလင်းပြင်ကြီးအား တစ်စစီခြေမွှဖျက်ဆီးပစ်လိုသည့် စိတ်ဆန္ဒများ ကိန်းအောင်းနေသည်။

သူ၏ အတိတ်ဘဝများထဲမှ မကျေနပ်ချက်များနှင့် အာဃာတများအားလုံး မဟုတ်ဘဲ အနည်းငယ်မျှသာ လက်ရှိဘဝထဲ၌ လာရောက်စုဝေးကြခြင်းဖြစ်သည့်တိုင်အောင် လုံလောက်ပေသည်။ ထို အာဃာတများ ပေါ်ပေါက်လာမှုကြောင့် ချုံးရိကျစ်၏ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွား၏။

ဝမ်ပေါင်လဲ့မှာမူ သူ့အား တုံ့ပြန်ချိန်မပေးဘဲ သူ၏ အသက်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

ဝမ်ပေါင်လဲ့ အများဆုံးပိုင်ဆိုင်ထားသည့်အရာမှာ အသက်စွမ်းအားများဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော သစ်သားမှာ အသက်စွမ်းအားကို ကိုယ်စားပြုပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ အရှည်သုံးပေရှိသော အနက်ရောင် သစ်သားတုံး ဖြစ်နေသည် မဟုတ်ပါလော။

ထို့ကြောင့် သူ၏ စိတ်ထဲ၌ တွေးတောလိုက်သည်နှင့် သူ၏ နောက်၌ မှုန်ဝါးဝါးဖြစ်နေသည့် ကြယ်မြေပုံကြီးထဲတွင် ပုံရိပ်ယောင် အနက်ရောင်သစ်သားပျဉ်ပြားတစ်ချောင်း ပေါ်ပေါက်လာသည်။ ၎င်း ပေါ်ပေါက်လာသည်နှင့် အဆုံးမရှိသော အသက်စွမ်းအားများမှာလည်း ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထိုအချိန်တွင် သူသည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သဖြင့် အသက်စွမ်းအားများအားလုံးမှာ ထိုလက်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားကြ၏။ ယခုတွင် ဝမ်ပေါင်လဲ့၏ ဘယ်ဘက်လက်ထဲ၌ အာဃာတများဖြင့် ပြည့်နှက်နေပြီး ညာဘက်လက်ထဲတွင် အသက်စွမ်းအားများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ထို့နောက် သူ၏ လက်ချောင်းများ တစ်ချောင်းနှင့်တစ်ချောင်း ထိသွားချိန်တွင် သူသည် ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး မျက်နှာအမူအရာများ အဆက်မပြတ် ပြောင်းလဲသွားနေသည့် ချုံးရိကျစ်အား စိုက်ကြည့်၍ ရေရွတ်လိုက်တော့သည်။

" မီးတောက်ဝိညာဉ်ကျိန်စာ "

သူ၏ နှုတ်မှ ထိုစကားသံထွက်ပေါ်လာသည်နှင့် အာကာသကောင်းကင်ကြီးထဲ၌ ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွား၏။ ဝမ်ပေါင်လဲ့၏ အာဃာတများနှင့် အသက်စွမ်းအားများမှာမူ သိသိသာသာ အားပျော့သွားသည်။ ချုံးရိကျစ်မှာမူ သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားနေပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။

" ဒီ အာဃာတတွေ... ဒီ အသက်စွမ်းအားတွေ... မဖြစ်နိုင်တာ " သူသည် အသံကုန်အော်ဟစ်ကာ နောက်သို့ ဆုတ်ခွာသွားပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် ခရမ်းရောင်အငွေ့အသက်များမှာ လှုပ်လှုပ်ရှားရှားဖြစ်လာကြပြီး သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားကြ၏။ ထို့နောက် ၎င်းတို့မှာ အရှိန်အဟုန်ပြင်းစွာ လည်ပတ်ကာ အရိုးခေါင်းများ ဝန်းရံနေသည့် အနက်ရောင် ဓားမြှောင်သုံးချောင်းအဖြစ် ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် ၎င်းတို့မှာ ဟင်းလင်းပြင်ကြီးအား ရွှီးခနဲမြည်အောင် ထိုးခွင်းလာပြီးနောက် ချုံးရိကျစ်၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားကြ၏။

All Chapters