← Chapters

အဆုံးသတ်

Vol. 56 Ch. 777

အဆုံးသတ်

Vol. 56 Ch. 777

“ကျုပ်ကို အကြံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်...”

ဝေ့ဝူယင်၏ ချောမောသည့် ပုံရိပ်မှာ မြေကြီးထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့၏။ လူငယ်မှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ညာဘက်လက်၌ ဆေဘာကို စွဲကိုင်ထားဆဲ ဖြစ်သည်။ သူက ခါတိုင်းလိုပင် မျက်လုံးများကို မှိတ်ထား၏။ သူ့အား ကြည့်ရသည်က လုံးဝ မထိခိုက်သေးပုံ ရသည်။

ဗိုလ်ချုပ်ကြီး ကျန့်ကျန့် ခေါင်းကို လှည့်ကာ ကြည့်လိုက်၏။ နဂါးခေါင်းဆောင်း နောက်မှ သူ့မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားသည်။ ဘာလဲ...။ နောက်ထပ် လှည့်ကွက်တစ်ခုလော။

သို့သော်လည်း အဆိပ်၏ သက်ရောက်မှု မရှိချိန်တွင် ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ဖော်ထုတ် ပြသခြင်းက ရူးမိုက်လွန်းသည်ဟု သူ ခံစားရသည်။

“နောာက်တစ်ကြိမ်...”

ဝေ့ဝူယင်က စကားလုံး သုံးလုံးကို ရေရွတ်လိုက်သည်နှင့် တစ်ပြိုင်နက် အထက် နီးကပ်သည့် ကောင်းကင်တွင် အော်ရာ သုံးခု ပေါ်ထွက် လာခဲ့၏။

ဧဒင်...

ခရာတို...

အိုရီ...

ဘုရင်....

နောက်ဆုံးတစ်ခုက သူ့ဆေဘာတွင် အမြစ်တွယ်နေကာ ဝိညာဥ်ကွင်း ဆယ့်သုံးကွင်းစီမှာ ရိုင်းစိုင်းစွာ စတင် လှည့်ပတ်လာ၏။

ငါးစက္ကန့်...

ထိုအရာက သူ့တွင် ကျန်ရှိသမျှ အချိန် ဖြစ်သည်။ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရင်း ဝေ့ဝူယင် ဝိညာဥ် အေးခဲခြင်း အစီအရင်ကို အသက်သွင်း လိုက်၏။ ကျန့်ကျန့်က ချက်ချင်းပင် လျှို့ဝှက် စွမ်းအားကို လှည့်ပတ်ရန် ကြိုးစား လိုက်သည်။ ထို့နောက် မယုံကြည်နိုင်စရာ ကောင်းစွာပင် သူ့ခန္ဓာကိုယ်မှာ သဘာဝ အတိုင်း ရပ်တန့် သွား၏။

“မဟုတ်ဘူး...”

ခန္ဓာကိုယ် အတွင်း၌ ရှိနေသည့် အဆိပ်ကို သူ ခံစားလိုက်ရချေပြီ ဖြစ်သည်။ ထို့အပြင်... ၎င်းက ပထမ အကြိမ်ကထက် ပိုမို သိပ်သည်းကာ အများကြီး အစွမ်းထက်ပေသည်။

“ငါ ဘယ်အချိန်တုန်းက အဆိပ်မိသွားတာလဲ...”

သူ စဥ်းစား၍ မရနိုင်ခင်မှာပင် နဂါးခေါင်းဆောင်း နောက်ရှိ မျက်လုံးများမှာ ဆေဘာတစ်ခု၏ အသွားစွန်းကို တွေ့မြင်လိုက်ရ၏။ ၎င်းက သူ အကြံပြုထားခဲ့သည့် အတိုင်းပင် လည်ပင်းဆီသို့ တည့်တည့် ကျဆင်းလာသည်။ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များကို ထုတ်ယူဖို့ ပိုမို ကြိုးစားလေလေ သူ့န္ဓာကိုယ်က ပိုမို အားနည်းလာလေလေ ဖြစ်သည်။

ကျန့်ကျန့် ကြောက်ရွံ့မှုကို စတင် ခံစားလိုက်ရ၏။ ဆေဘာကတော့ အညှာအတာ ကင်းမဲ့စွာပင် ကျရောက် လာခဲ့ပြီ ဖြစ်လေသည်။

နွေးထွေးသည့် မီးခိုးရောင် သွေးများကို သူ့မျက်နှာဆီတွင် ခံစားရ၏။ ထို့နောက် အရေပြား... သံချပ်ကာအား ထိုးဖောက် သွားသံ... ဝေ့ဝူယင် သေသွားပြီဟု သူ တွေးခဲ့သည်။ ထို့အပြင်... လုံခြုံရေး အတွက် အစီအမံများလည်း သူ ချမှတ်ထားသေးသည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်ရသနည်း။ သူ အဘယ်ကြောင့် ထိုမျှ ပေါ့ဆ မိသနည်း။ ထိုအရာ အားလုံးက မည်ကဲ့သို့ ဖြစ်လာခဲ့သနည်း။ သူ နားမလည်နိုင်သလို လက်လည်း မခံနိုင်ပါချေ။

“ဘာလို့လဲ...”

ရွှမ်း...

ဆေဘာအလင်းနှင့် အတူ နဂါးခေါင်းဆောင်းမှာ လေထဲ လွင့်ပျံ သွား၏။ စစ်မြေပြင်၏ ပြိုင်ဘက်ကင်း တည်ရှိမှုကား သေမျိုးတစ်ယောက်၏ ဆေဘာတွင် အဆုံးသတ်ကို ရောက်ရှိ သွားခဲ့ရပြီ ဖြစ်သည်။

“...”

တစ်လောကလုံး တိတ်ဆိတ် သွားခဲ့တော့၏။ စစ်မြေပြင်ထက်၌ ပြင်းထန်သော အသက်ရှူသံများက အစီအရီ ထွက်ပေါ်နေသည်။

ဝှစ်... ဝှစ်...

ဝိညာဥ်ဆင်းတုများမှာ ဖြည်းညင်းစွာပင် ပျောက်ကွယ် သွားကြ၏။ ဝေ့ဝူယင်မှာ စိတ်နှင့် ခန္ဓာ နှစ်ခုစလုံး ပြင်းထန်သည့် မောပန်း နွမ်းနယ်မှုများနှင့် ရင်ဆိုင် နေရသည်။ အကယ်၍ သူ့တွင်သာ သံမဏိလို ကြံ့ခိုင်သည့် စိတ်ခွန်အား မရှိပါက ချက်ချင်းပင် မြေပြင်ပေါ် လဲပြိုကာ သတိလစ် မေ့မြောနေလောက်ပြီ ဖြစ်သည်။

ဝေ့ဝူယင် လက်ထဲရှိ ဆေဘာကို တင်းတင်းကြပ်ကြပ် ကိုင်ဆောင်ထားဆဲ ဖြစ်ကာ အရပ်ရပ်မှ အံ့သြထွေထွေ အကြည့်များကို လုံးဝ လျစ်လျူထားသည်။ ဝိညာဥ်ဆင်းတုများနှင့် အတူ မြှင့်တင်ထားသည့် သူ၏ ဝိညာဥ်အင်အားက ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေရာ သူ နောက်တစ်ကြိမ် မျက်မမြင် ဖြစ်သွားခဲ့ပြန်ပြီ ဖြစ်သည်။ သို့သော်လည်း သူ အလွန်အမင်း စိတ်သက်သာရာ ရသလို ခံစားရသည်။ သူ့မျက်လုံးများက ပေါက်ကွဲထွက်တော့ မတတ် နာကျင်မှုများကို ခံစားရခြင်း မရှိတော့ချေ။

“နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီပေါ့....”

ဝေ့ဝူယင်၏ ခံစားချက်များက အနည်းငယ် ရှုပ်ထွေး နေခဲ့သည်။ စစ်မြေပြင်သို့ စတင် ဝင်ရောက်သည့် အချိန်မှ စ၍ အဖြစ်အပျက်များစွာကို သူ တွေ့ကြုံခဲ့ရသည်။ ပထမဆုံး ကျင်းကျူးကို သတ်ဖြတ်ခဲ့သည်။ ချိုက်လျှို့ယန်နှင့် ရင်ဆိုင်ခဲ့သည်။ စစ်ဝိညာဥ် တစ်သောင်းကို စိန်ခေါ်ခဲ့သည်။ မြေကြီးရှန့်ထို တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။

သို့သော်လည်း... သူ့အတွက် မည်ကဲ့သို့ လွယ်ကူခဲ့လိမ့်မည်နည်း။ လျှောက်ခဲ့သည့် ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းကို ဝေ့ဝူယင် သေချာစွာ တွက်ချက် ခဲ့ရသည်။ ဗျူဟာများစွာကို ချမှတ်ခဲ့ရသည်။ စစ်ဝိညာဥ် တစ်သောင်းနှင့် တိုက်ပွဲတွင် အသန်မာဆုံး သွေးမျိုးဆက် စွမ်းအင်ဖြစ်သည့် ဟင်းလင်းပြင် အသက်ရှူခြင်း ကိုပင် ထုတ်သုံး ခဲ့ရသည်။

“အတုအယောင် နတ်ဘုရား ကိုယ်ပွား ကျင့်စဥ်က ငါ ပထမဆုံး တီထွင်ခဲ့တဲ့ ကျင့်စဥ် ဆိုပေမဲ့ဒီနေ့အထိ အရမ်း အသုံးဝင် နေတုန်းပဲ...”

ဝေ့ဝူယင် သူ့ငယ်ဘဝ ဉာဏ်ရည်ကို ချီးကျူး လိုက်မိ၏။ ထိုစဥ်အခါက ကျင့်ကြံခြင်း၏ အကန့်အသတ်များကို နားမလည်ပဲ အကြံတစ်ခု ပေါ်လာတိုင်း သူ ရိုးရှင်းစွာပင် လမ်းစဥ်ကို ပြောင်းလဲ ခဲ့သည်။

အဝေးမှ ထိန်းချုပ်နိုင်ရန် အတွက် သူ အသိစိတ် ပင်လယ်၏ တစ်စိတ်တစ်ပိုင်းကိုပင် ထုတ်ယူကာ ကိုယ်ပွား အတွင်း ထည့်သွင်းခြင်းမျိုးကိုပင် တီထွင်ခဲ့သည်။ဤသို့ဖြင့် နှစ်ကာလများစွာ ကြာမြင့်ပြီး နောက်တွင် ထိုအတုအယောင် နတ်ဘုရား ကိုယ်ပွား ကျင့်စဥ်မှာ ယနေ့ အောင်မြင်မှု အတွက် အက္ခရာ ကျလာခဲ့ပေသည်။

မြေပြင်ပေါ်သို့ ကျလျှင်ကျချင်း ဝေ့ဝူယင် ပုံစံတူ ကိုယ်ပွားတစ်ခုကို ဖန်တီးခဲ့သည်။ ၎င်းက သူ့ သေဆုံးမှုကို အစားထိုးရန် လုံးဝ ပြီးပြည့်စုံပေသည်။

ထို့နောက် ဖုန်မှုန်များ အုံ့စိုင်းနေသည်ကို အခွင့်ကောင်းယူကာ ဝေ့ဝူယင် မြေကြီးအတွင်း တိုးဝင်ခဲ့သည်။ မူလဒြပ်စင် ရည်ရွယ်ချက်နှင့် အတူ... သူ၏ မြေကြီးအတွင်း သွားလာနိုင်စွမ်းက ရေနှင့်ငါးလို ပနံတင့်လှ၏။

ထို့နောက် ဝေ့ဝူယင် မြေကြီးအတွင်း သွားလာကာ ကျင့်ကြံခြင်း အခြေခံ ဖျက်ဆီးခံထားရသည့် စစ်ဝိညာဥ် တစ်ယောက်၏ ရုပ်အလောင်းကို ရှာဖွေခဲ့သည်။ ထို့နောက် ၎င်း၏ ဦးခေါင်း အတွင်းရှိ အသိစိတ် ပင်လယ်ကို ဖျက်ဆီး၍ သူ့ကိုယ်ပိုင် တစ်စိတ်တစ်ပိုင်းကို ထိုအတွင်း ထည့်သွင်းခဲ့သည်။ ဤသို့ဖြင့်... သူ ထိုခန္ဓာကိုယ်ကို တခဏမျှ ထိန်းချုပ် နိုင်ခဲ့သည်။

ထိုကဲ့သို့ ပြုလုပ်နေစဥ် အတွင်း... ခန္ဓာကိုယ် နှစ်ခုစလုံးထဲမှ သွေးအရောင်ကို ဝေ့ဝူယင် ရည်ရွယ်ချက် ရှိရှိပင် ပြောင်းလဲ ခဲ့သည်။ ထို့နောက်... အနန္တ သင်္ချိုင်းနှင့် ဝါးမြိုနှင်း နှင်းဆီ ရောနှောထားသည့် အဆိပ်ကို ခန္ဓာကိုယ် နှစ်ခုစလုံးထဲရှိ သွေးများထဲတွင် ချထားခဲ့သည်။

ဟန်ရီရှင်း၏ ခန္ဓာကိုယ်ကို သတ်ဖြတ်ပြီး နောက်တွင် ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ ပိုမို ယုံကြည်ချက် ရှိလာကာ ပေါ့လျော့ လာခဲ့သည်။ ထိုအရာကပင် အဆိပ်၏ သက်ရောက်မှုကို ပိုမို လျှင်မြန်စွာ ကူးစက်သွားစေခဲ့ကာ ဝေ့ဝူယင်၏ အစီအစဥ်ကို ပိုမို အလုပ်ဖြစ် စေခဲ့ခြင်း ဖြစ်သည်။ ပခုံးကို မြှားထိခံခဲ့ခြင်းမှာလည်း အစီအစဥ်ကြီးထဲမှ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။

တစ်ခါတစ်ရံ၌ အသေးစိတ် အချက်အလက်များမှာ ကြီးကျယ် ခမ်းနားသော အစီအစဥ် တစ်ခု အောင်မြင်ရန် အဓိက အကြောင်းရင်းများ ဖြစ်နေတတ်သည်။ ထို့အပြင်... သူ အနည်းငယ် ကံကောင်းခဲ့သည်လည်း ပါဝင်ပေသည်။

ဘုန်း...

နောက်ဆုံး၌ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ ခန္ဓာကိုယ်မှာ ဒူးထောက် ပြုတ်ကျ သွား၏။ အဖြူရောင် သွေးများမှာ သူ့လည်ပင်းမှ စီးကျနေသည်။ စစ်မြင်းဖြူမှာ သခင် သေဆုံး သွားသည်ကို မြင်သည်နှင့် မီးတောက်များ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်မှာ ဆက်စပ်မှု စစ်မြေပြင်နှင့် ပတ်သက်၍ အံ့သြ နေခဲ့မိ၏။ အကယ်၍ ဖိနှပ် ချုပ်ချယ်မှုများ မရှိသည့် အစစ်အမှန် ကမ္ဘာတွင် ဆိုပါက... သူ့လို သေမျိုး တစ်ယောက်မှာ မြေကြီးရှန့်ထို အဆင့် မဆိုထားနှင့် လျှို့ဝှက်ဝိညာဥ် အဆင့် တစ်ယောက်ကိုပင် ရင်ဆိုင်ဖို့ အခွင့်အလမ်း ရှိလိမ့်မည် မဟုတ်ချေ။

ဤဆက်စပ်မှု စစ်မြေပြင်တွင်တော့ သူ နည်းပရိယာယ် အမျိုးမျိုး၊ ဗျူဟာ အဖုံဖုံနှင့် အတူ လျှို့ဝှက် အာဏာရှင် အဆင့် တစ်သောင်းကိုပင် အနိုင်ယူ နိုင်ခဲ့ပေသည်။

“ဒါကပဲ ဆက်စပ်မှု စစ်မြေပြင်ရဲ့ ရည်ရွယ်ချက် ဖြစ်ချင် ဖြစ်မှာပေါ့လေ...”

ဝေ့ဝူယင် ခေါင်းကို မော့ကာ အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်၏။ ပြန်လည် ရှူထုတ်လိုက်သော အခိုက်၌ သူ့စိတ်က ပိုမို၍ ကြည်လင် ရှင်းလင်းသွားသည်။ စစ်ပွဲဆိုသည်မှာ သာမန် ပြိုင်ပွဲများလို မျက်နှာချင်းဆိုင် တိုက်ခိုက်ရသည့် တိုက်ပွဲတစ်ခု မဟုတ်ချေ။ အမျိုးမျိုးသော လှည့်ကွက်များ၊ ဗျူဟာများနှင့် အတူ အားနည်းသူက အားကြီးသူကို အနိုင်ယူနိုင်ပေသည်။

ဘုန်း...

ကျန့်ကျန့်၏ ခန္ဓာကိုယ်က ဒူးထောက်လျက်ကပင် မြေကြီးပေါ် လဲပြိုကျသွား၏။ သူကား လုံးဝ ကျဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

ပရိသတ်များမှာ ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့၏။ သေမျိုး တစ်ယောက်က လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူက မြေကြီးရှန့်ထို တစ်ယောက်ကို အနိုင်ယူခဲ့သည်။ မည်သည့် အရာများ ဖြစ်သွားကြောင်း မသိသည့်တိုင် ဆေဘာအလင်းနှင့် အတူ လွင့်ပျံသွားသည့် ဦးခေါင်းက အရာအားလုံး အဆုံးသတ် သွားပြီ ဖြစ်ကြောင်း ညွှန်ပြ နေသည်။

***

All Chapters