ချန်ပီယံ စာရင်း
Vol. 56 Ch. 783
“၁၃၄၅၀၃၂၄...”
ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ လိုက်လံ ရေရွတ်လိုက်၏။ သူ့မျက်နှာထက်ရှိ မကျေနပ်မှုများက အထင်းသားပင်။ စစ်ပွဲ အတွင်း၌ သူ စစ်ဝိညာဥ်ပေါင်း ၉၉၈၄ ယောက်ကို သုတ်သင်ခဲ့သည့် အပြင် ဗိုလ်ချုပ်ကြီး ကျန့်ကျန့်ကိုပါ သတ်ဖြတ်နိုင်ခဲ့သည်။ သို့တိုင်အောင် ရရှိလာသည့် ဆုလာဒ်က စစ်ဝိညာဥ် ဆယ့်သုံးသန်း ကျော်သာ ဖြစ်သည်။ ထိုကလေးမက ကုသိုလ် အမှတ်များကို မည်ကဲ့သို့ တွက်ချက်လိုက်သနည်း။
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိ၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... စစ်ဝိညာဥ်၏ ကုသိုလ် အမှတ် ကြေညာမှုကို ကျော်ပစ်ရန် တောင်းဆိုခဲ့သည်က သူ ကိုယ်တိုင်ပင် ဖြစ်သည်။ ယခုမှ ချိုသည်ခါးသည် ဝေဖန်နေ၍ မရတော့ချေ။
ဝေ့ဝူယင် တွေးနေစဥ်မှာပင် စစ်ဝိညာဥ်က ထပ်မံ၍ ကြေညာလိုက်လေ၏။
“စစ်သည်တော်... ဆက်စပ်မှု စစ်မြေပြင်မှာ သင့်ရဲ့ စွမ်းဆောင်မှုတွေကြောင့် မဟာကုသိုလ်ကို ရရှိခဲ့တယ်... ဒီအတွက် သင့်ကို ဥပဒေ စစ်သည်တော်ဘွဲ့ကို ချီးမြှင့်လိုက်တယ်”
ဘုန်း... ဘုန်း...
တစ်စုံတစ်ရာ ပြင်းထန်စွာ ကျဆင်းလာသည့် အလား အပျက်အစီး နယ်မြေကလေးမှာ ပြင်းထန်စွာ တုန်ရီ လာခဲ့၏။ သို့သော်လည်း ဝေ့ဝူယင်ကတော့ မားမားမတ်မတ် မလှုပ်မရှားပင် ရှိနေဆဲ ဖြစ်သည်။ ၎င်းက ဟင်းလင်းပြင် အတက်အကျ လက္ခဏာ တစ်ရပ်သာ ဖြစ်လေရာ ခရာတိုမှာ ကောင်းစွာ ကိုင်တွယ်နိုင်စွမ်း ရှိပေသည်။
ကလန့်...
အပျက်အစီး နယ်မြေလေး၏ မျက်နှာကျက်တွင် လက်မ အနည်းငယ်ခန့် ရှိသည့် အပေါက်တစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက်... အပေါက်မှနေ၍ အလင်းတစ်စက် ကျဆင်းလာသည်။ ထိုအရာက သူ့ရှေ့တွင်ပင် သင်္ကေတစ်ခု အဖြစ် ပြောင်းလဲ သွားသည်။ ချက်ချင်းဆိုသလိုပင်...ပျက်သုဥ်းခြင်း အမှတ်အသားက တုန့်ပြန်လာကာ ယခင်ကထက် ပိုမို၍ အားကောင်းလာသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။
အရှေ့တည့်တည့်၌ ရှိနေသည့် သင်္ကေတလေးကို ဝေ့ဝူယင် မမြင်တွေ့ ရပါချေ။ သို့သော်လည်း ၎င်း၏ နွေးထွေးမှုနှင့် အော်ရာတို့ကိုတော့ ခံစား၍ ရ၏။ သူ လက်ကို ဆန့်ထုတ်ကာ ထိုသင်္ကေတလေးကို ဆုပ်ကိုင် လိုက်သည်။ ၎င်းက ဆဋ္ဌဂံ သဏ္ဌာန် မီးတောက်ကျောက် ဒင်္ဂါးလေး တစ်ခုလိုပင် ဖြစ်သည်။ ၎င်း၏ မျက်နှာပြင်က လုံးဝ ဗလာဖြစ်ကာ မည်သည့် ပန်းခက်၊ စာလုံးမှ မပါချေ။
သို့သော်လည်း ပျက်သုဥ်းခြင်း အမှတ်အသားနှင့် ထိတွေ့လိုက်ချိန်တွင်တော့ ၎င်း၏ မျက်နှာပြင် နှစ်ဖက်၌ စာလုံးများ ဖြည်းညင်းစွာပင် စတင် ပေါ်လာခဲ့လေသည်။ အကယ်၍ ဝေ့ဝူယင်သာ မျက်လုံးများ မြင်နိုင်ပါက ထိုဒင်္ဂါးပြားလေးမှာ “ပျက်သုဥ်းခြင်း” နှင့် “စစ်သည်တော်” ဆိုသည့် စကားလုံး နှစ်ခုကို တစ်ဖက်တစ်ချက်၌ ထွင်းထုထားကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
ထိုသင်္ကေတ အတွင်းရှိ အော်ရာက သူ့ဝိညာဥ် အလင်းကို ပုံတူ ကူးထားသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ မသိလျှင် ၎င်းက... ဆေဘာ လမ်းစဥ်၏ အထွတ်အထိပ် မူလ အလင်းဖြစ်သည့် “ပျက်သုဥ်းခြင်း ဆေဘာဝိညာဥ် အလင်း”ကို ဘုရင် အောင်အောင်မြင်မြင် နားလည် သွားသည့် ရလဒ် တစ်ခုပင်။
ဝေ့ဝူယင် အရာအားလုံးကို ပြည်ဖုံးကားချလိုက်၏။ ဤခရီးစဥ်၌ သူ ရရှိခဲ့သည့် အချက်အလက်များက မည်မျှပင် ပြန့်ကျဲ နေစေကာမူ ဥပဒေသ အမှတ်အသားနှင့် ဥပဒေသ သင်္ကေတတို့၏ ရည်ရွယ်ချက်ကို ယေဘုယျ အားဖြင့် ကောက်ချက်ချရန် လုံလောက်ခဲ့ပေသည်။
ထို့အပြင် အလင်းအားလုံး၏ မူလနှင့် လောကနှလုံးသား ရည်ရွယ်ချက်တို့၏ အသုံးဝင်ပုံတို့ကိုလည်းသူ ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့မှာ ဥပဒေသ ဆိုသည့် အရာကို နားလည်ရန် မရှိမဖြစ် လိုအပ်သော အရာများ ဖြစ်သည်။ တစ်ချိန်တည်း၌ ဥပဒေသ အမှတ်အသားနှင့် ဥပဒေသ သင်္ကေတ ထိုကဲ့သို့ ပြုလုပ်နိုင်အောင် ကူညီပေးနိုင်သည်။
ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သေမျိုးအဆင့်တွင်သာ ရှိနေခြင်းက ကံဆိုးသည်ဟု ဆိုနိုင်ပေသည်။ မဟုတ်ပါက ထိုပစ္စည်းများကို လက်တွေ့ စမ်းသပ်ကြည့်ကာ သူ့အား မည်ကဲ့သို့ ကူညီနိုင်သည်ကို ရှာဖွေ နိုင်လိမ့်မည် ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သေချာတာ တစ်ခုကတော့ ၎င်းတို့မှာ သူ့အနာဂတ် အလားအလာကို ကြီးမားစွာ ပံ့ပိုးပေးနိုင်လိမ့်မည် ဖြစ်ပေသည်။
“ဘာလို့လဲ...”
ထိုအရာက ဝေ့ဝူယင် စိတ်ထဲ ပထမဆုံး ပေါ်လာခဲ့သည့် မေးခွန်းပင်။ အဘယ်ကြောင့်မှန်း မသိသော်လည်း စစ်မြေပြင်တစ်ခုလုံးမှာ မဟာဝိညာဥ် စမ်းသပ်ပွဲ၊ ဒြပ်စင် ရွေးချယ်ပွဲတို့နှင့် တူနေသယောင် သူ ခံစားရသည်။ ၎င်းကို ဒြပ်စင် ရွေးချယ်ပွဲလိုပင် အစွမ်းထင်သည့် ကျင့်ကြံသူကြီး တစ်ယောက်က တည်ထောင်ထားခြင်း ဖြစ်နိုင်သည်။
ဤသို့ဆိုလျှင်... သူ့နားလည်နိုင်စွမ်းကို ကျော်လွန်နေသည့် တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့် နေမည်လော။ ဝေ့ဝူယင် ခေါင်းကို မော့ကာ အပျက်အစီး နယ်မြေ၏ မျက်နှာကျက်ကို ကြည့်လိုက်မိ၏။ ဘာမှ မမြင်ရသည်တိုင် ထိုဖြစ်နိုင်ချေက အလွန် မြင့်မားကြောင်း သူ ခံစားလိုက်ရသည်။
ထိုအခိုက်၌ ဝေ့ဝူယင် မရိပ်မိခဲ့တ တစ်ခုက... ထိုအကြည့်က အလွန်ဝေးကွာသည့် နေရာ တစ်ခုမှ လေ့လာနေသည့် လူများကို အလွန် အံ့အားသင့် သွားစေခဲ့ခြင်းပင်။
ဝေ့ဝူယင် ခေါင်းကို ဖြည်းညင်းစွာပင် ပြန်ငုံ့လိုက်၏။
“တကယ်လို့ ပြိုင်ပွဲ တစ်ခုဆိုရင် အခြား ရည်ရွယ်ချက်တော့ ရှိမှာပဲ...”
ဒြပ်စင် ရွေးချယ်ပွဲကို ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ဖန်တီးခဲ့ရသည့် အကြောင်းရင်းကို ဝေ့ဝူယင် အမြဲတမ်း သိချင်ခဲ့သည်။ ဝမ်ယုထျန်း၏ အဆိုအရဆိုလျှင်... အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ ဒြပ်စင် ရွေးချယ်ပွဲကို ထိန်းသိမ်းရန် အတွက် အမြဲတမ်း ဒုတိယ ကြီးကြပ်သူများကို စေလွှတ်လေ့ ရှိသည်ဟု ဆိုသည်။ သို့သော်လည်း... ဟန်ရှဲ့ ကိုယ်တိုင်ကတော့ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်ခန့် ကတည်းက ပျောက်ဆုံးနေသည်ဟု သိရသည်။ အနည်းဆုံး အပြင်လူ တစ်ဦးတစ်ယောက်မှ သူ့ကို မတွေ့ခဲ့ရချေ။
ဝေ့ဝူယင် အတွေးများကို ပြန်လည် သိမ်းဆည်းလိုက်၏။ မည်သို့ပင် ဆိုစေ...သူက သေမျိုး တစ်ယောက် ဘဝတွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ စစ်မြေပြင်၏ ရည်ရွယ်ချက် မဆိုထားနှင့် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၏ ရည်ရွယ်ချက် အစစ်အမှန်ကိုပင် သူ စုံစမ်းနိုင်ခြင်း မရှိသေးချေ။ လက်ရှိ အချိန်၌ သူ လုပ်နိုင်သမျှက ဖြည်းဖြည်းနှင့် မှန်မှန် ရှေ့သို့ ဆက်လျှောက်ရန်သာ ဖြစ်ပေသည်။
ဝေ့ဝူယင် ပျက်သုဥ်းခြင်း သင်္ကေတလေးကို သေသေချာချာပင် သိမ်းဆည်းလိုက်ရင်း သူ ပိုင်ဆိုင်ထားသည့် ရွှေ့ပြောင်းခြင်း ဒြပ်စင် အလင်း၊ ခုနစ်ရောင်ခြယ် ရင်းမြစ် အလင်းနှင့် ကောင်းကင်ပျောက်ကွယ် အလင်းတို့သည်လည်း အလားတူပင် ဥပဒေသ လိုအပ်ချက်များကို ရရှိနိုင်မလား တွေးလိုက်မိ၏။
ရှေးယခင်တုန်းက ဥပဒေသများမှာ ရည်ရွယ်ချက်များ၏ အဆင့်မြင့် ပုံစံ တစ်မျိုးဟု ယူဆ ခဲ့ဖူးသည်။ ထိုအယူအဆက မှန်ကန်သလို တစ်ချိန်တည်း၌ မှားယွင်းနေပေသည်။ ၎င်းတို့ နှစ်မျိုးက အတော်လေး ကွဲပြား ခြားနားကြသည့်ပုံပင်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ကျင့်ကြံခြင်းက ခက်ခဲလှပေသည်။
“ပျက်သုဥ်းခြင်း စစ်သည်တော်... သင့်ကို ပြန်ပို့ရတော့မလား...”
စစ်ဝိညာဥ်က မေးလိုက်၏။ သူမ၏ အသံထဲ၌ စိတ်လှုပ်ရှားသည့် အငွေ့အသက် ဖျော့ဖျော့ကို ခံစားရရာ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိသည်။ ထိုစစ်ဝိညာဥ်က တစ်စုံတစ်ရာကို စိုးရိမ်နေသည်လော။
“ဘယ်လိုပဲ ဖြစ်ဖြစ်လေ...”
ဝေ့ဝူယင် ထိုအရာကို ဂရုမစိုက်ချေ။ လက်ရှိ သူ ရင်ခုန်ရသည့် အရာတစ်ခု ရှိနေဆဲ ဖြစ်သည်။ ကောင်းကင် စစ်ဝိညာဥ်... ထိုအရာကို လဲလှယ်ရန် စစ်ဝိညာဥ် ငါးသန်းသာ ကျသင့်လိမ့်မည် ဖြစ်သည်။ ယခု သူ့တွင် စစ်ဝိညာဥ် ဆယ့်သုံးသန်းကျော် ရှိပေသည်။ ထို့အပြင် ၎င်းကို စစ်သည်တော်များလည်း လဲလှယ် ဝယ်ယူနိုင်ပေသည်။
တစ်ခဏမျှ စဥ်းစားပြီးနောက် သူက မေးလိုက်၏။
“ပျက်သုဥ်ခြင်း စစ်သည်တော် တစ်ယောက် အနေနဲ့ ကျုပ် ကွန်မန်ဒါ စာရင်းက ပစ္စည်းတွေကိုပါ လဲလှယ်လို့ ရလားဗျ”
ကွန်မန်ဒါ စာရင်း၌ သူ လိုချင်သည့် အရာ တစ်ချို့ ရှိနေပေသည်။ သို့သော်လည်း... စစ်ဝိညာဥ်မှာ ထိုစာရင်းမှ အချို့ ပစ္စည်းများကို ကွန်မန်ဒါများအတွက် သီးသန့် ကန့်သတ်ထားလေရာ ပထမ တစ်ကြိမ်တုန်းက သူ့ အနေဖြင့် လဲလှယ်ရန် အခွင့်အရေး မရခဲ့ပါချေ။ ပျက်သုဥ်းခြင်း စစ်သည်တော် တစ်ယောက် အနေဖြင့်ရော ထိုအရာကို ရရှိနိင်မည်လား သူ သိချင်မိသည်။
“ရပါတယ် ပျက်သုဥ်းခြင်း စစ်သည်တော်... သင်က စစ်မြေပြင်ကို အောင်နိုင်ထားတဲ့သူပါ... စာရင်း သုံးခု စလုံးကနေ လဲလှယ်လို့ ရပါတယ်”
စစ်ဝိညာဥ်က အတည်ပြု ပေးလိုက်၏။
“သုံးခု...”
ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွား၏။ သူ သိသမျှက စစ်သည်တော် စာရင်းနှင့် ကွန်မန်ဒါ စာရင်း နှစ်ခုသာ ဖြစ်သည်။ သုံးခုမြောက် စာရင်းတစ်ခု ရှိသေးသည်လား။ ဝေ့ဝူယင် အများကြီး တွေးမနေပါချေ။ အလိုက်သင့်ပင် ခေါင်းကို ညိတ်လိုက်၏။
“ကောင်းပြီလေ... ဒါဆိုလည်း ကျုပ် သုံးခုလုံး ကြည့်မယ်...”
"ပျက်သုဥ်းခြင်း စစ်သည်တော်... ဒီမှာ စာရင်း သုံးခုပါ... နောက်ဆုံး တစ်ခုကိုတော့ ချန်ပီယံ စာရင်းလို့ ခေါ်ပါတယ်... ဆက်စပ်မှု စစ်မြေပြင်မှာ အနိုင်ရတဲ့ လူတွေပဲ လဲလှယ်နိုင်တဲ့ စာရင်းပါ”
စစ်ဝိညာဥ်က ရှင်းပြလိုက်၏။ ချန်ပီယံ စာရင်း အကြောင်း ပြောချိန်၌ သူမ၏ အသံက အနည်းငယ် ပြောင်းလဲသွားကာ ခံစားချက် မရှိတော့သလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ မိန်းမငယ်လေး၏ သဘောထားက အကြောင့် ရုတ်တရက်ကြီး ပြောင်းလဲ သွားသည်ကို ဝေ့ဝူယင် စဥ်းစား၍ မရချေ။ သူ ကောင်းကင် စစ်ဝိညာဥ်ကို ချက်ချင်း မဝယ်ခဲ့သောကြောင့်လော။ ထိုချန်ပီယံ စာရင်း စျေးကြီးလွန်း နေသောကြောင့်လော။ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသလော။
“ချန်ပီယံ စာရင်းမှာ ဘာတွေ ပါလဲ ခင်ဗျား ကျွန်တော့်ကို ပြောပြပေးပါလား...”
ဝေ့ဝူယင်က တောင်းဆိုလိုက်၏။ ကံကောင်းထောက်မစွာပင် စစ်ဝိညာဥ်မှာ ဝေ့ဝူယင်၏ အခြေအနေကို သိရှိပြီး ဖြစ်လေရာ နောက်ထပ် မေးစမ်း မနေတော့ပဲ ထုတ်ကုန်မျး အကြောင်း အသေးစိတ် အချက်အလက်များကို ရှင်းပြလိုက်လေတော့သည်။
***