စစ်ကျောက်တိုင် (၂)
Vol. 56 Ch. 782
ဆက်စပ်မှု စစ်မြေပြင် အတွင်းရှိ လေထု အခြေအနေကား ချက်ချင်းပင် ဆန့်ကျင်ဘက်သို့ သွားခဲ့ပြီ ဖြစ်လေသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းလောက် အချိန် အထိ သူတို့ အားလုံးမှာ စစ်ကျောက်တိုင် လေ့လာခွင့် အတွက် ပျော်ရွှင် နေခဲ့ကြသည်။ လျှို့ဝှက် အာဏာရှင် အဆင့်များကတော့ ရိုးရိုးရှင်းရှင်းပင် စစ်မြေပြင်မှ ထွက်ခွာကာ မိသားစုနှင့် အိမ်ဆီ ပြန်လိုကြခြင်းသာ ဖြစ်သည်။ သူတို့မှာ နှလုံးသားနှင့် မျှော်လင့်ချက်များ ကွဲကြေသွားသလို ခံစားနေကြရ၏။
ထိုအရာက အဘယ်နည်း။ အဘယ်ကြောင့် ထိုကဲ့သို့ ဖြစ်ရသနည်း။ သူတို့ထံ ရောက်ရှိလာမည့် အလင်းတန်းများက အနည်းငယ် နှောင့်နှေးနေခြင်း ဖြစ်နိုင်သည်။ သူတို့ အတွက် အခွင့်အရေး တစ်စုံတစ်ရာ ရှိနေဆဲ ဖြစ်နိုင်ပေသည်။
မျှော်လင့်ချက် ခပ်ရေးရေးနှင့် အတူ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ စစ်ကျောက်တိုင်ကို စောင့်ကြည့် နေကြ၏။
ဝမ်... ဝမ်....
များမကြာခင်မှာပင် ကျောက်တိုင်ကြီးမှာ ထူးဆန်းသော အသံများကို ထုတ်လွှတ်ကာ မြေကြီးမှ တဖြည်းဖြည်း ကြွတက် လာ၏။ ၎င်းနှင့် တစ်စုံတစ်ရာ ချိတ်ဆက်နေဟန် ရသည့် ပုံရိပ် ဆယ့်ခုနစ်ခုမှာလည်း အလားတူပင် လေထဲသို့ မြင့်တက် လာကြသည်။ စစ်ကျောက်တိုင် အောက်ရှိ မြေကြီးကတော့ ဟောင်းလောင်းပေါက်ကြီး တစ်ခု ဖြစ်ကာ ကျန်ရစ်ခဲ့၏။
အားလုံး၏ အကြည့်များ အောက်တွင်ပင် ... ကျောက်တိုင်နှင့် လူများမှာ ကောင်းကင်သို့ ရောက်သည် အထိ ဆက်လက် ပျံသန်းသွားကြကာ အဖြူရောင် နယ်နိမိတ်များကိုပင် ကျော်လွန်၍ ပျောက်ကွယ် သွားကြတော့သည်။
အားလုံး၏ မျက်ဝန်းထဲမှ မျှော်လင့်ချက် ရောင်ခြည်များမှာ ညနေဆည်းဆာကို ရောက်ရှိသည့် အလား တဖြည်းဖြည်း မှေးမှိန်သွားခဲ့၏။ လူအချို့ကတော့ စိတ်ဓာတ်လုံးလုံးကျကာ မြေပြင်ပေါ် ခြေပစ်လက်ပစ်ပင် ပြုတ်ကျ သွားကြသည်။ အရာအားလုံး ပြီးဆုံး သွားခဲ့လေပြီ။ သူတို့ အတွက် မျှော်လင့်စရာ မရှိတော့ချေ။
ဝမ်... ဝမ်...
မကြာခင်မှာပင် ရင်းနှီးပြီးသား ဖြစ်သည့် အသံတစ်ခုကို သူတို့ ကြားလိုက်ကြရလေ၏။ မြေကြီးထဲမှ နေ၍ အခြား ကျောက်တိုင် တစ်ခု ထိုးထွက်လာကာ ပထမ တစ်ခု နေရာတွင် အစားထိုး သွားသည်။ ၎င်း၏ မျက်နှာပြင်ထက်ရှိ ငွေရောင် သင်္ကေတများက ပထမ တစ်ခုနှင့် မတူညီသည့်တိုင် အလားတူပင် စာလုံးများကိုတော့ မည်သူမှ အဓိပ္ပာယ် မဖော်နိုင်ကြချေ။
ကွန်မန်ဒါများမှာ စစ်မြေပြင်သို့ ဝင်ခါစ အခြေအနေတုန်းကလိုပင်... ဆက်စပ်မှု၏ စည်းမျဥ်းများ အကြောင်း ကြေညာသံကို ကြားလိုက်ကြရသည်။ စစ်ဝိညာဥ်က သူတို့ အနေဖြင့် စစ်ကျောက်တိုင်ကို စိန်ခေါ်ကာ စစ်ဝိညာဥ် တစ်သောင်းကို ရင်ဆိုင်နိုင်ကြောင်း၊ အနိုင်ရရှိပါက စစ်ကျောက်တိုင်ကို လေ့လာခွင့် ရရှိမည် ဖြစ်ကြောင်းကိုပင် နောက်တစ်ကြိမ် ပြောဆိုသွားခဲ့သည်။
များစွာသော ကွန်မန်ဒါနှင့် စစ်သည်များမှာ ပယ်ပယ်နယ်နယ် လှည့်စား ခံလိုက်ရသလိုမျိုး ခံစားလိုက်ကြရ၏။ ၎င်းက မျှော်လင့်ချက် ပေးပြီးမှ ရိုက်ချိုးသွားခြင်းမျိုး ဖြစ်သည်။
သို့သော်လည်း အခြားတစ်ဖက်၌... စိတ်ဓာတ် အနည်းငယ် တည်ငြိမ်သူများကတော့ ထိုအရာက အဓိပ္ပာယ် ရှိကြောင်း သိရှိကြပေသည်။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်နှင့် စစ်ဝိညာဥ် တစ်သောင်း၏ တိုက်ပွဲတွင် သူတို့၏ ပါဝင်ပတ်သက်ခဲ့မှုက သုညသာ ရှိခဲ့ကြသည် မဟုတ်ပါလား။ သူတို့ အနေဖြင့် တိုက်ပွဲတွင် လူငယ်လေး ဘက်မှ ပါဝင် ကူညီကာ တိုက်ခိုက်ခဲ့သင့်သည်။ သို့သော်လည်း... ယခုတွင်တော့ အချိန်လွန်သွားခဲ့ပြီ ဖြစ်သည်။
စစ်ပွဲ၏ စစ်သည်များမှာ လေးပင်သော ခြေလှမ်းများနှင့် ပြန်လည် လူစုခွဲ သွားကြ၏။ အချိန်တို အတွင်းမှာပင်... အသက်လု တိုက်ပွဲများက တဖန် ပြန်လည်ကာ စတင်ကောင်း စတင်နိုင်ပေသည်။ ထိုအရာက သည်စစ်လှောင်အိမ်ထဲမှ လွတ်မြောက်ရန် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်ပေသည်။
...
ဟူး... ဟူး...
ဝေ့ဝူယင်မှာ ဟင်းလင်းပြင် ပို့ဆောင်မှုကို နောက်တစ်ကြိမ် ထပ်၍ ခံစားလိုက်ရပြန်၏။ သို့သော်လည်း... ယခုတစ်ကြိမ်တွင်တော့ ၎င်းက ကြာမြင့်ခြင်း မရှိခဲ့ပါချေ။
မကြာခင်မှာပင်... ခြေထောက်များက မာကြောသည့် မျက်နှာပြင် တစ်ခုထက်သို့ ရောက်ရှိသွားသည်ကို ဝေ့ဝူယင် သတိထားမိလိုက်၏။ ချက်ချင်းဆိုသလိုပင်... ထူးဆန်းသော ဖိအားတစ်ခုက သူ့အပေါ်သို့ သက်ရောက်လာသည်။ သို့သော်လည်း... ၎င်းက ဖိနှိပ်မှု မရှိသလို သန်မာမှုလည်း သိပ်မရှိလှချေ။ မသိပါက... လေတဖြူးဖြူးလေး တိုက်ခိုက်နေသလိုပင်။
“စစ်ကျောက်တိုင်ကို မျက်စိနဲ့ လေ့လာစရာမလိုဖို့ပဲ မျှော်လင့်ရတာပေါ့”
ဝေ့ဝူယင် ထိုအချက်ကို အမှန်တကယ် စိုးရိမ် ပူပန် နေမိခြင်း ဖြစ်သည်။ သူ မှတ်မိသလောက် ဆိုလျှင် အိပ်မက်ထဲ၌ တွေ့မြင်ရသော ကျောက်တိုင်တွင်တော့ ငွေရောင် သင်္ကေတများ ရှိပေသည်။ သို့သော်လည်း ထိုသင်္ကေတများကို သူ မဖတ်တတ်သလို မှတ်လည်း မမှတ်မိပါချေ။ ပြောရလျှင်... ၎င်းတို့က ပညာရှင်များသာ နားလည်နိုင်သည့် ဝှက်စာများလိုပင်။
“စစ်သည်တော်... သင်သာ စစ်ကျောက်တိုင်ကို လေ့လာခွင့် ရရှိခဲ့ပြီ...”
စစ်ဝိညာဥ်၏ အသံက ထည်ဝါစွာပင် ပျံ့လွင့်လာ၏။ သို့သော်လည်း ခရာတို၏ စစ်ထုတ်ပေးမှုဖြင့် ဝေ့ဝူယင် နားထဲသို့ ဝင်လာသည်က ကလေးမလေး တစ်ယောက်၏ ခပ်စူးစူး အသံကလေးပင်။ ခရာတိုမှာ သူ့ လုပ်ဆောင်ချက်ကို သူ ပြန်သဘောကျနေဟန်ဖြင့် တဟားဟား ရယ်မောနေ၏။
ဝေ့ဝူယင်မှာ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မသိသလို မည်သည့် နေရာသို့ ရောက်နေကြောင်းလည်း မသိချေ။ သို့သော်လည်း... သူ နင်းထားသည့် ကြမ်းပြင်ကတော့ ဖန်သားပြင်ကဲ့သို့ တောက်ပသည့် ဝတ္ထု တစ်ခု ဖြစ်ကြောင်း ခံစားနိုင်ပေသည်။ ၎င်းက အဖြူရောင် အလင်းများကို ရောင်ပြန်ဟပ်ကာ အာကာသလှိုင်း ကဲ့သို့ ရောင်စုံအလင်းတန်းများကို ထုတ်လွှတ်နေသည်။
ထိုနေရာက အပျက်အစီး နယ်မြေ အသေးစားလေး တစ်ခုပင် ဖြစ်လေသည်။ ၎င်း၏ အလယ်ဗဟို တည့်တည့်တွင်တော့ အဖြူရောင် ကျောက်တိုင် တစ်ခု ရှိ၏။ ကျောက်သား မျက်နှာပြင်ထက်၌ ငွေရောင် သင်္ကေတများ မရှိသည်မှ လွဲ၍ ၎င်းက ဆက်စပ်မှု စစ်မြေပြင်၏ စစ်ကျောက်တိုင်ကို အတိအကျ ပုံတူကူးထားသလိုပင်။
အကယ်၍ အပေါ်သို့ မော့ကြည့်ပါက ကျောက်တိုင်ကလေး၏ ထိပ်ဖျားတွင် ပုလဲ ကဲ့သို့ စက်ဝိုင်း သဏ္ဌာန် အလုံးလေး တစ်လုံး ရှိနေကြောင်း တွေ့မြင်ရပေလိမ့်မည်။ ၎င်းက ရေပူပေါင်း တစ်ခုလို ကြည်လင်နေကာ အတွင်း၌ “စစ်” ဆိုသည့် စိမ်းပြာရောင် သင်္ကေတ တစ်ခု မြောလွင့်နေသည်။ ပြောရလျှင်... ထိုအပျက်အစီး နယ်မြေ တစ်ခုလုံးက မီတာ ဒါဇင်ဂဏန်းထက်ပင် ပိုမို ကြီးမားခြင်း မရှိချေ။
ဝေ့ဝူယင်မှာ မည်သည်ကိုမှ မြင်နိုင်စွမ်း မရှိချေ။ ထို့ကြောင့်ပင် သူ လေ့လာရှာဖွေရန် မလှုပ်ရှားခဲ့သလို အရှေ့ရှိ စစ်ကျောက်တိုင် ရှိရာဆီကိုလည်း ချဥ်းကပ်ခြင်း မပြုခဲ့ချေ။ တစ်မိနစ်မျှ ကြာမြင့်ပြီးနောက် ဝေ့ဝူယင်က တိတ်ဆိတ်မှုကို စတင် ဖြိုခွဲလိုက်၏။
“ကျုပ် စစ်ကျောက်တိုင်ကို ဘယ်လို လေ့လာရမှာလဲဗျ”
“...”
စစ်ဝိညာဥ်က တုန့်ပြန်ခြင်း မရှိပါချေ။
ဝေ့ဝူယင် အနည်းငယ် စိတ်ပူ သွားခဲ့၏။ အချိန် အကန့်အသတ် ရှိနေလျှင် မည်ကဲ့သို့ လုပ်မည်နည်း။ သူက ခပ်မြန်မြန်ပင် ရှေ့သို့ လျှောက်သွားကာ ဟိုစမ်း၊ သည်စမ်း စမ်းလိုက်သည်။ သို့သော်လည်း ဘာကိုမှ မတွေ့ရ။
ဝေ့ဝူယင် အနည်းငယ် ဒေါသထွက်လာခဲ့၏။ သူ ဝိညာဥ်ဆင်းတု လေးခုကို ထုတ်ဖော်ကာ ဝိညာဥ်အင်အားကို အကန့်အသတ် အထိ တိုးမြှင့်ဖို့ ဆုံးဖြတ်လိုက်သည်။
"..."
အချိန်က တရွေ့ရွေ့ပင် ကျော်ဖြတ်သွား၏။ မည်သည့် အရာမှ ဖြစ်မလာခဲ့ချေ။ ဤနေရာရှိ ဟင်းလင်းပြင်က ဆက်စပ်မှု စစ်မြေပြင်ထက်ပင် ပိုမို တင်းကြပ်လွန်းသည်။ ဝိညာဥ်ဆင်းတု အပါအဝင် မည်သည့် စွမ်းအင် အမျိုးအစားကိုမှ သူ ထုတ်ဖော်၍ မရချေ။
“သောက်ချီးပဲ...”
ဝေ့ဝူယင် ကျိန်ဆဲလိုက်၏။ သူ လက်တယမ်းယမ်းဖြင့် ရှေ့သို့ တိုးကာ ထပ်၍ စမ်းလိုက်ပြန်သည်။ ကံကောင်း ထောက်မစွာပင် ယခုတစ်ကြိမ်တွင်တော့ သူ့လက်များမှာ ကျောက်တိုင်ကို စမ်းမိသွား၏။ သူ့လက်ဝါးထက်၌ “ပျက်သုဥ်းခြင်း” အမှတ်အသားက အလိုအလျောက်ပင် အသက်ဝင်လာကာ အဆက်မပြတ် တုန်ရီလာသည်။ ဝေ့ဝူယင်၏ အမူအရာက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာကာ လက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်၏။
ခရက်...
“နေဦး...”
ခရက်... ခရက်... ခရက်...
“နေဦး...”
သူ တွန်းလိုက်မိသည့် ကျောက်တိုင်ထက်၌ ပင့်ကူအိမ် ကဲ့သို့ အက်ကြောင်းများ လျှင်မြန်စွာ ယှက်ဖြာလာသည်ကို ဝေ့ဝူယင် ခံစားလိုက်ရ၏။ မသိပါက ၎င်းက ရွှံ့ဖြင့် ပြုလုပ်ထားသည့် ခေါင်းပွ အရုပ် တစ်ခုလိုပင်။
ဘုန်း...
ထို့နောက် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ကျောက်တိုင်မှာ ပေါက်ကွဲ သွားတော့၏။ ဝေ့ဝူယင်မှာ သူ့ခန္ဓာကိုယ်ကို သဲမှုန်များဖြင့် ပက်လိုက်သလို ခံစားလိုက်ရသည်။
“ဘာလို ငရဲမျိုးလဲကွာ...”
ဝေ့ဝူယင် ဒေါသတကြီး အော်ဟစ်လိုက်မိ၏။ သူ စစ်ဝိညာဥ် တစ်သောင်းကို တိုက်ခိုက်ခဲ့သည်က ထိုအတွက်လော။ ထိုရွှံကျောက်တိုင် အတွင်းတွင် ဝှက်ထားသည့် ရတနာ တစ်ခုခုများ ရှိသေးသလော။
“ဂုဏ်ယူပါတယ်... သင် အလင်းအားလုံးရဲ့ မူလကို လေ့လာပြီးပါပြီ...”
“ဂုဏ်ယူပါတယ်... သင် လောကနှလုံးသားကို ထိုးထွင်း သိမြင်သွားပါပြီ...”
“ဂုဏ်ယူပါတယ်... သင် ဝိညာဥ်အလင်းကို ဥပဒေသ အမှတ်အသားနဲ့ ပေါင်းစပ်ပြီးပါပြီ...”
စစ်ဝိညာဥ်ထံမှ ကြေညာသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာ၏။ ဝေ့ဝူယင်၏ အမူအရာကတော့ အလွန်အမင်း မည်းမှောင် နေခဲ့ပြီ ဖြစ်သည်။ ထိုအရာက လိမ်လည်မှု တစ်ခုလေလော။
အလင်းအားလုံး၏ မူလ...
ထိုအရာကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက သူ နားလည်ခဲ့ပြီး ဖြစ်သည်။
လောကနှလုံးသား...
သူ့တွင် ဆေဘာ လောကနှလုံးသားနှင့် ဒြပ်စင် လောကနှလုံးသား ဟူ၍ မတူကွဲပြားသည့် ပုံစံ နှစ်မျိုးပင် ရှိသည်။
ဝိညာဥ်အလင်းကို ဥပဒေသ အမှတ်အသားနှင့် ပေါင်းစပ်မှု...
“နေဦး... ဥပဒေသ အမှတ်အသားဆိုတာက စစ်အမှတ်အသားကိုပဲ ပြောတာမလား”
ဝေ့ဝူယင် လက်ဝါးရှိ “ပျက်သုဥ်းခြင်း” သင်္ကေတကို ပွတ်သပ်လိုက်၏။ ထိုသင်္ကေတမှာ အစတုန်းက “စစ်” ဟု အဓိပ္ပာယ် ရခဲ့ကာ ဘုရင်က “ပျက်သုဥ်းခြင်း” အဖြစ် ပြောင်းလဲခဲ့ပြီး နောက်တွင် တည်ဆောက်ပုံရော အော်ရာပါ ပြောင်းလဲ သွားခဲ့သည်။ ထိုအရာ ဖြစ်ပွားခဲ့ချိန်၌ မည်ကဲ့သို့ အကျိုးအမြတ် ရှိမည်ကို ဝေ့ဝူယင် သိချင်ခဲ့သည်။ စစ်ကျောက်တိုင်ကို လေ့လာပြီးချိန်၌ ၎င်းက မတူကွဲပြားသည့် အကျိုးအမြတ် တစ်ခုကို ပေးစွမ်းနိုင်လိမ့်မည် ဟုပင် သူ ခံစားခဲ့ရသည်။
ထိုအမှတ်အသားကို ရရှိခဲ့ချိန်၌ ပြင်းထန်သည့် စစ်မြေပြင်နှင့် ကျောက်တိုင်တို့ကို သူ မြင်တွေ့ ခဲ့ရသည်။ ထိုအရာက ယုတ္တိရှိသည့် ကောက်ချက် တစ်ခုပင်။ သို့ပေမဲ့...
ဝေ့ဝူယင် လေးပင်စွာ သက်ပြင်းချလိုက်မိ၏။ ဘယ်လောက်တောင် ကံမကောင်းလိုက်သနည်း။
“ဆိုတော့ကာ ကျင်းကျူးက လောကနှလုံးသား ရည်ရွယ်ချက်နဲ့ အလင်း အားလုံးရဲ့ မူလကို လက်ခံ ရရှိမယ်ပေါ့လေ... အဲဒါက ငါ့ရဲ့ ကမ္မ အခွင့်အရေး မဟုတ်တာ မထူးဆန်းတော့ဘူး”
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိ၏။ စစ်ကျောက်တိုင်မှ ရရှိနိုင်သမျှ အရာအားလုံးကို အစောကြီး ကတည်းက သူ ပိုင်ဆိုင်ထားပြီး ဖြစ်ပေသည်။ အကယ်၍ အခြား ကျင့်ကြံသူ တစ်ယောက်သာ ဆိုပါက ထိုအရာက ဒဏ္ဍာရီလာ အခွင့်အရေး တစ်ရပ် ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူ့အတွက်တော့ လက်ခုပ်ထဲမှ ရေသာ ဖြစ်နေခဲ့သည်။
သူကပဲ ထူးချွန်လွန်း နေသောကြောင့်လော။ သို့တည်းမဟုတ်... အဂ္ဂိရတ် တာအိုကပဲ ခမ်းနားလွန်း နေသောကြောင့်လော။
ဝေ့ဝူယင် စိတ်ရှုပ်ထွေးစွာပင် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ တစ်ခဏ ကြာပြီးနောက် သူ မျက်လုံးများ မှိတ်ထားလျှက်ကပင် လက်ဝါးကို ငုံ့ကြည့်လိုက်၏။ ထိုနေရာ၌ ပျက်သုဥ်းခြင်း ဆိုသည့် သင်္ကေတကလေး ရှိနေမှာ သေချာပေသည်။
ထိုအရာက အနာဂတ်တွင် သူ ပျက်သုဥ်းခြင်း ဥပဒေသကို နားလည်နိုင်မည့် လက္ခဏာလော။ ၎င်းက သူ့အတွက် အထောက်အကူ ဖြစ်မည်လော။
ဝေ့ဝူယင် တွေးနေစဥ်မှာပင် စစ်ဝိညာဥ်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။
“စစ်သည်တော်... ဆက်စပ်မှု စစ်မြေပြင်မှာ စွမ်းဆောင်နိုင်ခဲ့တဲ့ ကုသိုလ်အလိုက် ရရှိလာမယ့် အမှတ်တွေကို နာကြားလော့...”
“...”
ဝေ့ဝူယင်၏ အမူအရာက အနည်းငယ် သုန်မှုန်သွား၏။ ပထမ တစ်ကြိမ် ကုသိုလ်များ အကြောင်း ကြေညာခဲ့စဥ်က နာရီနှင့်ချီ၍ ကြာမြင့်ခဲ့သည်ကို သူ အမှတ်ရ နေပေသေးသည်။ ထိုအရာက ပျင်းစရာ ကောင်းလွန်းလှ၏။
“ကျုပ်တို့ အဲ့အပိုင်းကို ကျော်လိုက်လို့ မရဘူးလား...”
“...”
စစ်ဝိညာဥ်မှာ ကုသိုလ်များကို ထုတ်ဖော် ကြေညာရန် ပြင်ပြီးမှ တစ်ခဏမျှ ဆွံ့အသွား၏။ သို့သော်လည်း ထိုအရာက တဒင်္ဂသာ ဖြစ်ကာ စက္ကန့်အနည်းငယ် အတွင်းမှာပင် ဆက်လက် ကြေညာလိုက်သည်။
"စစ်သည်တော်... ဆက်စပ်မှု စစ်မြေပြင်မှာ သင်ဟာ မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်...”
ဝေ့ဝူယင် ဆန္ဒ ရှိသည့်အတိုင်းပင် စစ်ဝိညာဥ်က ကုသိုလ် တစ်ခုချင်းစီကို ကျော်လိုက်၏။
“အဲဒီ အတွက် သင် စစ်ဝိညာဥ်ပေါင်း ၁၃၄၅၀၃၂၄ ရရှိပါတယ်...”
***