နောက်ထပ်ကုသိုလ်ရမည့် အခွင့်အရေး
Vol. 70 Ch. 980
အစည်းအဝေးက မကြာခင် အဆုံးသတ်သွားပြီး မူလိန်နှင့် ထုံရို့ပင်းတို့က ဝမ်ဝေ့ ငါးမျှားနေသည့် ဥယျာဉ်သို့ ရောက်ရှိလာသည်။
ဝမ်ဝေ့က သူတို့ကို မကြည့်ဘဲ မေးလိုက်၏။
“ပလ္လင်ပေါ် ထိုင်ရတာ ဘယ်လိုခံစားရလဲ”
“စိတ်လှုပ်ရှားစရာပဲ။ ပြီးတော့ စွဲမက်ဖို့ကောင်းတယ်။” မူလိန်က ပြန်ဖြေလိုက်၏။
သူက တာအိုနှလုံးသားအပေါ် ယုံကြည်ချက် ရှိသော်လည်း သူ့တွင် ရှိနေသည့် အာဏာကို သဘောပေါက်သွားပြီးသည့်နောက်တွင် ထိန်းချုပ်မှု ပျောက်ဆုံးသည့် ခံစားချက်ကိုပါ ရရှိလိုက်သည်။
“ဒီလိုအာဏာမျိုးက အလွယ်တကူ မဖြန့်ဝေသင့်ဘူး” မူလိန်က သတိပေးလိုက်သည်။ သူက ဒိုင်မေးရှင်းအနိမ့်သည် ပြောင်းလဲပြီး လူအားလုံးသည် ကောင်းကင်ဧကရာဇ် ဖြစ်လာဖို့ ယှဉ်ပြိုင်မည့် ခေတ်ကာလသို့ ဝင်ရောက်မည်ဖြစ်ကြောင်း သိနေသည်။
မဟာဧကရာဇ်များက လိုအင်ဆန္ဒ ၆ပါးနှင့် စိတ်ခံစားချက် ၇ပါး ရှိသည့် လူသားများသာ ဖြစ်၏။ ထို့ကြောင့် အာဏာနှင့် ဂုဏ်ကျက်သရေတပ်မက်မှုမှ မလွတ်မြောက်နိုင်သေးပေ။ ထို့ကြောင့် သူ့အနေဖြင့် အဆုံးမဲ့လေဟာနယ်သည် မကြာခင် ရုတ်ရုတ်သဲသဲ ဖြစ်လာမည်မှန်း သိထား၏။
“မင်းရော အဲလိုတွေးမိရင် အစစ်အမှန် ကောင်းကင်တာအိုကရော မတွေးမိဘူးလို့ထင်လို့လား”
“ဟုတ်တာပဲ”
“အပြောင်းအလဲတွေ ဖြစ်နေပြီလား” ထုံရို့ပင်းက မေးလိုက်သည်။
“အင်း အမိန့်အသစ်တစ်ခု ထွက်လာပြီလေ။ လူတွေက ခုံရုံးတစ်ခုကို တည်ထောင်ချင်တယ်ဆိုရင် အစစ်အမှန်ကောင်းကင်တာအိုရဲ့ စစ်ဆေးမှုကို အရင်ဆုံး ကျော်ဖြတ်ဖို့လိုတယ်”
“ဒီလောက်တောင် မြန်တယ်လား။ နောက်ထပ် နည်းနည်းလောက်ရှိပြီးမှ စည်းမျဉ်းတွေ ပြောင်းလဲမယ်လို့ ထင်နေတာ”
ဝမ်ဝေ့က ငါးမျှားတာကို ရပ်ပြီး သူမကို ကြည့်ကာ ပြောလိုက်သည်။
“မင်းက ငါ့ရဲ့ အစီအစဉ်တွေကို သူများဆီ ရောင်းစားဖို့ ကြံစည်နေတာလား”
“ဘယ်ဟုတ်ပါ့မလဲ” ထုံရို့ပင်းက ဤမျှမတုံးအပေ။
အထူးသဖြင့် သူမက ဝမ်ဝေ့သည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း ကောင်းကောင်းသိထားလေ၏။
“တကယ်လား”
“ဒါပေါ့ … ကျွန်မက အစစ်အမှန်ကောင်းကင်တာအိုက ဖြည်းဖြည်းချင်း လှုပ်ရှားမယ်လို့ ထင်ထားရုံပါ။ အနည်းဆုံးတော့ တတိယမြောက် ကောင်းကင်ဧကရာဇ် ပေါ်ထွက်မလာခင် အချိန်အထိပေါ့”
ဝမ်ဝေ့က ခေါင်းကို ပြန်လှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူသည်လည်း ထုံရို့ပင်းနှင့် အတွေးအတူတူရှိပြီး စည်းမျဉ်းအသစ်များ မဖွဲ့စည်းခင် နောက်ထပ်တချို့ ပေါ်ထွက်လာလိမ့်မည်ဟု ထင်ထားခဲ့မိသည်။
“မင်းရဲ့ ကမ္ဘာက ကုန်သွယ်ရေးဗဟိုချက်နဲ့ တခြားကမ္ဘာ့အသိုက်အဝန်းတွေနဲ့ ဆက်နွယ်နေတာဆိုတော့ ခုံရုံးသတင်းက လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်တော့ဘူးဆိုတာကို သတိပေးသလို ဖြစ်သွားတယ်။ ငါလည်း ငါ့ရဲ့အတွေးအခေါ်ကို ကာကွယ်ဖို့ ကြိုတင်စီစဉ်မှုတွေ လုပ်ရတော့မယ်”
ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ကာ သူ့စွမ်းရည်ဟောင်းထဲမှ တစ်ခုဖြစ်သည့် ဧကရာဇ်စကားက စည်းမျဉ်းဆိုသော စွမ်းရည်ကို အသက်သွင်းလိုက်သည်။
“ငါက ဒုက္ခကျိန်စာကို ချမှတ်တယ်။ ဒီမျိုးဆက်အတွင်းမှာ ကောင်းကင်ဧကရာဇ် ဖြစ်လာတဲ့လူတိုင်းက ဒီအတွေးအခေါ်နဲ့ ခေတ်ကာလကို ပြောင်းတဲ့အတွက် ငါ့ဆီ တန်ကြေး မပေးသရွေ့ ထာဝရ ခံစားရလိမ့်မယ်”
ဝုန်း
ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးက အနည်းငယ်မျှ တုန်ယင်သွားသည့်အတွက် သက်ရှိအများစုက သတိမထားမိလိုက်ပေ။ ထို့နောက် ကြောက်မက်ဖွယ် ကျိန်စာတစ်ခုလုံးက အဆုံးမဲ့လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကောင်းကင်ဧကရာဇ် သဘောတရားတွင် ကပ်ငြိသွားသည်။
“မင်း” မူလိန်က ဆွံ့အမိသွား၏။ ဝမ်ဝေ့ လုပ်ခဲ့သည့်အရာကြောင့်သာမက ထိုသူ၏ စွမ်းအားကြောင့်လည်း ဖြစ်၏။ သူက ကျိန်စာသည် ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးကို စက္ကန့်ပိုင်းလေးအတွင်း လွှမ်းခြုံသွားသည်ကို ခံစားမိလိုက်သည်။
“ငါ့ရဲ့ အတွေးအခေါ်ကို မူပိုင်ခွင့်ကြေးမပေးဘဲ ဘာလို့ သုံးခွင့်ပြုရမှာလဲ” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“မူပိုင်ခွင့်က ဘာလဲ” ထုံရို့ပင်းက မေးလိုက်၍ ဝမ်ဝေ့က ကုသိုလ်ရဖို့ နောက်ထပ်အခွင့်အရေး တစ်ခု ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
မူပိုင်ခွင့်နှင့် အခကြေးငွေ သဘောတရားက မတည်ရှိသေးပေ။
ကမ္ဘာ့အသိုက်အဝန်းတစ်ခုချင်းစီက ဘယ်လိုအလုပ်လုပ်လဲဆိုတာကို စပြီးတော့ ပြောရမယ်…
လူတစ်ယောက်က တခြားကမ္ဘာ့အသိုက်အဝန်းမှ အတွေးအခေါ်ကို ယူပြီး တခြားတစ်ခုတွင် အသုံးပြုနိုင်ကာ သူတို့ကိုယ်ပိုင်အဖြစ် လက်ဆင့်ကမ်းနိုင်သရွေ့ ကုသိုလ်ကို ရရှိနိုင်သည်။
ဒီပြဿနာအတွက် ငါ့ဖြေရှင်းနည်းက ငါ့ဖန်ဆင်းမှုအားလုံးကို အာမခံပေးပြီးတော့ ကျိန်စာကို အသုံးပြုဖို့ပဲ…
ကမ္ဘာ့အသိုက်အဝန်းတွေအားလုံးကို လွှမ်းခြုံထားတဲ့ မူပိုင်ခွင့်စနစ်က အကောင်းဆုံးဖြေရှင်းနည်းပဲ။ ကုသိုလ်လည်း ရလိမ့်မယ်…
မူပိုင်ခွင့်စနစ်ကို ဖန်တီးမှုသည် ကျင့်ကြံသူအားလုံး၏ ဖန်ဆင်းမှု သို့မဟုတ် အလုပ်များကို အာမခံပေးနိုင်သည့်အတွက် လူတွေကို တီထွင်ဖန်တီးဖို့ လှုံ့ဆော်ပေးနိုင်သည်။ ယခင်က ဤစနစ်မျိုးသည် ဒိုင်မေးရှင်းတစ်ခုလုံးအပေါ် များပြားသည့် အခြေအနေမျိုးအတွက် သက်ရောက်မှုရှိ ဖို့ရာ ခက်ခဲလှသည်။
ကမ္ဘာ၏ အဓိကပုံစံက တောအုပ်စည်းမျဉ်း ဖြစ်သည့်အတွက် အစစ်အမှန်ကောင်းကင်တာအိုက တစ်စုံတစ်ယောက်သည် ကာကွယ်ဖို့ရာ အားနည်းသည့်အတွက် သူတို့၏ ဖန်တီးမှု ပျောက်ဆုံးသွားသည်ကိုပင် ဂရုစိုက်မည် မဟုတ်ပေ။ ထိုအရာက တီထွင်ဖန်တီးမှုကို တန်ဖိုးထားသော်လည်း လူတွေက ဆိုးဆိုးရွားရွား စနစ်မျိုးတွင် ရုန်းကန်ပြီး ထိပ်သို့ တက်လှမ်းရသည်ကို ပိုမိုသဘောကျသည်။
သို့သော်လည်း အိပ်မက်လောက ပေါ်ထွက်လာပြီဖြစ်သည့်အတွက် ဒိုင်မေးရှင်းအနိမ့်ရှိ ပြိုင်ဆိုင်မှုများက ပိုမိုပြင်းထန်လာမည်ဖြစ်ကာ လူများစွာ၏ အသက်ကိုလည်း အာမခံချက် ရှိလာလိမ့်မည်။ ထို့ကြောင့် အစစ်အမှန် ကောင်းကင်တာအိုက တီထွင်ဖန်တီးမှုအပေါ် မူတည်၍ စိတ်ကူးအကြံဉာဏ်များကို ထားရှိသင့်သည်။
တခြားနည်းဖြင့် ပြောရလျှင် မူပိုင်ခွင့်စနစ်က ကမ္ဘာ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှု စနစ်အခြေအနေအတွက် အကောင်းဆုံး ဖြစ်၏။
ငါ ဘာလို့ စောစောစီးစီး မတွေးမိပါလိမ့်
ဝမ်ဝေ့က ခေါင်းအသာယမ်းကာ တွေးလိုက်မိသည်။ သူက ဤအခြေအနေသည် သဟဇာတဖြစ်သွားသည့် ပုံစံတစ်ခုဖြစ်ကြောင်း သဘောပေါက်သွား၏။ ကမ္ဘာမြေမှ မှတ်ဉာဏ်များက သူ့အကျင့်စရိုက်ကို လွှမ်းမိုးထားသော်လည်း သူသည် သူ ကြာကြာနေထိုင်သည့် ကမ္ဘာမှလည်း လွှမ်းမိုးသက်ရောက်မှု ခံထားရသည်။ ထို့ကြောင့် ပြဿနာတချို့နှင့် တွေ့ကြုံခံစားလာရသည့်အခါ သူသည် ကမ္ဘာမြေထက် ဤကမ္ဘာထံ ပို၍အလေးသာနေမိသည်။
“မူပိုင်ခွင့်က ဘာလဲဆိုတာကို အခုသိဖို့ မလိုသေးဘူး” ဝမ်ဝေ့က ပြောလာ၍ ထုံရို့ပင်းက သက်ပြင်းသာချလိုက်သည်။ သူမက ထိုအရာသည် နောက်ထပ် အစီအစဉ်ကောင်းတစ်ခုဖြစ်ပြီး ကမ္ဘာကို ပြောင်းလဲပစ်နိုင်ကြောင်း သိထားလေ၏။ ကံဆိုးစွာဖြင့် သူမက သူမကိုယ်တိုင်အတွက် အသုံးမပြုနိုင်ပေ။
“ကျွန်မက အိပ်မက်လောကအတွက် မေးဖို့ ရောက်နေတာပါ” ထုံရို့ပင်းက ပြောလိုက်၍ ဝမ်ဝေ့က ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
သူမက သူသည် ဤသို့အကြံအဉာဏ်များကို မည်သို့စဉ်းစားမိလဲဟု တွေးနေမိ၏။ လူများစွာက ကောင်းကင်ဧကရာဇ်သည် ပြန်လည်ဝင်စားသည့် အင်အားကြီးပုဂ္ဂိုလ် တစ်ယောက်ဖြစ်ခဲ့ဖူးကြောင်း ကောက်ချက်ချခဲ့ဖူးသည်။ ထို့ကြောင့် သူ့အတွေးအခေါ်နှင့် လောကအမြင်တို့က ထူးကဲနေခြင်း ဖြစ်၏။ သို့သော်လည်း သူ့ပထမဘဝတွင် မည်သို့သော ကမ္ဘာမျိုးက ထူးကဲနေကြောင်း သို့မဟုတ် သူက မည်သို့သော ပုဂ္ဂိုလ်ဖြစ်ခဲ့ကြောင်း ခန့်မှန်းကြည့်၍ မရပေ။
သို့သော်လည်း ထိုအရိပ်အယောင်အားလုံးက သူ့ယခင်ဘဝတွင် ကြောက်မက်ဖို့ ကောင်းသည့်သူတစ်ယောက်ဖြစ်ကြောင်း ညွှန်ပြနေ၏။ လူတချို့က သူ့လက်ရှိစွမ်းအားသည် ပထမဘဝ၏ စွမ်းအားကို ဖြည်းဖြည်းချင်း ပြန်ရနေခြင်းဖြစ်ကြောင်း ယုံကြည်ထားကြသည်။
“အိပ်မက်လောကကို တခြားကမ္ဘာ့အသိုက်အဝန်းတွေ ဝင်ခွင့် ရလာလိမ့်မယ်။ အခုတော့ မဟုတ်သေးဘူး” ဝမ်ဝေ့က သူ့ငါးမျှားချိတ်သည် ငါးတစ်ကောင် မိသည်ကို မြင်၍ အကြည့်များ တောက်ပလာကာ ပြောလိုက်၏။ သူက အနက်ရောင် ငါးအသေးလေးတစ်ကောင်ကို ဖမ်းမိခဲ့သော်လည်း ထိုအရာ၏ တကယ့်အရွယ်အစားက ကြီးမားပြီး ပွဲတော်တည်ဖို့ လုံလောက်ကြောင်း ပြောနိုင်လေသည်။
“ကျွန်မတို့…”
“မရဘူး” ဝမ်ဝေ့က နောက်ထပ် ငါးတစ်ကောင်ဖမ်းဖို့ကြိုးစားရင်း တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
“အိပ်မက်လောကက တစ်ခုပဲ ရှိနိုင်တယ်”
“ညှိနှိုင်းလို့များ မရတော့ဘူးလား” ထုံရို့ပင်းက ဆက်ပြောလိုက်သည်။
“မရဘူး”
သူမက မျက်မှောင်ကြုတ်ကာ နည်းဗျူဟာ ပြောင်းလိုက်သည်။
“ပထမဆုံး ချဲ့ထွင်တဲ့နေရာမှာ ကျွန်မတို့ကို ရွေးချယ်ရင်ရော ဘယ်လိုလဲ။ ပိုပြီးကောင်းတာက တခြားသူတွေဆီမှ မဖွင့်လှစ်ပေးခင် ကျွန်မတို့ကို ကြိုတင်အချိန်ပေးဖို့ တန်ကြေး ညှိနှိုင်းလို့ရပါတယ်”
“ဟား…ဟား…ဟား…” ဝမ်ဝေ့က ပြန်ပြောလိုက်၏။ သူက ထုံရို့ပင်းသည် အိပ်မက်လောကအတွင်း စောစီးစွာ ဝင်ရောက်နိုင်ခြင်း၏ အကျိုးကျေးဇူးကို မြင်ထားသည့်အပေါ် အံ့အားသင့်ခြင်း မရှိပေ။
“သင့်တော်တဲ့ တန်ကြေးနဲ့ဆိုရင် မင်းရဲ့တောင်းဆိုချက်ကို သဘောတူနိုင်တယ်။ ဒါပေမဲ့ မင်းကို အနည်းဆုံးနှစ် ၅၀၀ပဲ ပေးနိုင်မယ်”
“နှစ် ၅၀၀လား။ အဲဒါက တိုတောင်းလွန်းတယ်။ အနည်းဆုံးတော့ နှစ်တစ်ထောင် ထားလိုက်ပါ”
ဝမ်ဝေ့က သူမ၏ နည်းလမ်းကို လျစ်လျူရှုထားပြီး အပေးအယူအတွက် တန်ကြေးမြှင့်ဖို့သာ စဉ်းစားနေသည်။
“နှစ်၅၀၀ က ဒါကို အခွင့်အရေးတစ်ခုအဖြစ် ယူပြီး ကောင်းကင်ရွေးချယ်ခံတွေကို လေ့ကျင့်ပေးဖို့ အရင်းအမြစ်အားလုံးကို သုံးဖို့ဆိုရင် အချိန်အကြာကြီးပဲ။ အဲဒါကြောင့် ဒါကို ယူမလား၊ ဒီအတိုင်းထားမလား”
“တကယ် ညှိနှိုင်းလို့မရတော့ဘူးလား” ထုံရို့ပင်းက အံကြိတ်ကာ မေးလိုက်သည်။
“မရဘူး”
“ကောင်းပြီလေ။ အဲဒါဆိုရင် အဲဒီအချိန်အတွင်းမှာ သူ့ကိုရော အသုံးပြုခွင့်ပေးလို့ရမလား”
ဝမ်ဝေ့က မူလိန်ကို ကြည့်လိုက်၏။ အကယ်၍ သူသာ တိုက်ပွဲမျှော်စင်ကို ဝင်ရောက်ခွင့်ရပါက သူ့တိုးတက်နှုန်းသည် သိသိသာသာ တိုးမြင့်လာလိမ့်မည်။
“ကောင်းပြီလေ။ ဘာပဲဖြစ်ဖြစ် ငါတို့က အသိအကျွမ်းတွေပဲဆိုတော့ စောစောစီးစီး ဝင်ခွင့်ပေးတာ ပြဿနာတော့ မဟုတ်ပါဘူး” ဝမ်ဝေ့က လက်မြှောက်လိုက်ပြီး မူလိန်အတွက် ထူးကဲသည့် အဆောင်တစ်ခုကို ဖွဲ့စည်းပေးလိုက်သည်။
မူလိန်က ကြယ်တာရာအလင်းများ ဖြတ်ပြေးသွားသလိုမျိုး အကြည့်များ တောက်ပလာလေသည်။ သူက အသင်္ချေအင်ပါယာကမ္ဘာမှ ဧကရာဇ်များနှင့် တိုက်ခိုက်ဖို့ မစောင့်ဆိုင်းနိုင်တော့ပေ။ ဝမ်ဝေ့က ထူးကဲကာ မူမမှန်မှု တစ်ခုဖြစ်သော်လည်း တခြားသော ထာဝရဧကရာဇ်များက ဤသို့မဖြစ်နိုင်လောက်ပေ။
ဝမ်ဝေ့က ငါးမျှားချိတ်ကို ပြန်ရုတ်သိမ်းရင်း ထရပ်ကာ ပြောလိုက်သည်။
“ငါတို့ရဲ့ ထာဝရဧကရာဇ်တွေကို စိန်ခေါ်ချင်ရင် ကောင်းကောင်းလေ့ကျင့်ထားတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းကိုယ်မင်း အရှက်ခွဲမိလိမ့်မယ်” ဝမ်ဝေ့က သတိပေးလိုက်သည်။
“ငါ သိပါတယ်” မူလိန်က မလုံမလဲပြုံးလိုက်၏။
“အခု သွားရတော့မဲ့အချိန်ပဲ။ အိပ်မက်လောက တန်ကြေးအတွက် တစ်ယောက်ယောက်ကို ညှိနှိုင်းဖို့ လွှတ်လိုက်လေ” ဝမ်ဝေ့က ထုံရို့ပင်း၏ မျက်ဝန်းထဲ စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ အရင်အတွေ့အကြုံအရ ဒါကို သတိပေးသင့်တယ်လို့ ထင်တယ်။ မင်းက အသင်္ချေအင်ပါယာကမ္ဘာကဆိုတာကို မမေ့နဲ့”
သူက ထိုသို့ပြောပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေ၏။
“အဆင်ပြေရဲ့လား” မူလိန်က မေးလိုက်သည်။
“ကျွန်မ အဆင်ပြေပါတယ်” ထုံရို့ပင်းက ခေါင်းခါကာ ပြောလိုက်၏။ သူမက ထိုသူသည် အဘယ်ကြောင့် သတိပေးသွားမှန်း သိလေသည်။ သူမက သူ့မွေးရပ်မြေကို သစ္စာဖောက်ဖို့ စိတ်ကူးမရှိသလို သူမ၏ အင်အားစုကို ကြယ်တာရာသားရဲကမ္ဘာဆီ ပြောင်းရွှေ့ဖို့ အတွေးလည်း မရှိပေ။
သူမက တာအိုကို သက်သေပြနိုင်လျှင်ပင် သူတို့က တခြားကမ္ဘာ့အသိုက်အဝန်းဆီ ပြောင်းရွှေ့ဖို့ သဘောတူမည် မဟုတ်ကြောင်း သိလေ၏။ အထူးသဖြင့် သူတို့၏အင်အားစုက အဆောင်ဘိုးဘေးကြမ္မာကို ကိုင်စွဲထားကြသည်။ ထို့ကြောင့် သူမက ဤသို့ဆိုးဆိုးရွားရွား လှုပ်ရှားမှုမျိုးကို ပြုလုပ်မည် မဟုတ်ပေ။
မူလိန်က သူ့ဇနီးကို ကြည့်လိုက်သည်။ သူ့အမြင်တွင် သူမက အရာတိုင်း၌ ပြီးပြည့်စုံနေ၏။ သို့သော် ပြစ်ချက်တစ်ခုကို ရွေးချယ်ရမည်ဆိုပါက သူမ၏ ရည်မှန်းချက်များက သူမ၏ စိတ်ကို အမှောင်ဖုံးလွှမ်းသွားနိုင်သည့်အတွက် ကိစ္စများကို ဆောင်ရွက်သည့်အခါ အောက်ခြေစည်းမျဉ်း မရှိပေ။
သို့သော်လည်း သူသာ သူမဘေးတွင် ရှိနေပြီး သတိပေးနေသရွေ့ ကိစ္စများကို ကျူးလွန်ခြင်းမှ ကာကွယ်ပေးနိုင်လိမ့်မည်။
ထိုစဉ် သူမက တွန်းအားဖြစ်ပြီး သူ့ကို ရည်မှန်းချက်ကြီးအောင် တွန်းအားပေးနိုင်သည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ပြီးပြည့်စုံစွာ ကိုက်ညီလှ၏။
ခဏလေးနေပါဦး။ သူမက တာအိုကို သက်သေပြတော့မှာဆိုတော့ သူမရဲ့ ပါရမီနဲ့ဆိုရင် ငါ့ထက်တော့ ကျော်သွားမှာ သေချာပေါက်ပဲ…
မူလိန်က ရုတ်တရက် စိုးရိမ်လာမိသည်။ သူမက သူ့ထက် အားကောင်းပြီး ပါရမီရှိသည့်အချက်ကို လက်ခံထားသည်မှာ ကြာမြင့်လှပြီဖြစ်သောလည်း ကွာဟချက် အရမ်းကြီးမားလွန်းနေသည်ကို မဖြစ်လိုပေ။
“ကိုယ် သီးသန့်လေ့ကျင့်လိုက်ဦးမယ်။ အရေးပေါ် အခြေအနေဆိုရင် မင်း ခုံရုံးကိစ္စတွေကို ဖြေရှင်းထားလိုက်”
ထိုစကားများကို ပြောကာ သူက သူမ၏ ပါးပြင်ကို နမ်းရှိုက်ပြီးသည့်နောက်တွင် ပျောက်ကွယ်သွားလေသည်။