အကူအညီ တောင်းခံခြင်း
Vol. 70 Ch. 975
ဝမ်ဝေ့က တာအိုသင်္ချိုင်းမြေကို သန့်စင်ဖို့ကား ကျောက်စိမ်းပြားဆီမှ သတင်းအချက်အလက်ကို လက်ခံရယူသည်ထက်ပင် အချိန်ကြာမြင့်ခဲ့သည်။ သူ ပြီးမြောက်သွားသည်နှင့် စည်းပိတ်ထားသည့်သူများကို အာရုံစိုက်လိုက်၏။
သူက သူတို့၏ ဝိညာဉ်နှင့် မှတ်ဉာဏ်များကို ရှာဖွေဖို့ အချိန်ယူခဲ့ရပြီး သတင်းအချက်အလက်တချို့ကို ရှာဖွေကြည့်ခဲ့သည်။ သို့သော် နောက်ဆုံးရလဒ်က စိတ်ကျေနပ်ဖွယ် မရှိပေ။ ထိုသူများက ကပ်ပါး၈ယောက် ခေတ်ကာလကို မတိုင်ခင် ဒိုင်မေးရှင်းအမြင့်တွင် နေထိုင်ကြသူများ ဖြစ်၏။ အများစုက ဒိုင်မေးရှင်းအမြင့်မှ ဖြစ်သော်လည်း တချို့ကသာ ဒိုင်မေးရှင်းအမြင့်တွင် မွေးဖွားလာခြင်း ဖြစ်သည်။
သို့သော်လည်း သူတို့တွင် တူညီသည့်အရာတစ်ခု ရှိနေလေသည်။ သူတို့ထဲက ၉၉ ရာခိုင်နှုန်းလောက်က လေလွင့်ကျင့်ကြံသူများ ဖြစ်ကြ၏။ နောက်ခံအင်အားစု မရှိဘဲ သူတို့က အရင်းအမြစ်များကို ရယူဖို့အတွက် အပြစ်သားများ ဖြစ်လာကြသည်။ သာမန်လူများက အားကောင်းသည့်သူများကို ရန်စမိ၍ လမ်းဘေးကြွက်ဖြစ်လာကာ ကာကွယ်မှုမရှိဘဲ ထွက်ပြေးခဲ့ကြရသည်။
သူတို့၏ မှတ်ဉာဏ်များမှ ဝမ်ဝေ့သည် ကျင့်ကြံရေးစနစ်များစွာကို သင်ယူခဲ့ရ၏။ ဟိုးရှေးခေတ်အချိန်ကတည်းက ဒိုင်မေးရှင်းအမြင့်တွင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရှိ ကျင့်ကြံရေးစနစ်အားလုံးကို မှတ်တမ်းတင်ထားသည့် အသင်္ချေမှတ်တမ်းဗိမာန် ရှိလေသည်။
တန်ကြေးအနည်းငယ် ပေးကာ လူတိုင်းက ထိုဘုံဗိမာန်အတွင်း ဝင်ရောက်နိုင်ပြီး သူတို့နှင့် သင့်တော်သည့် ကျင့်ကြံရေး စနစ်ကို ရှာဖွေနိုင်သည်။ ထိုသူထဲက တချို့က ဗိမာန်အတွင်း ဝင်ရောက်ကာ ကျင့်ကြံရေး စနစ်တချို့ကို လေ့လာခဲ့ကြ၏။
ထိုစနစ်က ယေဘုယျအနေဖြင့် ဝမ်ဝေ့၏ ကျင့်ကြံရေးအပေါ် နားလည်နိုင်စွမ်းကို ကျယ်ပြန့်စေခဲ့သည်။ အထူးသဖြင့် အဆီအနှစ်၊ စိတ်ဝိညာဉ်နှင့် ချီ အခြေခံသဘောတရားများအပေါ် ဖြစ်၏။ သို့သော်လည်း သူက ထိုစာရင်းမှ စိတ်ဝင်စားစရာကောင်းသည့် ကျင့်စဉ် နှစ်ခုကို တွေးလိုက်ရသည်။
ပထမတစ်ခုက စိတ်စွမ်းအားကို လေ့ကျင့်ပေးသည့် ဆန္ဒတာအိုစနစ် ဖြစ်ပြီး ထိုစနစ်က စိတ်စွမ်းအားကို အသုံးပြုကာ တိုက်ခိုက်ခြင်း၊ စည်းမျဉ်းနှင့် စွမ်းအားကို ထိန်းချုပ်ခြင်းနှင့် ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့အထိ အသုံးပြုကြသည်။
ဝမ်ဝေ့က သူ့စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းအတွက် အလွန်အသုံးဝင်ကြောင်း တွေ့ရှိသွား၏။
ဒုတိယတစ်ခုကမူ အသွင်ပြောင်းပညာရပ်ဟု ခေါ်ဆိုပြီး စိတ်ဝင်စားစရာကောင်းသည့် ခန္ဓာကိုယ်လေ့ကျင့်ရေး ကျင့်စဉ်တစ်ခု ဖြစ်သည်။ ထိုကျင့်စဉ်၏ အဓိကသဘောတရားက လူသားမျိုးနွယ်၏ ခန္ဓာကိုယ်သည် အားနည်းသည့်အတွက် ကာမိစေအောင် တခြားမျိုးနွယ်ဆီမှ ဖြည့်စည်းဖို့ ဖြစ်သည်။
နမူနာအားဖြင့် နဂါးများသည် သူတို့အရေပြား၏ ခုခံကာကွယ်နိုင်စွမ်းကြောင့် နာမည်ကျော်ကြားလေသည်။ ထိုကျင့်စဉ်ဖြင့် လူသားက နဂါး၏ အရေပြားကိုယူကာ လဲလှယ်နိုင်သည်။
လူ့ဘီလူးများကလည်း သူတို့၏ သံမဏိနှင့်တူသော ကြွက်သားများကြောင့် နာမည်ကျော်ကြား၏။ ထို့ကြောင့် အားနည်းသည့် လူသားကြွက်သားများအတွက် အစားထိုးနိုင်သည်။
လူသားအတွင်းအင်္ဂါများကမူ ကျိုးပဲ့လွယ်ပြီး အံ့ဖွယ်စွမ်းရည်ကို မပေးစွမ်းနိုင်ပေ။ ထို့ကြောင့် တခြားသက်ရှိများဖြင့် အလဲအလှယ်လုပ်နိုင်သည်။
ထိုကျင့်စဉ်၏ နောက်ဆုံးအဆင့်က လူသားများသည် နဂါးအရေပြား၊ လူ့ဘီလူးကြွက်သား၊ ဇာမဏီနှလုံးသား၊ ရွှေရောင်သားရဲအရိုး အစရှိသည် ရှိလာလိမ့်မည်။
ဒီနည်းစနစ်က ကမ္ဘာမြေက မျိုးရိုးဗီဇပြောင်းလဲမှုတွေကိုတောင် သတိရမိစေတယ်…
ကံကောင်းစွာဖြင့် ထိုကျင့်စဉ်ကို ဖန်တီးသူက လူသားဝိညာဉ်ကို အကောင်းအတိုင်း ချန်ထားခဲ့သည်။ မဟုတ်ပါက သူ့အနေဖြင့် ဤကျင့်စဉ်ကို ကျင့်ကြံပြီးသည့်နောက်တွင် လူသား ဖြစ်နေသေးလားဟု စဉ်းစားဖွယ်ရှိလာလိမ့်မည်။
ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းယမ်းလိုက်၏။ သူ့လက်ရှိအနေအထားဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းကို လဲလှယ် ယူဆောင်လိုသည့် သက်ရှိဟူ၍ မရှိပေ။ မဟုတ်ပါက သူသည် လူသားအစိတ်အပိုင်းကို လဲလှယ်လုပ်မည့်အစား ပေါင်းစည်းရေးလမ်းစဉ်ကိုသာ လိုက်လိမ့်မည်။
ဝမ်ဝေ့က သူ ရရှိထားသည့် သတင်းအချက်အလက်အားလုံးကို သုံးသပ်လိုက်၏။ ထိုသူများက ဒိုင်မေးရှင်းအမြင့်မှ ထွက်လာသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်၍ အများစုက အသုံးမဝင်တော့ပေ။
သို့သော်လည်း သူက ကျယ်ပြောကာ ရှည်ကြာသည့် ကမ္ဘာနှင့်ပတ်သက်ပြီး အခြေခံဗဟုသုတများကို သင်ယူနိုင်ခဲ့သည်။ သူ တက်လှမ်းသွားသည့်အခါ လုံးဝ သဲလွန်စကင်းမဲ့နေမည် မဟုတ်တော့ပေ။
“အခု ငါ ဒီလူတွေအပေါ် လုပ်မဲ့ဟာကို နောင်တ မရှိဘူး။ သူတို့တွေက ဘယ်လိုလုပ် သနားဖို့ကောင်းမှာလဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ဤနှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် သူတို့က ဒိုင်မေးရှင်းအမြင့်မှ ယူဆောင်လာသည့် အရင်းအမြစ်အားလုံးကို သုံးစွဲပြီးသား ဖြစ်၏။
ထို့ကြောင့် ဝမ်ဝေ့က သူတို့၏ သိုလှောင်လက်စွပ် သို့မဟုတ် ကိုယ်ပိုင်ဒိုင်မေးရှင်း နေရာလွတ်မှ ဘာမှမတွေ့ခဲ့ရပေ။ ကံကောင်းစွာဖြင့် သူက ဧကရာဇ်၊ တာအိုနှင့် အင်မော်တယ် အသုံးအဆောင်ပစ္စည်းများစွာကို လက်ခံရရှိလိုက်သည့်အတွက် ပိုမိုကောင်းမွန်သည့် လက်နက်ကို ဖန်တီးဖို့ရာ ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုနိုင်သည်။
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး ဤနေရာမှ သတ်ဖြတ်ရေးအငွေ့အသက်များကို လီကျွင်းအတွက် သတ်ဖြတ်ရေးသလင်းကျောက်အတွင်း စုဆောင်းပေးခဲ့သည်။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ အိမ်သို့ ပြန်လာခဲ့လိုက်၏။
သူ ထွက်သွားသည်က သုံးလကျော်ကြာမြင့်ပြီဖြစ်၍ ကမ္ဘာကို စစ်ဆေးကြည့်လိုက်သည်။ အထူးသဖြင့် အိပ်မက်လောကအပေါ်ဖြစ်၏။ သူက တိုက်ပွဲမျှော်စင်ပေါ်ရှိ ယှဉ်ပြိုင်မှုသည် ပြင်းထန်နေကြောင်း ချက်ချင်းသတိထားမိခဲ့သည်။ အထူးသဖြင့် ကောင်းကင်ရွေးချယ်ခံများအတွက် ဖြစ်၏။
ငါ့ရဲ့ လူကုန်ကူးရေးအစီအစဉ်ကို စဖို့လိုနေပြီ…
အဲ့လိုမှမဟုတ်ရင် ဒီကောင်းကင်ရွေးချယ်ခံတွေက တိုက်ပွဲမျှော်စင်ကနေ ကံကောင်းမှုနဲ့ ကြမ္မာကို စုဆောင်းဖို့ ဒိုင်မေးရှင်းအနိမ့်မှာပဲ ဆက်နေနေမယ်ဆိုရင် ပြဿနာပဲ…
ထိုကောင်းကင်ရွေးချယ်ခံများကို ဒိုင်မေးရှင်းအမြင့်ဆီ ပို့ဆောင်ခြင်းက ဝမ်ဝေ့က ထိုကပ်ပါးများနှင့် ရင်ဆိုင်သည့်အခါ တော်လှန်ဖို့ရာအတွက် ပါရမီရှင်များကို ထောက်ပံ့ပေးမည့် နည်းလမ်းတစ်ခု ဖြစ်၏။ ထိုသူများက သူ မတက်လှမ်းခင် ရှေ့ပြေးတပ် ဖြစ်လာမည်ဖြစ်ကာ တာအိုကို သက်သေပြဖို့ ဒိုင်မေးရှင်းအနိမ့်တွင် နေထိုင်ခွင့်မပြုနိုင်ပေ။
ဒါကို လုပ်ရမဲ့ စာရင်းထဲမှာ ထည့်ထားရမယ်…
ဝမ်ဝေ့က ချက်ချင်း လှုပ်ရှားဖို့ တွေးလိုက်သည်။ သို့သော်လည်း သိပ်မကြာခင် တစ်စုံတစ်ခုကို အာရုံခံစားမိခဲ့၏။
ကိစ္စတွေက ပြောင်းလဲတော့မှာလား။ ဒီလိုဆိုရင်တော့ ခဏလောက် စောင့်လိုက်ရအောင်…
ဝမ်ဝေ့က ဂိုဏ်းဆီ ပြန်လာကာ ပုံရိပ်ယောင်တစ်ခုကို သူ့အမေနှင့် တွေ့ဆုံဖို့ စေလွှတ်လိုက်သည်။
ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ရှုရှစ်က ဝေဟင်အထက် ပေါ်ထွက်လာ၏။ သူမ၏ ချိုသာဖွယ်အသံက သက်ရှိအားလုံး၏ စိတ်ထဲတွင် ပဲ့တင်ထွက်သွားသည်။ အနည်းဆုံးတော့ အိပ်မက်လောကအတွင်း မရှိသည့်သူများ ဖြစ်၏။
“အထက်မှ မိုးနဲ့မြေ … ကမ္ဘာကြီးက အားနည်းပြီးတော့ အားဖြည့်မှုကို လိုအပ်နေပါတယ်။ ကျွန်မရဲ့ မွေးရပ်မြေနဲ့ သက်ရှိတွေအားလုံးကို ကောင်းချီးပေးဖို့ ဒီကမ္ဘာဦးဟွင်သွမ်းချီကို ပေးအပ်ချင်ပါတယ်”
ကောင်းကင်အထက် ဧရာမမျက်လုံးတစ်လုံး ပေါ်ထွက်လာပြီး အရာအားလုံးကို ကြည့်လာသည်။ ရှုရှစ်၏ လက်ထဲမှ တစ်စုံတစ်ခု ပျံသန်းထွက်သွားပြီး မျက်လုံးထဲ ဝင်ရောက်သွားလေ၏။
ဘန်း
ကမ္ဘာကြီးက တုန်ခါသွားကာ ကုန်းမြေငါးခုနှင့် ပင်လယ်များက နဂိုအရွယ်အစား၏ ၅၀ ရာခိုင်နှုန်းထက်ပင် ပိုမိုကျယ်ပြန့်လာသည်။ ပင်ကိုချီ ကူးပြောင်းနေသည့် ဖြစ်စဉ်က ချက်ချင်းဆိုသလို ၁၀၀ ရာခိုင်နှုန်း ပြည့်မှီသွားသော်လည်း ဤဖြစ်ရပ်၏ အခြေခံအပြောင်းအလဲ မဟုတ်သေးပေ။
ကောင်းကင်တာအို၏ မျက်လုံးဆီမှ အရှိန်အဝါက တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းသွားလေလေ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ရုတ်ချည်း ထုတ်လွှတ်လာခဲ့သည်။ အမှန်တကယ် ကြောက်ဖို့ကောင်းသည့်အရာက ထိုအရှိန်အဝါသည် မဟာတာအိုအရင်းအမြစ် ၁၄ ရာခိုင်နှုန်းရှိသည့် ဒုတိယတန်းစားဧကရာဇ်နှင့် မတူညီတော့ဘဲ ၁၅ ရာခိုင်နှုန်း ပထမတန်းစားအဖြစ် ရောက်ရှိသွားလေသည်။ ထိုဖြစ်စဉ်က ၁၇ ရာခိုင်နှုန်းရောက်သည်အထိ မရပ်တန့်ခဲ့ပေ။
လူများစွာက ထိုအပြောင်းအလဲကို သတိထားမိပြီးသည့်နောက်တွင် အမူအရာ ပြောင်းလဲသွားကြ၏။ အထူးသဖြင့် ပထမတန်းစားအဆင့် ရှိသည့် ဆန့်ကျင်ကျင့်ကြံသူများဖြစ်သည့် ယခင်က သူတို့သည် ကမ္ဘာအပေါ် လျှောက်သွားနိုင်ပြီး ကောင်းကင်တာအို၏ အကြီးမားဆုံးလက်နက် ဖြစ်သည့် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကို လျစ်လျူရှုထားနိုင်သည်။ သို့သော် ယခုတွင် ထိုအပြစ်ဒဏ်၏ စွမ်းအားက ပထမတန်းစားနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်၏။
ထိုအပြောင်းအလဲက သူတို့အပေါ် သက်ရောက်မှုသာမက အင်အားစုအားလုံးအပေါ် သက်ရောက်မှု ရှိလေသည်။ ကောင်းကင်ဧကရာဇ်ခေတ်ကာလက စတင်ကာစဖြစ်သည့်အတွက် ထိုသူများက နောက်မျိုးဆက်များအတွက် ကြံစည်နေကြသည်။
သူတို့က ဧကရာဇ်တစ်ယောက်အတွက် အနည်းဆုံး လိုအပ်ချက်က ပထမတန်းစားဖြစ်ကြောင်း သိထားကြသော်လည်း ကောင်းကင်တာအိုက ရုတ်ချည်းဆိုသလို အားကောင်းလာလေသည်။
နောင်အနာဂတ် ကောင်းကင်ဧကရာဇ်တွင် မဟာတာအိုအရင်းအမြစ် ၁၈ ရာခိုင်နှုန်း မရှိပါက ခုံရုံးရှိ သူတို့၏ အာဏာသည် မဟာတာအိုဆီမှ အပြင်းအထန် ကန့်သတ်ခံထားရမည် ဖြစ်သည်။
အဆိုးဆုံးအခြေအနေက ကောင်းကင်ဧကရာဇ်သည် ထိုရာထူးအတွက် မဟာတာအိုအရင်းအမြစ် ၁၈ရာခိုင်နှုန်း ရှိရမည်ဟု အပြောင်းအလဲအသစ် သတ်မှတ်လိုက်နိုင်ခြင်း ဖြစ်၏။
ရှုရှစ်က သူမလက်ထဲမှ ခရမ်းရောင်ကုသိုလ်ကို ကိုင်ဆောင်ထားရင်း လူများစွာက သူမကို ကျိန်ဆဲနေသည်ကို ခံစားမိလိုက်သည်။ သူမ၏ အပြုအမူက လူများစွာကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပြီး ကျောင်းတော်အပေါ် ဆိုးကျိုး ဖြစ်လာနိုင်ကြောင်း သိထားသည်။ သို့သော်လည်း အကျိုးအမြတ်က ပို၍ များလေသည်။
သူမ၏ အပြုအမူဖြင့် ကျောင်းတော်က ကျောင်းတော် ဖန်တီးမှု ကံကောင်းမှုအပြင် ကောင်းကင်တာအိုဆီမှ နောက်ထပ် ကာကွယ်ရေးအလွှာတစ်ခု ရှိလာလိမ့်မည်။ ထိုကာကွယ်ရေးနှစ်ခုဖြင့် သူတို့က အနာဂတ်ကပ်ဘေးများတွင် ဖျက်ဆီးခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ရှုရှစ်က တာအိုအခွင့်အလမ်းဂိုဏ်းဘက်ကို လှမ်းကြည့်ကာ သတင်းစကား ပို့ဆောင်လိုက်၏။
ကျေးဇူးပါ။ ရှင့်အပေါ် အကြွေးတင်သွားပြီ
နောက်ဆုံးသော မိနစ်ပိုင်းတွင် ဝမ်ဝေ့က လှုပ်ရှားကာ ကောင်းကင်တာအိုကို စည်းပိတ်ပြီး ထာဝရဧကရာဇ်အဆင့်နှင့် မယှဉ်နိုင်အောင် တားဆီးခဲ့သည်။ ရှုရှစ်သည်လည်း တူညီသည့် အတွေးမျိုး ရှိထားသော်လည်း သူမက ဤအပြောင်းအလဲကို စတင်ခဲ့သူဖြစ်သည့်အတွက် သူမသာ ထိုသို့လုပ်ဆောင်ခဲ့ပါက သူမ၏ ကုသိုလ်အပေါ် သက်ရောက်မှုရှိလာလိမ့်မည်။
ထိုစဉ် ဖုန်းဟွမ်ကမူ ဗုဒ္ဓဘာသာအနေဖြင့် ကောင်းကင်တာအို ဆင့်ကဲပြောင်းလဲလာပြီး ပိုမိုအားကောင်းလာခြင်းကို တားဆီးခြင်းမှ ကံကြွေး မရှိစေလိုပေ။
အောင်းရှန်ကလည်း နတ်ဆိုးမျိုးနွယ်နှင့်ပတ်သက်ပြီး တူညီစွာ ခံစားရ၏။ ဟို့ဖုန်းဟွမ်က ဘေးမှ ကြည့်နေပြီး ရလဒ်ကိုသာ စောင့်ကြည့်နေသည်။
ရှုရှစ်က အချိန်မဖြုန်းဘဲ ဆက်လက် လုပ်ဆောင်လိုက်သည်။ သူမလက်ထဲမှ ကုသိုလ်အများစုက ပျောက်ကွယ်သွားပြီး ကမ္ဘာက ထပ်မံ ပြောင်းလဲသွားသည်။ ကောင်းကင်ထက် ရောင်စုံနဂါးတစ်ကောင် ပေါ်ထွက်လာပြီး ကမ္ဘာကြီးကို လှည့်ပတ်ကာ အားဖြည့်နေသည်။
ထိုအရာ ပြီးမြောက်သွားသည့်အခါ ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်ဆီ ကျရောက်လာပြီး သူတို့အင်အားစု၏ ချီကံကောင်းမှုနဂါးနှင့် ပေါင်းစည်းသွား၏။
“ဒီနေ့ ငါ အချိန်လေဟာနယ်ဧကရီက ကျောင်းတော်ရဲ့ တရားဝင် ၉ယောက်မြောက် ဧကရာဇ် ဖြစ်လာပြီ။ သက်ရှိတွေအားလုံးဆီ ဟောပြောပို့ချမယ်”
သူမက မိုးမြေ၏ အမြင်ရုပ်လွှာများစွာ ဝန်းရံထားသည့် ပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။ သူမက တုံ့ဆိုင်းမနေဘဲ ကမ္ဘာကြီးထံ ဟောပြောပို့ချလိုက်၏။ သူ့အသံက ကမ္ဘာအနှံ့ ပျံ့နှံ့သွားသည်။
ဝမ်ဝေ့က ဤဖြစ်ရပ်မှ အကျိုးကျေးဇူးရစေဖို့ အိပ်မက်လောကအတွင်းရှိလူများကို အတင်းအကြပ် ဖြတ်တောက်ပြီး အရေးပေါ် ကြေညာချက် ထုတ်ပေးခဲ့သည်။
သူက ကောင်းကင်ကို ကြည့်ရင်း မျှခြေညီစက်ယန္တရားအပေါ် သက်ရောက်မှုရှိလာကာ ရှုရှစ်၏ အပြုအမူအပြီးတွင် သူ့တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် ကန့်သတ်မှု လျော့ကျသွားကြောင်း ခံစားမိလိုက်သည်။ သူက မျက်လုံးကို မှိတ်ပြီး ဟောပြောပို့ချချက်ကို နားထောင်လိုက်၏။
သို့သော်လည်း ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူက ရပ်တန့်လိုက်ရသည်။ အကြောင်းအရင်းမှာ သူ ခန့်မှန်းထားသည့် ဒုတိယဖြစ်ရပ်က ဖြစ်ပေါ်လာ၍ ဖြစ်သည်။ ထုံရို့ပင်းနှင့် မူလိန်တို့က သူ့ဆီမှ အကူအညီ တောင်းခံလာခဲ့ကြသည်။
ငါထင်ထားတာထက် ပိုပြီး နောက်ကျနေတာပဲ…
သူက သူ့ခန္ဓာကိုယ်မှ သွေးတစ်စက် ချကာ ကိုယ်ပွားတစ်ခုကို ဖန်ဆင်းခဲ့သည်။
သူက လက်ဝှေ့လိုက်ပြီး ထိုအရာကို ကြယ်တာရာသားရဲကမ္ဘာဆီ စေလွှတ်လိုက်ပြီး သူကမူ သူမ၏ ဟောပြောမှုကို ဆက်လက် နားထောင်လိုက်၏။