← Chapters

ရှုံးနိမ့်မှု

Vol. 56 Ch. 773

ရှုံးနိမ့်မှု

Vol. 56 Ch. 773

ကျန့်ကျန့်မှာ အဖြူရောင် စစ်မြင်းထက်မှ နေ၌ မြင်ကွင်းတစ်ခုလုံးကို ရင်နာစွာ ကြည့်နေခဲ့မိ၏။ လက်သီးကို တင်းကြပ်စွာ ဆုပ်ရင်း သူ့မျက်လုံးများက မီးတဝင်းတင်း တောက်လောင် နေသည်။ ဗိုလ်ချုပ်ကြီး တစ်ယောက် အနေဖြင့် သူ အမိန့်များကို ဆက်လက် ထုတ်လွှတ်နေသည့်တိုင် စစ်သည်များမှာ ဆက်လက် လိုက်နာကြခြင်း မရှိတော့ချေ။

လက်ရှိ၌ စစ်ဝိညာဥ်များမှာ အချင်းချင်းကိုပင် ပြန်လည် ကြောက်ရွံ့ နေကြရသည်။ အချို့က သွေးရူးသွေးတန်းဖြင့် ခန္ဓာကိုယ် အတွင်းပိုင်း စွမ်းအင်များကို ထုတ်ဖော်မိကြလေရာ ချက်ချင်း ဆိုသလိုပင် အားနည်း၍ လဲပြို ကျသွားကြသည်။ အဆိပ်က သူတို့၏ ခန္ဓာကိုယ်များကိုသာ မက စိတ်စွမ်းအင်များကိုပါ ဝါးမြို နေခဲ့ခြင်း ဖြစ်သည်။

ကျန့်ကျန့်မှာ ထိုမျှလောက် အသုံးမဝင်သည့် ခံစားချက်မျိုး တစ်ခါမှ မခံစားဖူးပါချေ။ သူက ကောင်းကင်ကို မော့ကြည့် လိုက်၏။ ဝိညာဥ်ဆင်းတု သုံးခုမှာ ဝိညဥ် ကွင်းဆယ့်သုံးကွင်းစီကို ဝန်းရံကာ လှပ ခမ်းနားစွာ တည်ရှိနေသည်။ ၎င်းတို့၏ အရွယ်အစားမှာ တောင်တန်းကြီးများလိုပင် ကြီးကျယ်လှ၏။ ကျန့်ကျန့် ထိုပုံရိပ်ကြီးများကို ဖျက်ဆီးပစ်ချင်ခဲ့သည်။ သို့သော်လည်း... ၎င်းတို့က ဝိညာဥ်ဆင်းတုများသာ ဖြစ်သည်။ သူတို့တွင် ရုပ်ခန္ဓာ မရှိချေ။ ခုနစ်ရောင်ခြယ် သစ်ပင်ကြီးမှ တစ်ပါး အခြား ဝိညာဥ်ဆင်းတုများကို ထိတွေ့၍ပင် မရချေ။

ပြောရလျှင်... ဝိညာဥ်ဆင်းတု ဆိုသည်က ကြယ်တာရာ ဝိညာဥ်များ၏ လမ်းစဥ်ကို ရောင်ပြန်ဟပ် နေသည့် စွမ်းအင် အစုအဝေး တစ်ခုမျှသာ ဖြစ်သည်။ ကျင့်ကြံသူများက ၎င်းတို့ထံမှ စွမ်းအင်များကို ယူဆောင်ကာ တိုက်ခိုက်ရာ၌ အသုံးပြုကြခြင်း ဖြစ်သည်။ သို့သော်လည်း... သစ်ပင်အမြစ်များကတော့ ထိုယုတ္တိဗေဒကို ဆန့်ကျင်နေသည်။

ကျန့်ကျန့် သူ့လက်အောက်ငယ်သား အချို့ကို ထိုသစ်ပင်ကြီး၏ အမြစ်များအား ရှင်းပစ်ရန် အမိန့်ပေးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ခုတ်ဖြတ်လိုက်သည်နှင့် ၎င်းတို့က ပုံရိပ်ယောင် ပြန်ဖြစ်သွားကာ လေကို ခုတ်လိုက်ရသည့် အလား ကျော်ဖြတ်သွားသည်။ အကယ်၍ ၎င်းတို့သာ အစစ်အမှန် ရုပ်ခန္ဓာများကို ပိုင်ဆိုင် ထားလျှင် အခြေအနေက တစ်မျိုး ပြောင်းလဲကောင်း ပြောင်းလဲ သွားနိုင်သေးသည်။

ကျန့်ကျန့် ကိုယ့်ကိုယ်ကို စိတ်ထဲမှ ကျိန်ဆဲ လိုက်မိ၏။ အကယ်၍ သူသာ ထိုမျက်ကန်း သေမျိုးကို အဆိပ်ခတ်ဖို့ အချိန် မပေးမိပါက ယခုလို အဖြစ်ဆိုးများ ကြုံတွေ့ခဲ့ရလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း... သူ မိုက်မဲစွာပင် ထိုသေမျိုးကို အထင်သေးခဲ့မိသည်။ ပေါက်ပန်းလေးဆယ် ပြောသမျှကို အချိန်ပေး နားထောင်ခဲ့မိသည်။ သူ ထိုကဲ့သို့ အချိန်ဖြုန်း နေခဲ့မိစဥ်တွင် ထိုသေမျိုးကတော့ အလွန် ကောင်းမွန်သည့် အစီအစဥ် တစ်ရပ်ကို အကောင်အထည်ဖော် နေခဲ့ပေသည်။

မည်မျှ ရင်နာဖွယ်ရာ ကောင်းလိုက်သနည်း။ သူ သကောင့်သားကို တွေ့တွေ့ချင်း ဓားတစ်ချက် ဝှေ့ယမ်း၍ ခေါင်းဖြတ် ပစ်ခဲ့လိုက်သင့်သည်။ သို့သော်လည်း... ကံမကောင်းစွာပင် နောင်တ ဆိုသည်က ကုရာနတ္ထိ ဆေးမရှိပါချေ။

စက္ကန့်များ တရွေ့ရွေ့ ကျော်ဖြတ်နေသည်နှင့် အမျှ ရာနှင့်ချီသည့် စစ်သည်များမှာ တဖြုတ်ဖြုတ် သေဆုံး နေကြ၏။ ဝေ့ဝူယင်၏ ဆေဘာဓားသွားက ထက်ရှလှသလို အမှတ်မထက် တိုးဝင်လာသည့် မြှားနှင့် လှံများကလည်း ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ တစ်ချိန်တည်း၌... ထူးခေါင်းပေါက်များကလည်း မြေပြင်ထက်၌ ကျပန်းဆိုသလို ပေါ်လာကာ အသက်များကို နှုတ်ယူ သွားကြသည်။

တစ်ချိန်တည်း၌ အချင်းချင်း ပြန်လည် သတ်ဖြတ်မှုများက စစ်ဝိညာဥ် ၁၀၀၀၀ ပါဝင်ခဲ့သည့် တပ်မဟာကြီး၏ စည်းရုံးမှုနှင့် သစ္စာစောင့်သိမှုတို့ကို ရိုက်ချိုး သွားခဲ့သည်။ စစ်မြေပြင် တစ်ခွင်လုံး၌ မည်သူ့ကိုမှ ယုံကြည်၍ မရတော့ချေ။ အချို့ဆိုလျှင် ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ အမိန့်များကိုပင် စတင် ဖီဆန် လာကြ၏။

ကောင်းကင်တွင် လွင့်မြောနေသည့် မီးခိုးရောင် တိမ်တိုက်ကြီးကို ကြည့်ရင်း ကျန့်ကျန်၏ အမူအရာက မည်းမှောင် လာသည်။ ၎င်းက အသံလှိုင်း ကဲ့သို့ လှိုင်းများကို စစ်မြေပြင်ထံ ထုတ်လွှတ်နေကြောင်း သူ ခံစား၍ ရနေခဲ့သည်။ သို့သော်လည်း... အသံကိုတော့ မကြားနိုင်ချေ။

“လေးသမားတွေ စိတ်ဖောက်ကုန်ကြပြီ... သူတို့ကို တားကြစမ်း... ခုခံရင် တစ်ခါတည်း သတ်ပစ်လိုက်”

မရေမတွက်နိုင်သည့် စစ်ဝိညာဥ်များ၏ နားထဲ၌ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ အသံက မိုးကြိုးပစ်သလို ပေါက်ကွဲ ထွက်ပေါ်လာသည်။ တစ်ခဏ အတွင်းမှာပင် လေးသည်တော်များ၏ သေဆုံးမှုများက ဇယ်ဆက်ဆိုသလို ဖြစ်ပွားသွား၏။

သို့သော်လည်း... သူတို့ မသိလိုက်သည့် အရာကား ထိုအသံမှာ အမှန်တကယ် ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ အသံ မဟုတ်ခြင်းပင် မီးခိုးရောင် တိမ်တိုက်မှာ တစ်နည်းနည်းဖြင့် စစ်ဝိညာဥ်များထံသို့ အမိန့်များ ပေးပို့ကာ အပြည့်အဝ ထိန်းချုပ်နေသေည်။

ကျန့်ကျန့်မှာ ထိုအရာကို သတိထားမိသွားခဲ့ပြီ ဖြစ်သည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ အစစ်အမှန် နဂါး တစ်ကောင် အမှန်တယ် ရှိနေသည်လော။

ကျန့်ကျန့် လက်ပိုက်ကာ ဖြစ်စဥ်ကြီး တစ်ခုလုံးကို အေးအေးဆေးဆေးပင် ကြည့်နေလိုက်၏။

“ရှုံးပြီ...”

ထိုအရာက သူ တွေးမိသမျှ အကုန်အစင်ပင် ဖြစ်သည်။ ပြန်လာစရာ အကြောင်း မရှိတော့ချေ။ အကြပ်အတည်းက နေရာတကာ၌ ဖြစ်ပျက်နေကာ ယုံကြည်မှုများမှာလည်း ပျောက်ဆုံး နေကြသည်။ စစ်ဝိညာဥ်များမှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် သတ်ဖြတ်နေကြသည်။

အကယ်၍ သူတို့ လိုက်နာနေသည့် အမိန့်များက အတုများ ဖြစ်ကြောင်း ပြောပြလျှင်ပင် ကောင်းကင်ရှိ အတုကရော အလားတူ မပြောနိုင်ဘူးလော။

“ဆယ့်သုံး...”

ဝေ့ဝူယင်၏ နဖူးမှာ ချွေးများဖြင့် စိုရွှဲ နေခဲ့၏။ သူ့လက်မောင်းနှင့် ခြေထောက်များရှိ သွေးကြောများက ထောင်ထ နေသည်။ သူ့အသက်ရှူသံများမှာ လေးပင်နေ၏။

စောစောပိုင်းက မြှားတစ်စင်းမှာ သူ့ဘယ်ဘက် ပခုံးကို ဖောက်ထွင်းလုနီးပါး အထိ ဖြစ်သွားခဲ့သည်။ ဝိညာဥ်အာရုံဖြင့် လေ့လာ စောင့်ကြည့်နေသည့် ကြားကပင် မြှား၏ အရှိန်က အလွန်ပင် မြန်ဆန်လွန်းကာ လုံးဝ ထင်မှတ် မထားသည့် ထောင့်မှ တိုးဝင် လာခဲ့သည်။ အကယ်၍ လျှို့ဝှက်လောက တစ်ပိုင်း ဝတ်စုံကြောင့်သာ မဟုတ်ပါက ၎င်းက သူ့ကိုယ်တွင်း အင်္ဂါများထံကိုပင် တိုးဝင် သွားလောက်ပြီ ဖြစ်သည်။ သူ သေဆုံးသွားမည်မှာ မလွဲဧကန်ပင်။

ထို့အပြင်... သူ့ညာဘက် ပေါင်တွင်လည်း ဓားဒဏ်ရာ တစ်ခု ရှိနေခဲ့၏။ အကယ်၍ အရှောင်အတိမ်းသာ မမြန်ပါက ၎င်းက ပြတ်ထွက် သွားနိုင်သည့် တိုက်ခိုက်မှုမျိုး ဖြစ်သည်။ စစ်ဝိညာဥ်များမှာ စစ်မြေပြင်၌ မွေးဖွား ကြီးပြင်းလာခဲ့ကြသူများ ပီသလှပေသည်။ တိုက်ခိုက်ရေးနှင့် ပတ်သက်၍ သူတို့၏ အာရုံများက ကြောက်မက်ဖွယ် ကောင်းသော ထက်မြက်လွန်းကာ လှုပ်ရှားမှုတိုင်းက အသက်ကို နှုတ်ယူနိုင်သည် အထိ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

အကယ်၍ ဧဒင်၊ အိုရီ၊ ခရာတိုတို့၏ ပူးပေါင်း အားထုတ်မှုနှင့် လျှို့ဝှက်အဆင့် ဝတ်စုံ၏ ကာကွယ်ပေးမှုတို့ကြောင့်သာ မဟုတ်ပါက သူ့အတွက် ယခုလောက် လွယ်ကူလိမ့်မည် မဟုတ်ပါချေ။

“ဆယ့်နှစ်စက္ကန့်...”

ဝေ့ဝူယင် ဝိညာဥ်အာရုံကို ဖြန့်ကျက်ကာ လက်ကျန် စစ်ဝိညာဥ် အရေအတွက်ကို ရေတွက်လိုက်၏။ ဗိုလ်ချုပ်ကြီး ကျန့်ကျန့် အပါအဝင် စစ်ဝိညာဥ်ပေါင်း ၂၉၂၃ ယောက် ကျန်ရှိနေပေသေးသည်။ စက္ကန့်သုံးဆယ်မျှ အတွင်းမှာပင် သေမျိုးတစ်ယောက်မှာ ခုနစ်ထောင်ကျော်သော လျှို့ဝှက် အာဏာရှင် အဆင့်တို့၏ သေဆုံးခြင်းကို ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ထိုဇာတ်လမ်းကို နောင်လာနောင်သားများထံ ပြောပြပါက မည်သူမှ ယုံကြည်ကြလိမ့်မည် မထင်ချေ။

ဆေဘာနှင့် ဝေ့ဝူယင်၏ တစ်ကိုယ်လုံးမှာ အဖြူရောင် သွေးများဖြင့် ရွှဲရွှဲစိုနေ၏။ ပြင်းထန်သည့် ဝိညာဥ် ဖိအား၏ အောက်၌ သူ့ပခုံးများက အနည်းငယ် နိမ့်ကျသွားသလို ခံစားလိုက်ရသည်။ မီးခိုးရောင် သွေးများမှာ သူ့မျက်လုံးနှင့် နှာခေါင်းတို့မှ စီးကျလာနေခဲ့၏။ စိတ်တစ်ခုလုံးက လဲပြိုကျလုနီးပါး သူ ခံစားနေရသည်။ တဝီဝီ အသံများက သူ့နား အတွင်း မြည်ဟီးနေကာ ဘာကိုမှ မကြားနိုင် ဖြစ်နေခဲ့၏။ သတ္တုနှင့် သွေးရနံ့များက သူ့နှာသီးဝဆီသို့ အလုအယက်ပင် တိုးဝင် နေကြသည်။

ဝေ့ဝူယင် စစ်မြေပြင်၌ ရပ်နေခဲ့သည်။ သေမျိုး တစ်ယောက်မှာ ခုနစ်ထောင်မျှသာ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အလောင်းထက်၌ ရပ်နေခဲ့သည်။

“ဆယ့်တစ်စက္ကန့်... ”

ခပ်တိုးတိုး ရေရွတ်ရင်း ဝေ့ဝူယင် အပေါ်ရှိ မီခိုးရောင် တိမ်တိုက်ကြီးကို မော့ကြည့်လိုက်၏။ ၎င်းကလည်း နတ်ဘုရား ကဲ့သို့ မျက်လုံးများဖြင့် ဝေ့ဝူယင်ကို ပြန်လည် တုန့်ပြန်နေပုံ ပေါ်သည်။

တစ်စက္ကန့်စာမျှ စစ်မြေပြင် တစ်ခုလုံးမှာ ရပ်တန့်သွား၏။ မမြင်နိုင်ည့် လှိုင်းတစ်ခုက စစ်မြေပြင်ရှိ သက်ရှိတိုင်း၏ နှလုံးသားများကို ရိုက်ခတ်လာသည်။

ကွမ်ယုနှင့် လျှို့ဝှက် ဆန်းကြယ်သည့် မိန်းကလေးတို့မှာ အဆုံးမဲ့ အပျက်အစီးများ ပြည့်နှက်နေသည့် စစ်မြေပြင်ကို မယုံကြည်နိုင်စွာပင် ငေးမော နေခဲ့ကြ၏။ အကယ်၍ ဆက်စပ်မှု စစ်မြေပြင်တွင် ထိုကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ပွားလာလိမ့်မည်ဟု ပြောပါက မည်သူမှ ယုံကြည် ကြလိမ့်မည် မဟုတ်ချေ။

ဝေ့ဝူယင် ပေးအပ်ခဲ့သည့် အမိန့်တစ်ခုကို ပြန်လည် ကြားယောင်ရင်း ကွမ်ယု၏ မျက်လုံးများမှာ အနည်းငယ် မှေးစင်းသွား၏။ ဆက်လက် တွန့်ဆုတ်နေခြင်း မပြုတော့ပဲ သူက မိန်းကလေး၏ လက်ကို ဆွဲကာ နောက်သို့ ဆုတ်ခွာ သွားခဲ့သည်။

မိန်းကလေးမှာ အံ့အားသင့် သွားခဲ့၏။ ခွင့်ပြုချက် မရှိပဲ လက်ကို လာကိုင်သည့် အတွက် သူမ အနည်းငယ် ဒေါသထွက်သွားခဲ့သေးသော်လည်း မကြာခင်မှာပင် တစ်စုံတစ်ရာကို သတိထားမိသွားဟန်ဖြင့် မျက်လုံးများ ကျဥ်းမြောင်း သွားသည်။

အခြားတစ်ဖက်၌... ကွမ်ယု၏ အမူအရာက ပိုမို၍ ရေးကြီးသုတ်ပြာ ဖြစ်လာခဲ့၏။ သူ၏ မျက်လုံးများက လုံးဝ သုန်မှုန်နေကာ အထိတ်တလန့် ပိုမို၍ ဖြစ်လာခဲ့သည်။ မိန်းကလေးမှာ ကွမ်ယု မည်သည့် စကားလုံးကို ပြောချင်နေကြောင်း သိပေသည်။ ထိုအရာက “ပြေး” ဟူ၍ပင်။

ထိုအခိုက်တွင်ပင်... ဟင်းလင်းပြင်မှာ အေးခဲသွား၏။ အချိန်က ရပ်တန့်သွားသည်။

ဂါး...

***

All Chapters