တခြားကိုယ်
Vol. 70 Ch. 968
ကျိဝူနှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် အချင်းချင်း ကြည့်လိုက်ကြသည်။ ဘယ်ဖက်တွင် ရှိနေသည့် ကျိဝူက စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။ နှစ်များစွာ ကြာမြင့်ပြီး ညပေါင်းများစွာ စိတ်ပျက်လက်ပျက်ဖြင့် ကုန်ဆုံးပြီးသည့်နောက်တွင် မျှော်လင့်ချက်ကို မြင်တွေ့ရပြီ ဖြစ်၏။
ထိုစဉ် ညာဖက်တွင် ရှိနေသည့် ကျိဝူက အံ့အားသင့်နေသည်။ ဤနှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် သူက အဖြစ်အပျက်ကို လက်ခံနိုင်လုနီးပါး ဖြစ်လာခဲ့သည်။ အကယ်၍ သူ့တခြားကိုယ်၏ စွဲလမ်းမှုကြောင့်သာ မဟုတ်လျှင် သူက ဤနေရာမှထွက်သွားသည်မှာ ကြာမြင့်လောက်ပြီ ဖြစ်၏။
သို့သော် ယခုအခါ အခွင့်အရေး ရလာပြီဖြစ်သည့်အတွက် ယူဆောင်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ သူက သူမကို ထပ်မံ မြင်တွေ့လို၏။ သူတို့က ဝမ်ဝေ့ကို ကြည့်ကာ ပြောလိုက်သည်။
“အရှင်က ဘာအစီအစဉ်များ ရှိတာလဲ”
သူတို့က အပေးအယူ လုပ်ဖို့ရာ အနည်းငယ်သာ ရှိသော်လည်း ကောင်းကင်ဧကရာဇ်က တောင်းဆိုလာပြီဖြစ်သည့်အတွက် သူ့ဆီတွင် သူတို့လိုချင်သည့်အရာ ရှိနေလိမ့်မည်။ ထိုစဉ် သူတို့က ထိုအခွင့်အရေးအတွက် သူတို့အသက်ကို စတေးဖို့အထိ လိုလားကြ၏။
“ကျုပ်က ပစ္စည်းနှစ်ခု လိုချင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ပထမဦးဆုံး အချိန်တာအိုအပေါ် ခင်ဗျားတို့ရဲ့ နားလည်နိုင်စွမ်းတွေကို တာအိုမျိုးစေ့ထဲမှာ စုစည်းပြီးတော့ ပြုစုပျိုးထောင်ပေးစေချင်တယ်။ ပြီးတော့ ဖရိုဖရဲအချိန်မြစ်ကြောင်းထဲကို တွေ့ကြုံခဲ့ရတဲ့ မှတ်ဉာဏ်တွေနဲ့ အချိန်ကို ဘယ်လိုပိုင်းခြားထားတယ်ဆိုတာကိုလည်း သိချင်တယ်”
ဤအချိန်အုပ်စိုးသူက အချိန်တာအိုကို သူ့ထက် နားလည်နိုင်စွမ်း ပိုမိုမြင့်မားသည့်အတွက် သူက ထိုသူ၏ နားလည်နိုင်စွမ်းကို ရယူချင်မိသည်။ သူက ထိုအရာကို လေ့လာသရွေ့ သူ့ကံကြမ္မာတာအိုက တိုးတက်လာလိမ့်မည်။ ထို့အပြင် အချိန်မြစ်ကြောင်းက ဖရိုဖရဲဖြစ်နေသည်ကို ကြည့်ရှုရသည်က ထူးကဲသည့် အတွေ့အကြုံတစ်ခု ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က ထိုအရာမှ သင်ယူချင်မိသည်။
“အဲဒါက လုပ်ဖို့ လွယ်ပါတယ်” ညာဖက်တွင် ရှိနေသည့် ကျိဝူက လက်ကိုဝှေ့ကာ တာအိုစည်းချက်များဖြင့် တောက်ပနေသည့် အစိမ်းရောင် သလင်းကျောက်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
“ကောင်းပြီ” ဝမ်ဝေ့က တာအိုမျိုးစေ့ကို လက်ထဲတွင် ကိုင်ထားလိုက်ပြီး အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ကာ ထိုသလင်းကျောက်ထဲမှ အချိန်တာအိုအပေါ် နားလည်ဖို့ရာကား မဟာတာအိုအရင်းအမြစ်မှ တိုက်ရိုက်လုပ်ဆောင်ခြင်းထက် ပိုမိုလွယ်ကူကြောင်း ခံစားမိ၏။
“ဒုတိယတစ်ခုက ကောင်းကင်မှတ်တမ်း စာအုပ်ကို လိုချင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“အတိအကျပြောရရင် အသင်္ချေအင်ပါယာကမ္ဘာရဲ့ သမိုင်းမှတ်တမ်း တင်ထားသူနဲ့ ပတ်သက်တဲ့ ကြမ္မာကို လိုချင်တာ”
ချီယွမ်က ရှေးဟောင်းဧကရာဇ်ခေတ်ကာလကို ဖွင့်လှစ်ခဲ့ပြီး တာအိုအခွင့်အလမ်းဂိုဏ်းက ဗလာခေတ်ကာလအပြီးတွင် ပထမဦးဆုံး ဧကရာဇ်မျိုးနွယ် ဖြစ်ခဲ့သည်။ ထို့ကြောင့် သမိုင်းကြောင်း စောင့်ရှောက်သူ သို့မဟုတ် စောင့်ကြည့်သူက ဂိုဏ်းနှင့် အင်မတန် သင့်တော်လှသည်။ ထို့ကြောင့် ဝမ်ဝေ့က ဂိုဏ်း၏ ကြမ္မာနှင့် ကံကောင်းမှုကို တိုးမြှင့်နိုင်သည့် အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။ အထူးသဖြင့် သူတို့က ဤသို့ထူးကဲသည့် ကြမ္မာမျိုး ရှိနေလေ၏။
ဝမ်ဝေ့က အနာဂတ်အတွက် သို့မဟုတ် အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရသည်ကို သဘောကျ၏။ သူက သူ့အချိန်နှင့် ကံကြမ္မာတာအိုတို့ဖြင့် နောက်မျိုးဆက်များစွာကို ခန့်မှန်းကြည့်၍ ရသည်။
ထို့ကြောင့် သူ့ကောင်းကင်ဧကရာဇ်ခေတ်ကာလသည် ထာဝရတည်ရှိမည် မဟုတ်ဘဲ တဖြည်းဖြည်း ပျက်သုဉ်းသွားမည်သာ ဖြစ်ကြောင်း သိထား၏။ ဤသို့သော အခြေအနေမျိုးက တာအိုအခွင့်အလမ်းဂိုဏ်းအတွက် အန္တရာယ်အကြီးဆုံး အချိန် ဖြစ်လာလိမ့်မည်။ ထိုခေတ်ကာလပြိုလဲသွားခြင်းက အစစ်အမှန် ကောင်းကင်တာအိုအနေဖြင့် မျှခြေညီစက်ယန္တရားကို အသုံးပြုကာ တာအိုအခွင့်အလမ်းဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ ပြီးပြည့်စုံသည့် အခွင့်အခါကောင်းတစ်ခု ဖြစ်၏။
ဝမ်ဝေ့က သူသည် ထိုအချိန်မှ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ရောက်ရှိနေမလား မသိသေးပေ။ ထို့ကြောင့် သူ့အနေဖြင့် ဖြည်းဖြည်းချင်း ပြင်ဆင်ထားဖို့ လိုအပ်၏။ အကောင်းဆုံးအနေအထားက သူတို့ကို ကာကွယ်ပေးနိုင်မည့် ထူးကဲသော ကြမ္မာကို ဂိုဏ်းထံ ချီးမြှင့်ပေးခြင်းဖြစ်သည်။
ပင်ကို ပတ်ဝန်းကျင်၊ ကောင်းကင်ခုံရုံး၊ အိပ်မက်လောက၊ သေမျိုးအဖွဲ့အစည်း၊ ကျင့်ကြံရေးစနစ်အသစ်၊ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေရဲ့ ပြန်လည်ရှင်သန်ထမြောက်လာမှုနှင့် ယခုသမိုင်းကြောင်း စောင့်ကြည့်သူ ကြမ္မာအားလုံးဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းအတွက် ကာကွယ်ရေးအလွှာ တစ်ထပ် ရှိလာလိမ့်မည်။
“မင်းရဲ့ အစီအစဉ်ကသာ ငါတို့ကို ကူညီပေးနိုင်တယ်ဆိုရင် အဲဒါကို ပြဿနာ မရှိဘူး” ဘယ်ဖက်တွင်ရှိသည့် ကျိဝူက ပြောလိုက်သည်။
“ကောင်းပါပြီ” ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်၏။
“ကျုပ်တို့ အချိန်စက်ဝန်းမှာ အတိတ်ကို ပြောင်းလဲတာက မဖြစ်နိုင်ဘူး။ အဲဒါဆိုတော့ တခြားအပြိုင်စကြဝဠာဆီ သွားပြီးတော့ အဲဒီနေရာက ကိစ္စတွေကို ပြောင်းလဲရမယ်”
“အပြိုင်အချိန်စက်ဝန်းလား” ညာဖက်တွင် ရှိသည့် ကျိဝူက ရေရွတ်လိုက်သည်။
ဤသည်က ထိုစကားများကို ကြားဖူးသည့် ပထမဦးဆုံးအကြိမ် ဖြစ်သော်လည်း သူ့အချိန်တာအိုဖြင့် ထိုအဓိပ္ပာယ်ကို နားလည်ဖို့ အချိန်ခေတ္တမျှသာ လိုအပ်ပေသည်။ ကြမ္မာတိုင်း၊ ရွေးချယ်မှုတိုင်းက ကိစ္စများ ကွဲပြားသည့် စကြဝဠာတစ်ခုကို ဦးတည်နေလေ့ရှိသည်။
“ငါတို့တွေက ကျိမျိုးနွယ်ကို ကယ်တင်နိုင်မဲ့ အချိန်စက်ဝန်းကို ရှာတွေ့နိုင်မယ်ဆိုရင် သူတို့ကို အသက်ပြန်သွင်းဖို့က ဖြစ်နိုင်တယ်”
“ဒါပေမဲ့ အဲဒီလူတွေက ငါတို့လူတွေ ဟုတ်ပါ့မလား” ဘယ်ဖက်တွင်ရှိနေသည့် ကျိဝူက ပြောလိုက်သည်။ တခြားအချိန်စက်ဝန်းတွင် ရှိသည့်သူများက သူ့လူများနှင့်အတူတူ ဖြစ်နေသော်လည်း အနည်းငယ် ကွဲပြားမှုရှိနေသေး၏။ သူ့တစ်စိတ်တစ်ပိုင်းက ထိုအချက်ကို လက်မခံနိုင်ပေ။
“အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုဘူး။ ခင်ဗျားတို လုပ်ရမှာက ခင်ဗျားတို့ ခွဲထုတ်ထားတဲ့ အချိန်ကို အဲဒီအချိန်စက်ဝန်းအသစ်နဲ့ ပေါင်းစည်းပြီးတော့ အဲဒီလူတွေကို ခင်ဗျားတို့လူနဲ့ အစားထိုးလို့ရတယ်” ဝမ်ဝေ့က သူတို့၏ တုံ့ဆိုင်းနေမှုကို မျှော်လင့်ထားပြီးသား ဖြစ်၏။
ဘယ်ဖက်တွင် ရှိနေသည့် ကျိဝူက ထိုအရာကို ကြားကာ အကြည့်များ တောက်ပလာသည်။
“ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကောင်းပဲ”
“ကောင်းပြီ။ အချိန်မဖြုန်းနဲ့တော့” ညာဖက်တွင်ရှိနေသည့် ကျိဝူက ပြောလိုက်သည်။
“နောက်တစ်ဆင့်က ဘာလဲ”
“ကျုပ်က ဒီနေရာက ဖရိုဖရဲအချိန်စွမ်းအားကို သုံးပြီးတော့ အချိန်မြစ်ကြောင်းထဲက လမ်းကြောင်းတစ်ခုကို ဖွင့်ပေးမယ်။ အဲဒီအခွင့်ကောင်းကို ယူပြီးတော့ ဒီအချိန်စက်ဝန်းကနေ ထွက်သွားလိုက်” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“ခင်ဗျားတို့တွေက အခွင့်အရေးတစ်ခေါက်ပဲ ရမှာဆိုတော့ ဖြုန်းတီးမပစ်နဲ့”
“ငါတို့ နားလည်ပါပြီ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။
သူက ဧကရာဇ်အသုံးအဆောင်ပစ္စည်းကို အသက်သွင်းလိုက်ပြီး သလင်းကျောက်အဖြစ် ပြောင်းလဲကာ နဖူးအဖြစ် ပေါင်းစည်းလိုက်သည်။ ထို့နောက် သူက မဟာတာအိုအားဖြည့်မှုအားလုံးကို အသက်သွင်းပြီး သူ့စွမ်းအားက မဟာတာအိုအရင်းအမြစ် ၆၉.၉ ရာခိုင်နှုန်း ထိပ်သီးသို့ ရောက်ရှိသွားလေသည်။
နောက်ဆုံးတွင် ဝမ်ဝေ့၏ နောက်ကွယ်၌ ပုံရိပ် ၃၆၅ခု ပေါ်ထွက်လာပြီး အချိန်စွမ်းအားများဖြင့် တောက်ပနေသည်။
သူ့အနာဂတ်ဗုဒ္ဓကိုယ်များက လှည့်ပတ်ကာ ဤဖရိုဖရဲအချိန်စွမ်းအား အမြောက်အများကို ထိန်းချုပ်နေကြသည်။
ဘန်း
အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးက တုန်ယင်သွားပြီး ကောင်းကင်အထက် ခမ်းနားဝင့်ထည်ဖွယ် မြစ်ကြောင်းတစ်စင်း ပေါ်ထွက်လာသည်။ သက်ရှိအားလုံးက ထိုမြစ်ကြောင်းကို ကြည့်ကာ သူတို့၏ မွေးဖွားမှု၊ ငယ်ရွယ်မှု၊ အသက်ကြီးရင့်လာမှုနှင့် သေဆုံမှုတို့ကို မြင်တွေ့လိုက်ရသည်။ ထိုအချက်က ကျင့်ကြံသူများနှင့် အင်မော်တယ်အဆင့် ပုဂ္ဂိုလ်များလည်း အပါအဝင် ဖြစ်၏။
အချိန်မြစ်ကြောင်း
ထိုစကားက သက်ရှိအားလုံး၏ စိတ်ထဲတွင် ပေါ်ထွက်လာပြီး အသိဉာဏ် မဖွံဖြိုးသေးသည့် ကလေးများပင် အပါအဝင် ဖြစ်သည်။ ထိုစဉ် ဟွင်သွမ်းခေတ်ကာလမှ လက်ရှိအချိန်ထိ ကမ္ဘာ၏ သမိုင်းကြောင်းကို မြင်တွေ့လိုက်ရသော်လည်း ထိုဖြစ်စဉ်က မြန်ဆန်လွန်းလှသည့်အတွက် အကောင်းဆုံး ဆန့်ကျင်ကျင့်ကြံသူများကပင် များများစားစား မမှတ်မိကြပေ။
ဖရိုဖရဲအချိန်နယ်မြေမှ တောက်ပသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အချိန်မြစ်ကြောင်းအတွင်း ဝင်ရောက်သွားလေ၏။ ထိုမြစ်ကြောင်းက စကြဝဠာထဲရှိ ဘယ်အရာနှင့်မျှ မယှဉ်နိုင်သည့် ပြိုင်ဘက်ကင်း ရှေးဟောင်းအငွေ့အသက်တစ်ခုကို ပြသနေသည်။
ထိုမြစ်ကြောင်းက ထာဝရတစ်လျှောက် မပြောင်းလဲဘဲ တည်ငြိမ်နေသည့် ပြယုဂ်အလား ဖြစ်၏။ ထိုသို့သော အပြုအမူမျိုးက သက်ရှိအများစုထံ ဘာမှမဟုတ်ပေ။ သို့သော် ထိုအကြောင်းကို သိထားသည့်သူများအတွက်မူ တုန်လှုပ်ဖွယ် ကိစ္စကြီး ဖြစ်၏။
……………………………………………………………………
ဖရိုဖရဲအချိန်နယ်မြေ
ဝမ်ဝေ့က ဖရိုဖရဲအချိန်စွမ်းအားကို သုံးပြီး အချိန်မြစ်ကြောင်းကို လှုံ့ဆော်ခဲ့ပြီးသည့်နောက်တွင် သူ့အလုပ်က မပြီးမြောက်သေးပေ။ နောက်တဆင့်က ကျိဝူအတွက် ပြီးပြည့်စုံသည့် အချိန်စက်ဝန်းကို တွက်ချက်ကြည့်ဖို့ ဖြစ်၏။ ကံကောင်းစွာဖြင့် သူက သူတို့၏ ပူးပေါင်းမှုကို ရရှိထားသည့်အတွက် သူတို့ခန္ဓာကိုယ်တွင် တွယ်ငြိနေသည့် ကံကို အသုံးပြုကာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
“အခုပဲ” ဝမ်ဝေ့က အော်ပြောလိုက်ပြီး သူတို့စိတ်ထဲ တည်နေရာများ ပို့ဆောင်ပေးလိုက်သည်။ ကျိဝူနှစ်ယောက်က တုံ့ဆိုင်းမနေဘဲ အချိန်မြစ်ကြောင်းအတွင်း ဝင်ရောက်သွားပြီး တိကျသည့် နေရာတစ်ခုဆီ ဦးတည်သွားကြသည်။ သူတို့က ဦးတည်ရာဆီ ရောက်ရှိသွားသည်နှင့် နှစ်ဦးသားက ပေါင်းစည်းသွားပြီး ပျောက်ကွယ်သွားလေသည်။
ထိုစဉ် ဝမ်ဝေ့က အားလုံးကို ကြည့်နေရင်း အာရုံထွေပြားနေမိ၏။ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ထွက်သွားကာ အချိန်မြစ်ကြောင်းအတွင်း သွားလာခဲ့ဟန်ပေါ်သည်။
သူက အချိန်မြစ်ကြောင်းနှင့် တူညီသည့် ကြိုးမျှင်များစွာဖြင့် ဖွဲ့စည်းထားသည့် အရာများကို မြင်တွေ့လိုက်ရသည်။ သို့သော်လည်း ထိုကြိုးမျှင်များက ဟွင်သွမ်းစကြဝဠာတွင် ရှိသည့် သက်ရှိအားလုံး၏ ကံကြမ္မာကြိုးမျှင်များ မဟုတ်ဘဲ တစ်ခုချင်းစီက ကွဲပြားသည့် အချိန်စက်ဝန်းတစ်ခု ဖြစ်နေသည်။
“အသင်္ချေဘုံ” ဝမ်ဝေ့က ဤကမ္ဘာ၏ စကြဝဠာ အဖွဲ့အစည်း တရားဝင်နာမည်ကို သိသွားလေသည်။ ထိုအခြေအနေတွင် ရှိနေစဉ် ဝမ်ဝေ့က ကြိုးမျှင်တစ်ခုနှင့် နက်ရှိုင်းစွာ ဆက်နွယ်နေမှုတစ်ခုကို ရုတ်ချည်း ခံစားလိုက်မိ၏။ သူက ထိုအရာကို ကြည့်လိုက်စဉ် သူ့တခြားကိုယ်ကို မြင်တွေ့လိုက်ရသည်။
ထိုအချိန်စက်ဝန်းတွင် သူက အတော်လေး သာမန်ဆန်လှ၏။ အနည်းဆုံးတော့ သူ့လက်ရှိစံနှုန်းအရ ဖြစ်သည်။ သူက အတိတ်မှ မှတ်ဉာဏ်များကို နိုးထခဲ့ခြင်း မရှိသည့်အတွက် စည်းပိတ်ထားသည့် စံပြဝိညာဉ်နှင့် နားလည်နိုင်စွမ်း မြင့်မားမှုတို့ကိုသာ မှီခိုရသည်။
ထို့ကြောင့် သူက အမွေခံသားတော် ရာထူးအတွက် ဟန်လီလိုလူမျိုးနှင့်ပင် ရုန်းကန်ခဲ့ရသည်။ သူ့မျိုးဆက်ရှိ ပြိုင်ဘက်ကင်း ပါရမီရှင်အများစုကလည်း သာမန်မျှသာ ဖြစ်၏။ ဥပမာပြောရလျှင် ထုံရိုပင်းနှင့် မိုရှင်းယွင်တို့ ဖြစ်သည်။ ဟို့ဖုန်းဟွမ်ပင် သွေးမျိုးဆက် ၅ခုလုံး မရှိသည့်အတွက် ဤမျှ အားမကောင်းခဲ့ပေ။
ဟွမ်ယွမ်က အလွှာနိမ့်တွင် သေဆုံးခဲ့ပြီး သူ့ဇနီးကသာ သေခြင်းရှင်ခြင်း စာအုပ်နှင့် ရှိသည့်သူ ဖြစ်လာသည်။
ရှောင်စုန့်ရှီက သာမန်မျှသာ ဖြစ်ပြီး ပိုင်ရှယ်မျိုးနွယ်၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်။ ကျီစုန့်က အသက်ရှင်ကာ ဤမျိုးနွယ်၏ ထိပ်တန်းပြိုင်ပွဲဝင် တစ်ယောက် ဖြစ်လာ၏။ ကျန့်ဝူရွှမ်းကမူ တာ့ကျိနှင့် ဘယ်တော့မှ မတွေ့ဆုံခဲ့သည့်အတွက် နောက်ဆုံးတိုက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။
ရှစ်ဖူယွီက ဖုန်းဟွမ်ကို မဝါးမျိုခဲ့ဘဲ သူ့ဆရာ ဖြစ်လာခဲ့၏။ လင်းဖန်ကမူ အဆင့်မြင့် ဟွင်သွမ်းလမ်းစဉ်ကို မလျှောက်လှမ်းဘဲ အဆုံးသတ်ထိ အသက်ရှင်ခဲ့သည်။ သူက ရှုရှစ်နှင့်အတူ ရှိခဲ့၏။
စုယာကလည်း သူနှင့် ဆက်နွယ်မှု မရှိသည့်အတွက် နောက်ဆုံးအထိ လျှောက်လှမ်းနိုင်ခဲ့သည်။
စွင်းကျောင်းလုံက လူသားကံကြမ္မာဓားကို အသုံးပြုကာ ထိပ်သီးကောင်းကင်ရွေးချယ်ခံ ဖြစ်လာခဲ့သည်။ အံ့ဖွယ်တာအိုမျိုးဆက်မှ ဖန်းလီကျွမ်းက သူမ၏ သွေးမျိုးဆက်မှ အတားအဆီးများကို မချိုးဖောက်နိုင်သည့်အတွက် သာမန်မျှသာ ဖြစ်သော်လည်း နောက်ဆုံးအထိ ရှင်သန်ခဲ့သည်။ အသင်္ချေသားရဲ ရုပ်ခန္ဓာရှိထားသည့် လျူမိန်ရှုက သူမ၏ ရက်စက်မှုဖြင့် ထိပ်သီးပြိုင်ပွဲဝင် တစ်ယောက် ဖြစ်လာခဲ့၏။
အောင်းရှန်က သိုင်းပညာအုပ်စိုးသူကမ္ဘာကို သွားခဲ့သော်လည်း ဘယ်သောအခါမှ ပြန်ရောက်မလာခဲ့ပေ။ ထို့ကြောင့် ဝမ်ဝေ့က သူသည် သေဆုံးသွားခဲ့နိုင်ခြင်း ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။ ဝူမင်ကမူ ဝမ်ဝေ့၏ အကြံဉာဏ်ကို လက်မခံခဲ့ရသည့်အတွက် အသေးအမွှားမျှသာ ဖြစ်နေပြီး မူလသင်္ကေတနန်းဆောင်ကို ဝင်ရောက်ခဲ့ခြင်းပင် မရှိပေ။
ယင်ကန်းနှင့် ယီလျန်ချန်းတို့ကလည်း ဤမျိုးဆက်အတွင်း ပေါ်ထွက်မလာခဲ့ပေ။
ကျင်းဝူဟွားက ရွှေကျီးမျိုးနွယ် အတွင်းရေးပဋိပက္ခအတွင်း သေဆုံးသွားပြီး သူမအဖေ၏ ဧကရာဇ်အရိုးကို စုပ်ယူဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။
ဒိုင်မေးရှင်းအမြင့်ရှိ သူလျှိုများကလည်း ဘယ်သောအခါမှ ပေါ်ထွက်လာခြင်း မရှိပေ။
ဝမ်ဝေ့က ထိုကပ်ပါးများသည် ထိုအချိန်စက်ဝန်းအတွင်း ဒိုင်မေးရှင်းအနိမ့်ကို ဂရုမစိုက်ကြောင်း ခန့်မှန်းမိလိုက်၏။ ထို့ကြောင့် သူတို့က စောင့်ကြည့်နေသော်လည်း ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိပေ။
ဝမ်ဝေ့က ထိုအချိန်စက်ဝန်းမှ သူ့ဘဝကို ကြည့်ရှုလိုက်သည်။ သူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ရောက်ရှိပြီး သတ်ဖြတ်ရေးစစ်ဆေးမှုအတွင်း ပါဝင်ယှဉ်ပြိုင်ပြီးသည့်နောက်တွင် စတင် မြင့်တက်လာခဲ့သည်။
ထို့နောက် သူက အတိတ်ဘဝမှ မှတ်ဉာဏ်များကို နိုးထလာခဲ့ပြီး ထူးချွန်ပြောင်မြောက်ဖွယ် စွမ်းဆောင်ရည်များ ပြသလာခဲ့သည်။ ဤသည်က သေခြင်းရှင်ခြင်းတာအိုအတွက် တားမြစ်ခံစစ်ဆေးမှုကို အောင်မြင်ခဲ့ရသည့် အဓိကသော့ချက်လည်း ဖြစ်၏။
နှမြောစရာကောင်းလှသည်က ထိုအရာက အသုံးမဝင်ခဲ့ပေ။ တိထျန်းက နောက်ဆုံးတိုက်ပွဲအတွင်း အားလုံးကို အလွယ်တကူ သတ်ဖြတ်ပစ်ခဲ့သည်။ သူက ကံကောင်းစွာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့၏။ ကိစ္စတစ်ခုလုံးက အရှုံးကြီးရှုံးသည်ဟုပင် ဆိုနိုင်သည်။