ပူးပေါင်း အားထုတ်မှု
Vol. 56 Ch. 772
စစ်မြေပြင် တစ်ခုလုံးမှာ ကစဥ့်ကလျား အခြေအနေကို ရောက်ရှိနေ၏။ သေမျိုးတစ်ယောက်မှာ လျှို့ဝှက် အာဏာရှင် အဆင့် စစ်တပ် တစ်ခု၏ တပ်ရင်း ကွန်မန်ဒါများကို အမဲလိုက်နေခဲ့ကာ များစွာသော လျှို့ဝှက် အာဏာရှင် အဆင့်များမှာ သူ့ဓားသွားအောက်၌ အတုံးအရုံး ပြိုလဲ သေဆုံး နေခဲ့ကြသည်။
ပို၍ အထင်ကြီး ဖွယ်ရာ ကောင်းသည်က စစ်မြေပြင် တစ်ခွင်လုံးတွင် မျက်လုံးများ ရှိနေသည့် အလား သူ၏ ရှောင်တိမ်းမှု နည်းစနစ်များနှင့် ဗျူဟာများပင် ဖြစ်သည်။ ခန္ဓာကိုယ်ပေါ် ကျရောက်လာသည့် ဝိညာဥ်ဖိအား တစ်ခုကို ခံစား၍ ရသည့်တိုင် ဝိညာဥ်အာရုံ အပါအဝင် အတွင်းပိုင်း စွမ်းအင်များကို မသုံးမပြုနိုင်ကြလေရာ ထိုအရာက ဖိအားလော၊ အာရုံလောပင် သူတို့ မခွဲခြား နိုင်ကြချေ။
သေချာ ကျနစွာ လေ့ကျင့်ထားသည့် စစ်တပ်ကြီး တစ်ခုလုံး ကိုင်းပင်များ ကဲ့သို့ ရိတ်သိမ်းခံနေရသည်ကို ကြည့်ရင်း ဗိုလ်ချုပ်ကြီး၏ ကျန့်ကျန့်၏ အော်ရာက ပိုမို ကြမ်းတမ်း ခက်ထန်လာ၏။ ဆေဘာအလင်း တစ်ချက် ဝှေ့ယမ်းသွားတိုင်း၌ စစ်သည် ရာပေါင်း များစွာ မဟုတ်လျှင် ဒါဇင်ပေါင်း များစွာမှာ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် သေဆုံး နေကြသည်။
ဗိုလ်ချုပ်ကြီး ကျန့်ကျန့် တစ်ယောက် အလွန် ဒေါသထွက် နေခဲ့ချေပြီ ဖြစ်သည်။ သူ၏ ခေါင်းဆောင်များ၊ ကွန်မန်ဒါများမှာ ပြင်ပ အင်အား တစ်ခု၏ သက်ရောက်မှုကို ခံထားရ၏။ သူ့သတိပေး စကားကို လျစ်လျူကာ ရူးမိုက်စွာဖြင့် ခန္ဓာကိုယ် အတွင်းပိုင်း စွမ်းအင်များကို လှည့်ပတ်ရန် ကြိုးပမ်းသူများမှာလည်း အဆိပ်၏ သက်ရောက်မှုကို ခံရကာ ဆေဘာအလင်း အောက်တွင် လွယ်လွယ်ကူကူပင် အသက်ထွက် သွားကြသည်။
မရေမတွက်နိုင်သည့် သေခြင်းတရားများမှာ မီလီစက္ကန့်များ အတွင်း ဖြစ်ပျက်နေ၏။ သူ၏ ဆေဘာဓား တစ်ချက်ချင်းစီတိုင်းက လွင့်စဥ်မှု တစ်ခုတစ်လေပင် မရှိချေ။ တစ်ခါတစ်ရံ၌ ဓားအလင်းများမှာ တပ်ရင်း ကွန်မန်ဒါများထံ ဦးတည် သွားသည့်တိုင် စစ်သည်များက သူရဲကောင်း ဆန်ဆန် ကိုယ့်ကိုယ်ကို စတေး၍ ကြာဖြတ် ဝင်ရောက်ကာ အသက်ကို စွန့်လွှတ်သွားကြသည်။
ဝေ့ဝူယင်မှာ တိုက်ခိုက်နေရင်း တစ်ချက် တစ်ချက် တောက်ပသော အပြုံးနှင့် ဗိုလ်ချုပ်ကြီး ကျန့်ကျန့်ဘက်သို့ လှည့်ကာ ကြည့်နေခဲ့၏။ ထိုအပြုံးက “ကျုပ် ခင်ဗျား အညံ့ခံပါလို့ မပြောလား”ဟူ၍ ပြောကာ လှောင်ပြောင်ချင် နေသယောင်ပင်။
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ ဒေါသများကား စက္ကန့်နှင့် အမျှ တဟုန်ထိုး ပေါက်ကွဲ နေခဲ့ချေပြီ ဖြစ်လေသည်။ ထိုမျက်ကန်းသေမျိုးကို အရက်စက်ဆုံးနှင့် ကြောက်မက်ဖွယ် အကောင်းဆုံး သေခြင်းတရားမျိုးကို ပေးဖို့မှ တစ်ပါး တခြား ဘယ်အရာကိုမှ သူ မလိုချင်တော့ချေ။
ဗိုလ်ချုပ်ကြီး တစ်ယောက် အတွက် နောက်လိုက်နောက်ပါများ တိုက်ပွဲအတွင်း သေဆုံးသွားသည်ကို တွေ့မြင်ရခြင်းမှာ မျှော်လင့်ချက် ဘောင်အတွင်း၌သာ ရှိနေသည့် ကိစ္စတစ်ခု ဖြစ်သည်။ သို့သော်လည်း မတူတာ တစ်ခုက သူတို့ ရင်ဆိုင်နေရသည့် ရန်သူမှာ သေမျိုး တစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်သည်။ အကယ်၍ မူလ စွမ်းအား၏ တစ်ရာခိုင်နှုန်းကို သုံးနိုင်လျှင်ပင် ထိုသေမျိုးမှာ သူ့အတွက် ဓားတစ်ချက် ခုတ်စာသာ ရှိသည်။
သို့သော်လည်း ယခုတွင်တော့ သူ အဆိပ်မိနေသည်။ အဆိပ်ပညာရှင်ကတော့ သူမ မသေခင် အဆိပ်မှာ မိနစ် အနည်းငယ် အတွင်း ပြန်လည် ပျယ်လွင့် သွားလိမ့်မည်ဟု ပြောသွားခဲ့သည်။ ထိုအချိန်ကို စောင့်ရုံမှ တစ်ပါး သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ပါချေ။
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ အမိန့်များကို ဆက်တိုက် ပို့လွှတ်လိုက်၏။ ချက်ချင်း ဆိုသလိုပင် စစ်သည်များမှာ ဝေ့ဝူယင်၏ သတ်ဖြတ်မှု စက်ကွင်းမှ လွတ်ကင်းရန် အဆက်မပြတ် နောက်သို့ ဆုတ်ခွာလာကြသည်။ သူတို့က အေးခဲနေသည့် တပ်ရင်း ကွန်မန်ဒါများကို ဘေးကင်းလွတ်ရာ နေရာများဆီသို့ သယ်ဆောင်သွား၏။ ဒိုင်းကာကိုင် စစ်သည်များက ကွန်မန်ဒါများကို ကာကွယ်ပေးထားသည်။
ဝှစ်... ဝှစ်...
ချက်ချင်း ဆိုသလိုပင် စစ်သည်များ၏ တိုက်ခိုက်မှုများက ပြန်လည် စနစ်ကျလာကာ မြှားနှင့် လှံများမှာ ဝေ့ဝူယင်ထံ ကျရောက်လာခဲ့ပြန်၏။ ချက်ချင်းဆိုသလိုပင် တိုက်ပွဲ အဟုန်က ပြောင်းပြန် ပြန်ဖြစ် သွားပြန်သည်။ ဝေ့ဝူယင် ဆေဘာကို ကျွမ်းကျင်စွာပင် ဝှေ့ယမ်းကာ ထိုအသက်နှုတ် လက်နက်များကို ခုတ်ပိုင်း ပစ်လိုက်သည်။
ထန်... ထန်... ထန်...
သတ္တုချင်း ထိခတ်သည့် အသံများမှာ အဆက်မပြတ်ပင် ထွက်ပေါ် လာနေခဲ့၏။ စက္ကန့်တစ်ခုချင်းစီတိုင်း၌ မြှားပေါင်း နှစ်ရာမှ သုံးရာခန့်ကို ရင်ဆိုင်နေရကြောင်း ဝေ့ဝူယင် သို့တိုင်အောင် ဝေ့ဝူယင်မှာ ရှေ့သို့ ဆက်လက် ချီတက်နေကာ ကြောက်မက်ဖွယ် ဆေဘာအလင်းများကို ထုတ်လွှတ်နေဆဲ ဖြစ်၏။ ထို့အပြင်... ဗိုလ်ချုပ်ကြီး ကျန့်ကျန့်ကို လှမ်းကြည့်လိုက်တိုင်း၌ သူ့ နှုတ်ခမ်းထက်တွင် လှောင်ပြောင်သော အပြုံး တစ်ခုက တွဲလဲ ခိုနေဆဲ ဖြစ်သည်။
သေမျိုးတစ်ယောက်က လျှို့ဝှက် အာဏာရှင် အဆင့် ဗိုလ်ချုပ်ကြီး တစ်ယောက်ကို လှောင်ပြောင်ခြင်း
ထိုအရာမှာ... ပုရွက်ဆိတ် တစ်ကောင်က အရွယ်ရောက်ပြီးသား တိုက်တန် တစ်ယောက်ကို စိန်ခေါ်သည့် အလား ရယ်စရာ ကောင်းလွန်းလှသည်။ သို့သော်လည်း ယခုအချိန်တွင်တော့ မည်သည့် လျှို့ဝှက် အာဏာရှင် အဆင့်မှ မရယ်နိုင်ကြပါချေ။ သူတို့ ပြင်းထန်စွာပင် ဒေါသထွက်နေကြကာ သူ့ကို ချေမှုန်းပစ်လို နေကြ၏။
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်လိုက် သဖြင့် အနည်းငယ် စိတ်အေး သွားမိ၏။ သို့သော်လည်း... ဆက်တိုက် ဆိုသလိုပင် ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ ဖြစ်ရပ်များက သူ့စိတ်ကို နောက်တစ်ဖန် ပြန်လည် လှုပ်နှိုးသွားခဲ့တော့၏။
ဝှစ်... ဝှစ်... ဝှစ်...
“အား...”
မြှားတစ်ခုမှာ ဆင်းသက်လာကာ စစ်ဝိညာဥ် တစ်ယောက်၏ ဒူးကို စိုက်သွား၏။ စစ်သည်မှာ နာကျင်စွာ အော်ဟစ်လိုက်ရင်း မြေပြင်ပေါ် ဒူးထောက် ပြုတ်ကျသွားသည်။
“ဘယ်သူ... ဘယ်သူလဲ...ဘာလို့...”
ဝှစ်...
စကား မဆုံးခင်မှာပင် နောက်ထပ် မြှားတစ်စင်း ထွက်ပေါ်လာကာ သူ့နဖူးကို တိုက်ရိုက် ထိုးဖောက်သွားတော့၏။ စစ်သည်၏ မျက်လုံးထဲမှ အသက်ဓာတ်မှာ လျှင်မြန်စွာပင် မှေးမှိန်သွားသည်။ မျက်လုံးများ ပွင့်လျှက်ကပင် သူ မြေပြင်ပေါ် နောက်ပြန် လဲကျသွားတော့၏။ အဖြူရောင် သွေးများက မျက်လုံးများထဲမှ စီးထွက်ကျဆင်း လာသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ထိုစစ်သည်၏ မျက်လုံးများကို သေချာကြည့်မည် ဆိုပါက သစ္စာဖောက် ခံရမှု၊ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
“ငါ သူ့ကို သတ်လိုက်ပြီကွ...”
မလှမ်းမကမ်းတွင် လေးသည်တော် တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ထခုန်ကာ အော်ဟစ်လိုက်သည်။ အခြား စစ်သည်များမှာ ကြောင်အ သွားကြ၏။
ထိုဖြစ်ရပ်မှာ တစ်နေရာတည်း၌ ကန့်သတ် မနေချေ။ စစ်မြေပြင် နေရာများစွာ၌ တစ်ပြိုင်နက်တည်းလိုပင် ဖြစ်ပွား သွားခဲ့ခြင်းဖြစ်သည်။ လေးသည်တော်များနှင့် လှံသမားများမှာ မဟာမိတ်များကို အပြင်းထန်ဆုံး တိုက်ကွက်များနှင့် ထိုးစစ်ဆင် နေကြ၏။ ထို့အပြင်... သူတို့ကို ကြည့်ရသည်က ထိုကဲ့သို့ သတ်ဖြတ်ရသည်ကို ဂုဏ်ယူနေဟန် ရသည်။ သူတို့က ဗိုလ်ချုပ်ကြီး ကျန့်ကျန့် ဘက်ကိုပင် လှည့်ကာ တောက်ပစွာ ပြုံးပြ နေကြ၏။
ချက်ချင်းပင် လျှို့ဝှက် အာဏာရှင် အဆင့် စစ်တပ် တစ်ခုလုံးမှာ တစ်ယောာက်ကို တစ်ယောက် သတ်ဖြတ်ကြရင်း ကစဥ့်ကလျား အခြေအနေသို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ ရူးသွပ်နေသည့် အချို့ ဆိုလျှင် တပ်ရင်း ကွန်မန်ဒါများကိုပင် ပြန်လည် တိုက်ခိုက်ရန် ကြိုးပမ်းနေကြ၏။ တစ်ချိန်တည်း၌ အချို့ကလည်း ပန်းခင်း တစ်ခုထဲ၌ လမ်းလျှောက်နေသည့် အလား ယောင်ဝါးဝါးဖြင့် လျှောက်သွား နေကြသည်။
နဂါးခမောက် နောက်မှ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ မျက်လုံးများမှ ကျဥ်းမြောင်း သွား၏။ သူက အလျှင်အမြန်ပင် စစ်မြေပြင်ကို စစ်ဆေးကြည့်လိုက်ရာ ခုနစ်ရောင်ခြယ် သစ်ပင် အမြစ်များမှာ စစ်မြေပြင် တစ်ခုလုံးကို ဖြန့်ကျက်နေသည်ကို တွေ့ရ၏။ ၎င်းတို့က စစ်သည် အချို့၏ ခြေများ၊ လက်များကိုပင် နွယ်ပင်များလို ရစ်ပတ် ထား၏။
“ဘာတွေ ဖြစ်နေတာလဲ...”
ရွှမ်း...
အခြား တစ်ဖက်၌ ဝေ့ဝူယင်မှာ ထိုအခွင့်အရေးကို ယူကာ တပ်ရင်း ကွန်မန်ဒါ တစ်ယောက်ကို ဆေဘာဖြင့် ခုတ်ပိုင်း ပစ်လိုက်၏။ သူ၏ လှုပ်ရှားမှုများက အလွန်ပင် လျှင်မြန်လှကာ စစ်မြေပြင် တစ်ခွင် အစွမ်း အထက်ဆုံး တိုက်ခိုက်မှုများကို ထုတ်ဖော်နေသည်။ သူ့လမ်းကြောင်းတစ်လျှောက်၌ စစ်ဝိညာဥ်များမှာ အတုံးအရုံးပင် လဲပြို နေကြ၏။ ဆေဘာဓားသွား အောက်၌ မည်သည့် အရာမှ ရပ်တည်နိုင်စွမ်း မရှိခဲ့ပါချေ။
ဝှစ်...
မြှားတစ်စင်းမှာ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်ထံ တည့်တည့် တိုးဝင်လာ၏။ သူက လှည့်ပင် မကြည့်ပဲ လက်မောင်းကာကို မြှောက်ကာ ထိုမြှားကို တားဆီးလိုက်သည်။
သူ၏ မျက်လုံးများက အပြင်းထန်ဆုံးသော အမုန်းတရားနှင့် ပြည့်နှက်နေကာ ဝေ့ဝူယင်ကို မလွတ်စတမ်း လိုက်ကြည့်နေသည်။ ဝေ့ဝူယင်၏ ဆေဘာချက် အောက်၌ ခေါင်းသုံးလုံး အစဥ်လိုက် လွင့်စဥ် သွား၏။
ကြောက်မက်ဖွယ် အကြည့်ကို သတိထားမိလေရာ ဝေ့ဝူယင်က သူ့ဘက်ကို လှည့်၍ ပြုံးပြကာ ပခုံးတစ်ချက် တွန့်လိုက်၏။ ထို့နောက် သူ သတ်ဖြတ်ရင်း အဝေးကို တဖြည်းဖြည်း ထွက်ခွာသွားသည်။
ကျန့်ကျန့်၏ မျက်လုံးထဲမှ အမုန်းများကား အမြင့်ဆုံး အဆင့်ကို ရောက်ရှိ နေခဲ့ပြီ ဖြစ်လေသည်။ ထိုအပြုံးနှင့် မထီတရီ အပြုအမူ... ၎င်တို့က “ကျုပ် ခင်ဗျားကို မပြောဘူးလား” ဟု ပြောနေသယောင်ပင်။
“သေမျိုးကောင်... သောက်သေမျိုးကောင်...”
သို့သော်လည်း ပြဿနာက ဝေ့ဝူယင် မဟုတ်ချေ။ ခုနစ်ရောင်ခြယ် အလင်းတန်းများ ထုတ်လွှတ်နေသည့် အဝေးဆီမှ သစ်ပင်ကြီးကို ကျန့်ကျန့် လှမ်းကြည့်လိုက်သည်။ ၎င်းမှာ လက်တံများကို ဖြန့်ကျက်ကာ သတ်ဖြတ်တတ်သည် ပုံပြင် ဒဏ္ဍာရီများထဲမှ သစ်ပင် တစ္ဆေကြီး တစ်ကောင် လိုပင် ကျန့်ကျန့် ခံစားလိုက်ရသည်။
အဘယ်ကြောင့် သေမျိုး တစ်ယောက်တွင် ထိုမျှ များပြားသည့် နည်းလမ်းများ ရှိနေရသနည်း။ သူက အယဘ်ကြောင့် ထိုမျှ လျှင်မြန်ရသနည်း။
သူ ပိုင်ဆိုင်ထားသည့် အဆိပ်၊ အာရုံ ခံစားမှု၊ လျှို့ဝှက်အဆင့် ဆေဘာ၊ ဝိညာဥ်ဆင်းတု လေးခု... တစ်ခုချင်းစီက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းသည်။
“အား...”
ရုတ်ချည်းပင် တစ်စုံတစ်ယောက် အောာက်သို့ ပြုတ်ကျသွားသည့် အသံ ထွက်ပေါ်လာ၏။ ကျန့်ကျန့်၏ နှလုံးသားက အေးခဲသွားကာ လှမ်းကြည့်လိုက်သည်။ ထိုအခါ စစ်မြေပြင်ထက်၌ မရေမတွက်နိုင်သည့် အပေါက်များ ပေါ်ပေါက်လာကာ စစ်သည်များကို အောက်သို့ ဆွဲခေါ်သွားသည်ကို တွေ့ရ၏။ ထို့နောက် အပေါက်များက အသက်ရှိသည့် အလား ပြန်လည် ပိတ်သွားသည်။
သူတို့ ဘယ်လောက် ဝေးဝေးအထိ ရောက်သွားသည်ကို မည်သူ သိနိုင်ပါမည်နည်း။ အကယ်၍ ကုန်းမြေတိုက်ကြီး၏ အနက်ရှိုင်းဆုံး နေရာများ အထိ ရောက်သွားပါက သူတို့ ကျိန်းသေ သေဆုံး သွားရလိမ့်မည် ဖြစ်သည်။
စစ်မြေပြင် အနှံ့ ပျံ့နှံ့နေသည့် နာကျင်စွာ အော်ဟစ်မြည်တမ်းသံများ၊ သစ္စာဖောက် ခံရသံများ၊ အသားထဲသို့ သတ္တု တိုးဝင်သွားသည့် အသံများမှာ ကျန့်ကျန့်၏ စိတ်နှလုံးကို ပြင်းထန်စွာ ဖိနှိပ်နေ၏။ သူ ရင်ဆိုင် နေရသည်က ဆေဘာသမား တစ်ယောက်လော။ အဆိပ်ပညာရှင်လော။ ပြုစားခြင်း အတတ်ကို ကျွမ်းကျင်သည့် စုန်းတစ်ယောက်လော။ ပတ်ဝန်းကျင်ကို လိုသလို ခြယ်လှယ်နိုင်သူ တစ်ယောက်လော... ကျန့်ကျန့် စဥ်းစား၍ မရတော့ချေ။ ဘယ်လိုပဲ ဖြစ်ဖြစ်... အဆိပ်ပြယ်သွားသည့် အချိန်အထိ သူ စောင့်ဆိုင်း ရလိမ့်မည် ဖြစ်သည်။
“နှစ်ဆယ့်ရှစ် စက္ကန့်...”
စစ်ဝိညာဥ် တစ်သောင်းတွင် ၆၄၂၁ ယောက်သာ ကျန်ရှိပေတော့၏။
***