ပထမဦးဆုံး မိဖုရားခေါင်ကြီး
Vol. 70 Ch. 978
အသင်္ချေအင်ပါယာကမ္ဘာ
ဝမ်ဝေ့က မျက်လုံးပြန်ပွင့်လာပြီး သူ့ကိုယ်ပွားနှင့် ထာဝရဦးသျှောင်ကြားမှ တိုက်ပွဲကို အာရုံစိုက်ထားလိုက်သည်။ သူက ကိုယ်ပွား ပြုံးနေသည်ကို ကြည့်ရင်း လိုက်ပြုံးလိုက်မိသည်။
အခုအချိန်ကျလာပြီ။ ကံကောင်းတာက သူမအတွက် ပြဿနာအများကြီး မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရမှာပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက တခြားသူများအပေါ် ကာကွယ်ရေးအတွက် မှီခိုရသည့်အချက်ကို မုန်းတီးမိ၏။ သို့သော်လည်း ထိုပြဿနာကို အချိန်အကြာကြီး မဖြေရှင်းနိုင်သေးသည့်အတွက် အံ့ဖွယ်အသိစိတ်ကို ကောင်းကင်ခုံရုံးရှိ ရွေးချယ်ခံနတ်ဘုရားစာရင်းထံ ပို့ဆောင်ကာ တစ်စုံတစ်ခုကို ပြောင်းလဲပစ်ခဲ့သည်။
ထိုရာထူးများအနက် နာမည်အသစ်တစ်ခု ပေါ်ထွက်လာလေ၏။ ထိုအရာက ကမ္ဘာ၏ အခြေအနေကို ပြောင်းလဲလိုက်ခြင်း ဖြစ်သော်လည်း မည်သူကမှ မသိကြသလို မြင်သာသည့် အပြောင်းအလဲမျိုးလည်း ဖြစ်မလာခဲ့ပေ။
ထို့ကြောင့် သူက မျက်လုံးကို မှိတ်ကာ ဟောပြောပို့ချချက်ကိုသာ ဆက်လက် နားထောင်လိုက်သည်။
…………………………………………………………..
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ မူလစည်းတံဆိပ်ကုန်းမြေ
ဝူဟုန်က ကျင့်ကြံရေးအခန်းအတွင်း မျက်လုံးပွင့်လာကာ သူမ၏ ကြမ္မာပြောင်းလဲသွားကြောင်း ခံစားမိလိုက်သည်။
“မိဖုရားခေါင်ကြီးတဲ့လား။ ကောင်းကင်ဧကရာဇ် ကံရာထူးနဲ့ ဆက်နွယ်နေတဲ့ ကြမ္မာလား” သူမထံ ဖြစ်လာသည့် အပြောင်းအလဲများကို ကောက်ချက်ချဖို့ အချိန်တစ်ခု ယူခဲ့ရသည်။
“အဲဒါဆိုတော့ ဒါက ဒိုင်မေးရှင်းအနိမ့်မှာ သူ လုပ်ခဲ့တာကိုး” ဓားဧကရီက အသေးစိတ်ကို များများစားစား မပြောခဲ့ပေ။ သူမကိုယ်တိုင်လည်း သိဟန်မပေါ်ပေ။ သို့သော်လည်း သူ့အပြုအမူက ဒိုင်မေးရှင်းအမြင့်၏ တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် ကြီးမားစွာသက်ရောက်မှုရှိကြောင်း သိထား၏။
ဝူဟုန်က လက်ကိုမြှောက်ကာ ကောင်းကင်မှ ဆင်းသက်လာသည့် ကုသိုလ်ကို လက်ခံရယူလိုက်သည်။ သူမက အကြံဆိုးဖြင့် ပြည့်နှက်နေသည့် ကြောက်မက်ဖွယ် အကြည့်တစ်ခုကို ခံစားမိ၍ မျက်မှောင်ကြုတ်လိုက်၏။ ကံကောင်းစွာဖြင့် နောက်ထပ် စွမ်းအားတစ်ခုက ထိုအကြည့်ကို တားဆီးပေးထားသည်။ မဟုတ်ပါက သူမသည် သေဆုံးသွားနိုင်သလိုမျိုး ခံစားနေရ၏။
ကွာဟချက်က ဒီလောက်တောင် ကြီးမားတယ်လား…
ဝူဟုန်က သက်ပြင်းချကာ တွေးလိုက်သည်။ ဤသို့သော အချိန်မျိုးတွင် သူမက ထိုနည်းလမ်းကို မလိုက်ခဲ့သည့်အတွက် နောင်တရမိ၏။ သို့သော်လည်း သူမက အသုံးမဝင်သည့် စိတ်ခံစားချက်များအပေါ် အကြာကြီးအချိန်ဖြုန်းနေမည် မဟုတ်ပေ။
ဒီကုသိုလ်နဲ့ဆိုရင် ငါ့ရဲ့ ကုစားရေးအချိန်ကို မြှင့်တင်နိုင်လိမ့်မယ်…
သူမက အဝေးတစ်နေရာကို ကြည့်ကာ တွေးလိုက်မိသည်။
ငါ သူ့အပေါ် ကံကြွေးတချို့ တင်နေပြီ…
သူမက မျက်လုံးမှိတ်ကာ ဆက်လက်ကျင့်ကြံလိုက်သည်။ အချိန်က လူတိုင်းကို စောင့်ဆိုင်းနေမည် မဟုတ်ပေ။ ကမ္ဘာကြီးက အလျင်အမြန် ပြောင်းလဲနေလေ၏။ သူမ၏ လက်ရှိအနေအထားက ရောက်ရှိလာမည့် ကပ်ဘေးတွက် အကောင်းဆုံးအနေအထား မဟုတ်သေးပေ။ သူမအနေဖြင့် အထွတ်အထိပ်သို့ ရောက်အောင် ကြိုးပမ်းမှုက လက်ရှိအနေအထားတွင် စွန့်စားရာကျမှန်း သိထားသော်လည်း တတ်နိုင်သမျှ မြန်မြန် ထိပ်သီးသို့ ပြန်ရောက်လိုသည်။
………………………………………..
ကြယ်တာရာသားရဲကမ္ဘာ၊ လေဟာနယ် တိုက်ပွဲကွင်းပြင်
ဝမ်ဝေ့၏ ကိုယ်ပွားက အားနည်းနေသည့် ကျန့်ပယ်ဟယ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ဤတိုက်ပွဲက စိတ်ကျေနပ်ဖွယ်ကောင်းသော်လည်း ကိစ္စများက အဆုံးသတ်သွားလေပြီ။ သူက လက်ကို မြှောက်ကာ ရိုက်ချလိုက်၏။
“မဟုတ်ဘူး။ မင်း ငါ့ကို သတ်လို့မရဘူး။ ငါက …”
နဂါးရာသီခွင်တိုက်ကွက်က သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်ကြီးကို ချက်ချင်းဆိုသလို ပျက်သုဉ်းသွားစေသည်။ ပုံမှန်အားဖြင့် ဝမ်ဝေ့က ထိုသူကို အရင်းအမြစ်အနေဖြင့် အသုံးပြုမိလောက်သည်။ ပြောရလျှင် ထာဝရဦးသျှောင်တစ်ယောက်၏ အင်မော်တယ်ချီမှ အမှတ်အသားကို ဖယ်ရှားဖို့က ကထိကထများသော်လည်း ကြိုးစားအားထုတ်ပြီးသည့်နောက်တွင် ဖြစ်နိုင်ချေ ရှိလေသည်။ သို့သော်လည်း ထိုအမျိုးသားက သူ့စီးပွားရေးတွဲဖက် မူလိန်နှင့် ကိုယ်ပိုင်ဆက်နွယ်မှု တချို့ရှိနေသည့်အတွက် သေသေသပ်သပ် သေဆုံးမှုကို ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဝမ်ဝေ့က လက်မြှောက်ကာ ဤလေဟာနယ်တိုက်ပွဲကွင်းပြင်ကို ကြည့်လိုက်၏။
သူ့အံ့ဖွယ်အသိစိတ်တစ်ချက်ဖြင့် သူက ထိုအရာကို မည်သို့ဖန်တီးထားကြောင်း သေချာစစ်ဆေးကြည့်လိုက်သည်။
ထင်ထားတဲ့အတိုင်း ဒီဟာက တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာနဲ့ ကွဲပြားနေတာပဲ…
သူက သုံးသပ်လိုက်သည်။ သူ ထိုကမ္ဘာတွင် မြင်ခဲ့သည့်အရာက ဗလာကျင်းကာ အားဖြည့်ထားသည့် အာကာပြင်နံရံများရှိထားသည့် ဒိုင်မေးရှင်းတစ်ခု ဖြစ်၏။ သို့သော်လည်း ကြယ်တာရာသားရဲကမ္ဘာတွင် ရှိနေသည့်အရာကမူ ဒြပ်ထုများကို ပြန်လည်ကောင်းမွန်နိုင်စွမ်းပါဝင်ပြီး လုံလောက်သည့်အချိန်နှင့် အားဖြည့်မှုသာရှိပါက စကြဝဠာကိုပင် ဖန်တီးနိုင်လိမ့်မည်။
ဒီအပြောင်းအလဲက ကမ္ဘာတစ်ခုချင်းစီကြားက စည်းမျဉ်းကွာဟချက်နဲ့ ရွေးချယ်မှုတွေရဲ့ ရလဒ်ကြောင့်ပဲ။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ တိုက်ပွဲကွင်းပြင်အတွက် သင်ယူခဲ့ရတယ်…
သူက ထိုအရာကို သုံးသပ်ပြီးသည့်နောက်တွင် သူ့လေဟာနယ် တိုက်ပွဲကွင်းပြင်ကို သန့်စင်ဖို့ နည်းလမ်းတစ်ခု ရှိလာမိသည်။ ထို့ကြောင့် သူက ကုန်သွယ်ရေးဗဟိုချက်တွင် ရှိနေသည့် ဓားဧကရီဆီ ဤဖြစ်စဉ်ကို ကူညီပေးနိုင်သည့် ရှားပါးပစ္စည်းများကို စုဆောင်းဖို့ သတင်းစကားပို့ဆောင်ခဲ့၏။
နောက်ဆုံးတွင် သူက ကြယ်တာရာသခင် တောင်ထိပ်တွင် ပေါ်ထွက်လာသည်။ မူလိန်နှင့် ထုံရို့ပင်းတို့က သူ့ကို စောင့်ဆိုင်းနေလေ၏။ ၃ယောက်သားက အလျင်အမြန် နေသားကျသွားကြသည်။ မူလိန်က အင်မတန် ပွင့်လင်းလှပြီး သူနှင့် ဝမ်ဝေ့ကြားမှ အင်အားကွာဟချက်ကို စိတ်ထဲထားဟန်မပေါ်ပေ။ အနည်းဆုံးတော့ သူက ထိုသို့ မပြသခဲ့ပေ။
“မင်းတို့နှစ်ယောက်ကြားက ဇာတ်ကြောင်းကို ပြောပြမှာလား” ဝမ်ဝေ့ကို အဖန်ရည်အစား သေရည် ဧည့်ခံထားသည်။
“ဘာလို့ အတင်းပြောရတာကြိုက်တဲ့ မိန်းကလေးတွေလိုမျိုး လေသံတူနေတာလဲ” မူလိန်က ပြောလိုက်၏။
“ဟေး မိန်းကလေးတွေပဲ အတင်းကြိုက်တာ မဟုတ်ဘူးနော်” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“စကားလမ်းကြောင်း မလွှဲစမ်းပါနဲ့” မူလိန်က သက်ပြင်းချကာ သေရည်တစ်ငုံသောက်ပြီး ပြောလိုက်သည်။
“ဇာတ်ကြောင်းကတော့ အတော်လေး ဖန်တလဲလဲထပ်နေတယ် ပြောရမှာပဲ။ ငါက ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်နဲ့ တွေ့ဆုံပြီးတော့ သွေးသောက်ညီအစ်ကို ဖြစ်လာကြတယ်လေ။ ဒါပေမဲ့ မင်း သိတဲ့အတိုင်း ဒီတိုက်ပွဲမှာက သူက ငါ့ရဲ့ ပြိုင်ဘက်လေ။ အဲဒါဆိုတော့ ငါတို့က နောက်ဆုံးတိုက်ပွဲမှာ တစ်ယောက်နဲ့တစ်ယောက် မျှမျှတတ ယှဉ်ပြိုင်ဖို့ ကျမ်းသစ္စာ ဆိုခဲ့ကြတယ်။ ကံဆိုးတာက ဒါက လတ်တလော အဖြစ်အပျက်တွေရဲ့ အစပဲ”
မူလိန်က ထပ်မံ သောက်သုံးလိုက်သည်။ သူ့မျက်ဝန်းအထက် အနည်းငယ် ကူကယ်ရာမဲ့နေသည့်ဟန် ပေါ်နေ၏။ ကံကောင်းစွာဖြင့် တိတ်ဆိတ်နေသည့် ထုံရို့ပင်းက စားပွဲခုံအောက်မှ သူ့လက်ကို အသာဆုပ်ကိုင်ပေးထားသည်။ ထို့ကြောင့် သူက သူမကို ပြုံးပြလိုက်၏။
“ဒီမျိုးဆက်မှာ ငါတို့ဂိုဏ်းက ကျန့်မျိုးနွယ်ကို အတော်လေး ရန်လိုတယ်။ စစ်ပွဲတောင် ဖြစ်လုနီးပါးပဲ။ ငါ့ရဲ့ ညီအစ်ကိုက အဲဒါကို မဖြစ်စေချင်ဘူးလေ။ အဲဒါကြောင့် ငါတို့အင်အားစုနှစ်ခုလုံးကို တခြားတစ်ယောက်ရဲ့ မိသားစုဝင်တွေကို မသတ်ဘူးဆိုတာမျိုးကို ကျမ်းသစ္စာကျိန်ဆိုဖို့ ဖျောင်းဖျခဲ့တယ်။
ဒီကျမ်းသစ္စာနဲ့ ကျန့်မျိုးနွယ်က ငါ ခုံရုံးကို တိတ်တဆိတ် ဖန်တီးပြီးတဲ့နောက်မှာ ပြီးပြည့်စုံတဲ့ မဟာမိတ်ဖြစ်မယ်လို့ ထင်ထားခဲ့တာပေါ့။ သူတို့ရဲ့ ဘိုးဘေးက ငါ့ကို သစ္စာဖောက်ပြီး ဒီလိုတိုက်ပွဲမျိုး ဖြစ်လာစေမယ်ဆိုတာ ဘယ်သူကများ သိမှာလဲ။ ကျမ်းသစ္စာအတွက်ကတော့ သူကိုယ်တိုင် ငါ့ကို သတ်မှာ မဟုတ်ဘူးဆိုတော့ ဟာကွက်ကို တွေ့ထားတယ်လေ”
ထိုစကားဝိုင်းအတွင်း ဝမ်ဝေ့က ကိစ္စများစွာကို နားလည်ထားသည်။ မူလိန်က သူ့လိုမျိုး ခုံရုံးကို ဖန်တီးပြီးသည့်နောက်တွင် ချက်ချင်းထုတ်ပြခဲ့ခြင်း မဟုတ်ပေ။ ထိုအစား သူက ထုံရို့ပင်း၏ အကြံဉာဏ်အတိုင်း အကျိုးအမြတ်များကို မျှဝေခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းဖြင့် မဟာမိတ်များကို တိတ်တဆိတ် ရှာဖွေခဲ့သည်။ ထို့နောက် ထာဝရဦးသျှောင်များစွာ သူတို့၏ မဟာမိတ်ဖြစ်လာသည့်အခါမှ ကောင်းကင်ခုံရုံးကို တရားဝင် တည်ထောင်မည် ဖြစ်၏။
နှမြောစရာကောင်းလှသည်က ကျန့်မျိုးနွယ်၏ သစ္စာဖောက်မှုသည် ထိုအင်အားစုများကို ကြိုတင်သတိပေးလိုက်သလို ဖြစ်သွားလေ၏။ ထို့ကြောင့် သူတို့က လောဘတကြီးဖြင့် အုပ်စုဖွဲ့ကာ ခုံရုံး၏ အာဏာအများစုကို ထိန်းချုပ်ဖို့ မူလိန်နှင့် ကြယ်တာရာသခင်တောင်အား ဖိနှိပ်လာကြခြင်း ဖြစ်သည်။
“အဲဒါဆိုတော့ မင်းရဲ့ ညီအစ်ကိုကရော ဘာဖြစ်သွားလဲ”
“သူက သူ့မိသားစု လုပ်ခဲ့တာကို ရှက်ပြီးတော့ မတွေ့ရဲဘူးလေ။ အဲဒါကြောင့် သူ့ကိုယ်သူ စည်းပိတ်သွားတယ်။”
ဝမ်ဝေ့က သူ့ကို ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ ထိုအရာက အလိမ်အညာဖြစ်ကြောင်း ခန့်မှန်းမိ၏။ ကျင့်ကြံသူလောကက သေချာသည့် ကိစ္စတချို့နှင့်ပတ်သက်လာသည့်အခါ အစွန်းရောက်နိုင်သည်။ ပြောရလျှင် မိဘများက သားသမီးများကို သင့်တော်သည့် အခွင့်အရေးအတွက် ရောင်းစားနိုင်သည်။ သို့သော်လည်း တချို့လူများကမူ အင်မတန် သစ္စာရှိပြီး သူတို့၏ ကျမ်းသစ္စာနှင့် မိတ်ဆွေဆက်ဆံရေးကို အလေးအနက် မှတ်ယူကြ၏။
ထို့ကြောင့် မူလိန်၏ သွေးသောက် ညီအစ်ကိုက သူ့မိသားစု၏ သစ္စာဖောက်မှုကို သူ့ကိုယ်ပိုင်အဖြစ် မှတ်ယူကာ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့လောက်မည်။ နောက်ဆုံးတွင် မူလိန်က သူ့ကို ကယ်တင်ပြီး ထိုကိစ္စမျိုးမလုပ်အောင် စည်းပိတ်ခဲ့ခြင်း ဖြစ်၏။
သူ့ညီအစ်ကိုအတွက် ထိုဖြစ်ရပ်ကို ကျော်ဖြတ်ပြီး ရလဒ်ကို လက်ခံလိုက်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့သည်။
“အဲဒါဆိုတော့ မင်းတို့တွေက ခုံရုံးကို တရားဝင်တည်ထောင်ဖို့ ပြင်ဆင်ပြီးသွားပြီလား” ဝမ်ဝေ့က မေးလိုက်သည်။
“အင်း ကောင်းကင်တာအိုကို အဲဒီရာထူးပေးဖို့ ဖျောင်းဖျပေးသွားပြီ။ ငါ့ရဲ့ ဂိုဏ်းက ခုံရုံးကို သန့်စင်နေကြတယ်။ ပြီးတော့ တရားဝင်အခမ်းအနားလည်း လိုသေးတယ်။ အဲဒီကျမှ ရာထူးလည်း ငါ့အပိုင် ဖြစ်လာလိမ့်မယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး ထိုရလဒ်နှင့် ပတ်သက်ပြီး အံ့အားသင့်ခြင်း မရှိပေ။ မူလိန်က သူ မဟုတ်ပေ။ ထို့ကြောင့် သူက ကောင်းကင်တာအိုကို အတင်းအကြပ် စည်းပိတ်ပြီး ထိုရာထူးကို မရယူနိုင်ပေ။ မဟုတ်ပါက ကောင်းကင်တာအိုသည် အရာအားလုံးကို ပုန်ကန်ဖို့ ကြိုးစားသည့်အခါ ကပ်ဘေး ဖြစ်လာနိုင်၏။
ထို့ကြောင့် သူက သူ့အစီအစဉ်ကို အသုံးပြုဖို့ ခွင့်ပြုခဲ့စဉ်အခါက ကောင်းကင်တာအိုနှင့် စကားပြောပြီး အကျိုးအမြတ်အတွက် ဖျောင်းဖျဖို့ အကြံပြုခဲ့ခြင်း ဖြစ်သည်။
“ဒီလိုဆိုရင် ငါ့ရဲ့ ဝေစုအကြောင်း ဆွေးနွေးရအောင်”
ယခု သူက ပေါ်ထွက်လာပြီး မူလိန်အား ကူညီပေးခဲ့သည်။ သူတို့၏ သဘောတူညီချက်အရ သူသည် ဝေစုကြီးကြီး ရလာလိမ့်မည်။ ထို့အပြင် သူတို့က ထုံရို့ပင်း တာအို သက်သေပြနိုင်ဖို့အတွက် ကုသိုလ်သက်သေပြ နည်းလမ်းအတွက်လည်း ပေးချေရဦးမည် ဖြစ်၏။
နာရီပိုင်းကြာ ဆွေးနွေးပြီးသည့်နောက်တွင် အားလုံးက ကျေနပ်သည့် ဆုံးဖြတ်ချက်မျိုး ချလိုက်ကြသည်။ ထိုဖြစ်စဉ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တောက်တောက်ပပ ပြုံးနေစဉ် ထုံရို့ပင်းကမူ သူ့ကို ထိုးနှက်ချင်သည့်အလား စိုက်ကြည့်နေသည်။ မူလိန်ကမူ မထူးမခြားနား အပြုအမူမျိုးသာ ရှိနေလေ၏။
သူ့အနေအထားအရ အနာဂတ် အကျိုးအမြတ်သည် လက်ရှိအရှုံးကို ကာမိစေသည့်အတွက် အဘယ်ကြောင့် ရုတ်ရုတ်သဲသဲ လုပ်ရမည်နည်း။
“ဒါနဲ့…” ဝမ်ဝေ့က ထပ်ပြောလိုက်သည်။
“ငါ မှန်းဆထားသလောက် မင်းရဲ့ မိဖုရားခေါင်ကြီးအဆင့်အတန်းက တာအိုကို ချက်ချင်းသက်သေပြဖို့ လုံလောက်မှာ မဟုတ်ဘူး။ ကုသိုလ်ကို ၅ ရာခိုင်နှုန်းအတိုးနဲ့ ချေးထားချင်လား”
“မလိုဘူး ကျေးဇူးပါ” ထုံရို့ပင်းက တိုက်ရိုက်သာ ပြောလိုက်သည်။ သူမ တွက်ချက်ထားသလောက် သူမသည် ကမ္ဘာတွင် ဒုတိယမြောက် မိဖုရားခေါင်ကြီး ဖြစ်လာမည်ဖြစ်သည့်အတွက် မှတ်မိနိုင်စရာ အောင်မြင်မှုတစ်ခုဖြစ်၍ သူမ ရရှိမည့် ကုသိုလ်က များပြားလိမ့်မည်။
အကယ်၍ သူမ၏ ခန့်မှန်းချက်သာ မှန်ကန်ပြီး ဝမ်ဝေ့၏ ဇနီးက တက်လှမ်းသွားပြီဆိုပါက သူမသည် ဒိုင်မေးရှင်းအနိမ့်တွင် ပထမဦးဆုံး မိဖုရားခေါင်ကြီး ဖြစ်လာလိမ့်မည်။ ထို့ကြောင့် သူမအနေဖြင့် တာအိုသက်သေပြဖို့ ကုသိုလ် စုဆောင်းဖို့ရာ သိပ်ကြာမြင့်မည် မဟုတ်ပေ။
ထို့ကြောင့် ချေးငှားခြင်းက မထိုက်တန်လှပေ။ သူမအနေဖြင့် အချိန်တိုမျှသာ စောင့်ဆိုင်းဖို့ လိုအပ်၏။ ထို့အပြင် သူမက ဖြစ်စဉ်ကို အရှိန်မြှင့်တင်နိုင်မည့် တခြားနည်းလမ်းများလည်း ရှိနေသည်။
“နှမြောစရာပဲ” ဝမ်ဝေ့က အကျိုးအမြတ် ပိုမိုရှာလိုသည့်အတွက် ရေရွတ်လိုက်သည်။
ထုံရို့ပင်းက ထိုစကားကို ကြားပြီးသည့်နောက်တွင် မျက်လုံးဝှေ့ကာ ကြည့်လိုက်၏။ သူမအနေနှင့် မဆုံးရှုံးစေဘဲ အကျိုးအမြတ်အပေါ် အာရုံစိုက်ထားလွန်းသည့်သူမျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။
“ကောင်းပြီ။ စလိုက်ကြရအောင်” မူလိန်က တောက်တောက်ပပ ပြုံးကာ ပြောလိုက်၏။