← Chapters

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ ခွန်အား

Vol. 56 Ch. 775

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ ခွန်အား

Vol. 56 Ch. 775

“ပြီးသွားပြီလား...”

စစ်ပွဲ၏ စစ်သည်တော် တစ်ယောက်က ထိုမြင်ကွင်းကို အဝေးမှ ကြည့်ရင်း တီးတိုး ရေရွတ်လိုက်၏။ စစ်မြေပြင် ဇုန်ကိုးခုတွင် ကွမ်ယုနှင့် မိန်းကလေးတို့မှာ တိုက်ပွဲကို စောင့်ကြည့်နေသည့် တစ်ဦးတည်းသော ပရိသတ်များ မဟုတ်ပါချေ။

သေမျိုး စစ်သည်တော်များနှင့် တပ်ရင်း ကွန်မန်ဒါများပင် အပါအဝင် များစွာသော လူများမှာ ဘေးကင်းလွတ်ရာ နေရာများမှ နေ၍ ထိုမြင်ကွင်းကို စောင့်ကြည့်နေကြပေသည်။

သူတို့ မြင်တွေ့ခဲ့ရသည့် ဖြစ်ရပ်ကြီး တစ်ခုလုံးက မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။ အချို့ဆိုလျှင် အိပ်မက် မက်နေသလိုပင် ခံစားနေကြရ၏။ သို့သော်လည်း ထိုအရာက အိပ်မက် မဟုတ်ကြောင်း သူတို့ သိပေသည်။ သူတို့၏ နှလုံးခုန်သံများက ထိုအရာကို သက်သေခံနေပေသည်။

သေမျိုး တစ်ယောက်က ဆေဘာကို ကိုင်ဆောင်ကာ လျှို့ဝှက် အာဏာရှင်တို့၏ တပ်မဟာကြီး တစ်ခုလုံးကို ရင်ဆိုင်ခြင်း...

ထူးဆန်းသော နည်းလမ်းများနှင့် အတူ သူက သွေးခင်းလမ်း တစ်ခုကို ဖန်ဆင်းခဲ့သည်။ စစ်ဝိညာဥ်များကို အချင်းချင်း ပြန်လည် သတ်ဖြတ် စေခဲ့သည်။ ဆေဘာတစ်စင်းနှင့် ဖြူစင် သန့်ရှင်းသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုလူငယ်၏ ပုံရိပ်ကား သူတို့ မျက်လုံးများထဲတွင် တစ်သက်လုံး စွဲထင် နေလိမ့်တော့မည် ဖြစ်လေတော့သည်။

ကြောက်မက်ဖွယ် အကောင်းဆုံး အရာက... နောက်ဆုံး၌ သူ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များကို သူ အနိုင်ရှိခဲ့သည်။ သေမျိုး တစ်ယောက် အနေဖြင့် သူ နိုင်ခဲ့သည်။ တစ်ကိုယ်တော် တိုက်ခိုက်ရင်း သူ နိုင်ခဲ့သည်။

သူ နိုင်ခဲ့သည်။

အမှန်တရားက ရူးသွပ်ဖွယ် ကောင်းလွန်းလှသည်။ မရေမတွက်နိုင်သည့် သေမျိုး စစ်သည်တော်များနှင့် တပ်ရင်း ကွန်မန်ဒါများမှာ ဒဏ္ဍာရီ ပုံပြင် တစ်ပုဒ်ကို ကိုယ်တိုင်ကိုယ်ကျ ကြည့်နေရသလို ခံစားနေရသည်။

ကွမ်ယုမှာ မိန်းကလေး၏ လက်ကို ဆွဲကိုင်ထားဆဲ ဖြစ်သည်။ သူ၏ အသက်ရှူသံများက စည်းချက်မကျစွာ လေးပင် နေ၏။ ဝေ့ဝူယင်၏ သတိပေးမှုကို ပြန်လည် ကြားမိမိချင်း သူ နောက်သို့ အစွမ်းကုန် ဆုတ်ပြေးခဲ့သည်။ တစ်စက္ကန့်ဆိုသော အချိန်က သူ့လို သေမျိုး အကန့်အသတ်ကို ရောက်ရှိနေသည့် လူတစ်ယောက် အတွက်တော့ ကောင်းကောင်းကြီး လုံလောက်ခဲ့ပေသည်။ သူ သေခြင်းတရားကို ရှောင်လွှဲနိုင်ခဲ့သည်။

မိန်းကလေးမှာ မျက်တောင် မခပ် စစ်မြေပြင်ကို စိုက်ကြည့်နေ၏။ အချိန်နှင့် ဟင်းလင်းပြင်ကိုပင် လောင်ကြွမ်းနိုင်သည့် မီးတောက်မျိုးကို သူမ ဘဝတစ်လျှောက်လုံး တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ကံကောင်း ထောက်မတာ တစ်ခုက... ၎င်းတို့မှာ လုံလောက်စွာ အားမကောင်းသေးခြင်း ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်သုံး တစ်ယောက် အနေဖြင့် ထိုမီးတောက်များကို ခုခံရန် သူမ ယုံကြည်ချက် ရှိဆဲ ဖြစ်သည်။

အကယ်၍... ဝေ့ဝူယင်သာ ကျင့်ကြံခြင်း အဆင့်နှင့် အတူ ထိုမီးတောက်များ၏ စွမ်းအားကို မြှင့်နိုင်မည် ဆိုပါက ၎င်းတို့က မည်မျှ ကြောက်စရာ ကောင်းလိုက်မည်နည်း။

“သူ ပြုတ်ကျနေပြီ...”

အလွန်အမင်း အိုမင်းရင့်ရော်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ အရိုးပေါ် အရေတင် လူအိုကြီး တစ်ယောက်မှာ လိပ်တစ်ကောင် အလား တဖြည်းဖြည်း တရွေ့ရွေ့ပင် တပ်ရင်း ကွန်မန်ဒါများ စုဝေးရာ နေရာသို့ ရောက်ရှိလာသည်။ သူက ဆက်စပ်မှု စစ်မြေပြင်၏ အသက် အကြီးဆုံး တပ်ရင်း ကွန်မန်ဒါ ဖြစ်ကာ ဤနေရာတွင် နှစ်ပေါင်း ၃၂၀၀၀ ကျော် နေထိုင်ခဲ့သူ ဖြစ်သည်။ သူ့သက်တမ်းက မီးစာကုန်ခါနီး အကန့်အသတ်သို့ ရောက်နေခဲ့ချေပြီ ဖြစ်သည်။

ဘုန်း...

ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ မြေပြင်အလွှာနှင့် ပြင်းထန်စွာ တိုက်မိသွား၏။ သူ့ခန္ဓာကိုယ် အလေးချိန်ကြောင့် စစ်မြေပြင် တစ်ခုလုံး၌ ငလျင်အသေးစား တစ်ခု ဖြစ်ပွား သွားသည်။ သူ့ခန္ဓာကိုယ်မှာ အကန့်အသတ် အထိ သန့်စင်ခံထားရရာ အလွန်ပင် လေးပင်လှ၏။ အကယ်၍ ထိန်းချုပ်ထားခြင်းသာ မရှိပါက ၎င်းက တောင်ကြီး တစ်ခုနှင့်ပင် ခြားနားလိမ့်မည် မဟုတ်ချေ။

“...”

မိန်းကလေးမှာ အလွန်ပင် စိတ်ပူသွား၏။ သူမက ချက်ချင်းပင် ဝေ့ဝူယင် ပြေးလွှားသွားရန် ပြင်လိုက်သည်။ သို့သော်လည်း ကွမ်ယုက ခွင့်မပြုနိုင်ဟန်ဖြင့် သူမလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

မိန်းကလေးမှာ နောက်ကို လှည့်ကြည့်လိုက်၏။ မျက်နှာကို သေချာစွာ မမြင်နိုင်သည်တိုင် သူမ၏ မျက်လုံးများက ပြင်းထန်သည့် ဒေါသများဖြင့် ပြည့်နှက်နေကြောင်း လူတိုင်း သတိထားမိကြလိမ့်မည် ဖြစ်သည်။

“ငါ့လက်ကို ခွင့်မပြုပဲ မဆွဲနဲ့ ပြောထားတယ်မလား... နင် သေချင်နေတာလား...”

ကွမ်ယု၏ မျက်နှာက ချက်ချင်းပင် ဖြူရော်သွားကာ ထိတ်လန့် တုန်လှုပ်မှုများဖြင့် ပြည့်နှက် သွား၏။ သို့သော်လည်း သူက လက်ကို လွှတ်မပေးပဲ ပိုမို တင်းကြပ်စွာသာ ဆုပ်ကိုင်လိုက်၏။

“နင်...”

မိန်းကလေးမှာ ပိုမို၍ ဒေါသထွက် လာခဲ့၏။ ဝေ့ဝူယင်ကို သူမ ကယ်ချင်သည်။ သည်ပိုးကောင်လေးက ဘာလာရှုပ် နေသနည်း။ ဝေ့ဝူယင်နှင့် အတူ ပါလာခြင်း ကြောင့်သာ မဟုတ်ပါက သူမ သူ့ကို သတ်ပစ်လိုက်ပြီ ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် မှတ်လောက်သားလောက် ရှိအောင် ပညာတော့ ပေးရမည် ဖြစ်သည်။မိန်းကလေးက လက်ကို ဖြည်းညင်းစွာ မြှောက်ကာ ကွမ်ယု၏ ကျင့်ကြံခြင်း အခြေခံကို ဖျက်ဆီးပစ်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း... တစ်စုံတစ်ရာကို တွေးမိသည်နှင့် သူမ လက်က အနည်းငယ် တုန့်ဆိုင်း သွား၏။

ဟင်းလင်းပြင် မီးတောက်များ ဖြစ်ပေါ် မလာခင် အချိန်တုန်းကလည်း ကွမ်ယုမှာ ပထမဆုံး ကြိုတင် သိရှိခဲ့ကာ သူမကို ဘေးကင်းလွတ်ရာ နေရာသို့ ဆွဲခေါ်လာခဲ့သည်။ ယခုတွင်ရော ထိုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်လာမည်လား။ သူမက ဝေ့ဝူယင် ရှိရာကို နောက်တစ်ကြိမ် ကြည့်လိုက်၏။ သူမ၏ နှလုံးသားက ရပ်တန့်လု နီးပါး ဖြစ်သွားသည်။ ကောင်းကင်၌ ဗိုလ်ချုပ်ကြီး ကျန့်ကျန့် အသက်ရှင် နေသေးသည်ကို သူမ သဘောပေါက် သွား၏။

ထိုအရာကို သတိထားမိသည်က မိန်းကလေး တစ်ယောက်တည်း မဟုတ်ပါချေ။ အခြား တပ်ရင်း ကွန်မန်ဒါများလည်း အပါအဝင်ပင်။

သူတို့၏ မျက်လုံးများမှာ မျှော်လင့်ချက်၊ လောဘ အရိပ်အငွေ့များနှင့် ပြည့်နှက် နေ၏။ တပ်မဟာကြီးကို ကွပ်ကဲရသည့် ကွန်မန်ဒါ အားနည်း နေသည်မှာ ရှင်းလင်းလှသည်။ အကယ်၍ သူတို့သာ သူ့ကို သတ်နိုင်ပါက မရေမတွက်နိုင်သည့် စစ်ဝိညာဥ်များ ရရှိမှာ ကျိန်းသေသည်။ ထို့အပြင် ဤနေရာမှလည်း ထွက်ခွာနိုင်ပေလိမ့်မည်။

မျှော်လင့်ချက်...

လွတ်လပ်ခွင့် အတွက် မျှော်လင့်ချက်...

၎င်းက လက်တစ်ကမ်းသို့ ရောက်နေလေပြီ။ သို့သော်လည်း ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ သူတို့ အလှမ်း မမှီသည့် ကောင်းကင်၌ ရှိနေပေသည်။ တပ်ရင်း ကွန်မန်ဒါ အားလုံးမှာ တိတ်တဆိတ်ပင် အခွင့်ကောင်းကို စောင့်ဆိုင်း ချောင်းမြောင်း နေကြ၏။

ကံကောင်း ထောက်မစွာပင် နှစ်မိနစ်မျှ ကြာမြင့်ပြီးနောက် ကျန့်ကျန့်မှာ စစ်မြင်းထက်မှ အောက်သို့ ဆင်းသက်လာ၏။

ဘုန်း...

ချက်ချင်း ဆိုသလိုပင် ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အသက်လတ် အရွယ် လျှို့ဝှက် အာဏာရှင် အဆင့် အမျိုးသမီး တစ်ယောက်မှာ လှံရှည်နှင့် အတူ တိုးဝင် သွား၏။ သူမ၏ လှုပ်ရှားမှုက အလွန်ပင် မြန်ဆန်လှကာ ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက် စွမ်းအားကို အမြင့်မား ဆုံးသော ပမာဏ အထိ ထုတ်ဖော် ထားသည်။

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ ထိုအရာကို သတိထားမိရာ နှာခေါင်း ရှုံ့လိုက်၏။ သူ ဝေ့ဝူယင်ကို သတ်ဖြတ်ရမည် ဖြစ်သော်လည်း ထိုအရာက နောက်ဆုံး လုပ်ရမည့် အလုပ် ဖြစ်သည်။ ဆက်စပ်မှု စစ်မြေပြင်တွင် သူ မည်သူ့ကိုမှ မကြောက်ပေ။ ဘယ်တော့မှလည်း ကြောက်လိမ့်မည် မဟုတ်ချေ။

ဘုန်း...

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လှံက ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် အတူ သူ့အရှေ့သို့ ရောက်ရှိလာ၏။

ကျန့်ကျန့်က ပေါ့ပေါ့ပါးပါးပင် လက်တစ်ဖက်ကို မြှောက်လိုက်၏။ ကြောက်မက်ဖွယ် အော်ရာက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ပြုတ်တူကြီး တစ်ခုနှင့် ညှပ်ခံလိုက်ရသည့် အလား တိုးဝင်လာသည့် လှံက မလှုပ်မယှက်ပင် ရပ်တန့် သွားသည်။

အဆိပ်ကား ကျန့်ကျန့်၏ ခန္ဓာကိုယ်နှင့် လေထုထဲတွင် လုံးဝ ပျောက်ကွယ် သွားခဲ့ချေပြီ ဖြစ်သည်။ ထို့အပြင် အလားတူ ဖြစ်ရပ်မျိုး သူ ဘယ်တော့မှ ထပ်အဖြစ်ခံတော့မည် မဟုတ်ချေ။ သူ အာရုံ ခြောက်ပါးကို အမြင့်ဆုံးထိ မြှင့်တင်ထားသည့် အပြင် မရေမတွက်နိုင်သည့် အသက်ကယ် ထွက်ပေါက်များကို ပြင်ဆင်ထားပြီး ဖြစ်သည်။

အခြား လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ကျန့်ကျန့်ကို တိုးဝင် တိုက်ခိုက်ရန် အသင့် ဖြစ်နေကြသော်လည်း... ခရမ်းရောင် ဝတ်စုံဝတ် အမျိုးသမီး၏ တိုက်ခိုက်မှု အလွယ်တကူ ဟန့်တားခံလိုက်ရသည်ကို မြင်သော အခိုက်၌ ပြန်လည် တုန့်ဆိုင်း သွားကြ၏။

“ဘာလဲ...”

မိန်းကလေးမှာ အနည်းငယ် အံ့သြသွား၏။ ထို့နောက် သူမ၏ အမူအရာက တုန်လှုပ် ချောက်ချားမှုများနှင့် စတင် ပြည့်နှက် လာသည်။

နဂါးခေါင်းဆောင်း နောက်ကွယ်ရှိ မျက်လုံးများမှာ သူမဘက်သို့ ဖြည်းညင်းစွာ လှည့်လာခဲ့၏။ မိန်းကလေးမှာ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်သည့် သတ်ဖြတ်မှု ရည်ရွယ်ချက် အတွင်း နစ်မွန်းသွားသလို ခံစားလိုက်ရသည်။

“ဖမ်းစမ်း...”

ကျန့်ကျန့်က လှံကို တစ်ပတ်လှည့်ကာ အသွားကို ပြောင်းပြန်လှန်လိုက်သည်။ ထို့နောက် သူက သာမန်ကာ လျှံကာပင် ပြန်လည် ပစ်လွှတ်လိုက်၏။

သို့သော်လည်း အမြန်နှုန်းကတော့ မိန်းကလေး ပစ်လွှတ်လိုက်သည်ထက် အဆပေါင်းများစွာ ပိုမို မြန်ဆန် လွန်းလှပေသည်။ မိန်းကလေးမှာ ပြင်းထန်သည့် အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရ၏။ ချက်ချင်းပင် ရှောင်တိမ်းဖို့ ကြိုးပမ်းလိုက်သော်လည်း လှံသွားက သူမ နှာခေါင်းထိပ်နားသို့ ရောက်နေကြောင်း သတိထားမိလိုက်သည်။

“မကောင်းတော့ဘူး...”

အတွေးများက စကားလုံး အဖြစ် ထွက်ပေါ် မလာနိုင်ခင်မှာပင် လှံထိပ်ဖျားက သူမ၏ ဦးခေါင်းခွံကို ထိုးဖောက် သွားခဲ့ပြီ ဖြစ်သည်။ မိန်းကလေးမှာ မတ်တပ် ရပ်နေဆဲ ဖြစ်၏။ သို့သော်လည်း သူမ၏ ဦးခေါင်းတွင်တော့ အပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေသည်။ ခြေလက်များက တဆတ်ဆတ် တုန်ရီနေဆဲ ဖြစ်သော်လည်း ဝိညာဥ်ကတော့ စွန့်ခွာ သွားခဲ့ပြီ ဖြစ်သည်။

ဘုန်း...

မိန်းကလေးမှာ ကြမ်းပြင်ပေါ် ဒူးထောက် ပြုတ်ကျသွား၏။ ကံကြမ္မာကို လက်မခံနိုင်သည့် အလား သူမ၏ လက်သီးများကတော့ တင်းတင်း ဆုပ်ထားဆဲ ဖြစ်သည်။ သို့သော်လည်း... လေပြည်တစ်ချက် ဝှေ့သည်နှင့် သူမ၏ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ နောက်သို့ အရုပ်ကြိုးပြတ် လန်လဲသွား၏။

“...”

တဖြည်းဖြည်း ချုပ်ငြိမ်းသွားသည့် မိန်းကလေး၏ ရင်ခုန်သံက ကြည့်ရှု နေသူတိုင်း၏ နှလုံးသားကို အဆုံးမဲ့ ချောက်ချားသော ခံစားချက်များနှင့် ပြည့်နှက် သွားစေခဲ့သည်။

သူမက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်သုံး ယောက် ဖြစ်သည်။

“မြေကြီးရှန့်ထို...”

အိုမင်း ရင့်ရော်နေသည့် တပ်ရင်း ကွန်မန်ဒါက ကိုယ့်ကိုယ်ကို ပြောသလို တီးတိုး ရေရွတ်လိုက်၏။ သူ၏ မှုန်ရီဝေဝါးသော မျက်လုံးများမှာ လက်မခံလိုခြင်း၊ မျှော်လင့်ချက် ကုန်ဆုံးခြင်းများနှင့် ပြည့်နှက် နေလေသည်။

ဆက်စပ်မှု စစ်မြေပြင်တွင် အဘယ်ကြောင့် မြေကြီး ရှန့်ထို တစ်ယောက် ရှိနေရသနည်း။ သူတို့လို သေမျိုးတစ်ပိုင်း အရှင် အဆင့်များက ရှန့်ထို တစ်ယောက်ကို မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း။ အရာ အားလုံး ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။

လျှို့ဝှက် ဆန်းကြယ်သည့် မိန်းကလေးမှာ လက်ဖဝါးတွင် ချွေးစေးများ ပြန်လာခဲ့၏။ ထိုခရမ်းရောင် ဝတ်စုံဝတ် ကျင့်ကြံသူကို သူမ သိပေသည်။ ထိုအမျိုးသမီးမှာ ဆက်စပ်မှု စစ်မြေပြင်၌ သူမထက်ပင် ပိုမို ရှည်ကြာစွာ နေထိုင်ခဲ့ကာ အလွန်အမင်း အစွမ်း ထက်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း သူမတို့ နှစ်ယောက်မှာ အကြိမ် အနည်းငယ်လောက် ပညာ ဖလှယ်ခဲ့ဖူးသည်။ ထိုအမျိုးသမီး၏ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်က သူမထက် နည်းနည်းလေးမှ မနိမ့်ချေ။

မိန်းကလေးမှာ ကွမ်ယုကို လှည့်ကြည့် လိုက်မိ၏။ ယခုတစ်ကြိမ်တွင်တော့ သူမ၏ မျက်လုံးများက ခြားနားစွာပင် ကျေးဇူးတင်ခြင်းများနှင့် ပြည့်နှက် နေသည်။

ထို့နောက်... သူမက အကြည့်များကို စစ်မြေပြင်ဆီ ပြန်လည် ပို့လွှတ်လိုက်၏။ မြေကြီး ရှန့်ထို တစ်ပါးကို ဝေ့ဝူယင် မည်ကဲ့သို့ ရင်ဆိုင်မည်နည်း။

***

All Chapters