သေဆုံးခြင်း
Vol. 56 Ch. 776
ပြိုင်ဘက်ကင်းခြင်း ဆိုသည်မှာ အဘယ်နည်း။ သေမျိုးတစ်ပိုင်း အရှင် အဆင့်တို့သာ တည်ရှိသည့် စစ်မြေပြင်သို့ မြေကြီး ရှန့်ထို တစ်ပါး ရောက်ရှိလာခြင်းကို ပြိုင်ဘက်ကင်းခြင်းဟု ခေါ်သည်။ ထိုအရာက ဆက်စပ်မှု စစ်မြေပြင်တွင် မည်သူမှ မငြင်းဆိုနိုင်သည့် အမှန်တရား တစ်ရပ်ပင် ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ကျန့်ကျန့် အေးစက်စက် မျက်လုံးများက အဝေးတစ်နေရာရှိ တပ်ရင်း ကွန်မန်ဒါများကို လှမ်း၍ ကြည့်လိုက်၏။ အားလုံးမှာ တုန်ရီသွားကြကာ အလန့်တကြား နောက်များသို့ ဆုတ်သွားကြသည်။ ကြက်ကို သတ်၍ မျောက်ကို ခြောက်ခြင်း... ထိုအရာက အလွန် အသုံးဝင်သည့် နည်းဗျူဟာ တစ်ခုပင်။
သို့သော်လည်း... ထိုဂုဏ်ယူဖွယ် ခံစားချက်က တပ်မဟာကြီး တစ်ခုလုံးအား ဆုံးရှုံးလိုက်ရသည့် ခံစားချက်ကို ပြန်လည် ဖာထေးဖို့ မလုံလောက်သေးချေ။
အကယ်၍ အဆိပ်ကြောင့်သာ မဟုတ်ပါက ထိုအရာများက ဖြစ်ပျက် လာခဲ့လိမ့်မည် မဟုတ်ချေ။ အကယ်၍ ထိုသေမျိုးကြောင့်သာ မဟုတ်ပါက နောက်လိုက်နောက်ပါများကို သူ ဆုံးရှုံးခဲ့ရလိမ့်မည် မဟုတ်ချေ။ ကျန့်ကျန့်မှာ အထီးကျန်သည့် ခံစားချက်ကို ပထမဆုံး အကြိမ် အဖြစ် ခံစားလိုက်ရ၏။
သူ၏ မျက်လုံးများက အရေးမပါသည့် အင်းဆက် ပိုးမွှားများကို လျစ်လျူလိုက်ကာ အက်ကွဲကြောင်း အတွင်း လဲပြိုနေသည့် ပုံရိပ်ထံသို့ ပြန်လည် ရောက်ရှိသွားသည်။ ထို့နောက် နှေးကွေး လေးလံသည့် ခြေလှမ်းများနှင့် အတူ သူ ထိုနေရာသို့ ချဥ်းကပ်သွား၏။
ပရိသတ်များ၏ နှလုံးသားများက ပိုမို၍ တုန်ရီလာကြသည်။ ဝေ့ဝူယင် သေဆုံးသည်နှင့် စိန်ခေါ်မှုက အဆုံးသတ် သွားလိမ့်မည် ဖြစ်ကြောင်း သူတို့ သိပေသည်။
တိုက်ပွဲ အတွင်း၌ လူငယ်လေးမှာ ကွင်းဆယ့်သုံးကွင်းပါ ဝိညာဥ်ဆင်းတု လေးခု အပါအဝင် အလွန် ထူးဆန်းသော အရာများကို ထုတ်သုံးခဲ့သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များ အနေဖြင့်ပင် မခန့်မှန်း တတ်သည့်တိုင် ထိုအဆောင်များ၊ ရတနာများမှာ ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် ပစ္စည်းများ ဖြစ်မှာ ကျိန်းသေသည်။ သူက မည်ကဲ့သို့သော နောက်ခံမျိုးမှ လာသနည်း။
ဘယ်လို နောက်ခံမျိုးပဲ ရှိရှိ၊ ဘယ်လို ပြင်ပ အကူအညီမျိုးကိုပဲ သုံးသုံး... ထိုလူငယ်လေးမှာ သေမျိုး အဆင့်ဖြင့်ပင် လျှို့ဝှက် အာဏာရှင် အဆင့် ၉၉၉၉ ယောက်ကို အနိုင်ယူခဲ့ကာ ရှင်သန်မှုနှင့် ရုန်းကန်မှု စိတ်ဓာတ်ကို သူတို့ထံ ရိုက်သွင်းပေးခဲ့သည်။ လောက၌ မဖြစ်နိုင်သည့် အရာ မရှိကြောင်း အသက်နှင့် ရင်းကာ သက်သေပြခဲ့သည်။
မြေပြင်ပေါ်၌ လဲကျနေသည့် ပုံရိပ်ကို ကြည့်ရင်း လျှို့ဝှက် အာဏာရှင် အဆင့်များ၏ စိတ်ထဲတွင် လေးစားစိတ်များမှာ ယိုဖိတ် ကျလာခဲ့၏။
အကယ်၍ ဝေ့ဝူယင်သာ သူတို့၏ အတွေးကို ကြားသိရပါက ရယ်ရမလား၊ ငိုရမလားပင် မသိ ဖြစ်သွားမှာ ကျိန်းသေပေသည်။ ဝိညာဥ်ဆင်းတုများမှာ မည်ကဲ့သို့ ရတနာများ ဖြစ်နိုင်ပါမည်နည်း။ ဘယ်လိုပဲ ဖြစ်ဖြစ်... ကျင့်ကြံခြင်း လောကက ထိုကဲ့သို့သာ ဖြစ်သည်။
နေသွေးနီနီဂိုဏ်းတွင် နေထိုင်စဥ် အခါတုန်းက အဆင့်မြင့် သံမဏိ သတ္တု ရည်ရွယ်ချက်ကို သူ ကိုယ်ပိုင် အရည်အချင်းဖြင့် နားလည်ခဲ့သည်။ ဤသို့နှင့် သက်သေ ခိုင်ခိုင်မာမာ မရှိပါပဲ သူ့တွင် ကျင့်ကြံခြင်း ရတနာ တစ်ခု ရှိသည် ဆိုသည့် ကောလဟလက ပျံ့နှံ့ သွားခဲ့သည်။ နှိုင်းယှဥ်ရပါက ထိုဖြစ်ရပ် နှစ်ခုက အတော်လေး ဆင်တူပေသည်။
လျှို့ဝှက် ဆန်းကြယ်သည့် မိန်းကလေးက ကွမ်ယုကို လှည့်ကြည့်လိုက်၏။ ထိုသေမျိုးမှာ သူမ၏ လက်ကို ခပ်တင်းတင်း ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
“သူက နင့်ကိုတစ်ခုခု ညွှန်ကြားထားတာမျိုး ရှိလား...”
ကွမ်ယုက ခေါင်းညိတ်ပြလိုက်၏။
“သူက မှာထားပါတယ်... တပ်မဟာ ဗိုလ်ချုပ်ကြီး မသေမချင်း အနားကို ကပ်မလာနဲ့ တဲ့... ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ်”
သူက ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဆိုသည့် စကားကို ပိုမို၍ အလေးပေးကာ ပြောလိုက်၏။ ဝေ့ဝူယင်တွင် အစီအစဥ် တစ်ခုခု ရှိနေလိမ့်မည်ဟု သူ အကြွင်းမဲ့ ယုံကြည်ပေသည်။ စစ်ဝိညာဥ် ၉၉၉၉ ယောက်ကို အနိုင်ယူခဲ့ပြီး နောက်၌... သူ့ထံတွင် ထိုလူငယ်နှင့် ပတ်သက်၍ သံသယ မြူတစ်မှုန်မျှပင် မကျန်ရှိတော့ချေ။
ထို့အပြင် ဝေ့ဝူယင်၏ စကားအရ ဆိုလျှင် ထိုအရာမှာ သူ စစ်မြေပြင်မှ အသက်ရှင်လျှက် လွတ်မြောက်နိုင်သည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။ သို့ဖြစ်လေရာ... ထိုအမျိုးသမီး ဝင်ရောက် နှောက်ယှက်မည်ကို သူ မည်ကဲ့သို့ ခွင့်ပြုနိုင်မည်နည်း။ ထို့ကြောင့်ပင် သူ မရရအောင် ဟန့်တားခဲ့ခြင်း ဖြစ်သည်။
မိန်းကလေးမှာ ကွမ်ယုကို အချိန် အတန်ကြာ စိုက်ကြည့် နေခဲ့၏။ အဆုံးသတ်တွင်တော့ သူမက သက်ပြင်း တစ်ချက်သာ ချလိုက်သည်။ သူမက အကြည့်များကို စစ်မြေပြင်ရှိရာဆီ ပြန်လှည့်လိုက်၏။ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ သေမျိုးလောကို အပိုင်စိုးသည့် စစ်နတ်ဘုရား တစ်ပါး အလား ဝေ့ဝူယင် ရှိရာဆီသို့ လျှောက်သွား နေခဲ့သည်။
အက်ကွဲကြောင်းနှင့် မီတာ အနည်းငယ်သို့ အရောက်၌ လက်တစ်ဖက် မြေကြီးထဲမှ တိုးထွက်လာသည်ကို ကျန့်ကျန့် တွေ့လိုက်ရ၏။ သူ အနည်းငယ် အံ့သြကာ တွန့်ဆုတ်သွားခဲ့သည်။ ဝေ့ဝူယင်မှာ အဆုံးမဲ့ လှည့်စားမှုများနှင့် ပြည့်နှက်နေသည့် မြေခွေး တစ်ကောင် ဖြစ်သည်။ သူ ဘယ်အရာကိုမှ ဂရုမစိုက်ပဲ မလုပ်ရဲချေ။ ထိုအရာကပင် သူ ဖြည်းညင်းစွာ ချည်းကပ်လာနေခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။
လက်ကို ကြည့်ရင်း နဂါးခေါင်းဆောင်း နောက်ရှိ သူ့ မျက်လုံးများက အနည်းငယ် တောက်ပသွား၏။ ထိုလက်၏ အရွယ်အစားကိုရော အော်ရာကိုပါ ရင်းနှီးသည်။ မကြာခင်မှာပင် ထိုအရာက ဟန်ရီရှင်းဟု ခေါသည့် စစ်သည် တစ်ဦး၏ လက်ဖြစ်ကြောင်း သူ ပြန်လည် သတိရသွားသည်။ ဟန်ရှီရှင်းမှာ ထိုနေရာ အတိအကျတွင်ပင် မြေကြီးထဲသို့ နစ်မြုပ် သွားခဲ့ခြင်း ဖြစ်သည်။
ကျန့်ကျန့် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။ စစ်သည် ၉၉၉၉ ယောက် ပါဝင်သည့် တပ်မဟာကြီးတွင် အသက်ရှင် ကျန်ရစ်သူ တစ်ဦး ရှိနေခြင်း ဆိုသည့် အသိက သူ့ခံစားချက်များကို အနည်းငယ် ပြေလျော့ စေသည်။ နဂါးခေါင်းဆောင်း နောက်ကွယ်ရှိ သူ့နှုတ်ခမ်းထက်တွင်ပင် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ ကျန့်ကျန့်က ထိုလက်ကို ဆွဲကာ မြေကြီးထဲမှ ထုတ်ပေးလိုက်သည်။ သူ ခန့်မှန်းထားသည့် ဟန်ရီရှင်း အတိအကျပင်။
စစ်သည်မှာ တစ်ကိုယ်လုံး ညစ်ပတ် ပေရေနေကာ သတိလစ်နေသည့် အခြေအနေ၌ ရှိနေပေသည်။ သို့သော်လည်း အသက်အော်ရာက အတော်လေး တည်ငြိမ်လေရာ ကျန့်ကျန့် သက်ပြင်း တစ်ချက် ချလိုက်မိ၏။ သူ ညင်သာစွာပင် ဟန်ရီရှင်းကို မြေပြင်ထက်၌ လှဲသိပ်ပေးလိုက်သည်။
“ဒီမှာ စောင့်နေ... အဆုံးသတ် ပြီးရင် ငါတို့ အိမ်ကို ပြန်လို့ ရပြီ”
ထို့နောက် သူက ဝေ့ဝူယင် လဲကျနေသည့် အက်ကြောင်းဘက်သို့ ပြန်လည် မျက်နှာမူလိုက်၏။ တဖြည်းဖြည်းပင် သူ အက်ကြောင်း အပေါက်ဝ အထိ ရောက်ရှိ သွားသည်။ ရန်သူမှာ သတိလစ် မေ့မြောနေကာ စွမ်းအင် လက္ခဏာ အားလုံး လုံးဝ ခမ်းခြောက်နေသည်။ သူက အသက်ရှင်သည် ဆိုရုံမျှသာ ဖြစ်၏။
ကျန့်ကျန့်မှာ ထိုမြင်ကွင်းကို ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ မိန်းကလေး၏ မျက်လုံးများကတော့ လင်းလက် သွားသည်။ ထိုအရာက ဗိုလ်ချုပ်ကြီး ကျန့်ကျန့် အနားသို့ ကပ်လာစေရန် မျှားခေါ်သည့် ဗျူဟာ တစ်ခု ဖြစ်နိုင်ကာ ကြောက်မက်ဖွယ် ထောင်ချောက် တစ်ခု စောင့်ကြိုနေလောက်သည်ဟု သူမ ယုံကြည်ပေသည်။ ထိုအက်ကွဲကြောင်းအတွင် ဆင်းသက်သည်နှင့် အရာရာက ပြီးဆုံး သွားပေလိမ့်မည်။ နောက် ဖြစ်ပျက်လာမည့် အရာကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရင်း သူမ အသက်ရှူရန်ပင် မေ့လျော့ နေခဲ့၏။
သို့သော်လည်း ဗိုလ်ချုပ်ကြီး မှာ သူမ ထင်ထားသလို အက်ကွဲကြောင်းထဲသို့ မဆင်းပါချေ။ ထို့အစား သူက သူ့လက်နက်ကိုသာ ထုတ်ယူလိုက်၏။ ထိုအရာက ဆင်ဘာ တစ်စင်းနှင့် ဆင်သော်လည်း ဝေ့ဝူယင်၏ ဆေဘာထက် အနည်းငယ် ပို၍ ကောက်ပေသည်။ အလျားကလည်း အနည်းငယ် ပိုတိုကာ အသွားတွင် အေးစက်သည့် အော်ရာတစ်ခု ခိုအောင်း နေ၏။
ကျန့်ကျန့်က အနည်းငယ်ပင် တုန့်ဆိုင်းခြင်း မရှိပဲ ဆေဘာကို ပစ်လွှတ်လိုက်သည်။ ထိုအရာက ကြယ်ပျံတစ်စင်းလိုပင် ဆင်းသက်သွားကာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။ ထို့နောက် ၎င်းက လည်ပင်းတည့်တည့် ရှိရာဆီသို့ ရောက်ရှိသွားကာ ခေါင်းကို ဖြတ်ပစ်လိုက်သည်။
“...”
ပရိသတ်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ တိတ်ဆိတ် သွားကြ၏။ ထိုအရာက သူတို့ ခန့်မှန်းထားသည့် အရာ မဟုတ်ချေ။
ဝှစ်...
ကျန့်ကျန့်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ခေါင်းမှာ သူ့ထံ ပျံသန်း ရောက်ရှိလာသည်။ ကျန့်ကျန့်က ဆံပင်မှ ဖမ်းဆုပ်၍ ကိုင်လိုက်ကာ ချောမောသည့် မျက်နှာကို လေ့လာလိုက်၏။ လူငယ်၏ အမူအရာက အလွန်ပင် ပင်ပန်း နွမ်းနယ်နေဟန် ရကာ နီရဲသော သွေးများမှာ ဖြတ်တောက်ထားသည့် လည်ပင်းမှ စီးကျနေသည်။
“...”
ကွမ်ယု၏ အမူအရာက အေးခဲသွား၏။ မိန်းကလေး၏ မျက်လုံးများက ပြူးကျယ် သွားသည်။
သူ သေဆုံးသွားပြီလား...။
ထိုကဲ့သို့လား...။
ရွှမ်း...
ထိုအခိုက်အတန့်တွင်ပင် ရင်းနှီးပြီးသား ဆေဘာ ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာ၏။ သံချပ်ကာ အပြည့်အစုံ ဝတ်ထားသည့် ပုံရိပ် တစ်ခုမှာ ကျန့်ကျန့်၏ နောက်မှ အလွန် ပြင်းထန်သည့် အမြန်နှုန်းဖြင့် တိုးဝင် လာသည်။ ထိုပုံရိပ်ကား စောစောကမှ ကျန့်ကျန့် ကယ်တင်ထားသည့် ဟန်ရီရှင်းပင်။
အားလုံး၏ မျက်လုံးများက မျှော်လင့်ချက် အလင်းတန်းများနှင့် ပြန်လည် ရှင်သန်လာ၏။
ရွှမ်း..
စစ်ဝိညာဥ်မှာ လက်ထဲရှိ ဆေဘာနှင့် အတူ အဆုံးစွန်သော ခွန်အားဖြင့် ကျန့်ကျန့်ကို တိုက်ခိုက်ရန် ကြိုးပမ်း လိုက်၏။
“ငါမင်းကို ယုံမယ် ထင်နေတာလား...”
ကျန့်ကျန့်၏ အသံက မိုးခြိမ်းသံ တစ်ခုလို ပေါက်ကွဲ ထွက်ပေါ်လာ၏။ ထို့နောက် သူက လျှပ်စီး အလင်း တစ်ခုလို အရှိန်နှုန်းဖြင့် ခန္ဓာကိုယ်ကို ဟန်ရီရှင်း၏ ဆေဘာကိုင်လက်ကို ဆုပ်ကိုင်လိုက်သည်။
“မဟုတ်ဘူး...”
ပရိသတ်များ၏ အမူအရာများက တုန်လှုပ် ခြောက်ခြားခြင်းများနှင့် ပြည့်နှက် သွား၏။ ကျန့်ကျန့်က လက်ထဲရှိ ခေါင်းကို လွှင့်ပစ်ရန် လွှင့်ပစ်ရန် တုန့်ဆိုင်း မနေပဲ လက်ဖဝါးကို ဆေဘာသဏ္ဌာန် အသုံးပြု၍ နှလုံးသားထဲသို့ ထိုးသွင်းလိုက်သည်။ မီးခိုးရောင် သွေးများမှာ အဆက်မပြတ် ထွက်ပေါ်လာ၏။
“ဒီခန္ဓာကိုယ်ကမှ ကိုက်ညီတာ...”
ကျန့်ကျန့်က နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ ဝေ့ဝူယင်၏ သွေးများမှာ မီးခိုးရောင် ဖြစ်သည်။ တိုက်ပွဲအတွင်း မြှားထိမှန်စဥ် အခါတုန်းက သူ ထိုအရာကို ရှင်းလင်းစွာပင် တွေ့မြင်ခဲ့ရသည်။ သူ့သွေးများက အနီရောင် မဟုတ်ချေ။
မဟာမိတ် အဖြစ် ဟန်ဆောင်ကာ ပြန်လည် တိုက်ခိုက်ခြင်း... သူ့ အစီအစဥ်နှင့် အားထုတ်မှုတို့က တကယ် ချီးကျူးစရာ ကောင်းလှပေသည်။ ထို့အပြင်... သူ၏ လှုပ်ရှားမှုက အပြစ်အနာအဆာ ကင်းမဲ့ကာ အလွန်ပင် ချိန်သားကိုက် လှသည်။ ဆေဘာထိပ်ဖျားက သူ့ရင်ဘတ်ကိုပင် တစ်စင်တီတာခန့် တိုးဝင် နိုင်ခဲ့သည်။
ကျန့်ကျန့် ခေါင်းခါလိုက်၏။
“သနားစရာ သေမျိုးလေး... တကယ်လို့ မင်း ငါ့နှလုံးသားကို ထိုးဖောက် နိုင်ခဲ့မယ် ဆိုရင်တောင် သူက သေဦးမှာ မဟုတ်ဘူး... နှလုံးသားက ငါ့အတွက် အရေးကြီးတဲ့ အင်္ဂါ မဟုတ်ဘူး... အနည်းဆုံး မင်း ငါ့ခေါင်းကို ဦးတည် တိုက်ခိုက်သင့်တာ”
ဆရာ တစ်ယောက်က ကျောင်းသား တစ်ယောက်ကို သွန်သင်နေသည့် အလား ကျန့်ကျန့် တီးတိုး ရေရွတ်လိုက်၏။ မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ သာမန် ကျင့်ကြံသူများနှင့် လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်သည်။ မြေကြီးရှန့်ထိုများ မဆိုထားနှင့်... လျှို့ဝှက် ကြယ်တာရာ အဆင့်များပင် နှလုံးသား မရှိပဲ ဆက်လက် အသက်ရှင်သန်နိုင်သည်။
ကျန့်ကျန့် ဝေ့ဝူယင်၏ အသက်မဲ့ ခန္ဓာကို တစ်ချက် လှမ်းကြည့်လိုက်၏။ အသက်ဓာတ် အကြွင်းအကျန်ပင် မကျန်ရစ်တော့လေရာ သူ တကယ် သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ ကျန်ကျန့် စိတ်ထဲ၌ ဟာတာတာ ခံစားချက်မျိုး ခံစား လိုက်ရ၏။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုလူငယ်မှာ ကြောက်မက်ဖွယ် ပါရမီရှင် တစ်ဦး ဖြစ်တာကိုတော့ သူ ဝန်ခံရလိမ့်မည် ဖြစ်သည်။ အကယ်၍ နောက်ဆုံး အစီအစဥ်သာ အလုပ်ဖြစ်ခဲ့ပါက သူက အဇူရာ မူလ ကြယ်စင်စုတွင် သမိုင်း တစ်ခုကို ရေးထိုးနိုင်မှာ သေချာသည်။
ကျန့်ကျန့် စစ်မြေပြင်ကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ မရေမတွက်နိုင်သည့် အလောင်းများမှာ အသက်မဲ့စွာ ပြန့်ကြဲ နေပေသည်။ သူ စစ်တပ်တစ်ခုကို ဆုံးရှုံးခဲ့ရသည်။ တပ်မဟာကြီးထဲမှ စစ်သည် တစ်ယောက်ချင်းစီတိုင်းမှာ သူ့အတွက် မိသားစုဝင်များ ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးတွင် သူ ကိုယ်တိုင် လက်များဖြင့် လက်စားချေနိုင်ခဲ့ပြီ ဖြစ်သည်။
ကျန့်ကျန့် ခံစားချက် ပေါင်းစုံဖြင့် သက်ပြင်းတစ်ချက် ချကာ စစ်မြင်းကို ဆင့်ခေါ်ရန် ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် ရင်းနှီးပြီးသား အသံတစ်ခုကို သူ ကြားလိုက်ရတော့သည်။
“ကျုပ်ကို အကြံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်...”
***