← Chapters

အိပ်မောကျခြင်း

Vol. 56 Ch. 779

အိပ်မောကျခြင်း

Vol. 56 Ch. 779

ဝေ့ဝူယင်မှာ ကွမ်ယုကို မတွေ့ရသည့်တိုင် “ပျက်သုဥ်းခြင်း” သင်္ကေတက ရုတ်တရက် တုန့်ပြန်လာသည်ကို ခံစားလိုက်ရ၏။ သူက ကွမ်ယုဘက်သို့ လှည့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

မိန်းကလေးမှာ ဝေ့ဝူယင်နှင့် ကွမ်ယုတို့ အကြားမှ အမူအရာချင်း ဖလှယ်မှုကို သတိထားမိလိုက်ရာ အမူအရာ ပြောင်းလဲ သွား၏။

“ဆယ့်ခြောက်... တကယ် ဆယ့်ခြောက်ယောက်ပဲလား...”

“ခု ဆယ့်ငါးယောက်ပဲ ကျန်တယ်”

ဝေ့ဝူယင်က အမှန်ပြင်ပေးလိုက်သည်။ အမှန်တိုင်း ဝန်ခံရပါက သူ ထိုစစ်ဝိညာဥ်များအား အသက်ရှင်လျှက် ချန်ထားခဲ့သည်မှာ ကွမ်ယု အတွက်သာ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် ဘယ်နှစ်ယောက် ရှိသည်ကို သူ မသိသလို သူတို့ထံမှ မျက်နှာကောင်း ယူရန်လည်း ဘယ်တုန်းမှ မတွေးခဲ့ဖူးချေ။ ထိုကဲ့သို့ ပြုလုပ်ရန် လိုအပ်သည်ဟုလည်း သူ မထင်ချေ။

ယခုတစ်ဖန်... လျှို့ဝှက် အာဏာရှင် အဆင့် တစ်ရာကျော် ရှိသည့် အနက် ဆယ့်ငါးနေရာကို ပြန်လည် ရွေးချယ်ပါက ပဋိပက္ခများ ရင်ဆိုင်ရနိုင်ချေလည်း ရှိပေသေးသည်။ ဝေ့ဝူယင် မည်သည့် နောက်ဆက်တွဲ ပြဿနာကိုမှ မလိုလားပါချေ။

သူ စစ်ဝိညာဥ် ဆယ့်ငါးယောက်ကို ကိုယ်တိုင်ပင် အဆုံးသတ်ပေးရန် ပြင်လိုက်၏။ ထိုအခိုက်တွင်ပင် မိန်းကလေး၏ အသံက သူ့ကို ဟန့်တားလိုက်လေသည်။

“အဲဒီ ဆယ့်ငါးယောက်ကို ကျွန်မ အတွက် ထားပေးနိုင်မလား...”

ဝေ့ဝူယင်မှာ တစ်ခဏမျှ တိတ်ဆိတ် သွား၏။ ကွမ်ယုမှာ စစ်ဝိညာဥ်ကို သတ်ဖြတ်ပြီးနောက် ဝေ့ဝူယင် အနားသို့ ပြန်လည် ရောက်ရှိလာသည်။

မိန်းကလေးမှာ ဝေ့ဝူယင်၏ တိတ်ဆိတ်နေမှုကြောင့် အနည်းငယ် သက်တောင့်သက်သာ မရှိသလို ခံစားသွားရပုံ ပေါ်၏။ သူမက ပခုံးတစ်ချက် တွန့်ကာ ပြုံးလိုက်ရင်း...

“ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မက ရှင့်မိန်းကလေးပဲလေ... ဒီတောင်းဆိုမှု သေးသေးလေးကို မလိုက်လျောချင်ဘူးလား... ရပါတယ်"

“ကျုပ်ရဲ့ မိန်းကလေးဟုတ်လား...”

“ဟုတ်တယ်... ရှင့် မိန်းကလေး...”

မိန်းကလေးက မတုန့်မဆိုင်းပင် ဖြေလိုက်၏။ ကွမ်ယု၏ မျက်လုံးများက အနည်းငယ် ပြူးကျယ် သွားသည်။ သူ စကားဝင်ပြောချင်နေသည့်တိုင် မိန်းကလေး၏ စူးစူးရဲရဲ အကြည့်ကြောင့် ပါးစပ်ကို ပြန်ပိတ်လိုက်ရ၏။

ဝေ့ဝူယင် ငြိမ်သက်နေသည်ကို စိတ်မရှည်ဟန်နှင့် မိန်းကလေးက ဆက်၍ ပြောလိုက်၏။

“ကျွန်မ ဆုံးဖြတ်ပြီးပြီ... ခုအချိန်က စပြီး ကျွန်မက ရှင့်အပိုင်ပဲ... လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်ပြီးတာနဲ့ ကျွန်မကို လာရှာလှည့်ပါ... တကယ်လို့ သေရမယ် ဆိုရင်တောင် အခြား ယောက်ျား တစ်ယောက်ကို ကျွန်မ လှည့်ကြည့်မှာ မဟုတ်ဘူး... ရှင် ယုံကြည်အောင် ကောင်းကင်ကျိန်စာ ဆိုလို့ ရတယ်”

ဝေ့ဝူယင်က စဥ်းစားဟန်နှင့် မေးစေ့ကို ပွတ်သပ်လိုက်၏။ ထို့နောက် သူက အနည်းငယ် ပြုံးကာ မေးလိုက်သည်။

“တကယ်လို့ ကျုပ်က ခင်ဗျားကို တရားဝင် လက်မထပ်ချင်ဘူး ဆိုရင်ရော...”

“ရှင် ကျွန်မကို လက်ခံမယ် ဆိုရင် လက်မထပ်လည်း ရတယ်... ကိုယ်လုပ်တော် အနေနဲ့ နေပေးမယ်... ဒါမှမဟုတ်လည်း အစေခံ ဖြစ်ဖြစ်ပေါ့လေ... တကယ်လို့ ရှင် ကြိုက်သလို သုံးပြီး ကျွန်မကို စွန့်ပစ်မယ် ဆိုရင်တောင် ရတယ်”

မိန်းကလေး၏ လေသံကတော့ မယုံကြည်နိုင်လောက်အောင် တည်ငြိမ်လွန်းလှရာ ဝေ့ဝူယင် ပင်လျှင် အနည်းငယ် ဆွံ့အ သွားခဲ့၏။ သို့သော်လည်း... စကားလုံး ကန့်လန့်ကာများ၏ နောက်ကွယ်ရှိ အလွှာများကို မတွေ့မမြင်နိုင်သည် အထိ သူ မတုံးအ သေးပါချေ။

အထူးသဖြင့်... “လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းပြီး တာနဲ့ ကျွန်မကို လာရှာလှည့်ပါ” ဆိုသည့် သူမ၏ စကားက အဓိပ္ပာယ် များစွာ ပါဝင်နေသလို စည်းများစွာလည်း ခြားထားပေသေးသည်။ သေချာတာ တစ်ခုက... ထိုမိန်းကလေး၏ နောက်ခံမှာ မရိုးရှင်း လောက်ချေ။

ဝေ့ဝူယင် တည်ငြိမ်စွာပင် ကွမ်ယုကို လှည့်ကြည့်လိုက်၏။

“သူက လှလား...”

ကွမ်ယုမှာ ထိတ်လန့် သွား၏။ သို့သော်လည်း သူက အနည်းငယ်ပင် တုန့်ဆိုင်းရဲခြင်း မရှိပဲ ခေါင်းတဆတ်ဆတ် ညိတ်လိုက်လေသည်။

“ဒါပေါ့... ဒါပေါ့... အရမ်းကို လှတယ်”

“ဒါဆိုလည်း ကောင်းပြီလေ...”

ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်ကာ လက်ခံလိုက်၏။ မိန်းကလေးဘက်က အဘယ်ကြောင့် ထိုမျှ ဆန္ဒရှိ နေရသည်ကိုတော့ သူ မမေးတော့ချေ။

သို့သော်လည်း...သူ့၌ ကိုယ်ပိုင် အတွေးများ ရှိပေသည်။ အကယ်၍ အခက်အခဲများ ရင်ဆိုင်လာရလျှင်လည်း ဖြေရှင်းလိုက်ရုံသာ ရှိပေသည်။

“အစေခံ...”

ထိုစကားလုံးကို သူ သဘောကျမိ၏။ သူမက တကယ်ပဲ သူ့ အစေခံ လုပ်မည်လော။ ငယ်ရွယ်စဥ် အခါက “မေ့ယန်” ဆိုသည့် မိန်းကလေးကိုပင် ဝေ့ဝူယင် ပြန်လည် သတိရလိုက်မိသည်။ နောက်ထပ် အစေခံ တစ်ယောက်ကို ထပ်မံ ပိုင်ဆိုင်ရခြင်းက မဆိုးလှချေ။ အထူးသဖြင့် သူမက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်နေလေရာ ပိုမို စိတ်လှုပ်ရှား စရာ ကောင်းလှသည်။

ဝေ့ဝူယင် စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် လေတိုးသံ တစ်ခု ကြားလိုက်ရကာ... သူ့နှုတ်ခမ်းဆီသို့ ဖိကပ်လာသည့် နူးညံ့ ချိုမြိန်သော အရသာကို ခံစားလိုက်ရတော့၏။

...

ဝေ့ဝူယင် လက်ကျန် စစ်ဝိညာဥ် ဆယ့်ငါးခု၏ တည်နေရာကို မိန်းကလေးအား ပြောပြလိုက်၏။ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် ၎င်းတို့အား တူးဖော်ရန် သိပ်အားစိုက်ထုတ်ရလိမ့်မည် မဟုတ်ပါချေ။

ကွမ်ယုတစ်ယောက်က အလွန်အမင်း ပျော်ရွှင် တက်ကြွနေသည်။ သူ့အတွက် အရာရာက ချိုမြိန်လွန်းလှ၏။ ဆက်စပ်မှု စစ်မြေပြင်မှ အသက်ရှင်လျှက် ထွက်နိုင်ရုံသာ မက စစ်ကျောက်တိုင်ကိုပါ လေ့လာခွင့် ရရှိဦးမည် ဖြစ်သည်။ ဝေ့ဝူယင်နှင့် အတူ နေထိုင်ခြင်းက မခန့်မှန်းနိုင်သည့် အကျိုးအမြတ်များအား ရရှိလိမ့်မည် ဟု သူ ခန့်မှန်းထားခဲ့သည်က နည်းနည်းလေးမှ မလွဲခဲ့ချေ။ ပြောရလျှင်... မျှော်လင့်ထားသည်ထက်ပင် အဆပေါင်း များစွာ ကျော်လွန်နေပေသည်။

ကွမ်ယုက လျှို့ဝှက် ဆန်းကြယ်သည့် မိန်းကလေးကို တစ်ချက် လှမ်းကြည့်လိုက်၏။

“ခင်ဗျား လေသံ ပြောင်းသွားတာ ကျုပ် မသိဘူး မှတ်နေလား...”

သူ စိတ်ထဲမှ ကြိတ်၍ နှာခေါင်း တစ်ချက် ရှုံ့လိုက်သည်။ အခြားတစ်ဖက်၌ ဝေ့ဝူယင်ကတော့ မြေပြင်ပေါ် ကျောခင်းကာ တုံးလုံးပက်လက် လှဲနေခဲ့သည်။ သူက ကောင်းကင်ကို မျက်နှာမူထား၏။ ထိုအခိုက်၌ သူ ခံစား နေရသည့် ပင်ပန်း နွမ်းနယ်မှု လှိုင်းများက မခန့်မှန်း နိုင်အောင် ပြင်းထန် လွန်းလှပေသည်။ ဖြစ်နိုင်လျှင် သူ လုပ်စရာ ရှိတာ အားလုံးကို လွှတ်ချကာ နှစ်နှစ်ခြိုက်ခြိုက်ကြီး သုံးရက်လောက် အိပ်ပစ်လိုက်ချင်သည်။

ကွမ်ယုက ဝေ့ဝူယင် နံဘေးသို့ ကပ်ကာ ထိုင်လိုက်၏။ သူ၏ ပုံစံက တစ်စုံတစ်ရာကို ပြောရန် ချီတုံချတုံ ဖြစ်နေသည့်ဟန် ရသည်။ ဝေ့ဝူယင်က ထိုအရာကို သတိထားမိရာ အနည်းငယ် ပြုံးလိုက်၏။

“ခင်ဗျား ကျွန်တော့်ကို တစ်ခုခု ပြောစရာ ရှိလို့လား...”

ကွမ်ယု၏ မျက်လုံးများက တောက်ပသွားကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထိုနောက် သူက ကိုယ်ကို အနည်းငယ် ယို့လိုက်ကာ မိန်းကလေးကို တစ်ချက် လှမ်းကြည့်လိုက်၏။ လက်ရှိ သူမ၏ တည်နေရာက အတော်လေး ဝေးကွာတာ သတိထားမိသော အခါတွင်မှ သူက ခပ်တိုးတိုး ပြောလိုက်သည်။

“အရင်တုန်းကတေ့ ခင်ဗျား သေမျိုး တစ်ယောက် ဆိုတာ သိတာတောင် အဲဒီ မိန်းမက သူ့ကိုယ်သူ အတင်းထိုးပေးချင်နေတာ... အခုကျ လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်မှ လာရှာတဲ့... နည်းနည်း ထူးဆန်းနေတယ် လို့ ခင်ဗျား မထင်မိဘူးလား”

ဝေ့ဝူယင်က အသက်ကို ခပ်ဖြည်းဖြည်း ရှူသွင်းကာ ပြန်လည် ရှူထုတ် လိုက်သည်။ ထို့နောက် သူက လှဲနေရင်းကပင် ကွမ်ယုဘက်ကို မျက်နှာမူလိုက်၏။

“ခင်ဗျား ပြောချင်တာ အဲဒါလား... အခြား တစ်ခုခု ရှိဦးမယ် ကျုပ်ထင်နေတာ”

မိန်းကလေး၏ လေသံ အပြောင်းအလဲကို သူ မည်ကဲ့သို့ သတိမထားမိပဲ နေပါမည်နည်း။ သို့သော်လည်း ဝေ့ဝူယင် အပြစ်မတင်ပါချေ။ စောစောပိုင်းက သူ့ထံ အပျိုစင် ဘဝကို ကမ်းလှမ်းခဲ့ခြင်းမှာ ဆက်လက် ရှင်သန်ရန် မျှော်လင့်ချက် မရှိတော့ခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ အရာရာက ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

ကွမ်ယုက မိန်းကလေးကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်၏။ သူမက အခြား လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နှင့် စကား လက်ဆုံ ကျနေပုံ ရသည်။ ကွမ်ယု အံကို တင်းတင်း ကြိတ်လိုက်၏။

“ကျုပ်...”

“ခဏ...”

ဝေ့ဝူယင်က ဟန့်တားလိုက်သည်။

“ကျုပ် ဂရုမစိုက်ဘူး...”

ထို့နောက် သူက မျက်နှာကို ကောင်းကင်ထံ ပြန်မူလိုက်၏။ ဝေ့ဝူယင်၏ တုန့်ပြန်မှုကြောင့် ကွမ်ယုမှာ အံ့အားသင့် သွားခဲ့သည်။

“ခင်ဗျား တကယ် မသိချင်ဘူးလား...”

“သိဖို့...”

ဝေ့ဝူယင်က ပြုံးလိုက်သည်။

“သူက ခင်ဗျား သိထားတဲ့ တစ်ယောက် ဖြစ်ချင် ဖြစ်မယ်... ကြောက်ရတဲ့ ဒါမှမဟုတ် လေးစားရတဲ့ တစ်ယောက်ယောက် ဖြစ်ချင် ဖြစ်မယ်... သူ့ အဆင့်အတန်းက စစ်မြေပြင် ပြင်ပမှာ မသေးငယ်တာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်... ကျုပ် ဘာကိုမှ မသိချင်ဘူး... ဘာလို့လဲ ဆိုတော့ ကျုပ် အဲဒါကို ဂရုမစိုက်လို့ပဲ”

ထိုကဲ့သို့ ပြောပြီးနောက် ဝေ့ဝူယင်က ခြောက်သွေ့နေသည့် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် အတွက်သာ အပြည့်အဝ အာရုံစိုက် လိုက်တော့၏။

“...”

ကွမ်ယုမှာ ပြောစရာ စကားမဲ့ သွားသည်။

...

အချိန် တစ်နာရီ ကြာမြင့်ပြီးနောက်... ညှိနှိုင်းမှုများ ပြီးဆုံးသွားကာ စစ်ဝိညာဥ် ဆယ့်ငါးယောက် လုံးမှာ အဆုံးသတ်ကို ရောက်ရှိ သွားခဲ့ရပြီ ဖြစ်သည်။ မိန်းကလေး အပါအဝင် တပ်ရင်း ကွန်မန်ဒါ ဆယ့်ငါးယောက်မှာ ဆက်စပ်မှု စစ်ပွဲတွင် ပါဝင်ခဲ့သည့် အသိအမှတ် ပြုမှုကို ရရှိခဲ့ပြီး ဖြစ်၏။

ကွန်မန်ဒါ ဆယ့်လေးယောက်ထဲ၌ အသက်အရွယ် အလွန်အမင်း ကြီးရင့်နေသည့် လူအိုကြီးလည်း အပါအဝင်ပင် ဖြစ်သည်။ ကွမ်ယုမှာ ထိုပုံရိပ်ကို ကြည့်ရင်း အရိုးများထဲထိ စိမ့်ဝင်လာသည့် အအေးဓာတ်ကို ခံစားလိုက်ရ၏။

မိန်းကလေး၏ မျက်လုံးများက ကွမ်ယုကို လှမ်းကြည့်ရင်း စူးရှစွာ တောက်ပသွားသည်။ သကောင့်သားက သူမ၏ ဇစ်မြစ်ကို ဝေ့ဝူယင်ထံ အသိပေးဖို့ ကြိုးစားခဲ့တာ ရှင်းလင်းပေသည်။ အဆုံးသတ်တွင်တော့ မိန်းကလေးက သက်ပြင်းတစ်ချက်သာ ချလိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ် သူက ဝေ့ဝူယင်၏ နောက်လိုက်နောက်ပါ တစ်ယောက် ဖြစ်နေချေသည်။ သူ့ကို ထိရန်က ခက်ခဲလွန်းလှသည်။

ဖုန်အလိမ်းလိမ်း ကြားတွင် ခြေပစ်လက်ပစ် လှဲနေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း မိန်းကလေးမှာ သဘောကျ သွားခဲ့၏။ ပုံမှန်ဆိုလျှင်... ထိပ်တန်း ကျင့်ကြံသူများနှင့် ပါရမီရှင်များမှာ သူတို့ ပုံရိပ် ထိခိုက်မှာ စိုးသည့် အတွက် အားနည်းသည့် ပုံစံမျိုးကို ထုတ်ပြရန် ငြင်းဆန်လေ့ ရှိကြည်။ သို့သော်လည်း ထိုလူငယ်ကတော့ ဆန့်ကျင်ဘက်ပင်။ သူ့ကို ခန့်မှန်းရသည်က တကယ်ပင် ခက်ခဲလွန်းလှသည်။

“ကျွန်မတို့ ပြီးသွားပါပြီ...”

သူမက လေးလေးစားစားပင် ပြောလိုက်၏။ ဝေ့ဝူယင်က တဝါးဝါး သမ်းဝေလိုက်ရင်း အိပ်ချင် မူးတူး လေသံဖြင့် ပြန်လည် အဖြေပေးလိုက်လေ၏။

“နောက်ထပ် ငါးမိနစ်လောက် စောင့်ဦး...”

ပြီးသည်နှင့် သူ၏ အမူအရာက နောက်တစ်ဖန် ငြိမ်သက်သွားကာ ပြန်လည် အိပ်မောကျသွားလေတော့သည်။

***

All Chapters