← Chapters

အဆုံးသတ် (၂)

Vol. 56 Ch. 778

အဆုံးသတ် (၂)

Vol. 56 Ch. 778

တပ်ရင်း ကွန်မန်ဒါ လူအိုကြီးမှာ လက်ထဲရှိ တောင်ဝှေးကို အားပြုရင်း ထိုမြင်ကွင်းကို ငေးမောကာ ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများက မှုန်ရီ ဝေဝါးနေကာ သေခြင်းတရား၏ အငွေ့အသက်တို့နှင့် လွှမ်းခြုံ နေသည်။ သို့သော်လည်း အချိန်များ ကျော်ဖြတ်သွားပြီးသည့် နောက်တွင်တော့ ၎င်းတို့က စတင်ကာ ပြောင်းလဲ လာ၏။ ပိုမို၍ တောက်လာ၏။ ပိုမို၍ အသက်ဝင်လာ၏။ အစစ်အမှန် ပျော်ရွှင်မှုတို့နှင့် ရောင်ပြန်ဟပ် လာခဲ့သည်။

“ငါတို့ လွတ်ပြီ... ငါတို့ လွတ်ပြီ...”

နှစ်ပေါင်း ငါးထောင်နီးပါး ပိတ်မိ နေခဲ့သည့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က အဆုံးမဲ့ စိတ်လှုပ်ရှားမှုတို့နှင့် အတူ အော်ဟစ်လိုက်သည်။

ဆက်စပ်မှု စစ်မြေပြင်ကို စတင်ဝင်ရောက်စဥ် အခါကတည်းက ထွက်ခွာရန် အခြေအနေ နှစ်ခုတည်းသာ ရှိကြောင်း သူတို့ သင်ယူခဲ့ပြီး ဖြစ်သည်။ ပထမ တစ်ခုက စစ်ဝိညာဥ် တစ်သောင်းကို စုဆောင်းရန် ဖြစ်ကာ နောက်တစ်ခုကတော့... တစ်စုံတစ်ယောက်က စစ်ကျောက်တိုင်ကို စိန်ခေါ်အောင်မြင်သွားခဲ့လျှင် ဖြစ်၏။

ပထမ တစ်ခုက သူတို့ အတွက် လုံးဝ ဖြစ်နိုင်ချေ မရှိသော နည်းလမ်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် မဟာမိတ် အချင်းချင်း ပြန်လည် သတ်ဖြတ်သည်နှင့် စစ်ဝိညာဥ်က ချွင်းချက် မရှိ အပြစ်ပေး သုတ်သင် သောကြောင့်ပင် ဖြစ်သည်။ သူတို့က သေမျိုးများ မဟုတ်လေရာ အမှားများကို ရှင်းပြရန် ပိုမို ခက်ခဲလှသည်။

သေမျိုး စစ်သည်များထံမှ စစ်ဝိညာဥ်များကို စုဆောင်းခြင်း မပြုနိုင်သလို လျှို့ဝှက် အာဏာရှင် အဆင့် အချင်းချင်းလည်း သတ်ဖြတ်၍ မရလေရာ စစ်ဝိညာဥ် ၁၀၀၀၀ ပြည့်ရန် အခွင့်အရေးက သူတို့ အတွက် သုညသာ ဖြစ်လေသည်။

ဒုတိယ နည်းလမ်း ဖြစ်သည့် လျှို့ဝှက် အာဏာရှင် အဆင့် ၁၀၀၀၀ နှင့် ရင်ဆိုင် တိုက်ခိုက်ရန်လား... ထိုအရာကို သူတို့ စိတ်ကူးပင် မယဥ်ဝံ့ပါချေ။ ကြိုးစားသူတိုင်း ကျရှုံးခဲ့သည်က သူတို့ အတွက် အကောင်းဆုံး သာဓကများပင် ဖြစ်သည်။

အဆိပ်လား... မည်သူက အဆိပ်ကို မတွေးမိပဲ နေပါမည်နည်း။ သို့သော်လည်း စစ်ဝိညာဥ် ၁၀၀၀၀ တွင် ကိုယ်ပိုင် အဆိပ် ပညာရှင်များကို ပိုင်ဆိုင်ထားပေသည်။ ထို့ကြောင့် သူတို့ အားလုံးကို အဆိပ်ဖြင့် သုတ်သင်ရန်က မဖြစ်နိုင်သော အိပ်မက် တစ်ခုသာ ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... ယခုတွင်တော့ တပ်မဟာ ဗိုလ်ချုပ်ကြီး သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ သူတို့ အားလုံးလွတ်မြောက်ခဲ့ကြလေပြီ။ သူတို့ အောင်ပွဲ ခံနိုင်လေပြီ။ ကြည်နူးမှုက မျက်ရည်ပူများ အဖြစ် တပ်ရင်း ကွန်မန်ဒါတိုင်း၏ မျက်ဝန်းများမှ စီးကျ လာခဲ့၏။

အဝေးဆီမှ ပျော်ရွှင် မြူးထူးစွာ အော်ဟစ်သံများကို ဝေ့ဝူယင် ကြားနေရ၏။ သူ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထိုလူများကား လူမိုက်များ ဖြစ်သည်။ အကြွင်းမဲ့ လူမိုင်များပင်။

ဝေ့ဝူယင် ကွမ်ယုကို လက်ယပ်ကာ ခေါ်လိုက်သည်။ မတော်တဆမှုများ အတွင်း ထိုစစ်သည်တော် သေဆုံး မသွားဖို့ သူ မျှော်လင့်မိပေသည်။ သူ၏ လမ်းညွှန်မှု မရှိပါက ဤနေရာ၌ သူ ရှင်သန်ဖို့ ခက်ပေလိမ့်မည်။

လက်ဖဝါးထက်ရှိ ပျက်သုဥ်းခြင်း အမှတ်အသားထံမှ နှိုးဆော်မှုကို ဝေ့ဝူယင် ခံစား၍ ရနေခဲ့၏။ လက်ရှိ၌ သူ လုပ်ရန် လိုအပ်သမျှက အနိုင်ရရှိကြောင်း ကြေညာရန်သာ ဖြစ်သည်။ ပြီးသည်နှင့် စစ်ပွဲကြီး ပြီးဆုံး သွားပေလိမ့်မည်။ စစ်ကျောက်တိုင် လေ့လာခွင့် အပါအဝင် စစ်ဝိညာဥ်များကို သူ ပိုင်ဆိုင် နိုင်လိမ့်မည်။

“ခင်ဗျား တကယ် လုပ်နိုင်ခဲ့တာပဲ...”

ကွမ်ယုမှာ အပြေးတစ်ပိုင်းနှင့် သူ့အနားသို့ ရောက်ရှိလာ၏။ လျှို့ဝှက် ဆန်းကြယ်သည့် မိန်းကလေးမှာလည်း အတူ တွဲလျက် ကပ်ပါလာခဲ့သည်။ သူမက မျက်တောင်ပင် မခပ်ပဲ ဝေ့ဝူယင်ကို စိတ်ဝင်စားမှု အပြည့်ဖြင့် စိုက်ကြည့် နေခဲ့၏။

သူမသည်လည် အခြားလူများ ကဲ့သို့ပင်... ဝေ့ဝူယင်၏ အောင်မြင်မှုများတွင် ကိုယ်ပိုင် စွမ်းရည်သာ မကပဲ နောက်ခံ အဖွဲ့အစည်းမှ စီစဥ် ပေးလိုက်သည့် ဗျူဟာများ၊ ရတနာများနှင့် အဆောင်များပါ ပါဝင်နေသည် ဟု ယူဆ နေခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင် ဆိုစေ... ဝေ့ဝူယင် ထုတ်ဖော် ပြသခဲ့သည့် စွမ်းရည်များက ယုတ္တိဗေဒထက်ပင် များစွာ ကျော်လွန်နေသည်။ အထူးသဖြင့် ကွင်းဆယ့်သုံးကွင်း ပါဝင်သည့် ဝိညာဥ်ဆင်းတုများပင်။ သူမ ကြားဖူး မှတ်သားဖူးသည့် ဒဏ္ဍာရီများထဲတွင်ပင် အမြင့်ဆုံး ဝိညာဥ်ကွင်းက ဆယ်ကွင်းသာ ဖြစ်သည်။ ထို့အပြင် ဝိညာဥ်ဆင်းတုက တစ်ခုတည်း မဟုတ်ချေ။ လေးခု တိတိ ဖြစ်သည်။

၎င်းတို့က အမှန်တကယ် ဝိညာဥ်ဆင်းတုများ ဖြစ်နေသည် ထားဦး။ ဝိညာဥ်ဆင်းတုများ ရှိနေသေးသည် ဆိုသည့် အချက်က ထိုလူငယ်လေးမှာ လောကသခင် အဆင့်ကိုပင် မရောက်သေးဟု ဆိုလိုပေသည်။ မည်သည့် ကျင့်ကြံခြင်း လမ်းစဥ်တွင် ဆိုစေ... ကြယ်တရာ အမြုတေ အဆင့်ခုနစ်ကို တက်လှမ်းရန် အတွက် ဝိညာဥ်ဆင်းတု၊ ဟင်းလင်းပြင် ပဲ့တင်သံလှိုင်း၊ မူလအလင်းနှင့် မြေဆွဲအား ဒြပ်ထု အားလုံးကို ပေါင်းစပ်ရသည် မဟုတ်ပါလား။

ရေး... ဟူး...

စိတ်လှုပ်ရှားစွာ အော်ဟစ် အောင်ပွဲခံ နေသည့် အဝေးရှိ ပုံရိပ်များကို ကွမ်ယု လှမ်းကြည့် လိုက်၏။ အပျော်နှင့် စိတ်လှုပ်ရှားမှုများက သူ့ထံသို့ပါ ကူးစပ်လာသည်။

သူ့ အကြည့်များက တည်ကြည် ချောမောသည့် ဝေ့ဝူယင်၏ မျက်နှာပေါ်သို့ ပြန်လည် ကျရောက် သွားသည်။ ထိုလူငယ်က သူ့အတွက် ကောက်ရိုးတစ်မျှင် ဖြစ်သလို ဘုရားပေးသည့် လက်တစ်စုံလည်း ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်နှင့်သာ မတွေ့ခဲ့ပါက သေခြင်းတရား ဆိုသည့် ကံကြမ္မာကို မမြင်ပဲ မိုက်ရူးဆန်စွာ လမ်းမှားကို သူ ဆက်လျှောက် နေခဲ့လိမ့်ဦးမည် ဖြစ်သည်။

တစ်ချိန်တည်း၌ မိန်းကလေးမှာလည်း စိတ်လှုပ်ရှား နေခဲ့၏။ ပျော်ရွှင်မှုနှင့် ကြည်နူးမှုတို့က သူမ နှလုံးသား အတွင်း လှိုင်းတံပိုးများလို ရိုက်ခတ်နေသည်။ ဝေ့ဝူယင်မှာ သူမကို စစ်ဝိညာဥ် တစ်သောင်း ပေးခဲ့သည် ဆိုသော်လည်း ထိုအရာက သူမ တစ်ယောက်တည်း အတွက်သာ လွတ်မြောက်ရန် လုံလောက်ပေသည်။ သူမ၏ မိတ်ဆွေ အပေါင်းအသင်း များစွာမှာ ဤနေရာ၌ ရှိနေပေသည်။ သူတို့ပါ လွတ်မြောက်ရခြင်းက တကယ် ဝမ်းသာဖွယ်ရာပင် ဖြစ်သည်။

ကွမ်ယုက တောက်ပသည့် မျက်လုံးများနှင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“ကျုပ်တို့ အဲဒီ လျှို့ဝှက် အာဏာရှင် အဆင့်တွေနဲ့ မိတ်ဆွေ ဖွဲ့ကြရင် ဘယ်လိုလဲ... သူတို့က ကယ်တင်ရှင်ကို စကားပြောဖို့ စိတ်လှုပ်ရှား နေကြမှာ သေချာတယ်... သူတို့ဆီက ကတိတစ်ချို့တောင် ကျုပ်တို့ တောင်းလို့ ရရင် ရမှာ”

“ဟုတ်တယ်... သူတို့ ငြင်းမှာ မဟုတ်ဘူး”

မိန်းကလေးက ကွမ်ယု စကားကို ချက်ချင်းပင် ထောက်ခံလိုက်၏။ ဝေ့ဝူယင်က တစ်ခဏမျှ စဥ်းစားပြီးနောက် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ဘယ်လောက်များလဲ...”

“ဟမ်...”

ကွမ်ယုမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။

“ဒီနေရာမှာ လျှို့ဝှက် အာဏာရှင် အဆင့် ဘယ်လောက်များလဲ မေးတာ”

ဝေ့ဝူယင်က သူ့မေးခွန်းကို ထပ်ဖြည့် လိုက်သည်။

“...”

ကွမ်ယုမှာ တိတ်ဆိတ်သွားကာ မိန်းကလေးကို လှမ်းကြည့်လိုက်၏။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် သူမက ထိုအရာကို ပိုသိပေလိမ့်မည်။

မိန်းကလေးမှာ တစ်ခဏမျှ ငြိမ်သက်နေကာ စိတ်ထဲမှ တွက်ချက်နေဟန် ရသည်။ ထို့နောက် သူမက လျှင်မြန်စွာပင် အဖြေပြန်ပေးလိုက်သည်။

“ကျွန်မပါ အပါအဝင် ဆိုရင် တစ်ရာနှစ်ဆယ့် လေးယောက် ရှိတယ်”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“လူသား မျိုးနွယ် ဘယ်နှစ်ယောက်ပါလဲ...”

“လူသားမျိုးနွယ် ဟုတ်လား...”

ကွမ်ယုက နားမလည်နိုင်သည့် မျက်လုံးများနှင့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။

“ကျုပ်တို့ အားလုံး အတူတူပဲလေ... ဒီနေရာမှာ လူသားမျိုးနွယ်က လွဲလို့ အခြား ဘယ်မျိုးနွယ်မှ မရှိဘူး”

ဤဆက်စပ်မှု စစ်မြေပြင်က လူသားမျိုးနွယ် အတွက်သာ ဖြစ်သည်။ ပြောရလျှင် ပေါ်လာသည့် စစ်ဝိညာဥ်များ ပင်လျှင် လူသားများ ဖြစ်ကြသည်။

ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွား၏။ သို့သော်လည်း ပြန်လည် စဥ်းစားကြည့်လိုက်တော့ ဆက်စပ်မှု စစ်မြေပြင်တွင် သူ တွေ့သမျှ စစ်သည်တော်တိုင်းက လူသားများသာ ဖြစ်သည်။ ထိုအရာက တိုက်ဆိုင်မှု သက်သက် မဟုတ်သည်လား။

“ထားလိုက်ပါလေ...”

ဝေ့ဝူယင် သက်ပြင်း တစ်ချက် ချလိုက်၏။ သူ ထိုင်ကာ အနားယူချင်နေပြီ ဖြစ်သည်။ သို့သော်လည်း အနီးအနား၌ အနားယူရန် သင့်လျော်သည့် နေရာ တစ်ခု မရှိချေ။

ဝေ့ဝူယင်၏ အမူအရာကို ကြည့်ရင်း မိန်းကလေးမှာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။ သူမက တိုက်ရိုက်ပင် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ...”

ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။ ထို့နောက် သူက ပျော်ရွှင်စွာ အောင်ပွဲခံနေသည့် လူများကို တစ်ချက် လှမ်းကြည့် လိုက်၏။

“သူတို့ အောင်ပွဲခံတာ စောလွန်းနေတယ်လို့ တွေးမိလိုက်လို့ပါ... တိုက်ပွဲအတွင်း ဝင်မတိုက်ခိုက်ခဲ့တဲ့ လူတွေက စစ်ကျောက်တိုင်ကို လေ့လာခွင့် ရလိမ့်မယ်လို့ ကျုပ် မထင်ဘူး... ထွက်သွားဖို့ ဆိုတာကတော့ အဝေးကြီးပေါ့လေ”

“...”

ကွမ်ယုနှင့် မိန်းကလေးတို့ နှစ်ယောက်စလုံးမှာ ဆွံ့အသွားကြ၏။ သို့သော်လည်း အချိန်တို အတွင်းမှာပင် ထိုအရာက ဖြစ်နိုင်ချေ ရှိကြောင်း သူတို့ ခံစားလိုက်ရသည်။ လူငယ် စစ်ဝိညာဥ် ၁၀၀၀၀ နှင့် တိုက်ခိုက်နေစဥ် အတွင်း သူတို့ လုပ်ခဲ့သမျှ စိတ်လှုပ်ရှား၊ ထိတ်လန့်မှု၊ မျှော်လင့်ချက်တို့နှင့် အတူ စောင့်ကြည့်နေခဲ့ခြင်းသာ ဖြစ်ပေသည်။

ဝေ့ဝူယင်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့ စိတ်မပူပါနဲ့... ကျုပ် စစ်ဝိညာဥ် ဆယ့်ခြောက်ယောက် ချန်ထားတယ်... ကျုပ် ခန့်မှန်းချက်သာ မမှားရင် စစ်ဝိညာဥ် တစ်ယောက်ကို သတ်တာက စစ်ကျောက်တိုင် လေ့လာခွင့် အတွက် ဝင်ခွင့် တစ်နေရာစာပဲ...”

ထို့နောက် သူက လက်တစ်ဖက်ကို မလိုက်ရာ မြေကြီးထဲမှ သတိလစ် မေ့မြောနေသည့် စစ်ဝိညာဥ် တစ်ယောက် ထွက်ပေါ်လာခဲ့၏။

“ခင်ဗျား သွားလိုက်...”

ဝေ့ဝူယင်က ကွမ်ယုကို ခြေဟန်လက်ဟန် ပြလိုက်သည်။ ကွမ်ယု၏ မျက်လုံးများက တောက်ပသွားကာ အနည်းငယ်ပင် တုန့်နှေးခြင်း မရှိပဲ ပြေးသွားခဲ့သည်။ ထို့နောက် သူက လဲကျနေသည့် စစ်ဝိညာဥ် တစ်ယောက်၏ ခေါင်းကို ကျွမ်းကျင်စွာ ဖြတ်ကာ ဝေ့ဝူယင်ဘက်သို့ လှည့်ကာ မြှောက်ပြလိုက်၏။

စစ်ဝိညာဥ် သေဆုံးသွားသည်နှင့် တစ်ပြိုင်နက်... လက်ဖဝါးမှာ အနည်းငယ် ပူတက်လာကာ “စစ်” သင်္ကေတက တစ်စုံတစ်ရာ ပြောင်းလဲ သွားသလို ကွမ်းယု ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများက ချက်ချင်းပင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် သွား၏။

ထိုအရာက စစ်ကျောက်တိုင် လေ့လာရန် သူ့တွင် အရည်အချင်း ပြည့်မှီသွားပြီဟု ဆိုလိုခြင်း မဟုတ်ပါလော။

***

All Chapters