← Chapters

ချိဧကရာဇ်၏ ဦးနှောက်

Vol. 48 Ch. 656

ချိဧကရာဇ်၏ ဦးနှောက်

Vol. 48 Ch. 656

ချိမင်နတ်ဘုရားသားတော်က သူ့ဘက် လှည့်လာပြီး ပြုံးပြသည်။ “ငါ ဖိတ်ခေါ်တာပဲ ဘာမှမဖြစ်ပါဘူး... နောက်က လိုက်ခဲ့ပါ”

ချင်မူ တွန့်ဆုတ်နေ၍ လူမမာ ရုပ်ဖြစ်နေသော ပထမလူသားဧကရာဇ်ဆီသို့ လှည့်ကြည့်လိုက်သည်။ ပထမလူသားဧကရာဇ်မှာ ပျော်ရွှင်မှု ပျောက်ဆုံးနေသကဲ့သို့ ညှို့မှိုင်းနေပြီး သူ့ဆီ ဖြည်းဖြည်းချင်း လျှောက်လာနေ၏။

‘ဒဏ်ရာတွေလည်း အခုဆို သက်သာနေလောက်ပါပြီ... ဘာလို့ ဒီလောက်အသက်မဲ့နေသေးတာတုန်း”

ချင်မူ နားမလည်ပေ။ ပထမလူသားဧကရာဇ်မှာ အေးတိအေးစက်ဖြင့် စကားဟက်ဟက်ပက်ပက် မပြောတတ်ပေ။ ရွှမ်ခုံးကမ္ဘာသို့ ရောက်လာကတည်းက ပို၍ပင် အားနည်းပြီး စိတ်ဓာတ်ကျနေသည့်လူပမာ ဖြစ်နေခဲ့သည်။ အကြောင်းရင်းက ဒဏ်ရာရထား၍မဟုတ်ကြောင်း သိသာ၏။

သူတို့နှစ်ယောက်လုံး ချိမင်နတ်ဘုရားသားတော်နောက်မှ အထွတ်အမြတ်ခန်းမထဲ လျှောက်သွားကြသည်။ ချိမင်နတ်ဘုရားသားတော်က ပြုံးသည်။ “ဒီမိတ်ဆွေက မင်းသမီးကိုမဟုတ်ဘဲ မင်းကို အမြဲကာကွယ်ပေးတယ်နော်... ကြည့်ရတာ သူ့အတွက် မင်းက မင်းသမီးထက် ပိုအရေးပါတဲ့ပုံပဲ”

ချင်မူ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း နတ်ဘုရားသား‌တော်က ဆက်ပြော၏။ “တကယ်တော့ ငါ့စိတ်ထဲမှာလည်း မင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ မင်းသမီးထက်တင် မကဘူး.. ဧကရာဇ်ယန်ဖုန်းထက်လည်း အများကြီး အရေးပါတယ်”

ချင်မူ အတန်ငယ် မှင်သက်သွား၏။ သူက ပြုံးကာ မေးလိုက်သည်။ “အရှင်မင်းကြီး၊ ဘာကြောင့် ဒီလိုပြောတာပါလဲ”

ချိမင်နတ်ဘုရားသားတော်က သူ့မေးခွန်းကို အဖက်မလုပ်ဘဲ နန်းဆောင်ခန်းမအတွင်းသို့သာ လျှောက်သွားသည်။ “ဒီခန်းမကို တည်ဆောက်ခဲ့ကတည်းက အပြင်လူတွေအနေနဲ့ ဝင်ခွင့်မရှိခဲ့ဘူး.. အပြင်လူတွေအသာထား၊ ငါတို့မျိုးနွယ်ထဲက အနည်းစုပဲ ဝင်ပြီး ချိဧကရာဇ်ရဲ့ ဦးနှောက်ကို ဂါဝရပြုနိုင်တယ်”

ချင်မူ ပြောလိုက်သည်။ “အရှင်မင်းကြီးက ကျွန်တော့်ကို ဝင်ခွင့်ပေးခဲ့တဲ့အတွက် ကျွန်တော် အင်မတန် ကျေးဇူးတင်မိပါတယ်”

ချိမင်နတ်ဘုရားသားတော်သည် သူ့ဆီ ခေါင်းလှည့်ကြည့်ပြီး သူ့မျက်နှာအား အသေအချာ အကဲခတ်၏။ ချင်မူ အမှန်ပြောနေခြင်း ဟုတ်မဟုတ် သိချင်နေပုံရသည်။

ချင်မူမှာ အမှန်တကယ် ကျေးဇူးတင်နေခြင်းဖြစ်၏။

သူ၏ကျေးဇူးတင်နေသော မျက်နှာကို မြင်လျှင် ချိမင်နတ်ဘုရားသားတော်က ခေါင်းယမ်းလိုက်သည်။ “မင့်ရဲ့မျက်နှာအမူအရာက အပြစ်ရှာမရအောင် ပီပြင်လွန်းပေမယ့် တကယ်တမ်း ဟန်ဆောင်နေတာပဲ... မင်းရင်ထဲက လာတာမဟုတ်ဘူး... မင်းက သိချင်စိတ်တွေ ပြင်းပြနေတာ... ရင်ဘတ်ထဲကနေ လာတဲ့ပုံစံပေါ်အောင် ဟန်ဆောင်နိုင်ရင်တော့ မင်း ငါ့ကို လှည့်စားနိုင်လောက်ပါတယ်”

ချင်မူ ရှက်သွားသည်။

“အဲဒီရှက်နေတဲ့မျက်နှာကလည်း ဟန်ဆောင်နေတာပဲ”

ချိမင်နတ်ဘုရားသားတော်က ရှေ့ဆက်လျှောက်သွားပြီး ပြောသည်။ “မင်းတို့တွေကတော့ သိမှာမဟုတ်ဘူး ... တကယ်က ငါက ချိဧကရာဇ်ရဲ့ မျိုးဆက်မဟုတ်သလို၊ မင်ဧကရာဇ်ရဲ့ မျိုးဆက်လည်း မဟုတ်ဘူး... သူတို့နဲ့ငါ အမျိုးမတော်ဘူး”

ချင်မူ အံ့ဩသွား၏။ ပထမလူသားဧကရာဇ်လည်း သိချင်သွားသည်။ သူက မေးလိုက်သည်။ “အဆွေတော်က သူတို့ရဲ့ မျိုးဆက်မဟုတ်ရင် ဘာလို့ ချိမင်နတ်ဘုရားသားတော်အဖြစ် တင်မြှောက်ခံရတာပါလဲ”

ချိမင်နတ်ဘုရားသားတော်က အတိတ်ကို ပြန်ပြောင်းတွေးတောနေဟန်ဖြင့် ရှင်းပြလိုက်သည်။ “ကပ်ဆိုးကြီး မဖြစ်ခင်ကတည်းက မင်ဧကရာဇ်က အန္တရာယ်ကို ခံစားခဲ့ရတယ်... အဲဒါကြောင့် ကမ္ဘာပေါ်မှာ ရှိသမျှ လူငယ်ပါရမီရှင်အားလုံး စုဝေးပြီး သိုင်းအစည်းအရုံးတစ်ခု တည်ထောင်ခဲ့တယ်... စမ်းသပ်မှုတွေ အထပ်ထပ်လုပ်ဆောင်ပြီးတဲ့နောက်မှာ လူတစ်‌ထောင်ပဲ မင်ဧကရာဇ်နဲ့ တွေ့ဆုံဖို့ ရွေးချယ်ခံခဲ့ရတယ်.... ငါက သူတို့ထဲက တစ်ယောက်ပဲ... မင်ဧကရာဇ်ရဲ့ သင်ကြားမှုတွေက ငါတို့ကို အတွေးအမြင်တွေ ကျယ်ပြန့်လာစေခဲ့ပေမယ့် ငါက အထူးချွန်ဆုံးတစ်ယောက်တော့ မဟုတ်ဘူး... ငါ့ပါရမီ၊ အတွေးအခေါ်၊ ငါ့ကောင်းကင်နတ်သိုင်းတွေ၊ လမ်းစဉ်၊ ကျင့်စဉ်တွေက ထိပ်တန်းဆယ်ယောက်ဝင်ဖို့ မလုံလောက်ခဲ့ဘူး... ဒါပေမဲ့ မင်ဧကရာဇ်က ငါ့ကို ရွေးချယ်ခဲ့သေးတယ်... သူက ငါ့ကို ပြောတယ်... ချိမင်ခေတ်အတွက် လိုအပ်တာက အတွေးအခေါ်အမြင့်မားဆုံး၊ ပါရမီအထက်သန်ဆုံးလူ မဟုတ်ဘူးတဲ့... ပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးသားတွေကို ပေါင်းစည်းပြီး အရှုံးနွံထဲကနေ ရုန်းထွက်စေနိုင်မယ့်သူတဲ့... သူက ရွှမ်ခုံးကမ္ဘာဆီ သွားနိုင်မယ့် လမ်းကို ငါ့ဆီ ပြောပြခဲ့တယ်... အဲဒီနောက် ကပ်ဆိုးကြီး စဖြစ်တော့တာပဲ”

ချိမင်နတ်ဘုရားသားတော်၏ အမူအရာ ညှိုးငယ်သွားပြီး တခဏကြာသော် ပုံမှန်ပြန်ဖြစ်သွားသည်။ “စစချင်း သူဆိုလိုတာကို ငါ နားမလည်ခဲ့ဘူး.. ကပ်ဆိုးကြီးဖြစ်တော့မှ နားလည်ခဲ့တယ်... မင်ဧကရာဇ်က ငါက ကံကြမ္မာရဲ့သားတော်၊ ချိမင်ခေတ်အတွက် နတ်ဘုရားသားတော်ဖြစ်တယ်လို့ ကြေညာပေးခဲ့တယ်... ကပ်ဆိုးကြီးဖြစ်တဲ့အချိန်မှာ ပြည်သူပြည်သားတွေက ငါ့ကို အားကိုးပြီး ငါ့ရဲ့နောက်လိုက် ဖြစ်လာကြတယ်... ငါက မျှော်လင့်ချက်ဆောင်ကြည်းပေးနိုင်မယ့် နတ်ဘုရားသားတော်ဖြစ်တယ်လို့ ယုံကြည်ကြတယ်... ဒီတော့ ငါလည်း ချိမင်ခေတ်ရဲ့ လက်ကျန်မျှော်လင့်ချက်၊ ငါတို့မျိုးနွယ်တွေကို ခေါ်ပြီး အာကာသထဲမှာ ရွှမ်ခုံးကမ္ဘာကို လိုက်ရှာခဲ့တယ်.... နောက်ဆုံးတော့ ဒီနေရာမှာ အခြေချနိုင်ခဲ့တာပဲ”

သူက တည်ငြိမ်‌အေးဆေးသော အမူအရာဖြင့် ပြောနေသည်။ “မင်ဧကရာဇ် ငါ့ကို ဘာလို့ရွေးချယ်ခဲ့မှန်း ငါ နားလည်ခဲ့တယ်... အကြောင်းရင်းက ငါက အရှုံးကို ရင်ဆိုင်နိုင်လို့ပဲ... ငါက ပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးတွေကို ပေါင်းစည်းပြီး အရှုံးနွံထဲက ထွက်လာနိုင်အောင် လမ်းဖောက်ပေးနိုင်တယ်... သူတို့ရဲ့ အေးအေးဆေးဆေး ဖြစ်နေတဲ့ စိတ်ကို လှုံ့ဆော်ပြီး ချိမင်ခေတ်ရဲ့ ပြင်းထန်တဲ့စိတ်အားမာန်တွေ ပြန်သွင်းပေးနိုင်တယ်”

ပထမလူသားဧကရာဇ် တိတ်ဆိတ်သွား၏။

ချိမင်နတ်ဘုရားသားတော်၏ အခြေအနေက သူ့အခြေအနေနှင့် လွန်စွာတူခဲ့သော်လည်း နှစ်ယောက်၏ ရွေးချယ်မှုက တောင်နှင့်မြောက်လို ခြားနားသွားခဲ့သည်။

ချိမင်နတ်ဘုရားသားတော်က ဆက်မပြောဘဲ ရှေ့ဆက်လျှောက်သွားသည်။ သူသည် ထူးချွန်သော ခေါင်းဆောင်တစ်ယောက် ဖြစ်သည်နှင့်အညီ မည်သည့်အချိန်တွင် ငြိမ်သက်ပြီး မည်သည့်အချိန်တွင် တိုက်ခိုက်သင့်ကြောင်းသိ၏။

အခြားတစ်ဖက်တွင် သူ့မှာတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လက်ကျန်မျိုးနွယ်များကို ဦးဆောင်ကာ ဇာတ်မြှုပ်နေခဲ့သည်။ နှစ်နှစ်သောင်းလုံး မည်သည့်အရာကိုမှ မလုပ်ခဲ့သည့်အပြင် မျှော်လင့်ချက်လည်း မပေးခဲ့ပေ။

သူ ယခုလို လူမမာလို စိတ်ဓာတ်ကျနေသည့် အကြောင်းရင်းမှာ ရွှမ်ခုံးကမ္ဘာက ရွှင်ပျော်ပျော်ကျေးရွာကို အမှတ်ရစေ၍ ဖြစ်သည်။ ရွှမ်ခုံးကမ္ဘာ၏ အခြေအနေသည် ရွှင်ပျော်ပျော်ကျေးရွာ၏ အခြေအနေနှင့် မတူနေဘူးလော။

ချိမင်နတ်ဘုရားသားတော်က ရွှမ်ခုံးကမ္ဘာမှ ထွက်ရန် ကြိုးစားနေသော်လည်း ရွှင်ပျော်ပျော်ကျေးရွာမှ ခိုင်ဧကရာဇ်ခေတ်၏ ပြည်သူပြည်သားတို့အား မည်သူက ခေါ်ထုတ်ပေးမည်နည်း။ ရွှင်ပျော်ပျော်ကျေးရွာတွင်လည်း ခိုင်ဧကရာဇ်နတ်ဘုရားသားတော်တစ်ပါး လိုအပ်သည်။

ချိမင်နတ်ဘုရားသားတော်၏ အတိတ်ဇာတ်လမ်းက သူ၏အတိတ်ကို ပြန်ပြောင်းသတိရစေ၏။

‘ငါက ခိုင်ဧကရာဇ်နတ်ဘုရားသားတော်မှ မဟုတ်တာ...’

သူ့နှလုံးသားထဲ၌ ခါးသီးမှုတို့ လှိုက်တက်လာသည်။ ‘ကောင်းကင်ဆရာသခင် မှန်တယ်... တပ်ပြေးတစ်ယောက်က အမြဲတပ်ပြေး ဖြစ်နေမှာပဲ....’

“နတ်ဘုရားသားတော်က ဒီလျှို့ဝှက်ချက်တွေကို မခြွင်းမချန် ပြောပြနေတာဆိုတော့ ကျွန်‌တော်တို့အားလုံးကို သတ်ဖို့ ကြံနေတာများ ဖြစ်နိုင်မလား” ချင်မူ့အသံက သူ့အတွေးများကို ပျောက်ကွယ်သွားစေသည်။

ချိမင်နတ်ဘုရားသားတော်က ဟက်ခနဲ ရယ်ကာ ခေါင်းယမ်းလိုက်၏။ “မဟုတ်ပါဘူး... မင်းဘေးက ဒီမိတ်ဆွေက သိပ်အားကောင်းလွန်းတယ်... ဒါ့အပြင် မင်းရဲ့ကိုယ်ထဲမှာလည်း ကြောက်စရာစွမ်းအားတွေ ကိန်းဝပ်နေတယ်... အတားအဆီးအစီအရင်နဲ့ အဲဒီစွမ်းအားကို ဖိနှိပ်ထားပေမယ့် ငါ ထိတ်လန့်မိတုန်းပါပဲ... ငါ မင်းတို့နှစ်ယောက်ကို မသတ်ချင်ပါဘူး... ပိုရင်းနှီးချင်ရုံသက်သက်ပါ”

သူက အလေးအနက် ဆက်ပြောသည်။ “ဧကရာဇ်ယန်ဖုန်းမှာ ကောင်းကင်ဧကရာဇ်တစ်ပါးလို စိတ်ဝိညာဉ်မျိုး ရှိပေမယ့် အချိန်မှား မွေးလာတာ နှမြောစရာကောင်းတယ်... သူ တစ်နေ့တော့ သေချာပေါက် သေမှာပဲ... မင်းတို့ သူ့ကို ကူညီနေလည်း ဘာမှရလိုက်မှာမဟုတ်ဘူး... ပါမောက္ခချုပ်ချင် ငါ့ကို ကူညီပေးရင်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ချိမင်နိုင်ငံနှစ်ခုလုံးရဲ့ ကံကြမ္မာ တည်မြဲအောင် ငါ ထိန်းသိမ်းပေးနိုင်တယ်... ငါတို့ လူအင်အားပြန်စုစည်းပြီး ကောင်းကင်နတ်ဘုံကို တိုက်ခိုက်ကြမယ်.. ပါမောက္ခချုပ်ချင်၊ ငါ့ကို ကျေးဇူးပြုပြီး ကူညီပေးပါ”

ချင်မူက မှင်သက်သွားပြီး တဟားဟား ထရယ်သည်။ သူ့အသံသည် အထွတ်အမြတ်ခန်းမ၏ နံရံများတစ်လျှောက် ပဲ့တင်ရိုက်ခတ်နေ၏။

အတန်ကြာသော် သူ့ရယ်သံက တဖြည်းဖြည်း တိုးသွားကာ သူ့မျက်နှာပေါ်ရှိ အပြုံးလည်း တစတစ ပျောက်ကွယ်သွားသည်။ သူက ခေါင်းယမ်းက ပြောလေသည်။ “နတ်ဘုရားသားတော် တစ်ခုခု အထင်လွဲနေတာပဲ ဖြစ်မယ်... ကျွန်တော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ထောက်တိုင်လည်း မဟုတ်သလို၊ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေတဲ့ ဧကရာဇ်အတိုင်ပင်ခံလည်း မဟုတ်ပါဘူး... ကျွန်တော်က ဒီကိစ္စမှာ မတော်တဆ ပါသွားတဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပါမောက္ခချုပ်လေးတစ်ယောက်ပါ... ခင်ဗျား ရင်းနှီးချင်ရင်၊ ဧကရာဇ်အတိုင်ပင်ခံနဲ့ ရင်းနှီးအောင် လုပ်ပေါ့... သူ့ပါရမီနဲ့ အသိအမြင်က ကျွန်တော့်ထက် အများကြီးသာတယ်... မဟုတ်ဘူး နှစ်ဆ... အင်း... နှစ်ဆလောက်တော့ မဟုတ်သေးပေမယ့် သူက...”

“ထာဝရငြိမ်းချမ်းရေးအင်ပယာ ဧကရာဇ်အတိုင်ပင်ခံလား ... ငါ သူ့ကို နောင်ကျ ကိုယ်တိုင်တွေ့ပြီး ပါမောက္ခချုပ်ရဲ့စကားအတိုင်း ဟုတ်လား ကြည့်ပါ့မယ်... ပါမောက္ခချုပ်အနေနဲ့ ငါ့ကို ချက်ချင်း ငြင်းစရာမလိုပါဘူး... နောင် ဘာဖြစ်လာမလဲ ဘယ်သူ ပြောနိုင်မလဲ... အရင်ဆုံး စဉ်းစားပါဦး... ချိဧကရာဇ်ရဲ့ ဦးနှောက်က အရှေ့မှာပါ” ချိမင်နတ်ဘုရားသားတော်က အပြုံးတစ်ခုဖြင့် ပြောသည်။

ချင်မူနှင့် ပထမလူသားဧကရာဇ် ရှေ့သို့ ကြည့်လိုက်သည့်အခါ အရှေ့မှ ဖြာထွက်နေသော အလင်းတန်းများကို မြင်လိုက်ရသည်။ အလင်းတန်းများသည် တစ်တန်းနှင့်တစ်တန်း ကြက်ခြေခတ်လျက် ရစ်ဖွဲ့ကာ ဧရာမဦးနှောက်ကြီးအား ဖွဲ့တည်ထား၏။ ထိုကဲ့သို့ အလင်းရောင်၏အရှေ့တွင် မည်သူမဆို သိမ်ငယ်သလို ခံစားမိလိမ့်မည်။

ဤသည်မှာ ချိဧကရာ်၏ ဦးနှောက်ဖြစ်သော်လည်း ဤအလင်းလုံးကြီးမှာ ဦးနှောက်အစစ်မဟုတ်ပေ။ ချိဧကရာဇ်သည် ရွှမ်ခုံးကမ္ဘာအဖြစ် ပြောင်းလဲသွားပြီဖြစ်သည့်အတွက် မတည်ရှိတော့လေရာ ဤအလင်းလုံးသည် စီးဆင်းနေသေးသော သူ၏အသိစိတ်အလျဉ်မှ အလင်းရောင်သာ ဖြစ်၏။

ဦးနှောက်ကို ဖွဲ့တည်ထားသော အလင်းရောင်တွင် အလွန်တောက်ပနေသည့်အရာ၊ အလွန်မှေးမှိန်သည့်နေရာများ ရှိသည်။ ချိဧကရာဇ် အသက်ရှိနေပြီး တွေးတောနေသကဲ့သို့ အလင်းတန်းများက စီးဆင်းပြောင်းလဲနေသည်။

“သိပ်သန်မာလိုက်တဲ့ ဖြစ်တည်မှုပါပဲ... ရုပ်နဲ့နာမ် ပျက်စီးသွားတာတောင် အသိစိတ်အလျဉ် တည်မြဲနေသေးတယ်”

ချိမင်နတ်ဘုရားသားတော်က ချိဧကရာဇ်၏ ဦးနှောက်အရှေ့သို့ သွားကာ ပြောသည်။ “မင်ဧကရာဇ် ချိဧကရာဇ်ကို ဂါဝရပြုခဲ့တုန်းက ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်တစ်မျှင်ကို လက်ခံရခဲ့တယ်... အဲဒါနဲ့ ငါတို့ ဆုတ်ခွာနိုင်မယ့် လမ်းကို ရှာတွေ့ခဲ့တယ်... ချိဧကရာဇ်က ငါတို့ကို ပုန်းဖို့အတွက်နဲ့ ဒီနေရာကို ရှာစေချင်ခဲ့တာ မဟုတ်လောက်ဘူး... အသိစိတ်အလျဉ်စွမ်းအားနဲ့ သူ့ဦးနှောက်ကို ရှာပြီး သူ့စိတ်ထဲက မှတ်ဉာဏ်တချို့ကို လက်ခံစေချင်ခဲ့တာ ဖြစ်လောက်တယ်”

ချင်မူ ဆွံ့အသွားသည်။ သူ စိတ်ထဲတွင် စုပ်သပ်လိုက်မိ၏။ ‘ဒီနတ်ဘုရားသားတော်က ကံကြမ္မာရဲ့ သားတော်အစစ် မဟုတ်ပေမယ့် ပြောင်းပြန်တွေးတတ်တယ်... သူ့အတွေးတွေက ငါနဲ့တောင် ခပ်ဆင်ဆင်ပဲ’

ချိမင်နတ်ဘုရားသားတော်က ခန့်မှန်းရခက်သော အမူအရာဖြင့် ချိဧကရာဇ်၏ ဦးနှောက်အား အသာအယာ ထိလိုက်သည်။ အသိစိတ်အလျဉ်အလင်းရောင်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး မျက်နှာပြင်ပေါ်ရှိ အလင်းရောင်များ မှိတ်မှိတ်တုတ်တုတ် လင်းလာ‌တော့သည်။

“သူက ငါ့ကို တစ်ခုခုပြောပြဖို့ ကြိုးစားခဲ့ပေမယ့် ငါ့မှာ တွေးခေါ်နိုင်စွမ်း မရှိခဲ့ဘူး... သူ့ဆီ မကြာခဏ လာပြီး အချက်အလက်တွေ သိရအောင် လုပ်ခဲ့ပေမယ့် တစ်ခါမှ သူ့ရဲ့လမ်းပြမှုကို မရခဲ့သေးဘူး”

ချိမင်နတ်ဘုရားသားတော်က သက်ပြင်းချသည်။ “နှစ်ယောက်လုံး လာပြီး စမ်းကြည့်ကြပါလား... ချိဧကရာဇ်ရဲ့ လမ်းပြမှုကို ရရင် ရလောက်တယ်”

ချင်မူ ချိဧကရာဇ်၏ ဦးနှောက်ကို ထိတော့မည့်အချိန် ပထမလူသားဧကရာဇ်က သူ့လက်ကို ရိုက်ချလိုက်သည်။ “သတိထား... ချိဧကရာဇ် မင်းကို ပူးကပ်သွားလိမ့်မယ်”

ချိမင်နတ်ဘုရားသားတော်က ပြောသည်။ “ချိဧကရာဇ်က ချိမင်ခေတ်ကို တည်ထောင်ခဲ့တဲ့ လူပါ... သူလိုလူက ဒီလိုအောက်တန်းကျတဲ့အရာကို လုပ်ပါ့မလား... သူ လုပ်ချင်ရင် ကျုပ်ကို ပူးကပ်ပြီးတာ ကြာလှပြီ... နှမြောစရာကောင်းတာက ကျုပ် သူ ပူးကပ်တာကို လိုလိုလားလား လက်ခံချင်ရင်တောင်မှ သူ့ဝိညာဉ်က ပြိုကွဲသွားပြီး ဒီရွှမ်ခုံးကမ္ဘာ ဖြစ်လာခဲ့ပြီလေ”

ချင်မူ အတန်ကြာ စဉ်းစားပြီးနောက် သူ့နဖူးပေါ်ရှိ ရွှေရောင်မိုးမခသစ်ရွက်ကို ခွာလိုက်သည်။ သူက ပြုံးလျက် လက်ဆန့်လိုက်သည်။ “တစ်ချက်လေး ထိတာလောက်နဲ့ မသေပါဘူး...”

ပထမလူသားဧကရာဇ် မျက်မှောင်ကြုတ်သွားသော်လည်း သူလည်း လက်ဆန့်တန်းလိုက်သည်။ သူတို့နှစ်ယောက်၏ လက်ဝါးနှစ်ဖက်လုံး ချိမင်ဧကရာဇ်၏ ဦးနှောက်အား တစ်ပြိုင်တည်း ထိသွား၏။

ဘုန်း ....

ကောင်းကင်နှင့်မြေပြင်ကို ပိုင်းခြမ်းပစ်နိုင်လောက်အောင် ကျယ်လောင်လှသည့် ပေါက်ကွဲသံများ သူတို့၏ဦးနှောက်ထဲ၌ ထွက်ပေါ်လာသည်။ ရှုပ်ထွေးသော ပုံရိပ်များ၊ အသံများက သူတို့စိတ်ထဲ၌ တရှိန်ထိုး စီးဆင်းလာပြီး အသံအားလုံးက လူတစ်ယောက်တည်းမှ လာပုံရသည်။ သို့သော် စကားသံတို့သည် တိုတိုပြတ်ပြတ် ရှိပြီး အရေအတွက်များပြား၏။ တခဏအတွင်း စကားသံထောင်နှင့်ချီ ထွက်ပေါ်လာသည်။

ပုံရိပ်များမှာလည်း ပုံဖော်မရလောက်အောင် ရှုပ်ထွေးနေ၏။ ပုံရိပ်ထောင်ပေါင်းများစွာသည် သူတို့၏မျက်နှာများကို ဖြတ်ကျော်သွားပြီး ကောင်းကင်နှင့်မြေပြင် ပြိုကျပျက်စီးသွားသော မြင်ကွင်းများကိုလည်း မြင်နေရသည်။ ချင်မူနှင့် ပထမလူသားဧကရာဇ်၏ မျက်လုံးအိမ်များမှာ စကြာလို လျင်မြန်စွာ လည်နေတော့သည်။ မျက်လုံးများကို သဲသဲကွဲကွဲပင် မမြင်ရတော့ပေ။

ထွမ်

ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားက တတိယမျက်လုံးအတွင်း၌ မျက်လုံးနောက်တစ်လုံး ‌ပေါ်လာ၏။ ထိုမျက်လုံးက ဟိုဟိုသည်သည် ကြည့်ကာ စပ်စုနေချေသည်။

ဤအခိုက်အတန့်တွင် ချင်မူ့တတိယမျက်လုံးထဲရှိ ‘ချင်’ မြေပြင်တွင် ဝဝဖိုင့်ဖိုင့် ကလေးကြီး ချင်ဖုန်းကျင့်သည် ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားအား တက်ထိုင်နေ၏။ သူက အတားအဆီးအစီအရင်ကို အတင်းတိုးပြီး မျက်လုံးတစ်လုံးဖြင့် အပြင်ချောင်းကြည့်နိုင်လိုက်၍ အပြင်အခြေအနေအား မြင်လိုက်ရသည်။ ကလေးကြီးသည် အလွန်စပ်စုနေပြီး ချင်မူ့တတိယမျက်လုံးဖြင့် ချိဧကရာဇ်၏ ဦးနှောက်ကို ကြည့်ကာ သွားရည်ကျနေ၏။

ထိုစဉ် ချိဧကရာဇ်၏ ဦးနှောက်မှ အချက်အလက်များက သူ့စိတ်ထဲ စီးဆင်းလာသည်။

“ဘာကောင် ငါ့ကို နှောင့်ယှက်တာလဲကွ”

ပြင်းထန်အားကောင်းသော အချက်အလက်အပိုင်းအစများက သူ့ကို ချုပ်နေသဖြင့် ကလေးကြီး အံ့အားသင့်နေသည်။

တစ်ချိန်တည်းမှာပင် ချင်မူ့အပေါ်ရှိ ဖိအားမှာ သိသိသာသာ လျော့ကျသွား၏။ ပထမလူသားဧကရာဇ်မှာတော့ ဒွါရပေါက်များမှာ သွေးတို့စီးကျနေပြီ ဖြစ်သည်။ သူက ဦးနှောက်ကို လွှတ်လိုက်ပြီး ဘုန်းခနဲ လဲကျကာ သတိလစ်သွားတော့သည်။

ချိမင်နတ်ဘုရားသားတော်က သက်ပြင်းချလိုက်သည်။ “မင်းလည်း ချိဧကရာဇ်ရဲ့ ဦးနှောက်ထဲက အချက်အလက်တွေကို မခံနိုင်ဘူးပဲ... မင်းရဲ့သိုင်းအဆင့်က ငါ့ထက် အနည်းငယ် နိမ့်ကျနေတော့လည်း ငါတောင် မခံနိုင်ရင် မင်းက ဘယ်ခံနိုင်ပါ့မလဲ”

သူက လက်မြှောက်လိုက်ပြီး လက်တွင် ထိုးဖောက်မြင်နေရသော အကြည်သား လက်အိတ်ရှိနေ၏။ သူ ချိဧကရာဇ်၏ ဦးနှောက်ကို ထိလိုက်စဉ်တုန်းက မည်သို့မျှ မဖြစ်သွားခြင်းမှာ ထိုလက်အိတ်ကြောင့် ဖြစ်ချေသည်။

“ပါမောက္ခချုပ်ချင်ကတော့....”

ချိမင်နတ်ဘုရားသားတော်၏အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ သူ၏မျက်လုံးသုံးလုံးက ချင်မူ့ကို ကြည့်နေ၏။ “သူက ဘယ်လိုလုပ် ဒီအချိန်အထိ ‌တောင့်ခံနိုင်ပြီး သတိမလစ်သေးတာလဲ... ဒါပေမဲ့ ပြဿနာ မရှိဘူး... မင်း ချိဧကရာဇ် ဦးနှောက်ရဲ့ အသိစိတ်အလျဉ်ချောက်နက်ထဲ ကျသွားပြီ... ဘယ်တော့မှ မနိုးလာနိုင်တော့ဘူး”

သူ လက်နှစ်ဖက်ကို အသာအယာ ပင့်မလိုက်သည့်အခါ မေ့နေသော ပထမလူသားဧကရာဇ် မြောက်တက်သွားသည်။ ထို့နောက် ချိမင်နတ်ဘုရားသားတော်သည် လှည့်ထွက်သွားပြီး ပထမလူသားဧကရာဇ်မှာ သူ့အနောက်မှ လွင့်မျောလိုက်ပါသွား၏။

“မင်းလိုလူတွေ ငါ မြင်ဖူးတယ်... မင်းလိုလူတစ်ယောက်က ငါ့ကို ဘယ်တော့မှ အညံ့ခံမှာမဟုတ်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်ရဲ့ ပြုပြင်ပြောင်းလဲမှု မအောင်မြင်ရင်တောင်မှ ငါနဲ့ မပူးပေါင်းဘဲ... မင်းသမီးယွိရှို့ကိုပဲ ထောက်ခံကူညီပေးလိမ့်မယ်”

သူက နန်းဆောင်ခန်းမထဲမှ အပြင်ထွက်၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။ “မင်း မသေပါဘူး... ဒါပေမဲ့ မင်းရဲ့ အသိစိတ်အလျဉ်က ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်နဲ့ ပေါင်းစည်းသွားပြီး သူ့ရဲ့ချောက်ထဲ ကျသွားလိမ့်မယ်... မင်း အပြင်ထွက်လာနိုင်ရင်လည်း ကမ္ဘာကြီးက မင်း မှတ်မိထားသလို မဟုတ်တော့ဘူး... လူတွေအားလုံး မင်းအတွက် သူစိမ်းဖြစ်လာလိမ့်မယ်... မင်းနဲ့ ရင်းနှီးတော့မှာမဟုတ်ဘူး...”

သူက လှေကားထစ်များအတိုင်း ဆင်းလိုက်၏။ ထိုအချိန်တွင် အထွတ်အမြတ်ခန်းမထဲမှ လေပြေတစ်ချက် စွေ့ခနဲ တိုက်သွားသည်။

ချိမင်နတ်ဘုရားသားတော် အံ့အားသင့်သွားပြီး ခန်းမတံခါးဆီသို့ လှည့်ကြည့်လိုက်၏။

ခန်းမမှာ ရုတ်တရက် မှေးမှိန်သွားပြီး ချင်မူ၏ အံ့ဩနေသောအသံအား အထဲမှ ကြားလိုက်ရသည်။ “အီး မလင်းတော့ဘူးဟ.... ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာတုန်း... ပထမဘိုးဘေးကြီး၊ နတ်ဘုရားသားတော်... ဘယ်ရောက်သွားကြတာလဲ... ဘယ်သူမှ မရှိပါလား... ဒါဆိုလည်း ပြေးတာပေါ့”

ချင်မူ သူခိုးတစ်ကောင်လို အထွတ်အမြတ်ခန်းမထဲမှ ကုပ်ချောင်းချောင်း ထွက်လာသည်ကို နတ်ဘုရားသားတော် မြင်လိုက်ရသည်။ သူ့ကိုမြင်လျှင် ပါမောက္ခချုပ်၏ ခိုးကြောင်ခိုးဝှက်ဟန်ပန်က တမုဟုတ်ချင်း ပျောက်ကွယ်သွား၏။

ချိမင်နတ်ဘုရားသားတော်၏ အမူအရာ ပြောင်းလဲသွားပြီး ပထမလူသားဧကရာဇ်ကို မြေကြီးပေါ် ပစ်ချလိုက်သည်။ သူ့ခန္ဓာကိုယ်သည် လှစ်ခနဲ ခန်းမထဲ ဝင်သွား၏။ ချိဧကရာဇ်၏ ဦးနှောက်ကို မြင်သည့်အခါ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မလှုပ်နိုင်တော့ပေ။

ချိဧကရာဇ်၏ ဦးနှောက်သည် အမှန်တကယ် ငြိမ်းသေသွားချေပြီ။

All Chapters