ခန္ဓာကိုယ်တိုက်ပွဲ အပိုင်း(၁)
Vol. 70 Ch. 976
ဝမ်ဝေ့က သူ့ဦးတည်ချက် ကြယ်တာရာသားရဲကမ္ဘာသို့ ရောက်ရှိလာခဲ့သည်။ သူ့ဦးတည်ရာသို့ ရောက်ရှိလာသည်နှင့် လှိုင်းလုံးကြီးများက သူ့ကို တိုက်ခိုက်လာသည်။ ထိုတိုက်ကွက်များက သူ့ဆီ ဦးတည်နေခြင်း မဟုတ်ဘဲ လူများစွာ၏ တိုက်ပွဲမှ အကြွင်းအကျန် စွမ်းအားများသာ ဖြစ်၏။
သူက ဘေးပတ်လည်ကို ကြည့်ကာ ကွဲပြားနေမှုကို ချက်ချင်းသတိထားမိခဲ့၏။ ဤနေရာက ပျက်စီးနေသည့် ကြိုးများ၊ ဂလက်ဆီများ၊ ကြယ်တာရာအမှုန်အမွှားများ၊ ပြန့်ကျဲနေသော တွင်းနက်များနှင့် စုတ်ဖြဲခံထားရသည့် နက်ဗျူလာများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း ဤသည်က သတိထားမိဆုံးအချက်မဟုတ်သေးပေ။ ကိစ္စများက မည်မျှပင် ဖျက်ဆီးခံစေရကာမူ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်နေ၏။
(နက်ဗျူလာ - ညဘက် ကောင်းကင်မှာ အလင်းပျပျ မြင်ရတဲ့ အာကာသ အဝေးမှ ကြယ်စု)
ဒုတိယအချက်အနေဖြင့် သေချာသည့် နယ်နိမိတ်အတွင်း ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ကိန်းအောင်းနေသည်။
ဒါက လေဟာနယ် တိုက်ပွဲကွင်းပြင်လား…
ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ကို သုံးကာ တွေးလိုက်မိသည်။ သူ့စကားက မှန်ကန်နေလေ၏။ ယခုအခါ သူတို့က အင်မတန် ခိုင်ခံ့ပြီး သီးသန့်ခွဲထုတ်ထားသည့် ဒိုင်မေးရှင်းတစ်ခုအတွင်း ရောက်ရှိနေပြီး ထာဝရအထွတ်အထိပ်များကိုပင် ကြယ်တာရာသားရဲကမ္ဘာအပေါ် သက်ရောက်မှု မရှိဘဲ အားကုန်သုံးတိုက်ခိုက်ဖို့ ခွင့်ပြုပေးထားသည်။
ဝမ်ဝေ့က တစ်စုံတစ်ခုကို သတိထားမိ၍ မော့ကြည့်လိုက်သည်။ ဧရာမကြီးတစ်ခုက သူ့ကို ကြည့်နေလေ၏။ ယခုအခိုက်အတန့်တွင် သူက ကောင်းကင်တာအို၏ မျက်လုံးဟု ထင်မိသွားသည်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ” ထိုဧရာမကြီးက ပြောလိုက်သည်။ ထိုသက်ရှိ ပြောလာသည့်အခါ အားကောင်းသည့် အသံလှိုင်းများက ထွက်ပေါ်လာပြီး အကောင်းအတိုင်း ကျန်ရှိနေသည့် ဂလက်ဆီဒါဇင်ချီက ပျက်စီးသွားလေသည်။
“ခေါ်တော့ ရောက်လာတာပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။
“မင်းက အရမ်းငယ်လွန်းတယ်။ အရွယ်အစား ချဲ့လို့ရသေးလား”
ဝမ်ဝေ့က သူ့ကို အရွယ်အစားကျုံ့ဖို့ ပြောလိုသော်လည်း သူက တိုက်ပွဲအလယ်တွင် ရှိနေကြောင်း ထည့်သွင်းစဉ်းစားပြီးသည့်နောက်တွင် သဘောတူလိုက်သည်။ သူက ခန္ဓာကိုယ်ကို အလင်းနှစ်သန်းထောင်ချီအဖြစ် ကြီးမားစေလိုက်ပြီး တိုက်ခိုက်နေသည့် အားလုံးနှင့် တူညီသည့် အနေအထားသို့ ရောက်ရှိလာသည်။
ထိုအခါ ဝမ်ဝေ့က အခြေအနေတစ်ခုလုံးကို မြင်လိုက်ရ၏။ ထာဝရဦးသျှောင် ၁၃ယောက်က မူလိန်ကို ဝန်းရံထားလေသည်။ ထိုစဉ် သူ့ဘက်တွင် လူ ၇ယောက်သာ ရှိလေ၏။ ဝမ်ဝေ့က ထိုမဟာမိတ်များသည် ကြယ်တာရာသခင်တောင်မှ အဖွဲ့သားများနှင့် မဟာမိတ် အဖွဲ့ဝင်များသာ ဖြစ်ကြောင်း ပြောနိုင်လေသည်။
အသင်္ချေအင်ပါယာကမ္ဘာက ဒီကမ္ဘာနဲ့ ယှဉ်လိုက်တယ်ဆိုရင် အတော်လေးကို အားနည်းနေသေးတာပဲ…
ဝမ်ဝေ့က ထာဝရဦးသျှောင်မြောက်များစွာကို မြင်တွေ့ပြီးသည့်နောက်တွင် တွေးလိုက်မိသည်။ ကြယ်တာရာသားရဲကမ္ဘာက တခြားကမ္ဘာများနှင့် ယှဉ်လိုက်လျှင် အင်မော်တယ်လမ်းစဉ်၌ အရေးသာချက် တစ်ခု ရှိနေသည်။
သူတို့၏ ကျင့်ကြံရေးနည်းစနစ်က ခန္ဓာကိုယ်လေ့ကျင့်ရေး ပါဝင်ပြီး ဧရာမခန္ဓာကိုယ် အရွယ်အစားအပေါ် မှီခိုမှုရှိသည်။ ခန္ဓာကိုယ်က ပိုမိုအားကောင်းလာလေလေ ထိုအထဲတွင် ရှိနေသည့် စွမ်းအားက ပိုမိုများလေလေ ဖြစ်၏။ ထို့ကြောင့် ဤကမ္ဘာရှိ လူများက ထာဝရအရှင် ဖြစ်လာကြသည်။ စမှတ်က ထာဝရအရှင် ဖြစ်ဖို့က အင်မတန် မြင့်မားပြီး နောက်တဆင့်ကို တက်ဖို့ရာ အင်မော်တယ်ချီ အလုံအလောက် စုဆောင်းဖို့ အချိန်နည်းနည်းသာ လိုအပ်၏။
ထို့ကြောင့် ဤကမ္ဘာတွင် ထာဝရဦးသျှောင် အယောက် ၂၀ ရှိနေသည့် အချက်ကို မအံ့ဩမိပေ။ ဝမ်ဝေ့က ဤကမ္ဘာသည် မျှခြေညီစက်ယန္တရားက အဆင့်(၁၁) အင်အားကြီးပုဂ္ဂိုလ်များကို စည်းပိတ်ခြင်း သို့မဟုတ် တိတ်တဆိတ် သတ်ဖြတ်ခြင်းတို့သာ မလုပ်ဆောင်ပါက အရေအတွက် ပိုမိုများမည်ဖြစ်ကြောင်း ယုံကြည်ထားသည်။
မူလိန်၏ လက်ရှိအနေအထားက သိပ်မကောင်းလှပေ။ သူက ထာဝရဦးသျှောင် ၅ယောက်နှင့် တိုက်ခိုက်နေရပြီး ရှုံးနိမ့်နေလေ၏။ သူ့အဖွဲ့သားမျာကလည်း သိပ်မကောင်းလှပေ။ သူတို့က ပြိုင်ဘက်တစ်ယောက်ထက်ပိုကာ တိုက်ခိုက်နေရသည်။ အကယ်၍ ကြယ်တာရာသားရဲ ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ် ခုခံနိုင်စွမ်းကြောင့်သာ မဟုတ်လျှင် ထိုသူများက သေဆုံးသွားသည်မှာ ကြာမြင့်လောက်လေပြီ။
“ငါ့ကို လှုပ်ရှားခိုင်းလို့ ပေးဆပ်ရမဲ့ တန်ကြေးအတွက် အဆင်သင့်ဖြစ်ပြီလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဒါပေါ့။ မဟုတ်ရင် ဘယ်လိုလုပ် ဆက်သွယ်ပါ့မလဲ” မူလိန်က သက်ပြင်းချကာ ပြောလိုက်၏။ သူက ဤအချိန်တိုအတွင်း များစွာ ကြုံတွေ့ခဲ့ရပြီး ကိစ္စများစွာကို သဘောပေါက်လာခဲ့သည်။ ယခု သူက အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်၏။
“ငါ့ကို ဘာလုပ်စေချင်တာလဲ။ သူတို့ကို စည်းပိတ်စေချင်တာလား။ သတ်စေချင်တာလား” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“သူ့ကို သတ်လို့ ရတယ်။ ဒါပေမဲ့ တခြားသူတွေကို အသက်ရှင်ရက် ထားလိုက်ပါ” မူလိန်က ခန္ဓာကိုယ်အထက် အနီရောင်လွှမ်းနေသည့် ဧရာမပုံရိပ်ကြီးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ရှေးကျသည့် ကြယ်တာရာ ဆယ်လုံး ပါဝင်နေပြီး တစ်ခုနှင့်တစ်ခု လည်ပတ်နေလေ၏။ သူက သူ့သတ်ဖြတ်ငွေ့ကို ဖုံးကွယ်ထားခြင်း မရှိပေ။
“အဲဒီလူက ဘာလုပ်ခဲ့လို့လဲ” ဝမ်ဝေ့က နဂိုအေးအေးဆေးဆေးနေတတ်သည့် မူလိန်တွင် ဤသို့ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့မျိုး ရှိနေသည့်အချက်ကြောင့် ထူးဆန်းနေမိသည်။ သို့သော်လည်း မူလိန်က မဖြေဘဲ ပြောလိုက်၏။
“နောက်မှပြောရအောင်”
“ကောင်းပြီလေ။ နောက်ဆုံးထွက်သက်ကို နုတ်ချင်လား”
“ကျုပ် တတ်နိုင်ရင် အရင်ကတည်းက လုပ်ပြီးလောက်ပြီ” မူလိန်က သက်ပြင်းချကာ ပြောလိုက်သည်။ ထို့ကြောင့် ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ အားလုံးက ဤထူးထူးဆန်းဆန်း စကားဝိုင်းကြောင့် စိတ်ရှုပ်ထွေးနေကြသည်။ သို့သော်လည်း မည်သူကမှ ဝင်ရောက်မစွက်ဖက်ရဲကြပေ။
ထိုခဲဖြူရောင်ဆံပင် ပိုင်ရှင် ပေါ်ထွက်လာသည်နှင့် အားလုံးက ထူးထူးဆန်းဆန်း ခံစားချက်တစ်ခု ရရှိလိုက်ကြသည်။ သူတို့၏ ရင်ဘတ်အပေါ် လေးလံသည့် ဝန်ထုပ်ကြီး ကျလာသလို ခံစားလိုက်ရ၏။ ထိုသူများက ကြာမြင့်စွာ နေထိုင်ခဲ့သူများဖြစ်သည့်အတွက် သူတို့၏ အလိုလိုသိစိတ်အပေါ် ယုံကြည်ရမည်မှန်း သိထားသည်။
ဝမ်ဝေ့က ထိုထာဝရဦးသျှောင်များကို ကြည့်လိုက်သည့်အချိန် သူတို့၏ ဦးခေါင်းအထက် မှော်စက်ဝန်းများ ပေါ်ထွက်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို သူတို့၏ ခန္ဓာကိုယ်ကြီးမှ အင်မော်တယ်အလင်းရောင်များစွာ ထွက်ပေါ်လာ၏။ သို့သော်လည်း အသုံးမဝင်ခဲ့ပေ။ ထိုစဉ် ထိုသူ ၁၂ယောက်က သလင်းကျောက်အဖြစ် ပြောင်းလဲသွား၏။
ဝမ်ဝေ့က ထိုစည်းတံဆိပ်ကို မူလိန်ဆီပေးပြီး ကျန်ရှိနေသည့် တစ်ယောက်ကို အာရုံစိုက်လိုက်သည်။
“ ငါ့ခန္ဓာကိုယ်ကို စမ်းသပ်ချင်နေတာ ကြာလှပြီ။ ခင်ဗျားကို သဲအိတ်အနေနဲ့ သုံးရမှာပဲ”
အနီရောင်အရေပြားရှိသည့် ထာဝရဦးသျှောင်၏ အမူအရာက ပျက်ယွင်းသွားလေသည်။ သူက ကျူးကျော်လာသူ အသစ်သည် သူ့မဟာမိတ်များကို မည်သို့ အလွယ်တကူ ဖြေရှင်းသွားကြောင်း မြင်တွေ့ခဲ့ရ၏။
“မူလိန် မင်းရဲ့ ကျမ်းသစ္စာက ဘာလဲ”
မူလိန်က သူ့ကို ကြည့်လိုက်သော်လည်း စကားလုံးတစ်လုံးမှ မပြောပေ။ သူက သူ့အပေါင်းအပါများကို ကြည့််ကာ ပြောလိုက်၏။
“သွားကြစို့”
သူက လေဟာနယ် တိုက်ပွဲကွင်းပြင်မှ ပျောက်ကွယ်သွားပြီး ဝမ်ဝေ့ တစ်ယောက်တည်းကိုသာ ချန်ထားခဲ့သည်။
“အဆင်သင့်ဖြစ်ပြီလား” ဝမ်ဝေ့က တစ်ဖက်လူဆီ ပြေးမသွားခင် စက္ကန့်ပိုင်းကြာ စောင့်ဆိုင်းလိုက်သည်။
ဝုန်း
သူတို့၏ လက်သီးချက်က ထိပ်တိုက်တွေ့ဆုံသွားကာ ကျန့်ပယ်ဟယ် နာမည်ရှိသည့် အနီရောင်အရေပြား ထာဝရဦးသျှောင်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ သို့သော်လည်း သူ့အရွယ်အစားဖြင့် ခြေလှမ်းအနည်းငယ်က သာမန်လူသားတစ်ယောက်အမြင်မှ အလင်းနှစ်များစွာ ကွာဟနေသည်။
“ဟေး ငါက ဒီတိုက်ပွဲကို စောင့်မျှော်နေမိတာ။ အလေးအနက်ထားတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ခင်ဗျားရဲ့ သေခြင်းတရားက ဆိုးဆိုးရွားရွား ဖြစ်သွားလိမ့်မယ်” ဝမ်ဝေ့က ပြောလိုက်စဉ် ကျန့်ပယ်ဟယ်၏ ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထသွားလေသည်။
ဝမ်ဝေ့က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ဒုတိယအကြိမ် ထပ်မံ ထိပ်တိုက်တွေ့ဆုံလိုက်သည်။ သူ့နည်းဗျူဟာက ရိုးရှင်းလှပြီး ခန္ဓာကိုယ်ချင်း ထိပ်တိုက်ယှဉ်နေခြင်း ဖြစ်၏။
ရွှေရောင်ချပ်ဝတ်
ထိုဧရာမတိုက်တန် နှစ်ယောက် ထိပ်တိုက်တွေ့ဆုံသည့်အခါ ကျန့်ပယ်ဟယ်၏ လက်သီးအထက် ရွှေရောင်စွမ်းအားချပ်ဝတ် တစ်ခု ပေါ်ထွက်လာပြီး သူ့လက်ကို ကာကွယ်ပေးထားကာ ဝမ်ဝေ့၏ တိုက်ကွက်မှ စွမ်းအားကို ဖြတ်တောက်ပစ်ခဲ့သည်။
ဟုတ်တယ်။ ဒါက ငါ လိုချင်နေတဲ့ အရာပဲ။ ငါ တာအိုကို သက်သေပြပြီးကတည်းက တောင့်တနေခဲ့ရတာ…
သူက လက်သီးသန်းထောင်ချီကို နာနိုစက္ကန့်အတွင်း ထုတ်လွှတ်ခဲ့သည်။ သူက တစ်စုံတစ်ခု အက်ကွဲသံကြားလိုက်ရပြီးနောက် တစ်ဖက်လူခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းများက ပျောက်ကွယ်သွားလေသည်။
သူက ထိုအခွင့်အရေးကို အသုံးပြုကာ ကျန့်ပယ်ဟယ်၏ ဦးခေါင်းကို ထိုးခွင်းလိုက်၏။ ထိုသူက အချိန်မီတုံ့ပြန်ကာ သူ့မျက်ဝန်းက ကြယ်တာရာဗဟိုချက်နှင့် တူညီသည့်အရာအဖြစ် ပြောင်းလဲသွားလေသည်။ ထို့နောက် မျက်ဝန်းမှ ရောင်ခြည်တိုက်ခိုက်မှုက ဝမ်ဝေ့၏ လက်သီးကို တားဆီးဖို့ ကြိုးစားနေသည်။ နှမြောစရာကောင်းလှသည်က သူ့ခုခံမှုက ရိုးရှင်းလှသည့်အတွက် မှော်ဆန်သည့် မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကျန့်ပယ်ဟယ်၏ ဦးခေါင်းက ပေါက်ကွဲထွက်သွားသော်လည်း သူက ထိုဖြစ်စဉ်အတွင်း ဖောက်ခွဲမှုကိုပါ ဖန်တီးပစ်ခဲ့သည်။ စက္ကန့်ပိုင်းလေးအတွင်း လေဟာနယ်တိုက်ပွဲကွင်းပြင်၌ စကြဝဠာအသစ်တစ်ခု ပေါ်ထွက်လာပြီး ကမ္ဘာမြေပေါ်တွင် ရှိသည့် စကြဝဠာထက်ပင် ပိုမိုကြီးမားသည်။
စိတ်ဝင်စားစရာပဲ…
ဝမ်ဝေ့က ကြယ်တာရာသားရဲကမ္ဘာ၏ စနစ်မှ ထူးကဲသည့် အချက်ကို သတိထားမိကာ တွေးလိုက်မိသည်။ သူတို့၏ အလိုလိုကုသနိုင်စွမ်းက ခန္ဓာကိုယ်များကို ပြန်လည်ကြီးထွားစေဖို့ အဆုံးမဲ့အသက်ဓာတ်မှ ရရှိခြင်း မဟုတ်သလို ခန္ဓာကိုယ်အပေါ် အကြွင်းမဲ့ ထိန်းချုပ်ခွင့်ရှိထားပြီး ပျောက်ဆုံးသွားသည့် အစိတ်အပိုင်းများကို စွမ်းအားအလုံအလောက်ဖြင့် ပေါက်ရောက်စေခြင်းလည်း မဟုတ်ဘဲ သေခြင်းတရားကို ကာကွယ်ဖို့ သဘောတရားများကို ထိန်းချုပ်ထားခြင်းလည်း မဟုတ်ပေ။
သူတို့ အလိုလိုပြန်ကောင်းနိုင်စွမ်း၏ အရင်းအမြစ်က သူတို့၏ ခန္ဓာကိုယ်အရွယ်အစားသာ ဖြစ်၏။ ကြယ်တာရာသားရဲ ကျင့်ကြံသူများက သေဆုံးသွားပြီး ပြန်လည်ကောင်းမွန်လာတိုင်း သူတို့၏ ခန္ဓာကိုယ်အရွယ်အစားက ကျုံ့သွားပြီး တဖြည်းဖြည်းဖြင့် ပုံမှန်အရွယ်အစားအဖြစ် ပြောင်းလဲသွားလိမ့်မည်။ ထို့ကြောင့် ခန္ဓာကိုယ်အရွယ်အစားက ကြီးမားလေလေ သတ်ဖို့ရာ ပိုမိုခက်ခဲလေလေ ဖြစ်၏။
ကျင့်ကြံရေးလောကက တကယ်ကို ထူးဆန်းလာတာပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့ယခင် တိုက်ကွက်က တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ အလင်းနှစ်သိန်းချီကို ယူဆောင်နိုင်ခဲ့သော်လည်း ပြင်းထန်သည့် ဒဏ်ရာမျှသာ သတ်မှတ်နိုင်သည်။
ဘစ်ဘန်လက်သီးချက်
ဝမ်ဝေ့က ရှေ့ကို ထိုးခွင်းလိုက်ပြီး မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၇၆ပါး ခွန်အားပါဝင်နေသည်။ ထိုတိုက်ကွက်က စုစည်းထားသည့်အတွက် သူ့လက်သီးရှေ့တွင် ပြိုလဲသည့် တွင်းနက်ကြီးသဖွယ် ပေါ်ထွက်လာသည်။
အစွမ်းစုပ်ယူရေး မန္တန်
ကျန့်ပယ်ဟယ်က သူ့သေဆုံးမှုကို လက်မခံနိုင်ပေ။ ထို့ကြောင့် သူက ခန္ဓာကိုယ်ထဲမှ အင်မော်တယ်ချီ အားလုံးကို အသက်သွင်းကာ ထိုထိပ်တိုက်တွေ့ဆုံမှုအတွက် ပြီးပြည့်စုံသည့် မန္တန်ကို ချမှတ်ခဲ့သည်။
ဝုန်း
သူ့ခန္ဓာကိုယ်က အာကာပြင်အမှုန်များအဖြစ် ပြောင်းလဲသွား၏။ သူက အလျင်အမြန် ကျုံ့သွားသော်လည်း ယခုအခါ ထိုအရာနှင့် ပတ်သက်ပြီး စိုးရိမ်နေဖို့ အချိန် မဟုတ်သေးပေ။
ကွဲပြားတဲ့ လူမှုအဖွဲ့အစည်းတွေက တူညီတဲ့ ရည်မှန်းချက်နဲ့ သဘောတရားတွေနဲ့ ကွဲပြားစွာ ဖွံ့ဖြိုးတိုးတက်လာတယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။
အင်မော်တယ်လမ်းစဉ် တိုက်ပွဲက မှော်ဆရာတွေနဲ့ တူတယ်။ သူတို့က အင်မော်တယ်ချီတွေ၊ မန္တန်တွေ အသုံးပြုနိုင်တယ်။ ဒါပေမဲ့ ကြယ်တာရာသားရဲကမ္ဘာရဲ့ အဓိကတိုက်ခိုက်ရေးနည်းလမ်းကကျတော့ အနီးကပ်တိုက်ခိုက်တာနဲ့ ခန္ဓာကိုယ်ချင်း တိုက်ခိုက်တာပဲ။
အဲဒါဆိုတော့ ထာဝရအရှင်နဲ့ ထာဝရဦးသျှောင်တွေ ဖြစ်လာပြီးတဲ့နောက်မှာ သူတို့က ခန္ဓာကိုယ်ကို ထောက်ပံ့ပေးဖို့ မန္တန်တွေကိုပဲ အသုံးပြုနိုင်ကြတယ်…
ကောင်းကင်အပြစ်ဒဏ်
ကျန့်ပယ်ဟယ်က ဆက်လက် တိုက်ခိုက်လိုက်ပြီး တစ်ဖက်လူကို ဖျက်ဆီးပစ်ဖို့ ခရမ်းရင့်မိုးကြိုးကို ဆင့်ခေါ်လိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုမိုးကြိုးကို သူ့ခန္ဓာကိုယ်ဖြင့် ပျော်ရွှင်စွာ တိုက်ခိုက်လိုက်သည်။ သူက တစ်ဖက်လူ၏ တကယ့်ရည်ရွယ်ချက် အစစ်အမှန်ကို သိထားလေ၏။
ထင်ထားသည့်အတိုင်း ကျန့်ပယ်ဟယ်က ထိုအခွင့်အရေးကို ယူကာ နယ်ခြားစွမ်းအားကို ရယူပြီး သူ့ဒဏ်ရာများကို ကုစားခဲ့သည်။ အဆုံးသတ်တွင် သူ့ခန္ဓာကိုယ်က ယခင်ဆုံးရှုံးသွားသည့် အရွယ်အစား တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရရှိလာခဲ့သည်။
“ဒီဟာက ဘာမှမပြောင်းလဲဘူးဆိုတာကို သိတယ်မလား” ဝမ်ဝေ့က ပြောလိုက်သည်။
“မင်းရဲ့ မောက်မာမှုက မင်းရဲ့ ကျရှုံးမှု ဖြစ်လာလိမ့်မယ်”
“မစိုးရိမ်နဲ့။ ကျုပ်က လူမှန်နေရာမှန်ရှေ့မှာပဲ မောက်မာတာ”