လက်ကျန် စက္ကန့်များ
Vol. 56 Ch. 771
စက္ကန့်...
စက္ကန့်မှာ သေမျိုးလောက၌ အတိုတောင်းဆုံးသော အတိုင်းအတာ ယူနစ် တစ်ခုပင် ဖြစ်သည်။ သို့သော်လည်း... ဆက်စပ်မှု စစ်မြေပြင် အတွင်းတွင်တော့ စက္ကန့်ပိုင်းလောက်မှာ အနာဂတ်တစ်ခုလုံး နှင့် အလုံးစုံသော စစ်သည်တော်များ၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိသည်။ ထိုအရာ အားလုံးက စစ်ဝိညာဥ်ပေါင်း ၉၄၆၂ ယောက်ကို တစ်ယောက်တော် ရင်ဆိုင်နေသည့် လူငယ် တစ်ဦး အပေါ်တွင် မူတည် နေခဲ့ပေသည်။
မရေမတွက်နိုင်သော စစ်ဝိညာဥ်များမှာ မျက်လုံးများ မှိတ်လျှက် သူတို့ထံ ခြေတစ်လှမ်းချင်း လမ်းလျှောက် လာနေသည့် ချောမောသော လူငယ်၏ ပုံရိပ်ကို စိုက်ကြည့် နေခဲ့ကြသည်။ သူ့ ညာဘက်လက်က အဖြူရောင် သွေးစတို့ စွန်းထင်နေသည့် ဆေဘာတစ်စင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။
သူ့ လမ်းကြောင်းတစ်လျှောက်တွင်တော့ ရာနှင့်ချီသော အလောင်းများမှာ စုပုံနေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များက ရုပ်ပျက်ဆင်းပျက်ပင် ထက်ပိုင်းပြတ်နေကာ အများစုမှာ ကိုယ်လက်အင်္ဂါပင် မစုံကြတော့ချေ။ မယုံကြည်နိုင်စရာ ကောင်းစွာပင် ၉၄၆၂ ယောက်သော စစ်ဝိညာဥ်များမှာ ကြောက်ရွံ့မှုကို စတင် ခံစားလာရသည်။
သူတို့ အထဲမှ မည်သူက ထင်မိခဲ့လိမ့်မည်နည်း။ သေမျိုး တစ်ယောက်ကို ကြောက်ရွံ့ရမည်ဟု။
“လေးသည်တော်တွေ အဆင့်ပြင်... ကွန်မန်ဒါတွေ ကိုယ့်တပ်ရင်းကို အာရုံစိုက်...”
ဆေဘာတစ်ချက် အဝှေ့တွင် ရှေ့ပြေးတပ်ရင်း တစ်ဝက်လောက် သတ်ဖြတ်ခံလိုက်ရသည်ကို တွေ့မြင်ပြီးနောက် ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က ပြင်းထန်စွာ အော်ဟစ်လိုက်၏။
ဝှစ်... ဝှစ်... ဝှစ်...
တပ်ရင်း ကွန်မန်ဒါများ၏ ညွှန်ကြားမှုအောက်၌ စစ်သည်များမှာ အလွန် လျှင်မြန်စွာ လှုပ်ရှား လာကြ၏။ သူတို့၏ နှလုံးသားများက ပြန်လည် တည်ငြိမ်လာကာ မျက်လုံးများမှာ အကြောက်အလန့် ကင်းမဲ့မှုများဖြင့် ပြန်လည် ပြည့်နှက်လာသည်။
နတ်ဘုရားများနှင့် ရင်ဆိုင်ရလျှင်ပင် သူတို့ အောင်ပွဲကို ရအောင် ယူမည် ဖြစ်သည်။ သေမျိုး တစ်ယောက်ကို အဘယ်ကြောင့် ကြောက်လန့် ရမည်နည်း။ သူတို့က စစ်ပွဲ အတွင်း မွေးဖွားလာသူများ ဖြစ်သည်။ စစ်မြေပြင်မှာ သူတို့အိမ်ပင် ဖြစ်သည်။ ထိုနေရာ၌ မြှုပ်နှံ့ခံရလျှင်ပင် သူတို့ အတွက် ပြဿနာ မရှိချေ။
လေးညှို့သံများမှာ စစ်မြေပြင်တစ်ခွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ အကယ်၍ ဝေ့ဝူယင် မျက်လုံးများ မြင်နိုင်လျှင်ပင် လေးသည်တော်များကိုတော့ တွေ့မြင်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့က အခြား စစ်သည်များ အကြားတွင် ပုန်းကွယ်ကာ ကိုယ့်ကိုယ်ကို အပြည့်အဝ ဖုံးကွယ် ထားကြပေသည်။
အကြောက်တရားကြောင့် ဖြစ်ပေါ်လာသည့် တုန့်ပြန်မှုများနှင့် အမှားအယွင်းများကို စက္ကန့်ပိုင်းလေး အတွင်းမှာပင် သူတို့ ဖြေရှင်း ပြီးသွားကြပြီ ဖြစ်လေသည်။ ထိုလျှို့ဝှက် အာဏာရှင် အဆင့်များကို အထင်သေး၍ မရပါချေ။
ဝေ့ဝူယင်မှာ ထိုအချင်းအရာ အားလုံးကို ဝိညာဥ်အာရုံဖြင့် မြင်တွေ့ နေရ၏။ ထိုစစ်သည်များနှင့် ပတ်သက်သမျှ ဝင်္ကပါများ၊ အမိန့်များနှင့် ခေါင်းဆောင် အပေါ် ယုံကြည်မှု၊ စစ်မြေပြင်တွင် သေဆုံးသည် အထိ တိုက်ခိုက်ရန် ဆန္ဒ ရှိမှု... အရာအားလုံးက လေးစားစရာ ကောာင်းလှပေသည်။
“စိတ်မကောင်းပါဘူး... ငါ အဲဒါကို ခွင့်မပြုနိုင်ဘူး...”
အချိန်ကန့်သတ်ချက်နှင့် တုန့်ပြန်နေရလေရာ စစ်ဝိညာဥ်များ အပြည့်အဝ နေရာ ယူပြီးသည် အထိ လေးစားသမှုဖြင့် စောင့်ဆိုင်းရန် ဝေ့ဝူယင်တွင် အချိန် မရှိပါချေ။ ဝိညာဥ်အာရုံကို အကန့်အသတ်ထိ ရောက်အောင် ထုတ်ဖော်ထားခြင်းနှင့် အတူ ဝေ့ဝူယင်မှာ ပတ်ဝန်းကျင် တစ်ကီလိုမီတာ အတွင်းရှိ လှုပ်ရှားမှု မှန်သမျှကို တွေ့မြင်နေရ၏။
ဝှစ်...
ဝိညာဥ် အလင်းရောင်များမှာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထိုအလင်းများမှာ မီးရောင်၊ အဖြူရောင်၊ ငွေရောင်၊ ခုနစ်ရောင်ခြယ် အလင်းများ အဖြစ် တောက်ပနေကာ အဂ္ဂိရတ် တာအို၏ လမ်းစဥ် ခုနစ်ရပ်ကို ရောင်ပြန်ဟပ် နေသည်။ ဝိညာဥ်ဆင်းတုများမှ ကွင်းများမှာ အလွန် လျှင်မြန်စွာ လှည့်ပတ်လာကာ ဝိညာဥ်အော်ရာများမှာ အပြင်ဘက်သို့ တဟုန်ထိုး ဖြာထွက်လာသည်။
ဝိညာဥ် အေးခဲခြင်း အစီအရင်...
ဝေ့ဝူယင်မှာ ထိုအစီအရင်ကို အတော်လေး ကျွမ်းကျင်သည့် အပြင် အလွန် မြင့်မားသည့် ဝိညာဥ် အင်အားနှင့် အတူ လွယ်ကူစွာ ထုတ်ဖော်နိုင်စွမ်း ရှိ၏။ တပ်စိတ်နှင့် တပ်ပေါင်းစု ခေါင်းဆောင်များ၊ တပ်ရင်း ကွန်မန်ဒါများ အားလုံးမှာ အမိန့်ပေးနေရာမှ ရုတ်ချည်းပင် ကျောက်ရုပ်များလို ရပ်တန့်သွားသည်။
သာမန် စစ်သည်များ အကြား၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။ သူတို့က ကြောင်စီစီဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ စစ်တပ် တစ်ခုတွင် အမိန့်က အက္ခရာ ဖြစ်သည်။ အမိန့်မရှိလျှင် ဘာမှ လုပ်၍ မရချေ။
“ပစ်...”
အားလုံး ကစဥ့်ကလျား ဖြစ်တော့မည့် ဆဲဆဲတွင် ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က မိုးကြိုး ထစ်ချုန်းသံလို ပေါက်ကွဲမှုမျိုးဖြင့် အော်ဟစ်လိုက်၏။
သူ၏ အသံလှိုင်းများက ဆိုင်ကလုန်း မုန်တိုင်း တစ်ခု အလား ဆက်စပ်မှု စစ်မြေပြင်ကို ဖြတ်သန်း သွားသည်။ ရုတ်ချည်းပင်... လေးညို့ လွှတ်လိုက်သည့် အသံများမှာ တစ်ပြိုင်နက်တည်းပင် ထွက်ပေါ်လာ၏။ အံ့သြစရာ ကောင်းစွာပင် လေးသည်တော်များကိုတော့ မည်သည့် နေရာတွင်မှ မတွေ့ရချေ။
သို့သော်လည်း ဝေဝူယင် သူတို့ကို မြင်ပေသည်။ သူတို့ အားလုံးက သူ့ အာရုံစူးစိုက်မှု အတွင်း၌ ရှိနေပေသည်။
ဝေ့ဝူယင် ဆေဘာကို ရင်ဘတ်ရှေ့၌ ကန့်လန့်ဖြတ် ကိုင်ကာ ခန္ဓာကိုယ် အနေအထားကို လျှော့ချ၍ ရှေ့သို့ ကြည့်လိုက်၏။ မြှားများက အရိပ်များလိုပင် ချိုင်းအောက်၊ ခြေထောက်အောက်၊ ပခုံးပေါ် စသည်ဖြင့် သေးငယ် ကျဥ်းမြောင်းသော နေရာများမှ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ သာမန် သေမျိုး မျက်လုံးများဖြင့်ပင် မမြင်နိုင်အောင် မြန်ဆန်လွန်းလှ၏။
ဤသည်က ဝေ့ဝူယင်၏ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် စည်းစနစ်တကျ ဖွဲ့စည်းထားသည့် လေးသမားများကို ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။ သူ စိတ်ထဲ၌ အထင်မကြီးပဲ မနေနိုင်အောင် ဖြစ်ရ၏။ ထိုကဲ့သို့ ဒူးကြား၊ ပေါင်ကြားမှ ပစ်ခတ်နိုင်ရန် အတွက် လေးသည်တော်များထံတွင် ယုံကြည်ချက် ရှိဖို့ လိုအပ်ရုံသာ မက အခြား စစ်သည်များမှာလည်း သူတို့ အပေါ် ယုံကြည်ချက် ရှိရန် လိုအပ်ပေသည်။ တစ်ချက် မှားယွင်းသည်နှင့် မျှားတစ်စင်းက သူတို့ အသက်များကို အလွယ်တကူ ချွေပစ်နိုင်ပေသည်။
ဝေ့ဝူယင် မျက်ခုံးပင့် လိုက်မိ၏။ မြှားများမှာ အရေအတွက် အားဖြင့် တစ်ရာတိတိ ရှိကာ မတူကွဲပြားသည့် ရှု့ထောင့်များမှ နေ၍ ကျဆင်းလာသည်။ ၎င်းတို့က သူ့ လက်ရှိတည်နေရာကို မက၊ ထွက်ပြေး ရှောင်ထွက်နိုင်သည့် နေရာများကိုပါ ဦးတည်ချက်ထား တိုက်ခိုက် လိုက်ကြခြင်း ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင်က နောက်သို့ ဆုတ်ခြင်း မပြုပါချေ။ သူက ပြင်းထန်သည့် အင်အားနှင့် ဖနှောင့်ကို ပေါက်ကာ ရှေ့သို့ တဟုန်ထိုး ချီတက်လိုက်၏။ သူ့ခြေထောက်အောက်ရှိ မြေကြီးက ပြိုကျသွားကာ ဆယ်မီတာခန့် နက်သည့် အက်ကွဲကြောင်း တစ်ခုကို ဖြစ်ပေါ်လာ၏။
ထန်... ထန်... ထန်...
ဝေ့ဝူယင်၏ လှုပ်ရှားမှုများမှာ အလွန်ပင် သွက်လက် လှ၏။ သူက မြှားများကို ရှောင်တိမ်းလိုက်ကာ ရှောင်တိမ်း၍ မရနိုင်သည့် မြှားများကိုတော့ ဆေဘာဖြင့် ခုတ်ပိုင်း ပစ်လိုက်၏။ သူ့စိတ်ထဲတွင်တော့ မြှားများက သယ်ဆောင်လာသည့် စွမ်းအားကို အံ့အားသင့် နေမိသည်။ တစ်ချက် ခုတ်လိုက်တိုင်း သူ့ ဆေဘာကိုင်လက်မှာ တုန်ရီသွား၏။ အကယ်၍ သူတို့သာ လျှို့ဝှက် စွမ်းအင်ကို သုံးနိုင်ပါက... မြှားများ၏ ခွန်အားက အဆပေါင်း တစ်ရာခန့် ပိုမို အစွမ်းထက် သွားလေမလား မပြောတတ်ချေ။
တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ ဝေ့ဝူယင်မှာ ဒိုင်းများ ကိုင်ဆောင်ထားသည့် တပ်ရင်း တစ်ခုနှင့် ရင်ဆိုင် လိုက်ရ၏။ သူတို့က ခံတပ်တစ်ခု သဖွယ် ဖွဲ့စည်းထားကာ ခိုင်ခံ့သည့် နံရံ တစ်ခုလိုမျိုး ဝေ့ဝူယင်ကို တားဆီး ထားသည်။
“လေးဆယ့်ခြောက်...”
ဝေ့ဝူယင်မှာ ထပ်မံ အချိန်ဆွဲလိုခြင်း မရှိတော့ချေ။ သူက တိုးဝင်လာသည့် မြှားများကို ခုတ်ပိုင်းလိုက်ရင်း ရှေ့သို့ တရကြမ်း တက်ကာ ဆေဘာကို ထောင့်ဖြတ် ဝှေ့ယမ်းလိုက်တော့၏။
ရွှမ်း...
သူ၏ ဆေဘာမှာ ဆေဘာနှလုံးသား ရည်ရွယ်ချက်၊ ဒြပ်စင်နှင့် ဝိညာဥ်ဆင်းတုတို့ သုံးခု ပေါင်းစပ်ထားသည့် ရလဒ် တစ်ခု ဖြစ်သည်။ အခြေခံ သတ္တုကပင်လျှင် လျှို့ဝှက် မြေကြီး အဆင့် အထွတ်အထိပ် ဖြစ်လေရာ ထက်ရှမှုမှာ ခန့်မှန်း၍ မရနိုင်အောင် မြင့်မားလှသည်။
ဝေ့ဝူယင်၏ ဆေဘာအသွားက ဒိုင်းကာ နံရံကို ထိတွေ့ကာ အားလုံးကို ထောပတ်များလို လှီးဖြတ် ပစ်လိုက်၏။ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း ၎င်းတို့က တစ်ဝက်တစ်ပျက်မှာပင် ရပ်တန့်သွား၏။ သူတို့အားလုံး၏ အသက်များကား အဆုံးသတ်သို့ ရောက်သွားခဲ့ချေပြီ ဖြစ်လေသည်။
ရွှစ်...
ရုတ်တရက်... လှံတစ်စင်းမှာ အလင်းထဲမှ ထွက်ပေါ်လာကာ ဝေ့ဝူယင်ထံ တိုးဝင်လာည်။ မြှားများ၏ ပစ်မှတ်ထားမှုကို လျှော့ချရန် ခန္ဓာကိုယ်အား အနည်းငယ် နှိမ့်ထားသည့် တိုင်အောင် ထိုလှံက သူ့နှလုံးသား တည့်တည့်ကို ဦးတည်နေ၏။
ဝှစ်... ဝှစ်... ဝှစ်...
တစ်ချိန်တည်းတွင်ပင် မြှားသုံးစင်းမှာ မတူကွဲပြားသည့် နေရာများမှ ထွက်ပေါ်လာ၏။ ၎င်းတို့က ဝေ့ဝူယင် တည့်တည့်ကို မဟုတ်ပဲ လွတ်မြောက်နိုင်သည့် နေရာများကိုသာ ဦးတည်နေသည်။ လှံအား ရှောင်တိမ်းရန် ကြိုးပမ်းသည်နှင့် ထိုမြှားများက သူ့ အသက်ကို နှုတ်ယူရန် အဆင်သင့် ဖြစ်နေပေသည်။
ဝေ့ဝူယင်မှာ ဝိညာဥ်အာရုံမှ တစ်ဆင့် ထိုအရာ အားလုံးကို ရှင်းလင်းစွာပင် တွေ့မြင်နေရသည်။ သူက လှံကို ရှောင်တိမ်းခြင်း မပြုချေ။ ထို့အစား ၎င်းကို အကြေးခွံများ ပြည့်နှက်နေသည့် လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ မူလ နေရာဆီ ပြန်လည် ပစ်လွှတ်လိုက်သည်။
ထို့နောက်.. ဆက်တိုက်ဆိုသလိုပင် သူက ခန္ဓာကိုယ်ကို တစ်ပတ် လှည့်ကာ နောက်ထပ် ဆေဘာအလင်း တစ်ချက်ကို ထုတ်လွှတ်လိုက်၏။ ပြတ်ရှသံများနှင့် နာကျင်စွာ အော်ဟစ်သံများ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ စစ်ပွဲအတွက် ရည်ရွယ်ချက်၍ ဖန်တီးထားသည် စစ်ဝိညာဥ်များ ဖြစ်သည့်တိုင် သူတို့၏ သေဆုံးများက အစစ်အမှန် သက်ရှိများလိုပင် ယုတ္တိရှိလှ၏။
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ စစ်မြင်းနှင့် အတူ စစ်မြေပြင် တစ်ခုလုံးကို ရွေ့လျားကာ လက်အောက် ငယ်သားများထံ အမိန့်များ ပေးပို့နေသည်ကို ဝေ့ဝူယင် တွေ့ရ၏။ အခြား ခေါင်းဆောင်များ အေးခဲ နေစဥ်တွင် စစ်တပ်ကြီး တစ်ခုလုံးကို တစ်ယောက်တည်း ညွှန်ကြား နိုင်ခြင်းက မည်မျှ အထင်ကြီး ဖွယ်ရာ ကောင်းလိုက်သနည်း။
ဝေ့ဝူယင်မှာ စစ်တပ် ဝင်္ကပါ အတွင်း ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သူက အဘက်ဘက်မှ ဝန်းရံခံထားရကာ လေးသည်တော်များမှာ အရပ် ရှစ်မျက်နှာတွင် ရှိနေကြ၏။ အတွင်းပိုင်း စွမ်းအင်များ ထိန်းချုပ်ခံထားရသည့်တိုင် သူတို့၏ လှုပ်ရှားမှုများက အလွန် မြန်ဆန်နေဆဲ ဖြစ်သည်။
အဆိပ်ပညာရှင်၏ စကားကား အမှန်ပင် ဖြစ်လေသည်။ သူတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြလေရာ ခန္ဓာကိုယ် သီးသန့်ပင်လျှင် သေမျိုးများထက် ပိုမို၍ သန်မာနေကြဆဲ ဖြစ်သည်။
ဝေ့ဝူယင် နောက်ထပ် ဆေဘာအလင်းလှိုင်း တစ်ခုကို ထုတ်လွှတ်ကာ များပြားသည့် သေဆုံးမှုများ ဖြစ်ပေါ်လာပြန်၏။ သူ၏ လွှဲခုတ်ချက်တိုင်းက အသက်များကို ဂရုဏာ ကင်းမဲ့စွာ နှုတ်ယူနေသည်။ တစ်ချိန်တည်း၌ လှံနှင့် မြှားများ၏ တွဲဖက် ညီညီ တိုက်ခိုက်မှုများမှာလည်း ဝေ့ဝူယင်ထံ ကျရောက် လာနေ၏။ အကယ်၍ ဝိညာဥ်အာရုံကိုသာ အသုံးပြုနိုင်ခြင်း မရှိပါက ဝေ့ဝူယင် ဆယ်ခါပြန်ပင် သေကောင်း သေနေလောက်ပြီ ဖြစ်သည်။
“လေးဆယ့်ငါး စက္ကန့်...”
ဘုန်း...
ဝေ့ဝူယင်က မြေပြင်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်၏။ မြေကြီးက ငလျင်လှုပ် သကဲ့သို့ တုန်ရီသွားကာ အနီးအနားရှိ စစ်သည်များမှာ ဟန်ချက်ပျက်ရွင်း သွားကြသည်။ ဆေဘာ၏ အသွားက ရိုင်းစိုင်းစွာပင် စစ်မြေပြင် တစ်ကြောကို ဖြတ်သန်း၍ ဝှေ့ယမ်းသွားကာ မရေမတွက်နိုင်သည့် ခေါင်းများမှာ လေပေါ် ဝဲပျံ သွားကြ၏။ ၎င်း၏ အသွားစွန်း အောက်၌ မည်သည့် ဒိုင်းကာ၊ သံချပ်ကာနှင့် အသက်မဆို လွတ်မြောက်နိုင်စွမ်း မရှိခဲ့ပါချေ။
“နင်... “
တပ်ရင်း ကွန်မန်ဒါ တစ်ဖြစ်လည်း အဆိပ်ပညာရှင်မှာ အေးခဲခြင်း ဝိညာဥ် အစီအရင်၏ သက်ရောက် ခံရရာမှ ပြန်လည် နိုးထလာ၏။ သူမအား ကိုယ်ပိုင်တပ်ရင်းမှ စစ်သည်များက ဝန်းရံကာ ကာကွယ် ထားကြသည်။ လမ်းတစ်လျှောက်၌ ခေါင်းပြတ်များ၊ လက်ပြတ်၊ လက်ပြတ်များမှာ လေပေါ် ပျံဝဲနေ၏။
ဝေ့ဝူယင် သတ်ဖြတ်နေသည့် လမ်းကြောင်းကို ကြည့်ပါက ထိုအမျိုးသမီးထံ ဦးတည်လာနေကြောင်း မည်သူမှ သံသယ ရှိလိမ့်မည် မဟုတ်ချေ။ ကံကောင်းထောက်မတာ တစ်ခုက သူမ အတွက် အသေးခံ ကာကွယ်ပေးမည့် နောက်လိုက်များ ရှိနေခြင်းပင် ဖြစ်သည်။
ထိုအရာကပင် ဝေ့ဝူယင်ကို အနည်းငယ် နှောင့်နှေး သွားစေခဲ့ကာ အဆိပ်ပညာရှင်မှာ နောက်သို့ အလွန် လျှင်မြန်စွာ ဆုတ်ခွာ သွားခဲ့၏။ သူမ၏ အမိန့်ပေးမှု အောက်၌ အခြား စစ်သည်များစွာမှာ ဝေ့ဝူယင်ထံ ပုရွက်ဆိတ်များ အလား ပြေးဝင်သွားကြသည်။
ပုံမှန်ဆိုလျှင် သူမမှာ ကျင့်ကြံခြင်း အခြေခံ ပိုမို မြင့်မားလေရာ ထိုစစ်သည်များထက် ပိုမို အစွမ်းထက်သည်။ သို့သော်လည်း... ထိုအဆိပ်က သူမ၏ စွမ်းအင်အားလုံးကို သုံးစွဲ၍ မရအောင် ထိန်းချုပ်ထားသည်။ အကယ်၍ ဝေ့ဝူယင်ရှေ့ကို ရောက်ရှိသွားပါက သူမသည်လည်း အခြား စစ်သည်များလိုပင် အသတ်ခံရမှာ ကျိန်းသေ ပေသည်။
အဆိပ်ပညာရှင်မှာ နောက်ကို အဆက်မပြတ် ဆုတ်ရင်း မျက်လုံးကို ဝှေ့ကြည့်လိုက်၏။ ထိုအခါ ခပ်လှမ်းလှမ်း တစ်နေရာတွင် တပ်ရင်း ကွန်မန်ဒါ တစ်ယောက် အေးခဲ နေဆဲ ဖြစ်သည်ကို သူမ တွေ့လိုက်ရသည်။ ရုတ်ချည်းပင်... မိန်းကလေး၏ မျက်လုံးများက ကျဥ်းမြောင်း သွား၏။ သူမ တစ်ယောက်ထဲ အဘယ်ကြောင့် ကွက်၍ လွတ်လာရသနည်း။ ပို၍ တွေးလေလေ... သူမ၏ မျက်လုံးများက ကျဥ်းမြောင်းလာလေလေပင်။
သူမ၏ မျက်လုံးများက အရှေ့တည့်တည့်ကို ပြန်လည် ရောက်ရှိသွား၏။ သူမ၏ တပ်ရင်းမှ စစ်သည်များစွာမှာ သူမကို ကာကွယ်ရန် အတွက် ရှေ့သို့အဆက်မပြတ် တိုးဝင်ရင်း လုံးဝ ကစဥ့်ကလျား အခြေအနေကို ရောက်ရှိနေသည်။ တိုက်ခိုက်မှုများက လုံးဝ စည်းစနစ် တကျ မရှိတော့ပဲ ဆေဘာတစ်ချက် ဝှေ့ယမ်းတိုင်း အပုံလိုက် သေနေကြ၏။
မဟုတ်ဘူး... မကောင်းတော့ဘူး...။
မိန်းကလေး၏ နှလုံးသားက ပြင်းထန်သော သတိပေးချက်များနှင့် ပြည့်နှက် သွား၏။ စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် သူမ၏ ဝိညာဥ်က နောက်တစ်ကြိမ် ပြန်လည် ရပ်တန့်သွားသည်။
ရွှမ်း...
သူမ၏ ခေါင်းက လေပေါ် ပျံဝဲ သွား၏။ သွေးများက ပန်းထွက်လာကာ ခန္ဓာကိုယ်မှာ ပျော့ခွေ လဲကျသွားသည်။
ဝေ့ဝူယင်က လျှင်မြန်စွာပင် အခြား တပ်ရင်း ကွန်မန်ဒါ တစ်ယောက်ဆီ ဦးတည်လိုက်လေသည်။ တပ်ရင်းမှူးများကို ဦးတည်တိုက်ခိုက်ခြင်းက စစ်သည်များ၏ နှလုံးသားကို ပျက်ရွင်းစေကာ သတ်ဖြတ်ရန် ပိုမို၍ လွယ်ကူသွားစေသည်။ ထိုအရာက ဤစစ်မြေပြင်တွင် ဝေ့ဝူယင် ရှာဖွေ တွေ့ရှိခဲ့သည့် ဗျူဟာ တစ်ခုပင်။
“စက္ကန့်လေးဆယ်...”
၈၈၇၁ ယောက်သော စစ်ဝိညာဥ်များကား စတင်ကာ သွေးပျက်လာခဲ့ချေပြီ ဖြစ်လေသည်။
***