ဖရိုဖရဲ အချိန်နယ်မြေ၏ လျှို့ဝှက်ချက် အပိုင်း(၂)
Vol. 70 Ch. 967
ကျိဝူနှစ်ယောက်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးသည့်နောက်တွင် ဘယ်ဖက်တွင်ရှိနေသည့်သူက ပြောလာသည်။
“ငါတို့ဇာတ်ကြောင်းက ဖန်တလဲလဲထပ်နေတဲ့ ဇာတ်ကြောင်းပဲ။ အဲဒါက ရှေးဟောင်းခေတ်ကာလမှာ စတင်ခဲ့ပြီးတော့ စစ်ပွဲအပြီးသတ်ချိန်လောက်မှာပဲ”
ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် နားထောင်နေလိုက်၏။ သူက သတင်းအချက်အလက်များစွာ ရှိထားသော်လည်း ဗလာခေတ်ကာလအတွင်းရှိ သတင်းအချက်အလက် တချို့ကို မသိရပေ။
သို့သော် နှစ်ဦး၏ ဇာတ်ကြောင်းက သူ့အား မိုးမြေကြားမှ လျှို့ဝှက်ချက်များစွာကို သင်ယူဖို့ ခွင့်ပြုပေးထားသည်။
“လူသားဧကရာဇ်က ပထမဦးဆုံး ကံကြမ္မာတိုင်းပြည်ကို တည်ထောင်ခဲ့တယ်ဆိုတာကို ကြားဖူးတယ်မလား” ညာဖက်တွင် ရှိနေသည့် ကျိဝူက မေးလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“အဲဒီအချက်က တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်။ ငါတို့လူသားမျိုးနွယ်က ကံကောင်းမှုနဲ့ ကြမ္မာစွမ်းအားကို တွေ့ရှိခဲ့ကြတယ်လေ။ ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ သမိုင်းကြောင်းက တိုင်းပြည်တစ်ခုထဲအဖြစ် ပေါင်းစည်းဖို့ အတော်လေးကို ခက်ခဲတယ်”
အဖြူရောင်အခန်းက ပြောင်းလဲသွားပြီး ဝမ်ဝေ့က သူသည် လေဟာနယ်ထဲ သူ့ဘေးတွင် တခြားသူများ ထိုင်နေသည့် နေရာသို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသည်။ သူ့အောက်တွင် တိရစ္ဆာန်သားရေကို ဝတ်ဆင်ထားသည့် လူသားများ ရှိနေသည်။ အားလုံးက ရှေးကျသော်လည်း ဝမ်ဝေ့က ထိုသို့မထင်မိပေ။
ထိုတိရစ္ဆာန်သားရေများက ရှေးခေတ်အချိန်တွင် တည်ရှိခဲ့သည့် အားကောင်းသော သတ္တဝါများဆီမှ ဖြစ်သည့်အတွက် ယခုခေတ်ကာလနှင့် အဝတ်အစားပုံစံက ကွဲပြားနေသည်။
“ဂိုဏ်းတစ်ခုရဲ့ သဘောတရားက အဲဒီခေတ်ကာလတုန်းက အားနည်းတယ်။ အဲဒါကြောင့် လူအများစုက မျိုးနွယ်စုအနေနဲ့ အုပ်စုဖွဲ့နေထိုင်ကြတယ်”
ညာဖက်တွင် ရှိနေသည့် ကျိဝူက ဆက်ပြောလိုက်သည်။
“လူသားတွေက ကမ္ဘာအနှံ့ ပြန့်ကျဲနေပြီးတော့ မျိုးနွယ်စုအဖြစ်နေထိုင်တာက ရှင်သန်မှုနည်းလမ်းတစ်ခုပဲ။ မင်းရဲ့ ဘိုးဘေးက ကမ္ဘာဦးနတ်ဘုရားနည်းစနစ်ကို ဖန်တီးပြီးတဲ့နောက်မှာ သူက မျိုးနွယ်စုအသီးသီးဆီ တိတ်တဆိတ် ဖြန့်ဝေခဲ့တယ်။ တကယ်လို့ လူသားမျိုးနွယ်ကို ပြန်လည်စုစည်းပြီး ကံကြမ္မာတိုင်းပြည်ရဲ့ ပထမဆုံးအုပ်ချုပ်သူ ဖြစ်လာနိုင်ချေအရှိဆုံးလူကို ပြောရရင် မင်းရဲ့ ဘိုးဘေးပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ လူသားမျိုးနွယ်က အရမ်းကို အားနည်းလွန်းတော့ သိုသိုသိပ်သိပ် တိုးတက်မှုကို လိုအပ်ခဲ့တယ်။”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ အကယ်၍ ပင်ကိုနတ်ဆိုး နတ်ဘုရားများကသာ လူသားမျိုးနွယ်က အတူတကွ ပေါင်းစည်းပြီး အလားအလာကောင်းသည့် ကျင့်ကြံရေးနည်းစနစ်တစ်ခု ရှိထားကြောင်း သိသွားပါက စောစောစီးစီး သတိထားမိမည်ဖြစ်ကာ လူသားမျိုးနွယ်ကို အမြန်အဆန် သုတ်သင်ပစ်ကြလိမ့်မည်။
ထို့ကြောင့် သူက ဘိုးဘေး၏ ချဉ်းကပ်မှုကို သဘောတူ၏။ သို့သော် ထိုသို့ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်၏ ဆိုးကျိုးကိုလည်း သိထားသည်။
“ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က တာအိုကို သက်သေပြပြီးတဲ့နောက်မှာ သူက လူသားမျိုးနွယ်စုတွေကို အတူတကွ ပေါင်းစည်းနိုင်မဲ့ စွမ်းအား ရှိခဲ့တယ်။ ဒါပေမဲ့ သူက တခြားယွမ်ထီများစွာရဲ့ အကြည့်အောက်မှာ ရှိနေတာဆိုတော့ အားလုံးကို တစ်သားတည်းအဖြစ် မပေါင်းစည်းနိုင်ခဲ့ဘူး။ ပြီးတော့ သူက လူသားတွေအားလုံးက တစ်နေရာတည်းမှာ ပေါင်းစည်းနေရင် သုတ်သင်ခံရလိုက်တဲ့အခါ အန္တရာယ်များတယ်လို့ ခံစားမိတယ်လေ။ အားလုံး တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ”
“ဒါက ဉာဏ်ရှိတဲ့ အပြုအမူပဲ” ဘယ်ဖက်တွင် ရှိသည့် ကျိဝူက ဆက်ပြောလိုက်သည်။
“လူသားမျိုးနွယ်ရဲ့ ဘိုးဘေးခန်းမက အကြိမ်များစွာ တိုက်ခိုက်ခံရတယ်။ တစ်ခါတစ်လေ ပျက်သုန်းလုနီးပါး အခြေအနေအထိကို ဖြစ်ပျက်သွားခဲ့တယ်။ တကယ်လို့ အကြီးအကဲတွေကသာ ပြင်ပမျိုးနွယ်စုတွေကို နောက်ခံအဖြစ် ထားမထားရင် ငါတို့တွေ စစ်ပွဲရှုံးတာ ကြာလောက်ပြီ”
နှစ်ဦးသားက ပြိုင်တူ သက်ပြင်းချလိုက်သည်။ သူတို့က ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေသည့်အတွက် ထူးခြားလှသည်။
“မျိုးနွယ်စု စနစ်ပုံစံက လူသားမျိုးနွယ် ရှင်သန်မှုအတွက် လိုအပ်ခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာခင် ဆိုးကျိုး ရှိလာတာပဲ။ ငါတို့မျိုးနွယ်က ပင်ကိုနတ်ဆိုးနတ်ဘုရားတွေနဲ့ လက်ရည်တူ ယှဉ်လာနိုင်ပြီးတော့ အားကောင်းတဲ့စနစ်ကို ဖန်တီးနိုင်တဲ့အခါမှာ မျိုးနွယ်စု အသီးသီးရဲ့ ခေါင်းဆောင်တွေက အားကောင်းပြီးတော့ သူတို့ရဲ့အာဏာကို လက်မလျှော့ချင်ကြဘူး။
ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်က အုပ်ချုပ်သူအသစ်ဖြစ်လာဖို့ အာဏာနဲ့ စွမ်းအား ရှိတယ်။ ဒါပေမဲ့ လူတချို့က သူ့ကို ဆန့်ကျင်နေတုန်းပဲ။ နောက်ဆုံးတော့ သူက ဒါက လူသားမျိုးနွယ်ရဲ့ ကြားမှာ ပဋိပက္ခ ဖြစ်သွားနိုင်တယ်ဆိုတာကို ခန့်မှန်းမိတော့ မျိုးနွယ်စုခေါင်းဆောင် အသီးသီးပါဝင်တဲ့ ခုံရုံးကို တည်ထောင်ခဲ့တယ်”
ဝမ်ဝေ့က ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်၏ ဆုံးဖြတ်ချက်အကြောင်း များများစားစား မသိရသော်လည်း လူသားမျိုးနွယ်၏ ခုံရုံးကိုမူ သိထားလေသည်။
“အဲဒါက ငါတို့ဇာတ်ကြောင်း စခဲ့တဲ့နေရာပဲ” ညာဖက်တွင်ရှိနေသည့် ကျိဝူက ဆက်ပြောလိုက်သည်။
“ငါတို့ ကျိမျိုးနွယ်က အဲဒီခေတ်ကာလတုန်းက အားအကောင်းဆုံး မျိုးနွယ်စုထဲက တစ်ခုပဲ။ ငါက အချိန်တာအိုလိုမျိုး အားကောင်းတဲ့ တာအိုနဲ့ တာအို သက်သေပြပြီးတဲ့နောက်မှာ ငါတို့စွမ်းအားက မြင့်မားတဲ့အဆင့် တစ်ခုအထိ ရောက်ရှိလာခဲ့တယ်”
နှစ်ဦးသားက သက်ပြင်းချကာ “နှမြောစရာကောင်းတာက အဲဒါက ငါတို့ရဲ့ ကံဆိုးမှု စတင်ခဲ့တဲ့နေရာပဲ”
နှစ်ဦးသားက စက္ကန့်ပိုင်းမျှ ဘာမှမပြောဘဲ ဝမ်ဝေ့ကလည်း တိတ်ဆိတ်နေသည်။
“အချိန်အုပ်စိုးသူ” ဘယ်ဖက်တွင်ရှိနေသည့် ကျိဝူက ရေရွတ်လိုက်သည်။
“နာမည်အတိုင်း အချိန်တာအိုလွှမ်းမိုးမှုကို ကိုယ်စားပြုနေတာ။ ဒါပေမဲ့ ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်တစ်ခု ရှိတယ်။ မင်း ခန့်မှန်းနိုင်လား”
“အုပ်စိုးသူဆိုတာက အုပ်ချုပ်လိုတဲ့ ရည်ရွယ်ချက်ကို ညွှန်ပြနေတာပဲ” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“အတိအကျပဲ။ ငါတို့က လူသားမျိုးနွယ်ကို ပထမဦးဆုံး စုစည်းပြီးတော့ မဟာကျိတိုင်းပြည်အဖြစ် စုစည်းချင်ခဲ့တာ”
ဘယ်ဖက်တွင်ရှိနေသည့် ကျိဝူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ ရှေးခေတ်အချိန်က ပုံရိပ်များကိုပင် တုန်ခါပြီး အက်ကွဲလာစေသည်။
ကံကောင်းစွာဖြင့် တခြားတစ်ယောက်က ကျိဝူ၏ ပုခုံးကို ပုတ်ကာ တည်ငြိမ်အောင် ထိန်းလိုက်သည်။
“ငါတို့တွေကလည်း ရည်မှန်းချက်အတိုင်း လှုပ်ရှားခဲ့ကြတယ်။ မျိုးနွယ်စုများစွာကို ဖျောင်းဖျပြီးတော့ ငါတို့ရဲ့ အတွေးအခေါ်တွေကို ဖြန့်ဝေခဲ့တယ်”
ညာဖက်တွင်ရှိသည့် ကျိဝူက သက်ပြင်းချလိုက်သည်။
“အရှင်းဆုံးပြောရရင် ငါတို့ရဲ့ အောင်မြင်နိုင်ချေက အတော်လေးကို နည်းပါးတယ်။ ဒါပေမဲ့ ငါတို့က ပြိုင်ဘက်ကင်း ပါရမီရှိတဲ့ ကျိစုယင်လို့ ခေါ်လို့ ငါ့ဇနီးလောင်းနဲ့ တွေ့ခဲ့တယ်လေ”
သူက ထိုစကားများကို ပြောသည့်အခါ မြင်ကွင်းက ထပ်မံ ပြောင်းလဲသွားသည်။
ဝမ်ဝေ့က ကျိဝူ ပြောနေသည့် မိန်းမလှလေးက အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး သူမ၏ ပုခုံးအထက် အဖြူရောင်မြေခွေးသားမွေး တင်ထားပြီး နဖူးအထက်တွင် အနီရောင်အမှတ်အသား တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမက ကျိဝူအား စီမံခန့်ခွဲရေးကိစ္စများတွင် အကြံဉာဏ်ပေးခဲ့၏။
“သူမက အဲဒီခေတ်ကာလတုန်းက တကယ့်ကို နည်းဗျူဟာကောင်းတဲ့သူပဲ” ကျိဝူက ပြောလိုက်သည်။
“သူမရဲ့ လမ်းညွှန်မှုအောက်မှာ ငါ့ရဲ့ ဗလာကျင်းပြီးတော့ လက်တွေ့မဆန်တဲ့ အိပ်မက်က တဖြည်းဖြည်းနဲ့ အကောင်အထည် ပေါ်လာခဲ့တယ်”
ကျိဝူ နှစ်ယောက်လုံးက သူမကို ချစ်မြတ်နိုးမှု၊ အလိုလိုက်မှုနှင့် နောင်တတို့ဖြင့် ကြည့်လိုက်သည်။
“အဲဒီနေ့မတိုင်ခင်အထိ အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့တာ။ အရှင် ဘာဖြစ်သွားတယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်လား”
“ခင်ဗျားရဲ့ အပြုအမူက ကျုပ်ဘိုးဘေးတွေ ကြောက်ရတဲ့အရာ ဖြစ်နေမှာပဲ။ အဲဒါဆိုတော့ လူသားခုံရုံးက ခင်ဗျားနဲ့ ခင်ဗျားမျိုးနွယ်ကို တိုက်ခိုက်ပြီးတော့ သတ်ဖြတ်ပစ်ခဲ့လောက်တယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
နှစ်ဦးသားက ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ဘယ်ဘက်မှ ကျိဝူက ပြောလာခဲ့သည်။
“မျိုးနွယ်ဝင် ၁၅.၃ ဘီလီယမ် သေဆုံးသွားပြီးတော့ သူမ အပါအဝင် ဘယ်သူမှ အသက်မရှင်ခဲ့ဘူး”
“ငါတို့ အိပ်မက်မက်ပြီး မျှော်လင့်ခဲ့သမျှ အရာအားလုံးကလည်း အဲဒီအခိုက်အတန့်မှာ ပျက်စီးသွားခဲ့တယ်” နောက်တစ်ယောက်က ဆက်ပြောလိုက်သည်။
“အဲဒါဆိုတော့ နောက်ထပ် ဘာဆက်ဖြစ်တာလဲ။ ခင်ဗျားတို့ဆီက ခုံရုံးနဲ့ လူသားမျိုးနွယ်အပေါ်မှာ အမုန်းတရားမျိုးကို မခံစားမိဘူး” ဝမ်ဝေ့က မေးလိုက်သည်။
“ဒီလောက်နှစ်တွေကြာပြီးတဲ့နောက်မှာ အဲဒါက အကောင်းဆုံး ရွေးချယ်မှုဆိုတာကို သဘောပေါက်လာခဲ့တယ်လေ။ မဟုတ်ရင် လူသားမျိုးနွယ်က ပြည်တွင်းစစ်ပွဲ ဖြစ်လာလိမ့်မယ်။ နောက်ဆုံးအနိုင်ရရှိတဲ့သူ ဖြစ်လာတယ်ဆိုရင်တောင် ပင်ကိုနတ်ဆိုးနတ်ဘုရားတွေဆီက တိုက်ခိုက်မှုကို တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး” ညာဖက်တွင်ရှိသည့် ကျိဝူက ရှင်းပြလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ ကျိဝူက အမှန်အတိုင်းပြောကြောင်း ခံစားမိသော်လည်း တခြားတစ်ယောက်ကမူ ဖုံးကွယ်ထားသည့် အငြိုးတရားတချို့ ရှိနေသေးဟန်ပေါ်သည်။
“ငါက စစ်ပွဲမှာ အသက်ရှင်ခဲ့တယ်” ညာဖက်တွင် ရှိသည့် ကျိဝူက ပြောလိုက်သည်။
“သူမရဲ့ စတေးမှုနဲ့ ရှင်သန်ခဲ့တာ။ ဒါပေမဲ့ အဲဒီအစား အသက် မရှင်ဖို့ မျှော်လင့်မိတယ်”
သူမ မရှိဘဲ နေထိုင်ရခြင်းက အကြီးမားဆုံး ကံဝဋ်ကြွေး ဖြစ်၏။ သူက သူမ၏ သေဆုံးမှုကို ဖြစ်စေခဲ့သည့် အချက်ကို ကိုင်စွဲလျက် နေထိုင်ခဲ့ရသည်။
“ ငါ အသက်ရှင်ခဲ့ပြီးတဲ့နောက်မှာ ရည်ရွယ်ချက်တစ်ခုတည်းအတွက် နေထိုင်ခဲ့တာ။ အဲဒီနေ့ရက်မှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်ပြင်ဆင်ဖို့ပဲ”
ဝမ်ဝေ့က ကျိဝူ ရင်ဆိုင်နေသည့် မဖြစ်နိုင်ဖွယ် တာဝန်ကို သိကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ အချိန်တာအိုကို ထိန်းချုပ်ထားသည့် ထာဝရဧကရာဇ် တစ်ယောက်အနေဖြင့်ပင် သေလူများကို အသက်ပြန်သွင်းဖို့ လွယ်ကူသင့်ပေသည်။
သို့သော် ထိုအရာက အမှန်တရားနှင့် ဝေးကွာနေ၏။ တိုက်ခိုက်ခံခဲ့ရသည့်လူများက မဟာဧကရာဇ်များနှင့် ထာဝရဧကရာဇ်များကြောင့် ဖြစ်သည့်အတွက် ကျိမျိုးနွယ်ရှိ လူအားလုံး၏ တည်ရှိမှုက ပယ်ဖျက်ခံထားရပြီးသား ဖြစ်သည်။
“နှစ်များစွာ လေ့လာပြီး စမ်းသပ်မှုတွေအပြီးမှာ ကံကောင်းတာနဲ့ ငါ နောက်ဆုံးတော့ အောင်မြင်လာခဲ့တယ်။ ဘယ်လိုအောင်မြင်ခဲ့လဲဆိုတာ မှန်းဆနိုင်လား” ညာဖက်တွင် ရှိသည့် ကျိဝူက မေးလာသည်။
“ခင်ဗျားက အချိန်မြစ်ကြောင်းကနေ ခင်ဗျားတို့မျိုးနွယ်ဝင်တွေနဲ့ သူမ အသက်ရှင်နေသေးတဲ့အချိန်ကို ခွဲထုတ်ခဲ့တာပဲ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“ခင်ဗျားရဲ့ တခြားပုံရိပ်က အဲဒီခေတ်ကာလတုန်းက လူ … ခင်ဗျားကတော့ တကယ့်ကျိဝူ”
“မှန်တယ်” ညာဖက်တွင် ရှိနေသည့် ကျိဝူက ပြောလိုက်သည်။
ဝမ်ဝေ့က ကောင်းကင်မှတ်တမ်းစာအုပ်ကို ယူလိုက်ကာ “ခင်ဗျားက ဒီစာအုပ်ကို ဖန်တီးခဲ့တာက သမိုင်းကြောင်းဖြစ်ရပ်တွေကို မှတ်တမ်းတင်ဖို့ မဟုတ်ပဲနဲ့ သမိုင်းကြောင်း သဘောတရားကို သုံးပြီးတော့ အချိန်စွမ်းအားကို စုဆောင်းချင်လို့ပဲ”
“ဟုတ်တယ်” ကျိဝူနှစ်ယောက်လုံးက အသိအမှတ်ပြုလေသည်။
“ခင်ဗျားတို့က အချိန်ခွဲခြားတာ ဘယ်လိုမျိုး အောင်မြင်သွားတာလဲ” ဝမ်ဝေ့က သိချင်နေမှုအား ဖုံးကွယ်ထားခြင်း မရှိဘဲ မေးလိုက်သည်။
သဘောတရားအရ မဟာဧကရာဇ်များသည် အချိန် သဘောတရားကို ကျော်လွန်နေသည့်အတွက် အချိန်တာအိုကို ဖြတ်သန်း၍ အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျိဝူက ကောင်းကင်ဘုံအဆင့် သို့မဟုတ် စံပြအဆင့် ဖြစ်မလာသရွေ့ ထိုအရာက မဖြစ်နိုင်ပေ။
ဝမ်ဝေ့က လှည့်ဖျားရေးစစ်ဆေးမှုအတွင်း ခေါင်းဆောင်းပုံရိပ်နှင့် မဟာဧကရာဇ်များဆီမှ တိုက်ခိုက်ခံရပြီးသည့်နောက်တွင် သိပ္ပံနှင့် နည်းပညာကမ္ဘာမှ သေလူများအား အသက်ပြန်သွင်းဖို့ ကြိုးစားခဲ့စဉ်အခါက တူညီသည့် အတွေ့အကြုံမျိုး ရှိခဲ့သည်။
“စစ်ပွဲဆုံးခါနီးမှာ အချိန်မြစ်ကြောင်းက ဖရိုဖရဲ ဖြစ်နေတော့ အဲဒီအခွင့်အရေးကို ရယူပြီးတော့ အောင်မြင်ခဲ့တာ”
ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားကြည့်လိုက်သည်။ ပုံမှန်အားဖြင့် ဒိုင်မေးရှင်းအနိမ့်ရှိ ပင်မဖြစ်ရပ်များက ဒိုင်မေးရှင်းအမြင့်ဖြင့် တစ်ခုမဟုတ်တစ်ခု ဆက်နွယ်နေသည့်အတွက် ပင်ကို - ဟော်သဲ့စစ်ပွဲသည်လည်း အတူတူသာ ဖြစ်သင့်သည်။
အဲဒါဆိုတော့ အချိန်မြစ်ကြောင်း ဖရိုဖရဲဖြစ်တာက တစ်စုံတစ်ခုဖြစ်ပျက်သွားလို့ပဲ ဖြစ်ရမယ်..
ကံဆိုးစွာဖြင့် သူက ထိုအရာကို မသိပေ။
“ခင်ဗျားရဲ့ အစီအစဉ်က ရူးသွပ်တာပဲ” ဝမ်ဝေ့က ကျိဝူ လုပ်ချင်သည့်အရာကို ခန့်မှန်းမိကာ ဆက်ပြောလိုက်သည်။
အချိန်ကို ပိုင်းခြားခြင်းက ပထမအဆင့်မျှသာ ဖြစ်၏။ ထိုအချိန်အုပ်စိုးသူက အတိတ်ကို ပြောင်းလဲပြီး ထိုသေလူများအား ကယ်တင်လိုသည်။ မဟုတ်ပါက သူတို့သည် ထိုအခိုက်အတန့်တွင် ပိတ်မိနေမည်ဖြစ်ကာ ဖရိုဖရဲအချိန်နယ်မြေမှ ထွက်သွားနိုင်မည် မဟုတ်ပေ။
“ဖရိုဖရဲအချိန်စွမ်းအားကို စုဆောင်းရတာက အချိန်မြစ်ကြောင်းမှာ ဒုတိယအကြိမ် ဖရိုဖရဲဖြစ်မှုကို ဖန်တီးဖို့ပဲ။ အဲ့လိုဆိုတော့ အသင်္ချေအင်ပါယာကမ္ဘာရဲ့ သမိုင်းကြောင်းနဲ့ အတိတ်ကို ပြန်လည်ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတစ်ခု ရလာပြီးတော့ ကျိမျိုးနွယ်ကို ကယ်တင်နိုင်လောက်တယ်”
“အရှင်ရော ဘယ်လိုထင်လဲ။ ကျုပ်တို့ အစီအစဉ်က အောင်မြင်နိုင်လား”
“ခင်ဗျားလည်း အဖြေကို သိပြီးသားဖြစ်မှာပါ” ဝမ်ဝေ့က ပြောလိုက်သည်။ အထူးသဖြင့် အချိန်တာအိုကို ထိန်းချုပ်ထားသည့် မဟာဧကရာဇ်များက အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ပြောင်းလဲနိုင်သင့်သည်။ ကံဆိုးစွာဖြင့် ဤကမ္ဘာက တင်းကြပ်သည့် စည်းမျဉ်းများနှင့် ဥပဒေသများရှိသည့် အဆင့်မြင့်ကမ္ဘာ ဖြစ်နေလေသည်။
နှမြောစရာကောင်းလှသည်က ထိုစည်းမျဉ်းများအရ အတိတ်ကို ပြောင်းလဲနိုင်သည့် စံပြများပင် သေးငယ်သည့် ဖြစ်ရပ်များဖြင့် ကန့်သတ်ခံထားရသည်။
“ငါတို့ရဲ့ စွမ်းဆောင်ရည် လိုအပ်နေမှုကို နားလည်ပါတယ်” ဘယ်ဖက်တွင်ရှိသည့် ကျိဝူက ပြောလိုက်သည်။
“အရှင့်ဆီမှာ နောက်ထပ် နည်းလမ်းတစ်ခု ရှိမယ်လို့ ထင်တယ်”
“အင်း အစီအစဉ်တစ်ခုတော့ ရှိတယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ဒါပေမဲ့ ကျုပ်က ဘာလို့ကူညီပေးရမှာလဲ။ ကျုပ်က ဒီအခြေအနေကနေ ဘာပြန်ရမှာလဲ”