နတ်ဧကရာဇ်၏ ပုံရိပ်
Vol. 81 Ch. 1120
ထို ဓားမြှောင်သုံးချောင်းအား အနက်ရောင် အခိုးအငွေ့များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ ၎င်းတို့၏ ပတ်ပတ်လည်တွင် အရွယ်အစားအမျိုးမျိုးရှိသော အရိုးခေါင်းများ ဝန်းရံနေကြပြီး ၎င်းတို့အားလုံးမှာ အော်ဟစ်မြည်တမ်းနေကြသည်။
ချုံးရိကျစ်တစ်ယောက်သာလျှင် ထို အော်သံများကို ကြားနိုင်၏။ ထို အော်သံများမှာ သူ၏ အသိစိတ်အား ရိုက်ခတ်နေသကဲ့သို့ပင်။ သူသည် နှောင်းပိုင်း ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင်အောင် ထိုအော်သံများ၏ ပြင်းအားများကြောင့် သူ၏ ဒွာရခုနစ်ပေါက်ထဲမှ သွေးများစီးကြလာဆဲပင်။ နောက်သို့ဆုတ်ခွာသွားနေသည့် သူ၏ ခန္ဓာကိုယ်မှာလည်း ဒယိမ်းဒယိုင် ဖြစ်သွားရသဖြင့် သူသည် ထို ဓားမြှောင်များကို ရှောင်တိမ်းနိုင်စွမ်းမရှိတော့ပေ။
ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ပထမဆုံးဓားမြှောင်မှာ စကားလုံးများနှင့် အတိအကျ ဖော်ပြ၍မရသောအမြန်နှုန်းမျိုးဖြင့် ချုံးရိကျစ်၏ ရင်ဘက်ထဲသို့ စိုက်ဝင်သွား၏။ ၎င်းမှာ ထိုသို့ စိုက်ဝင်သွားသည်နှင့် အနက်ရောင် အခိုးအငွေ့များအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်းဝင်ရောက်သွားသည်။
ထို အနက်ရောင် အခိုးအငွေ့များ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ချုံးရိကျစ်မှာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရ၏။ သူ၏ အသွေးအသားများမှာလည်း ထိုအခိုက်အတန့်တွင် တိုက်စားခံလိုက်ရသည့်အလား ချက်ချင်း ခြောက်သွေ့သွားသည်။ ထိုကဲ့သို့ ခြောက်သွေ့သွားရုံလောက်သာဆိုပါက ကိစ္စမရှိပါသော်လည်း ၎င်းတို့မှာ ခဏအကြာတွင် အရည်ပျော်ကျလာတော့သည်။
၎င်းတို့မှာ အနက်ရောင် သွေးစက်လေးများအဖြစ် ပြောင်းလဲသွားပြီး ချုံးရိကျစ်တစ်ယောက် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားနေစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် စီးကျလာနေ၏။ ထို သွေးစက်များ အာကာသဟင်းလင်းပြင်ထဲ၌ မျောလွင့်သွားကြစဉ် ဝမ်ပေါင်လဲ့၏ ရှေ့၌ ရှိနေသည့်သူမှာ ချုံးရိကျစ် မဟုတ်တော့ဘဲ အရိုးစုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ထိုမြင်ကွင်းကြောင့် ရှဲ့ဟေးရန်၊ ချန်ဟန်းနှင့် အဝေးမှ လှမ်းကြည့်နေကြသည့် ကျင့်ကြံသူများအားလုံးမှာ ဦးရေခွံများ ထုံကျဉ်သွားကြ၏။ သူတို့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး နှလုံးသားထဲ၌ ဗြောင်းဆန်နေကြရပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ကျိန်စာမှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်လွန်းနေသည် မဟုတ်ပါလော။ ၎င်း၏ စွမ်းအားမှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းနေသေးသည်။
ချုံးရိကျစ်မှာ နှောင်းပိုင်းထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် လမ်းကိုးသွယ်တာအိုဂိုဏ်း၏ ဒုတိယအဆင့် တာအိုဂိုဏ်းသား ဖြစ်နေသည့်အချက်ကို မေ့ထား၍မရပေ။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်အင်မတန်မှ မြင့်မားနေရုံသာမက သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း အလွန်တောင့်တင်းခိုင်မာ၏။ ထို့ကြောင့်လည်း သူ မကြာသေးမီတုန်းက ဝမ်ပေါင်လဲ့အား တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့်တိုင်အောင် နောက်ဆုံးတွင် ဒဏ်ရာအနည်းငယ်မျှသာ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုတွင်မူ သူသည် ဒဏ်ရာရသွားခြင်း မဟုတ်ဘဲ သူ၏ အသွေးအသားများကို လုံးဝဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။ ထိုကဲ့သို့ နှိုင်းယှဉ်ကြည့်လိုက်ပါက ဝမ်ပေါင်လဲ့၏ ကျိန်စာမှာ မည်မျှ ကြောက်စရာကောင်းကြောင်း နားလည်နိုင်ပေသည်။
၎င်းမှာ အပြင်ခန္ဓာကိုယ်စွမ်းအားများကို လျစ်လျူရှုကာ ကျိန်စာတိုက်သူ၏ အာဃာတနှင့် အသက်စွမ်းအားများကို အသုံးပြု၍ ထိုစွမ်းအားများကို အတင်းအဓမ္မ ဖယ်ရှားပစ်ခြင်း ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့၏ မီးတောက်ဝိညာဉ်ကျိန်စာမှာ ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ချုံးရိကျစ်၏ အော်သံများမှာ သူ သူ၏ အသွေးအသားများကို ဆုံးရှုံးလိုက်ရချိန်တွင် ရပ်တန့်သွား၏။ သို့သော် ဒုတိယဓားမြှောင်မှာ သူ၏ အနီးသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းအား ခုခံတွန်းလှန်ရန်နှင့် ရှောင်တိမ်းရန် အချိန်မရလိုက်သဖြင့် ၎င်းမှာလည်း သူ၏ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားတော့သည်။
ထိုအခါ ထို ဓားမြှောင်မှာ အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားကာ ပျံ့နှံ့သွားပြီး ချုံးရိကျစ်၏ အရိုးများကို တိုက်ခိုက်လိုက်၏။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် အရိုးစုကြီးမှာ အနက်ရောင်ပြောင်းသွားပြီး အရည်ပျော်ကျလာတော့သည်။
အရိုးများ အရည်ပျော်ကျသွားရာမှ ပေါ်ပေါက်လာသည့် နာကျင်မှုများကြောင့် ချုံးရိကျစ်၏ နတ်ဘုရားဝိညာဉ်မှာ အပြင်းအထန် တုန်ရီသွား၏။ အကယ်၍ သူသာ နတ်ဘုရားအာရုံဖြင့် သူ၏ နတ်ဘုရားဝိညာဉ်အား အာရုံခံကြည့်လိုက်မည်ဆိုပါက တုန်လှုပ် ချောက်ချားဖွယ်ရာ အော်သံကြီးတစ်သံကို ကြားလိုက်ရမည်ဖြစ်သည်။
ထိုအခြင်းအရာများအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ ခဏအကြာတွင်.... ချုံးရိကျစ်၏ ခန္ဓာကိုယ်မှာ လုံးဝပျောက်ကွယ်သွားသည်။ သူ၏ နတ်ဘုရားဝိညာဉ်သာလျှင် အာကာသကောင်းကင်ကြီးထဲ၌ ကျန်ရစ်ခဲ့သည်။
သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ သူ၏ ဝိညာဉ်မှာ နားခိုစရာနေရာ မရှိတော့ပေ။ သူသည် ထိုကဲ့သို့ သနားစရာကောင်းသည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည့်တိုင်အောင် ကျိန်စာကြီးမှာ ပြီးဆုံးသွားခြင်းမရှိသေးပေ။ ထို့ကြောင့် အရိုးခေါင်း အမြောက်အမြား အော်ဟစ်မြည်တမ်းနေကြစဉ် အနက်ရောင်အခိုးအငွေ့များ ဝန်းရံနေသည့် တတိယဓားမြှောင်မှာ ချုံးရိကျစ်၏ ဝိညာဉ်ထဲသို့ စိုက်ဝင်သွားတော့သည်။
ကံကောင်းစွာဖြင့် ချုံးရိကျစ်၏ နတ်ဘုရားဝိညာဉ်မှာ သာမာန်ဝိညာဥ်တစ်ခုမဟုတ်ပေ။ ထို့ကြောင့် ထိုကဲ့သို့ သေရေရှင်ရေး အခိုက်အတန့်သို့ ရောက်သွားသည်နှင့် သူ၏ နတ်ဘုရားဝိညာဉ်မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အပိုင်းပိုင်းပြတ်သွား၏။ ထိုအခါ အုန်းခနဲ မြည်သံကြီးတစ်သံထွက်ပေါ်လာပြီး ၎င်းမှာ ဆယ်ပိုင်းကျော်အထိ ကွဲထွက်သွားသည်။ ထို့နောက် ၎င်းမှာ တတိယဓားမြှောင်အား ရှောင်တိမ်းကာ နောက်သို့ အလျင်အမြန်ဆုတ်ခွာသွားပြီး သူ၏ ခန္ဓာကိုယ်အပြင်ဘက်၌ ကျန်ရစ်ခဲ့သည့် အရောင်မှေးမှိန်ကာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော ထာဝရကြယ်ကြီးထဲသို့ ပေါင်းစည်းဝင်ရောက်သွားတော့သည်။
သူ၏ဝိညာဉ် ထာဝရကြယ်ကြီးထဲသို့ ပေါင်းစည်းသွားပြီးနောက် ထို ထာဝရကြယ်ကြီးမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်နေ၏။ သို့သော် မီးတောက်ဝိညာဉ်ကျိန်စာ၏ တတိယ ဓားမြှောင်မှာ ၎င်း၏ နောက်သို့ လိုက်သွားဆဲပင်။ ထို့ကြောင့် ၎င်းမှာ လေထဲ၌ ရွှီးခနဲမြည်အောင် ဖြတ်သန်းသွားပြီး အဝေးသို့ တည်နေရာပြောင်းရွှေ့ကာ ပျောက်ကွယ်သွားတော့မည့် ထာဝရကြယ်ကြီးထဲသို့ စိုက်ဝင်သွားတော့သည်။
ထို့ကြောင့် ထာဝရကြယ်ကြီး၏ တည်နေရာပြောင်းရွှေ့မှု လုပ်ငန်းစဉ်မှာ ပျက်ပြားသွားရပြီး ၎င်းမှာ ဓားမြှောင် ၎င်းထဲသို့ ပေါင်းစည်းဝင်ရောက်လာနေသည်ကို တားဆီးနိုင်စွမ်းမရှိတော့ပေ။ ခဏအကြာတွင် ထာဝရကြယ်ကြီး တစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် အနက်ရောင်ပြောင်းသွား၏။ သို့ဖြစ်ရာ ၎င်းမှာ ဓားမြှောင်အချောင်းရေပေါင်း မြောက်မြားစွာအဖြစ် ပြောင်းလဲသွားပြီး ၎င်းထဲ၌ ပုန်းကွယ်နေသည့် ချုံးရိကျစ်၏ နတ်ဘုရားဝိညာဉ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေသည့်အလားပင်။
ထို့ကြောင့် ချုံးရိကျစ်၏ နတ်ဘုရားဝိညာဉ်မှာ အသက်အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရပြီး အပြင်းအထန် တုန်ရီသွား၏။ သူ၏ မျက်ဝန်းများထဲတွင်လည်း ရူးသွပ်မှုများနှင့် မျှော်လင့်ချက်ပျက်သုဉ်းသွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ သူသည် ဝမ်ပေါင်လဲ့မှာ ယခုလောက်အထိ အစွမ်းထက်နေလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။
သူ၏ သဘာဝစည်းမျဉ်းဥပဒေသများသာ အစွမ်းထက်နေရုံသာမက သူ၏ အပြင်ခန္ဓာကိုယ်နှင့် နတ်ဘုရားစွမ်းရည်များမှာလည်း အစွမ်းထက်နေသည် မဟုတ်ပါလော။ သူ၏ မီးတောက်ဝိညာဉ်ကျိန်စာမှာလည်း အလွန်အင်မတန်မှ ကြောက်စရာကောင်းနေ၏။ ထိုအခါမှသာ သူသည် သူ အသုံးပြုခဲ့သည့် ကျိန်စာ လမ်းကိုးသွယ်တာအိုဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကိုးခုထဲ၌ အလွန်အဆင့်မြင့်ပါသော်လည်း အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးထဲ၌ နာမည်မကြီးရသည့် အကြောင်းရင်းအား နားလည်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် လမ်းကိုးသွယ်တာအိုဂိုဏ်း၏ ကျိန်စာထက် ပို၍အစွမ်းထက်သည့် ကျိန်စာတစ်ခု ရှိနေသေးသောကြောင့်ပင်။ ၎င်းမှာ မီးတောက်မျိုးနွယ်စု၏ ကျိန်စာဖြစ်ပေသည်။
မီးတောက်ခေါင်းဆောင်ကြီး ထိုကျိန်စာအား အသုံးမပြုခဲ့သည်မှာ အချိန်အတော်အတန် ကြာမြင့်နေသောကြောင့်လား သို့မဟုတ် မီးတောက်မျိုးနွယ်စုထဲမှ ကျင့်ကြံသူများ မီးတောက်ကြယ်စင်စု၏ အပြင်ဘက်သို့ သိပ်မထွက်ကြသောကြောင့်လားတော့ မသိပေ။ ချုံးရိကျစ်မှာ မီးတောက်မျိုးနွယ်စု၏ ကျိန်စာအကြောင်း ကြားသိထားသည့်တိုင်အောင် ၎င်းအား အထူးတလည် အရေးစိုက်ခြင်းမရှိခဲ့ပေ။ သို့သော် ယခုတွင်မူ သူသည် ကျိန်စာအစစ်အမှန်တစ်ခုနှင့် နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရပြီဖြစ်ရာ သူ့ဘက်မှ အများကြီး ပြန်လည်ပေးဆပ်ရတော့မည်ဖြစ်သည်။
" ငါ မသေချင်သေးဘူး "
" ငါ သေလို့မရသေးဘူး " ချုံးရိကျစ်၏ နတ်ဘုရားဝိညာဉ်မှာ ရူးသွပ်လုမတတ် ခံစားနေရပြီဖြစ်သည်။ သူ၏ ထာဝရကြယ်ကြီးထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသည့် အနက်ရောင်ဓားမြှောင်များမှာ သူ၏ အနီးသို့ ချဥ်းကပ်လာကြပြီဖြစ်သည်။ သူသည် ထိုကျိန်စာကြီးမှာ သူနှင့် ပတ်သက်သမျှ အရာအားလုံးကို ဖျက်စီးချေမှုန်းပစ်နိုင်စွမ်း ရှိနေလိမ့်မည်ဟု ခံစားနေရ၏။ ထိုဓားမြှောင်များ သူ့အား ထိုးဖောက်သွားသည်နှင့် အနာဂတ်တွင် သူ၏ဂိုဏ်းမှ သူ့အား အသက်ပြန်သွင်းပေးလျှင်တောင် အသုံးဝင်တော့မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ထိုကျိန်စာမှာ ထာဝရတည်မြဲနေမည်ဖြစ်ပြီး ၎င်း၏ ပစ်မှတ်မှာ သူ၏ ခန္ဓာကိုယ်မဟုတ်ဘဲ သူ၏ ဘဝတစ်ခုလုံး ဖြစ်နေသောကြောင့်ပင်။ သို့ဖြစ်ရာ... ထို ကျိန်စာအား ဤနေရာ၌ ချက်ချင်း ဖယ်ရှားနိုင်မည့် နည်းလမ်းတစ်ခုခု မရှိပါက အခြားမည်သည့်နည်းလမ်းမှ ရှိတော့မည်မဟုတ်ပေ။
" ဝမ်ပေါင်လဲ့ " ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် ချုံးရိကျစ်၏ နတ်ဘုရားဝိညာဉ်မှာ အသံကုန်အော်ဟစ်လိုက်၏။ သူ၏ မျက်ဝန်းထဲရှိ ရူးသွပ်မှုအရိပ်အယောင်များမှာ အထွတ်အထိပ်အဆင့်သို့ ရောက်သွားပြီး သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်ပုံပင်။ ထိုအချိန်တွင် သူ၏ နတ်ဘုရားဝိညာဉ်မှာ ရုတ်တရက်ဆိုသလို အရွယ်အစားသေးငယ်သွားပြီး စာလိပ်တစ်လိပ်ပုံစံ ပြောင်းလဲသွား၏။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်ပါသော်လည်း သူ မီးတောက်ကြယ်စင်စုထဲရှိ ရှေးဟောင်းမှတ်တမ်းများထဲ၌ လေ့လာဖတ်ရှုခဲ့သော အချက်အလက်အချို့အား ချက်ချင်း ပြန်၍ မှတ်မိသွားသည်။
" နတ်ဘုရားဝိညာဉ်ပညာရပ်တစ်ခုပါလား " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ သူသည် အဆုံးမဲ့တာအိုနယ်မြေထဲမှ လျှို့ဝှက်ဆန်းကြယ်ပညာရပ်တစ်ခုအား ပြန်၍ မှတ်မိသွားခြင်းဖြစ်သည်။ နတ်ဘုရားဝိညာဉ်တစ်ခုအဖြစ် ရှိနေမှသာလျှင် ထိုပညာရပ်အားအသုံးပြု၍ရပေသည်။ နတ်ဘုရားဝိညာဉ်ပညာရပ်တိုင်းမှာ ထူးဆန်းသော စွမ်းအားများကို ပိုင်ဆိုင်ထားကြ၏။
ယခုတွင် ချုံးရိကျစ်၏ ခန္ဓာကိုယ်ပေါ်၌ ပေါ်ပေါက်လာသည့်အရာမှာ နတ်ဘုရားဝိညာဉ်ပညာရပ် ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့တစ်ယောက် သတိကြီးကြီးထားကာ စောင့်ကြည့်နေစဉ်မှာပင် ချုံးရိကျစ်၏ နတ်ဘုရားဝိညာဉ် ပြောင်းလဲသွားရာမှ ပေါ်ပေါက်လာသည့် စာလိပ်လေးမှာ စာလိပ်အစစ်တစ်လိပ်အဖြစ် ပြောင်းလဲသွားသည့်အလား ရုတ်တရက်ဆိုသလို ပြန့်သွား၏။
ထိုစာလိပ် ပြန့်သွားသည်နှင့် ၎င်းထဲရှိ ရုပ်ပုံအား မြင်လိုက်ရသည်။
ထိုရုပ်ပုံထဲတွင် ကြယ်စင်စုတစ်ခု၏ ပုံတစ်ပုံ ရှိနေ၏။ ထို ကြယ်စင်စုထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသည့်ကြယ်များမှာ တလက်လက်တောက်ပနေကြပြီး လူတစ်ယောက်မှာ မတ်တတ်ရပ်နေ၏။ သူသည် မီးခိုးရောင် ဝတ်ရုံရှည်ကြီးတစ်ခုကို ဆင်မြန်းထားပြီး အာကာသကောင်းကင်ကြီး၏ အလှအား ကြည့်ရှုခံစားနေသည့်ပုံပင်။ ထို့ကြောင့် သူသည် ပြင်ပကမ္ဘာကြီးအား ကျောပေးထားသည့်ပုံ ပေါက်နေ၏။
သူသည် စာလိပ်အား ကျောပေးထားသည့်တိုင်အောင် ထို စာလိပ် ပြန့်သွားပြီး ထို ရုပ်ပုံ ပေါ်ပေါက်လာသည်နှင့် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သည့် ဖိနှိပ်ချုပ်တည်းအားတစ်မျိုးမှာ စာလိပ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာသည်။
ထို ဖိနှိပ်အားများမှာ စာလိပ်၏ အတွင်းနှင့်အပြင် နှစ်ဘက်စလုံးတွင် ရှိနေသည့် ဖုန်မှုန့်များကိုသာမက ဘေးနားတစ်ဝိုက်ရှိ သဘာဝစည်းမျဥ်းဥပဒေသများနှင့် သက်ရှိများအာလုံးအပြင် အာကာသကောင်းကင်ကြီးကိုပါ ဖိနှိပ်ချုပ်တည်းလိုက်သည်။
" ဝမ်ပေါင်လဲ့။ ငါ့နတ်ဘုရားဝိညာဉ်ရဲ့ တစ်ဝက်တိတိကို ဖျက်ဆီးပစ်ရမယ်ဆိုရင်တောင် မင်းကို ရအောင် ဖိနှိပ်ချုပ်တည်းပြမယ်ကွ " ချုံးရိကျစ်၏ နတ်ဘုရားဝိညာဉ်ထဲမှ ရူးသွပ်ဖွယ်ရာ နတ်ဘုရားအာရုံတစ်ခု ထွက်ပေါ်လာ၏။
ထိုအခါ ရှဲ့ဟေးရန်နှင့် အခြားသူများအားလုံးမှာ ပါးစပ်ထဲမှ သွေးများပန်ထွက်လာကြပြီး ဖိနှိပ်ချုပ်တည််းအားများကြောင့် မြေကြီးပေါ်၌ ပိပြားသွားကြ၏။ ချန်ဟန်းနှင့် သူ၏ ထာဝရကြယ်အဆင့် တာအိုအစောင့်အရှောက်များမှာလည်း ထိုနည်းတူပင်။
စစ်သင်္ဘောကြီးပင်လျှင် တွန့်လိမ်ပုံပျက်သွားရပြီး ဝိညာဉ်စွမ်းအားများအားလုံး ဆုံးရှုံးသွားရသဖြင့် အောက်သို့ ပြုတ်ကျလာ၏။ သူတို့မှာ အဝေးကြီးတွင်ရှိနေသောကြောင့် သူတို့ ခံစားလိုက်ရသည့် ဖိနှိပ်အားများမှာ အများကြီးတော့မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ထိုဖိအားများကို အပြင်းအထန် ခံစားလိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားလိုက်ရ၏။ သို့သော် သူသည် အပြီးတိုင် ဖိနှိပ်ချုပ်တည်းခံလိုက်ရခြင်းတော့ မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ ကြယ်မြေပုံကြီးထဲတွင် တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်ကိုးလုံးနှင့် တာအိုထာဝရကြယ်တစ်လုံး ရှိနေသောကြောင့်ပင်။
သို့ဖြစ်ရာ တာအိုထာဝရကြယ်တစ်လုံးအား ဖိနှိပ်ချုပ်တည်းနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် တစ်ဝက်တစ်ပျက် တာအိုထာဝရကြယ်ကိုးလုံးမှာ အရောင် မှေးမှိန်သွားကြသည့်တိုင်အောင် တာအိုထာဝရကြယ်ကြီးမှာ အနက်ရောင်အလင်းရောင်များဖြင့် ပြည့်နှက်သွားပြီး အာကာသတွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်သွား၏။ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီနေရသည့်တိုင်အောင် ဖြည်းဖြည်းချင်း ခေါင်းမော့လာပြီး ပြန့်နေသည့် စာလိပ်အား လှမ်းကြည့်လိုက်သည်။
" နတ်ဧကရာဇ်ရဲ့ ပုံရိပ်ပါလား "
ထိုကဲ့သို့သော ဖိနှိပ်ချုပ်တည်းမှုစွမ်းအားမှာ ဝမ်ပေါင်လဲ့ မြင်ဖူးသည့် ကြယ်နယ်မြေအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ၏ စွမ်းအားများထက်ပင် ပို၍သာလွန်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ကြယ်နယ်မြေအဆင့်၏ အထက်တွင်ရှိသော စကြဝဠာအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်သာလျှင် ထိုကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားနိုင်ပေသည်။
ဝမ်ပေါင်လဲ့ လှမ်းကြည့်လိုက်ချိန်တွင် ပြင်ပကမ္ဘာကြီးအား ကျောပေးထားသည့် ထို စာလိပ်ထဲမှ လူကြီးမှာ ဝမ်ပေါင်လဲ့အား ပြန်ကြည့်ရန် သူ၏ ဦးခေါင်းအား နောက်သို့ ဖြည်းဖြည်းချင်း လှည့်လာ၏။
သူ၏ ဦးခေါင်း နောက်သို့လှည့်လာသောအခါ ဖိနှိပ်ချုပ်တည်းအားများမှာ ပို၍ အားကောင်းလာသည်။ ဘေးပတ်ပတ်လည်ရှိ အာကာသကောင်းကင်ကြီးမှာလည်း ပြိုလဲပျက်စီးသွား၏။
" စိတ်ဝင်စားစရာပဲ။ ငါက တခြားလူတွေကို ဖိနှိပ်ချုပ်တည်းနိုင်ဖို့ ဒီလိုနည်းလမ်းကို အမြဲတမ်းသုံးခဲ့တာ။ အခု တခြားတစ်ယောက်က အဲဒီလိုနည်းလမ်းနဲ့ ငါ့ကို ပြန်ပြီးတော့ ဖိနှိပ်ချုပ်တည်းတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ကောင်းပြီလေ။ နတ်ဧကရာဇ်ဆိုတဲ့ ခဗျားကြီးနဲ့ ကျုပ်ရဲ့ ယောက္ခမကြီး ဘယ်သူက ပိုပြီးတော့ အစွမ်းထက်သလဲဆိုတာ ကြည့်ကြတာပေါ့ " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေသည့်တိုင်အောင် မျက်ဝန်းများ အရောင်တောက်ပသွား၏။ သူသည် ထိုသို့ဆိုလိုက်ပြီးနောက် စိတ်ထဲတွင် တာအိုဂါထာတော်အား တိတ်တိတ်ကလေး ရွတ်ဖတ်လိုက်တော့သည်။
" ဉာဏ်အလင်းပွင့်စေသော်.... ကောင်းကင်တာအိုအကျဉ်းသား... ခန္ဓာရှိသမျှ ဘေးဒုက္ခကို ခံစားကြရပေ၍... သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာကို အာရုံပြုပါ... ကျင့်ကြံခြင်းလမ်းက စောင့်နေသည် “