စစ်ကျောက်တိုင်
Vol. 56 Ch. 781
“ဒါနဲ့... ရှင်က တကယ် မျက်စိကွယ်နေတာလား...”
နူးညံ့ညင်သာသည့် မိန်းကလေးသံ တစ်ခု ထွက်ပေါ်လာ၏။ သူမက လျှို့ဝှက် အာဏာရှင် အဆင့် ဆယ့်လေးယောက် အနက်မှ လှပသော မိန်းမငယ်လေးပင်။
ဝေ့ဝူယင်က ဖြူရော်စွာသာ ပြုံးလိုက်သည်။ သူက ပြန်မဖြေချေ။ လက်ရှိ၌ သူက မျက်လုံး မကန်းသေးချေ။ သို့သော်လည်း... မျက်လုံးများကို ဖွင့်လိုက်ပါက ဝိညာဥ်အလင်းများက မိုးလုံးပြည့်လျှံ ထွက်ပေါ်လာမည် ဖြစ်ကာ သူ့ အမြင်အာရုံ တစ်ခုလုံးကို ယူဆောင် သွားနိုင်သည်။ အကျိုးဆက် အနေဖြင့် သူ အပြီးတိုင်ပင် မျက်စိကွယ် သွားနိုင်သည်။
“အပျော်တမ်း မျက်စိကွယ်တယ်လို့ ခင်ဗျား ကြားဖူးလို့လား... တကယ့် ဂေါက်ကြောင်ပဲ...”
ကွမ်ယုမှာ သူ့နာကျင်မှုများကို မိန်းကလေး အပေါ် ပုံချရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း... ကံဆိုးစွာပင် သူ့ ပစ်မှတ် ရွေးချယ်မှုက တွင်တွင်ကြီး လွဲမှား ခဲ့ပေသည်။
ဘုန်း...
“အား...”
ရိုက်နှက်သံ အချို့နှင့် အတူ အော်ဟစ်သံတို့ကို ဝေ့ဝူယင် ဆက်တိုက် ကြားလိုက်ရ၏။ ကွမ်ယု၏ ခန္ဓာကိုယ်က နောက်သို့ လွင့်စဥ်သွားကာ မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွားသည်။ ပြင်းထန်သည့် ရိုက်နှက်မှုကြောင့် နှာခေါင်း၊ ပါးစပ် စသည့် ဒွါရပေါက်များမှ နေ၍ သွေးများ စီးကျလာခဲ့၏။ သို့တိုင်အောင် ရိုက်နှက်သံများက ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက် ထွက်ပေါ်လာခဲ့လေသည်။
ဝေ့ဝူယင်၏ မျက်မှောင်က နက်ရှိုင်းစွာပင် ကြုတ်သွား၏။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မမြင်ရသည့်တိုင် ဖြစ်သွားသည့် အရာကတော့ ရှင်းလင်းလှသည်။
ဝှစ်...
ဝေ့ဝူယင် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ဆေဘာမှာ သူ့လက်ထဲ၌ ပေါ်လာခဲ့၏။
“ရပ်စမ်း...”
ဝေ့ဝူယင်က ခက်ထန်သော လေသံဖြင့် အမိန့်ပေးလိုက်၏။
“တိုက်ခိုက်လူ ရှေ့ကို ထွက်ခဲ့”
လေထုက ပိုမို၍ ကြွပ်ဆတ်လာကာ ဆေဘာ ဟိန်းဟောက်သံ အချို့က ထင်ရှားလာသည်။
“...”
ရုတ်ချည်းပင် တစ်လောကလုံး တိတ်ဆိတ်သွား၏။ လျှို့ဝှက် ဆန်းကြသည့် မိန်းကလေးမှာ ဝေ့ဝူယင်၏ ခက်ထန်သည့် အမူအရာကို ကြည့်ကာ... မိန်းမငယ်လေး၏ လုပ်ရပ်က အနည်းငယ် လွန်သွားကြောင်း သိရှိလိုက်သည်။
“လက်လား အသက်လား... မင်း ရွေးနိုင်တယ်”
ဝေ့ဝူယင်က အေးစက်သည့် လေသံဖြင့် ပြောလိုက်၏။ သူမထံ၌ အခြား အခွင့်အရေး တစ်ခု မရှိတော့သည့် ပုံပင်။
"..."
အကယ်၍ အခြား အခြေအနေ တစ်ရပ်တွင် သေမျိုး တစ်ယောက်ထံမှ ထိုကဲ့သို့ စကားမျိုး ကြားရပါက လျှို့ဝှက် အာဏာရှင် အဆင့် အားလုံး အော်ဟစ် ရယ်မောမိကြလိမ့်မည် ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင်မှာ စစ်တပ်ကြီး တစ်ခုလုံးနှင့် မြေကြီးရှန့်ထို တစ်ယောက်ကိုပင် အနိုင်ယူ ထားနိုင်ခဲ့သည့် လူဖြစ်သည်။ ကြောက်ရွံ့ ထိတ်လန့်စွာ ငြိမ်သက်နေရုံမှ တစ်ပါး သူတို့ အခြား ဘယ်အရာကိုမှ မတတ်နိုင်ခဲ့ပါချေ။
“သူ... သူက...”
လျှို့ဝှက် ဆန်းကြယ်သည့် မိန်းကလေးက ကြားဝင် ဖျန်ဖြေပေးဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း သူမ၏ စကား မဆုံးခင်မှာပင် ဝေ့ဝူယင်၏ အေးစက်စက် အသံက ကြားဖြတ် ဟန့်တားလိုက်သည်။
“မရွေးဘူး ဆိုရင် ငါ့ကို အဆိုးမဆိုနဲ့”
လူတိုင်းမှာ ကျောရိုးများပင် စိမ့်တက်သွားသည် အထိ ခံစားလိုက်ရ၏။ မိန်းမငယ်လေး၏ အကြောင်းပြချက်ကို သူ ဂရုမစိုက်သလို ကွမ်ယု ထိုက်တန်၊ မတန်လည်း သူ ဂရုမစိုက်ချေ။ မည်သည့် ဖြေရှင်းချက်ကိုမျ သူ မကြားချင်ပေ။ သို့ပေမဲ့ ကွမ်ယုသာ သူမ ကိုယ်စား ဝင်ရောက် စကားပြောပေးလျှင်တော့ သူ့တွင် အစီအစဥ် တစ်ချို့ ရှိပေသည်။
“...”
အားလုံးမှာ တိတ်ဆိတ်နေ၏။
"ကျွန်မပါ...”
စက္ကန့်အနည်းငယ် ကြာပြီးနောက် မိန်းမငယ်လေးက ရှေ့သို့ ထွက်လာသည်။ ဝေ့ဝူယင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ မတုန့်မဆိုင်းပင် သူ့လက်ထဲမှ ဆေဘာက မတုန့်မဆိုင်းပင် လှုပ်ရှားသွားကာ မိန်းကလေး၏ လည်ပင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည် သွားသည်။ အာမေဍိတ်သံ တစ်ချို့ ထွက်ပေါ်လာ၏။
“ခဏ...”
ဝေ့ဝူယင်၏ ဆေဘာ မိန်းကလေး လည်ပင်းပေါ်သို့ ကျရောက်လု ဆဲဆဲမှာပင် အသံ တစ်ခု ထွက်ပေါ်လာသည်။ ကွမ်ယုမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။
ဝှစ်...
ဝေ့ဝူယင်၏ ဆေဘာက မိန်းကလေးနှင့် တစ်ပေခန့် အကွာတွင် ရပ်တန့်သွား၏။ ဝေ့ဝူယင် စိတ်ထဲမှ ကျေနပ်စွာ ပြုံးလိုက်မိသည်။ ထိုအရာက သူ ရေးထားသည့် ဇာတ်ညွှန်းပင် မဟုတ်ပါလား။
ကွမ်ယုမှာ ခပ်မြန်မြန်ပင် မိန်းမငယ်လေးနှင့် ဝေ့ဝူယင် အကြားသို့ ရောက်ရှိလာ၏။ မိန်းမငယ်လေးမှာ နဖူးမှ ချွေးများ စီကျလာခဲ့၏။ လူငယ်က သူမကို ရွေးချယ်ခွင့် ပေးမည်ဟု ပြောခဲ့သော်လည်း လက်တွေ့တွင်တော့ တိုက်ရိုက်ပင် သတ်ဖြတ်ရန် ဦးတည် ခဲ့သည်။
လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် ကိုယ့်ကိုယ်ကို အပြည့်အဝ ယုံကြည်ချက် ရှိသော်လည်း... စစ်ဝိညာဥ် တစ်သောင်းကို သတ်ဖြတ်ခဲ့သူ ဆိုသည့် အသိကြီးက မိန်းကလေး၏ စိတ်ကို ရိုက်ချိုးထား၏။ လူငယ်မှာ စစ်မြေပြင် တစ်ခုလုံးကို အစိုးရသူ ဖြစ်သည်။ ဆေဘာ ရှေ့သို့ ဆက်တိုးလာပါက သူမ ခုခံဖို့ ကျိန်းသေ ကြိုးစားလိမ့်မည် ဖြစ်သည့်တိုင် ဆက်လက် ရှင်သန်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပါချေ။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ မြေကြီးရှန့်ထို အဆင့် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်ခဲ့သူ မဟုတ်ပါလား။ သူမလို သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်က မည်ကဲ့သို့ ယှဥ်နိုင်ပါမည်နည်း။
“သူ့ကို မသတ်ပါနဲ့...”
ကွမ်ယုက မျက်နှာကို ရှုံ့ရှုံ့မဲ့မဲ့ ပြန်ကိုင်ရင်း ဝေ့ဝူယင်ကို တောင်းပန်လိုက်၏။ ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်သည်။ သို့သော်လည်း သူက ဆေဘာကို ပြန်လည် သိမ်းဆည်းလိုက်၏။
“ကောင်းပြီလေ... ထားလိုက်တော့”
အဘယ်ကြောင့် ကွမ်ယုက မိန်းမငယ်လေး၏ အသက်အား ချမ်းသာပေးဖို့ တောင်းဆိုရသည်ကို ဝေ့ဝူယင် မမေးချေ။ ထိုအရာက သူ့အတွက် အရေးမကြီးပါချေ။
သို့သော်လည်း... ထိုအခိုက်၌ ဝေ့ဝူယင် မသိခဲ့တာ တစ်ခုက သူ၏ ပေါ့ပေါ့ပါးပါး ထိုလုပ်ရပ်မှာ ကွမ်ယုနှင့် မိန်းမငယ်လေးတို့ အကြား ကမ္မ ရေစက်ကြိုးကို ချည်နှောင် ပေးခဲ့ကာ မျှော်လင့်မထားသည့် အံ့အားသင့်ဖွယ် ဖြစ်ရပ်များဆီသို့ ဦးတည်သွားစေခဲ့ခြင်းပင်။
“ကျောက်တိုင်က ဘယ်မှာလဲ...”
ဝေ့ဝူယင်က ကွမ်ယုကို မေးလိုက်၏။
“ရှင့်ရှေ့မှာတင် ရှိပါတယ်...”
လျှို့ဝှက် ဆန်းကြယ်သည့် မိန်းကလေးက အဖြေပေးလိုက်၏။ သူမ၏ အသံက စိတ်လှုပ်ရှားမှု၊ စိတ်သက်သာရာ ရသွားမှုတို့နှင့် ပြည့်နှက်နေသည်။
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ကာ ရှေ့သို့ လျှောက်သွားလိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို မြှောက်ကာ ကြေညာလိုက်လေသည်။
“ကျုပ် ဆက်စပ်မှုကို အနိုင်ရတယ်”
ချွင်... ချွင်... ချွင်...
ဝေ့ဝူယင် ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် စစ်ကျောက်တိုင်မှာ ထူးဆန်းသော ကောင်းကင်တေးသံများကို ထုတ်လွှတ် လာခဲ့၏။ မြေပြင်ပေါ်၌ အိပ်စက် နေကြသူများမှာ ကျယ်လောင်သည့် အသံကြောင့် နိုးလာကြ၏။ ထို့နောက် စစ်ကျောက်တိုင်ကို ကြည့်ရင်း သူတို့၏ မျက်လုံးများက တဖြည်းဖြည်း ပြူးကျယ် လာခဲ့လေသည်။
ဘုန်း... ဘုန်း... ဘုန်း...
ကောင်းကင် အလင်းတန်းများမှာ ဝေ့ဝူယင်နှင့် ကွမ်ယုတို့ အပါအဝင် စစ်ပွဲအတွင်း ပါဝင်ခဲ့သူ တစ်ဆယ့် ခုနစ်ယောက်၏ အပေါ်သို့ ပြုတ်ကျလာခဲ့၏။ စစ်ကျောက်တိုင်ထက်ရှိ ငွေရောင် သင်္ကေတများက စတင် လင်းလက် လာကာ အသက်ဝင် လှုပ်ရှား လာခဲ့သည်။
“မဟုတ်သေးဘူး...”
လျှို့ဝှက် အာဏာရှင် အဆင့် လူလတ်ပိုင်း တစ်ယောက်မှာ သူ အပါအဝင် ကျင့်ကြံသူ အများစု အပေါ်သို့ အလားတူ အလင်းတန်းများ ကျဆင်း မလာသည်ကို သတိထားမိလိုက်ရာ မျက်လုံးများ ကျဥ်းမြောင်းသွား၏။ သူက သွေးရူးသွေးတန်းပင် ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် စတင် လှုပ်ရှားသည်။
သည်အန္တရာယ်ဇုန်ထဲ၌ သူ ပိတ်မိ နေခဲ့သည်မှာ နှစ်ပေါင်း သုံးထောင် နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုအရာက သူ့အတွက် လွတ်မြောက်ရန် အခွင့်အရေး ဖြစ်သည်။ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပေသည်။
အဘယ်ကြောင့် ထိုဆယ့်သုံးယောက်သာနည်း။ လူလတ်ပိုင်းက ကြမ်းတမ်း ခက်ထန်စွာ ဟိန်းဟောက်ရင်း အလင်းတန်းများ အနားသို့ ချဥ်းကပ်သွား၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် အနေဖြင့် သူ့အတွက် အလင်းတန်းများ အနား ရောက်ရှိရန် မျက်တောင် တစ်ခပ်စာမျှသာ ကြာမြင့် ခဲ့ပေသည်။
လူလတ်ပိုင်းမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကာ အလင်းတန်း အတွင်း လှမ်းဝင် လိုက်သည်။ ဤသည်က လွတ်မြောက်ရန် အခွင့်အရေး ဆိုလျှင် သူလည်း ပိုင်ဆိုင်သင့်ပေသည်။
သို့သော်လည်း အလင်းတန်း အတွင်း ရောက်ရှိ သွားသည်နှင့်...
ဘုန်း...
သူ့ ခန္ဓာကိုယ်က သွေးမြူများ အဖြစ် ပေါက်ကွဲ သွားတော့၏။ အသွေးအသားများသာ မက အရိုးနှင့် ဦးခေါင်းခွံ ကဲ့သို့ မာကြောသော အစိတ်အပိုင်းများ ပင်လျှင် အစိတ်စိတ် မွကြေသွားသည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူကား သေဆုံးသွားခဲ့ချေပြီ ဖြစ်သည်။
အလားတူ ကြံစည်နေသည့် လူများ၏ ခြေလှမ်းများမှာ ချက်ချင်းပင် ရပ်တန့် သွားခဲ့တော့၏။
***