ဟင်းလင်းပြင် မီးတောက်များ
Vol. 56 Ch. 774
ဂါး...
ခရာတို၏ နဂါးဟိန်းသံက တစ်လောကလုံးကို ပျံ့နှံ့ကာ ထွက်ပေါ်လာ၏။ ထို့နောက် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ မီတာပေါင်း ၁၀၈၀၀၀ ကြီးမားသည့် မီးခိုးရောင် တိမ်တိုက်ကြီးနှင့် အတွင်းပိုင်းရှိ တည်ရှိမှု တစ်ခုလုံးက ရုတ်ချည်း လုံးဝ ပျောက်ကွယ်သွားသည်။ ၎င်းက ဆက်စပ်မှု စစ်မြေပြင်၏ ကောင်းကင်တွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့် အတိုင်းပင်။
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်း သွားကာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ ထိုအခါ လူငယ်၏ နောက်တွင် ရှစ်ဆယ့်တစ်မီတာ အရွယ်အစား ရှိသည့် အတောင်ပံများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့ကို ကြည့်ရသည်မှာ ခမ်းနားလွန်းလှ၏။
ဘုန်း... ဘုန်း... ဘုန်း...
ဝေ့ဝူယင်က အတောင်ပံများကို ခတ်ကာ လေပေါ်သို့ ပျံတက်သွားသည်။ နှစ်မီတာ အမြင့်သို့ ရောက်သော အခိုက်၌ သူ့ခန္ဓာကိုယ်ထက်ရှိ မီးခိုးရောင် အကြေးခွံများမှာ အသွင်သဏ္ဌာန်မဲ့ နတ်ဘုရား မူလ အလင်းတို့ဖြင့် စတင် တောက်ပလာ၏။
ဝေ့ဝူယင် အောက်ရှိ ကမ္ဘာလောကကို ငုံ့ကြည့်လိုက်၏။ ထည်ဝါ မြင့်မြတ်သည့် အလင်ရောင်များက သူ့ ချွေးပေါက်တိုင်း၊ အကြေးခွံတိုင်းတွင် စိမ့်ဝင်နေကာ လှုပ်ရှားလိုက်တိုင်း ထွက်ပေါ်နေသည်။ ထိုအခိုက်၌ သူ၏ ဖြစ်တည်မှုက အာကာသနှင့် ဟင်းလင်းပြင် တစ်ခုလုံး၏ ပြင်းထန်သည့် အချုပ်အချာ အာဏာကို ပိုင်စိုးထားသည့် အလားပင်။
ဂါ...
ဝေ့ဝူယင်က အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်၏။ ထို့နောက် သူ၏ လည်ချောင်းက အနည်းငယ် ကျယ်ပြန့်လာကာ ပြင်းထန်စွာပင် မြေပြင်ဆီသို့ မှုတ်ထုတ်လိုက်လေတော့သည်။
ဟင်းလင်းပြင် အသက်ရှူခြင်း...
နောက်ဆက်တွဲ အဖြစ်အပျက်များမှာ စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှသော်လည်း ၎င်းအား မြင်ရသူတိုင်း ကျောရိုးများ ထုံကျင်မတတ် ခံစားခဲ့ရသည်ကတော့ အမှန်တကယ်ပင် ဖြစ်လေသည်။
လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ကောင်းကင်ဆီ ပျံတက်သွားသည့် ဝေ့ဝူယင်ကို မြင်လိုက်ကြရ၏။ သူတို့က ခေါင်းများကို အပေါ်သို့ မော့လိုက်ကြကာ ရန်သူကို လှံများ၊ မြှားများဖြင့် ပစ်ခတ် တိုက်ခိုက်ရန် အဆင်သင့် ပြင်လိုက်ကြ၏။
ဟူး...
ထိုအခိုက်တွင်ပင် ဝေ့ဝူယင် စစ်မြေပြင်ရှိရာဆီသို့ ဦးတည်ကာ မှုတ်ထုတ်လိုက်၏။ သို့သော်လည်း မည်သည့် အရာမှ ထွက်ပေါ်လာသည်ကို မတွေ့ရချေ။ မသိပါက... အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်သည့်ပုံ အတိုင်းပင်။
သို့သော်လည်း...သေမျိုးအဆင့်ကို လွန်မြောက်ပြီး ဖြစ်သည့် သက်ရှိများ၏ အမြင်အာရုံတွင်တော့ ထိုအရာက...
မီးတောက်များ...
အရောင် အဆင်း မရှိသည့် မီးတောက်များ...
၎င်းတို့က အံ့မခန်း အရှိန်နှုန်းဖြင့် သူတို့ထံသို့ တိုးဝင်လာနေကြ၏။ ချက်ချင်းပင် အထက်ကောင်းကင် တစ်ခွင် လုံးက အရှိန်တညီးညီး တောက်လောင်နေသည့် မီးတောက် ပင်လယ်ကြီး တစ်ခု ဖြစ်သည်။ ၎င်းတို့က ဆူနာမီ လှိုင်းများလိုပင် မြင်လိုက်ရသူတိုင်း အတွက် ကံကြမ္မာကို သတ်မှတ်ထားပြီးပုံ ရသည်။
“ပြေးကြဟေ့...”
လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က မဟာမိတ်များကို အော်ဟစ် သတိပေးလိုက်ရင်း သူ ကိုယ်တိုင်လည်း ထွက်ပြေးဖို့ ကြိုးပမ်းလိုက်သည်။ သို့သော်လည်း လျှပ်တစ်ပြက် အတွင်းမှာပင် သူ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ မီးတောက်မီးလျှံများ၏ ဝါးမြိုမှု အတွင်း နစ်မြုပ်သွား၏။
သာမန် စစ်သည်များမှာ အလွန် အစွမ်း ထက်ခြင်း မရှိကြသည့် အပြင် အဆိပ်ကြောင့် လျှို့ဝှက်စွမ်းအားမှာလည်း ကန့်သတ်ခြင်း ခံထားရလေရာ ဘယ်လိုနည်းနှင့်မှ ခုခံနိုင်စွမ်း မရှိခဲ့ပါချေ။
စစ်သည်က သွေးရူးသွေးတန်းဖြင့် ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များကို ထုတ်ယူ သုံးစွဲရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း ထိုအရာကပင် အခြေအနေကို ပိုဆိုးသွားစေခဲ့ကာ သူ၏ ခန္ဓာကိုယ်က ခြောက်ကပ်နေသည့် စာရွက်တစ်ရွက်အလား ပိုမို လျှင်မြန်စွာ လောင်ကြွမ်း ခံလာရသည်။
စစ်သည် အော်ဟစ်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း မီးတောက်များက သူ့အသံကိုပါ လောင်ကြွမ်း သွားသည်။ စက္ကန့်နှင့် အမျှ သူ့နှလုံးသားမှာ မီးတောက်များ အကြားတွင် ကူရာကယ်ရာမဲ့ အခြေအနေမျိုး ခံစား နေရ၏။
သို့သော်လည်း... မည်သည့် အပူချိန်ကိုမှ မခံစားရရာ သူ့ အမူအရာက စတင် ပြောင်းလဲလာသည်။ သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ ခန္ဓာကိုယ် အောက်ပိုင်းက ပြာမှုန်များ အဖြစ် တဖြည်းဖြည်း လွင့်စဥ် သွားနေသည်ကို တွေ့လိုက်ရ၏။
စစ်သည်၏ မျက်လုံးများက ထိစပ်လု မတတ် ကျဥ်းမြောင်းသွားသည်။ သူ ပြာကျနေချေပြီ ဖြစ်လေသည်။ သို့သော်လည်း ထူးဆန်းစွာပင် မည်သည့် နာကျင်မှုကိုမှ မခံစားရချေ။
“ငါ လူပြန်ဝင်စားနေတာလား...”
သူ စိတ်ရှုပ်ထွေးသွားကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူ့ကို ဆီးကြိုနေသည်က တူညီသည့် မြင်ကွင်း တစ်ခုပင်။ များစွာသော စစ်ဝိညာဥ်များမှာ သူ့ကဲ့သို့ပင် ခံစား နေကြဟန် ရ၏။ အချို့က ခုခံရန် အားနည်း နေကြကာ အချို့ကလည်း ထွက်ပြေးရန် ကြိုးပမ်း နေကြဆဲ ဖြသည်။ တူညီတာ တစ်ခုက... အရောင်အဆင်းမဲ့ မီးတောက်များ အကြားတွင် သူတို့ အားလုံး စတင် ပြာကျ နေကြခြင်း ဖြစ်သည်။
“ငါ... ငါ ဒီလိုမျိုးမသေချင်ဘူး... ဒီလိုမျိုး ပုံစံနဲ့ ငါ မသွားချင်ဘူး...”
သူ့ အတွေးများက အရှိန်အဟုန်နှင့် ပြန်လည်ကာ လှည့်ပတ်လာ၏။ သို့သော်လည်း သူ့ မျက်နှာ အောက်ပိုင်း တစ်ခြမ်း ပင်လျှင် မီးလောင် ပြာကျသွားသည့် အထဲ ပါဝင် သွားခဲ့ပြီ ဖြစ်သည်။ လက်ကျန် မျက်လုံးများမှာ ထိုအရာကို သတိထားမိခြင်း မရှိပါချေ။ သူက အပြင်းထန်ဆုံးသော အသံဖြင့် အော်ဟစ် အကူအညီ တောင်းခံရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း... သူကား သေဆုံးခဲ့ပြီး ဖြစ်လေသည်။
ဟူး... ဟူး...
စစ်သည်၏ ခန္ဓာကိုယ် တစ်ခုလုံးက ပြာများ အဖြစ် ပြောင်းလဲကာ လွင့်စဥ် ပျောက်ကွယ် သွားလေ၏။ လေပြည်က ညင်သာစွာ တိုက်ခတ်နေသည်။ သေခြင်းတရားမှာ စစ်မြေပြင် တစ်ခုလုံးကို ကူးစက်ရောဂါပိုး တစ်ခုလို အလွန် လျှင်မြန်စွာ ပျံ့နှံ့နေ၏။ သို့သော်လည်း... ၎င်း၌ အရောင်အဆင်း မရှိသလို နာကျင်ဖွယ်ရာ အော်ဟစ်သံလည်း မရှိချေ။ ဘေးလူတို့ မြင်နိုင်သမျှက မီးခိုးရောင်ပြာများ အဖြစ် တဖြည်းဖြည်း ပြောင်းလဲကာ လွင့်စဥ် သွားသည့် စစ်ဝိညာဥ်များသာ ဖြစ်သည်။
စစ်မြေပြင် တစ်ခုလုံးရှိ လက်ကျန် အသက်များကား စက္ကန့်ပိုင်း အတွင်းမှာပင် ချုပ်ငြိမ်းသွားခဲ့ရပြီ ဖြစ်သည်။ ၎င်းတို့ တည်ရှိခဲ့ဖူးသည့် သင်္ကေတ အတွက် လျှို့ဝှက် အဆင့် လက်နက်များသာလျှင် ကျန်ရစ်ခဲ့၏။
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ စစ်မြင်း တစ်ကောင် သာလျှင် မီးတောက်များထက် ပိုမို လျှင်မြန်စွာ တုန့်ပြန် နိုင်ခဲ့ပေသည်။ ၎င်းက အတောင်ပံများ မရှိသည့်တိုင် ဝေဟင်ကို ပိုင်စိုးသည့် အလား ကောင်းကင်သို့ ပျံတက်ကာ အန္တရာယ် စက်ကွင်းမှ လွတ်မြောက်ခဲ့သည်။
ကျန့်ကျန့်မှာ ထိုမြင်ကွင်း တစ်ခုလုံးကို ကောင်းကင်မှ နေ၍ ကြည့် နေခဲ့၏။ သူ၏ နှလုံးသားတစ်ခုလုံးက အဆုံးမဲ့ ဒေါသများဖြင့် ပြည့်လျှံနေသည်။
ဟင်းလင်းပြင် မီးတောက်များ အကြောင်း သူ ကောင်းကောင်း သိပေသည်။ ၎င်းတို့မှာ လောကအတွင်း အန္တရာယ် အရှိဆုံး ဖြစ်တည်မှု ငါးခု အနက်မှ တစ်ခု ဖြစ်သည်။ ဖန်တီးရှင်က ထိုဗဟုသုတကို သူ့မှတ်ဉာဏ်များ အတွင်း ထွင်းထုပေးထားသည်။
အချိန်၊ ဟင်းလင်းပြင်၊ ကြယ်တာရာနှင့် ဝိညာဥ်တို့ကို လောင်ကြွမ်း ပစ်နိုင်သည့် ဟင်းလင်းပြင် မီးတောက်များ... ကျန့်ကျန့် တံတွေးကို မြိုချ လိုက်မိ၏။ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
နောက်လိုက်နောက်ပါ စစ်သည် အားလုံး ပြာမှုန်များ အဖြစ် လွင့်စဥ် ပြောင်းလဲ သွားသည်ကို သူ အကူအညီ ကင်းမဲ့စွာသာ ထိုင်ကြည့် နေခဲ့မိသည်။
“ဒါပေမဲ့... ဒီမီးတောက်တွေက အရမ်းတော့ အစွမ်း မထက်ဘူး... “
သူ ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အဆင့်နှင့် ယှဥ်ပါက ထိုမီးတောက်များက အလွန် အာနည်းကြောင်း ကျ့န့်ကျန့် ခံစား၍ ရပေသည်။ ၎င်းတို့က လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုနှင့်ပင် ယှဥ်၍ မရသေးချေ။
“အင်းလေ... သူက သေမျိုး အဆင့်မှာပဲ ရှိသေးတာ...”
ကျန့်ကျန့် ခေါင်းကို ခါလိုက်မိသည်။ အကယ်၍ အဆိပ်နှင့် စစ်မြေပြင်၏ တင်းကြပ်မှုများကြောင့်သာ မဟုတ်ပါက ထိုဟင်းလင်းပြင် မီးတောက်များမှာ သူ့ တပ်မဟာမှ အားအနည်းဆုံး စစ်သည်ကိုပင် လောင်ကြွမ်းနိုင်လိမ့်မည် မဟုတ်ချေ။
စက္ကန့်အနည်းငယ်ကြာ... စစ်မြေပြင် တစ်ခုလုံးကို ဝါးမြို သိမ်းပိုက်ပြီးနောက် မီးတောက်များမှာ တမုဟုတ်ချင်း ပျောက်ကွယ် သွား၏။
ဝှစ်...
ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ကောင်းကင်မှ နေ၍ ပြုတ်ကျလာသည်။ ဧဒင်နှင့် အိုရီတို့၏ ဝိညာဥ်ဆင်းတုများမှာ မှိန်ဖျော့ကာ ပျောက်ကွယ်သွား၏။ သူ့ဆေဘာပတ်လည်ရှိ ကွင်းဆယ့်သုံးကွင်း ပင်လျှင် ပျောက်ကွယ် သွားသည်။ ဟင်းလင်းပြင် အတွင်း၌ မည်သည့် ကြောက်မက်ဖွယ် တည်ရှိမှုမှ မရှိတော့ချေ။ သူ ထုတ်ဖော်ထားသမျှ ဝိညာဥ် ဆင်းတု အားလုံး ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
ဘုန်း...
ဝေ့ဝူယင်၏ ခန္ဓာကိုယ်က မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွားကာ အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာ၏။ ဖုန်မှုန့်လုံးကြီး တစ်ခု ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို ခေတ္တ ဖုံးအုပ်သွား၏။
ပြန်လည် ပေါ်လာခဲ့ချိန်၌ ဝေ့ဝူယင်၏ အစစ်အမှန် နဂါး အသွင်မှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ သူ့ အသက်ရှူသံများက လေးပင်ကာ မောပန်း နွမ်းနယ်နေ၏။ အကယ်၍ တစ်စုံတစ်ယောက်သာ သူ့ ငွေရောင် မျက်လုံးများကို မြင်နိုင်ပါက ၎င်းတို့က အလွန် မှေးမှိန်နေကာ အသက်ဓာတ်တို့ တဖြည်းဖြည်း လျော့နည်း လာနေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ... စစ်မြေပြင်ကြီး တစ်ခုလုံးကတော့ မည်သည့် လှုပ်ရှားနှင့် ပဋိပက္ခတို့မှ မရှိပဲ ငြိမ်သက် ရှင်းလင်း နေခဲ့ချေပြီ ဖြစ်သည်။ မြေကြီးထု အတွင်း နစ်ဝင်ကာ ထောင်ချောက်မိ နေကြသည့် စစ်ဝိညာဥ် တစ်ချို့မှ အပ မြေပြင်ပေါ်၌ မည်သည့် စစ်ဝိညာဥ်မှ အသက်ရှင် မကျန်တော့ချေ။
သို့သော်လည်း... လေထုထဲတွင် တစ်ယောက်တော့ ကျန်ရှိနေသေး၏။
ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ အသက်မဲ့နေသည့် စစ်မြေပြင် တစ်ခုလုံးကို အပေါ်စီးမှ အေးစက်စွာ ကြည့်နေခဲ့၏။ တစ်မိနစ် မပြည့်ခင် အတွင်းမှာပင် သူ့စစ်သည် ၉၉၉၉ ယောက်လုံးမှာ ကျရှုံး သွားခဲ့ကြပြီ ဖြစ်သည်။ သူ ကိုယ်တိုင်ပင်လျှင် ငေးကြည့်နေရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ခဲ့။
စိတ်ထဲ၌ ရှိသမျှ ဒေါသအလုံးစုံကို ဖောက်ခွဲပစ်ချင်သည့်တိုင် ကျန့်ကျန့် ထိုကဲ့သို့ မလုပ်ရဲပါချေ။ သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်က ယခု အထိ မပြယ်သေးချေ။
သူ စောင့်ဆိုင်းရမည်။ အချိန်ကျရောက်သည် အထိ စောင့်ဆိုင်းရမည်။ ထိုသေမျိုး၏ သေခြင်းတရားကို ယူဆောင်နိုင်သည့် ခွန်အား ရှိချိန်အထိ စောင့်ဆိုင်း ရလိမ့်မည် ဖြစ်သည်။
***